မျက်စိနှစ်လုံးဖျတ်ကနဲ ပွင့့်ကာ နိုးထလာချိန်၌ အင်းကနဲ အညောင်းပြေ အကျောဆန့်လိုက်ရင်း အိပ်ခန်း ပြူတင်းပေါက်ကို အသာဟ၍ ကြည့်လတ်သော် ဝန်းကျင်ပြင်ပတွင် မိုးသောက်ရောင်နီကို မမြင်ရသေးချေ။
ည၏ အကြွင်းအကျန် အမှောင်ထုသည် လောကဓာတ်တခွင်မှ လုံးလုံးလျားလျား မဆုတ်ခွာသေးသော်ငြား
အလင်းရောင်အား ပျော့လျက်ရှိပြီဖြစ်၍ ခြောက်နာရီ မတ်တင်းခန့်ဟု ခန့်မှန်းရပေ၏။
ကြည်နူးဖွယ် ကောင်းလှသည့် ဆောင်းနံနက်ခင်း ပေတကား၊ Facebook တက်ခြင်း ဟူသော ပြုမြဲအလုပ်ကို ချက်ချင်းသတိရမိ၏။
လွန်ခဲ့သော ညဉ့်ဦးယံက ကျွနု်ပ်တင်ခဲ့သော နောက်ဆုံး Status ၏ အခြေအနေကို သိလိုလှသဖြင့် မျက်နှာသစ်ခြင်းအမှုအား ခေတ္တခဏ မေ့ထားကာ ကွန်ပျူတာကိုအဆောတလျင် ဖွင့်လိုက်ရသည်။
Like နှစ်ရာကျော် တက်နေပေပြီ၊ ကောင်းလေစွ၊ မည်သူတို့သည် မည်သည့် Comment တို့ကို ပြုထားပါလေသနည်း။
“ကြိုက်သွားပြီ” “အရမ်းအရမ်းကို မှန်တယ်ဗျာ” “ရှယ်ပြီဆရာရေ့” “ဒါမျိုးလေးတွေ ဆက်တင်ပေးပါနော်” ဆိုတာမျိုး တွေချည်း ဖြစ်ပြီး လက်ခံနှစ်ခြိုက်ကြသူများ၍ တော်ပါသေး၏။ Share ထားသည့် အရေအတွက် လည်းမနည်းလှ ကျေနပ်ဖွယ်ရှိချေသည်။
ကမ္ဘာ့အရေး၊ မြန်မာ့အရေးအပါအဝင် ခေတ်၏ကြေးမုံပြင်ကို ပီပြင်စွာ သိရှိနိုင်ရန်အလို့ငှာ တခြားသူတို့၏ သဘောထား တင်ပြချက် Post တို့ကို ဖတ်ရှုရပေဦးမည်။
အလို ဓာတ်ဆြာလေး မောင်မင်းသိုက်ပေကား စောစောစီးစီး ဘာတဲ့။
“လွန်ခဲ့သော (၂၅) နှစ်က ဒီအချိန်မှာကျနော် ကရင် ခဝဲခြံထဲရောက်နေပြီ၊ ကျူရှင်သွားမယ့် ကောင်မလေး တယောက်ကို ဖြားယောင်း သွေးဆောင် အလစ်သုတ်ပြေးတာ ထိုစဉ်အချိန်က ကျနော့်ဘဝ ဗီဒီယို အယ်ဒီတာပေါက်စ ဖြစ်နေလင့်ကစား”
တော်ပြီ ဆက်ဖတ်စရာမလိုတော့၊ အိမ်ထောင်သက် အစိတ်ကျော်ကာမှ အချစ်နလံထနေသည်။ သို့သော် မိတ်ဝတ်မပျက် (Like) တော့ ပေးမှ တော်ကာကျမည်။
Facebook ဆိုသည်ကား အလျားအနံမရှိသော်ငြား Like ဆိုသည့် အရာကတော့ အသွားအပြန် ရှိသည်မှာ မုချဧကန် မှန်ချေသည် မဟုတ်တုံလော။
ဟော … ဆိုးပေခေါ် ဇေယျာစိုပြေ တယောက် ဘာတွေ ပေါက်ပေါက်ရှာရှာ ရေးထားပြန်ပါလိမ့် ဤသူငယ်သည် နဂိုကမှ အရွှတ် အနောက်သန်သူ၊ ကားအက်ဆီးဒင့် ဖြစ်၍ ခြေကျိုးနေလျက်မှာပင် တဟီးဟီးတဟားဟား အွန်လိုင်းတွင် ဟီလာတိုက်နေခဲ့သည့် ငချွတ်။
“အ ၆ စောင့် ဥပဒေထွက်လာရင် ရှင့်ကို ကျမလာယူပြမယ်” မာမီစန်းက (Zay Ya Sopyay) ကို ကြိမ်းသွားတဲ့ စကားပေါ့။ မောင်စိုပြေရေ ဘောင်းဘီထူထူဝတ်၊ ခါးတောင်း နာနာကျိုက်ပြီး ရန်ကုန်တခွင် ပြဲပြဲစင်အောင် ပတ်ကာပြေးပေတော့ဝေ့” တဲ့။
နပုံးပဏ္ဍုတ် များ သူ့ကိုအလွန်ချစ်မြတ်နိုးသည်ဟု ဆိုလိုချင်ဟန်ရှိသည် ကျွနု်ပ်ငယ်စဉ် ကလည်း နပုံးပဏ္ဍုတ် တို့ ဝိုင်းဝိုင်းလည်တာ ခံခဲ့ရဖူးသည်။ စိတ်မပါ၍သာ သင်းတို့ အလိုကို မလိုက်နိုင်ခဲ့ခြင်း ဖြစ်၏။
ထူးလျက်နှင့် မဆန်းသည့်ကိစ္စ ထားလိုက်တော့ … သို့သော် Like ပေးရန်ကား မမေ့။
ဤသို့ Like ခြင်း Comment မှတ်ချက်ပြုခြင်း ဖြန့်ဝေခြင်း (Share) တို့ဖြင့် နှစ်နာရီကျော်မျှကြာသော် မြီးညောင့်ရိုး အထက် နားဆီမှ အနည်းငယ် နာလာသည်။
သြ နံနက်စာ မစားရသေး၊ တူတော်မောင် ပြင်ဆင်ထားခဲ့သော ပဲပြုတ်ဆီဆမ်း ထမင်းကြမ်းကို ကမန်းကတန်း လွေးရသည်။ မျက်နှာသစ်ရန် မေ့နေပြီကော။ တရက်တလေ မျက်နှာမသစ်ခြင်းသည် ရေးကြီးခွင်ကျယ် ကိစ္စရပ်တော့မဟုတ် … ရှိစေတော့။
ကျွနု်ပ်သည် အသက်အရွယ်အားဖြင့် အတန်ငယ် ကြီးရင့်ပြီကား မှန်ပါ၏။ သို့သော် ခေတ်ကြီးကို ရင်ဘောင်တန်း လိုသည့်စိတ်ကား အလျဉ်း အကင်း မသေးသေချေ။
Facebook ဆိုသည်ကား မျက်မှောက်ကာလ အဖြစ်သနစ် တို့ကို ဖော်ပြသည့် ဆေးရောင်စုံ မြင်ကွင်းကျယ်၊ ရှုမငြီးသည့် ပိတ်ကားကြီး ဖြစ်လေရာ ယင်းနှင့်ကင်းကွာလျှင် လူညွန့် တုံးရာ ကျပေရော့မည်။
အနည်းငယ် မာစပြုနေသော ပဲပြုပ်ထမင်းကို အားစိုက် ဝါးနေရချိန်တွင် ကွန်ပြူတာဆီမှ တုံကနဲ မြည်သံ ကြားလိုက်ရသည်။
Notification အသစ်လော၊ Chat ဘောက် မှနေ၍ တစုံတယောက် ဆက်သွယ်လေသလော။
နောက်ဆုံး ထမင်းလုတ်ကို ဝါးနေဆဲမှာပင် ကွန်ပျူတာရှေ့သို့ ရောက်ရပြန်၏။ ခြင်္သေကျွန်းရောက် နတ်မောက် တနယ်တည်းသား စက္ကောမ ကျောင်းဆင်းလေး ရုံးတောဖိုးစီ၏ ရင်တွင်းစကားကို Chat ဘောက်မှာ အဆင်သင့် တွေ့ရပြန်သည်။
“ရွာပြန်ချင်တယ်ဗျာ၊ အမေ ပြန်တာကို လိုက်ပို့ ချင်တယ်။ နောက်ဆုံး အချိန်ရောက်နေတဲ့ ဆရာသမားကို သွား ကန်တော့ ချင်တယ်။ ဇာတိမြေမှာ ကျင်းပမယ့် ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်ပွဲလည်း ဖိုးသန့်လေးကို ပြချင်တယ်။ ခွင့်တင်တာ ဘော့စ်နဲ့ အတိုက်အခံ ဖြစ်ရတော့တယ်။ အလုပ်သမားတယောက် လချီပြီး မရှိဘဲ ဖြစ်ရင် တသက်လုံးမရှိလည်း ဖြစ်သတဲ့”
ရော … ခက်ကပြီ နှစ်နှစ် တခေါက် ပြန်နေနိုင်သူက ဆယ်နှစ်လုံးလုံး တခေါက်တကျင်းမှ ပြန်မရောက်နိုင်သူကို ငိုချင်လျက် လက်တို့ လုပ်နေပြန်ချေပြီ။
နတ်မောက်သွေး နည်းလှချေသည်။ “ကိုရင့်လိုလူစား အများကြီးဟေ့” ဟု ချက်ခြင်းတုန့်ပြန်ချင် စိတ်ကိုထိန်း၍ “ပျော်ရာမှာမနေရ၊ တော်ရာမှာနေရ၊ ဒီဘဝဒီအဖြစ်မျိုးသည် လူတိုင်းကြုံဖူးကြလိမ့်မည်” ဟုသာ သန်းထွန်းလေး၏ မမေ့သောအညာ သီချင်းအပိုင်းအစ Comment ဖြင့် ဖြေသိမ့်လိုက်ရသည်။
သူခံစားချက်ကို Like ပေးဦးမှ ဝတ္တရား ကျေပေလိမ့်မည်။ အင်း၊ ဘာပဲဖြစ်ဖြစ် သူ့ Wall ပေါ် သွားကြည့်ဦးမှ။
သူတင်ထားသော Post တချို့ကိုလည်း တလက်စတည်း Like ရပြန်သည်။ အလိုလေး မောင်ဖိုးစီ၏ Status တခုကို မင်းမင်းဦး အမည်ရှိ သူ့မိတ်ဆွေတဦး၏ မှတ်ချက်ကိုဖတ်ရင်း မျက်လုံးပြူးရသည်။
“မယက ဥက္ကဋ္ဌ တယောက်ပြောတာ နားနဲ့ဆတ်ဆတ် ကြားဖူးတယ်ဗျ။ DSA ဆင်း တယောက်ကို ဝန်ကြီးချုပ် လုပ်တတ် အောင်အထိ သင်ပေးလိုက်တာတဲ့ဗျ။ လုပ်ပုံ … လုပ်ပုံ။ အဲဒီလို နားထင်သွေးရောက်တွေ တိုင်းပြည်ကို ချယ်လှယ်နေတော့ မမွဲ ခံနိုင်မလားဗျာ။ ခုနက ပြောတဲ့ မယက က ပုဆိုးဝတ်နော်၊ ၁၉၉၈ လောက် တုန်းက” ဆိုပါကလား။ သူပြောတာ ဟုတ်လောက် သည်၊ အံ့သြစိတ်ဖြင့်ပင် Like ပေးခဲ့မိ၏။
သူတပါး၏ Wall ပေါ်တွင် နတ်ကရာကျီးမောနေ၍ မဖြစ်သေး။ ကိုယ်ပိုင် Status တင်ဦးမှ ဖြစ်မည်။
Facebook ပေါ်တွင် ဖတ်ရှုမိသမျှ အကြောင်းအရာတို့ကား စုံလင်လှသည်။ အားလုံးကို ခြုံငုံမိသော Status ဖြစ် မှသာ တော်ကာ ကျပေမည်။
လူအများ သည်းခြေကြိုက်လည်း ဖြစ်ရမည်။ ဟုတ်ကပြီ။ ဒီမိုကရေစီအရေး၊ တော်လှန်ရေး ဆိုလျှင်ဖြင့် အားလုံးကို လွှမ်းခြုံသည့် သဘောရှိသည်။
ဦးနှောက်အကြိုအကြားက ဉာဏ်စွမ်းကို အကုန်ထုတ်လျက် ပြောင်မြောက်သော စတေးတပ် တခုကို ရေးတင်လိုက်ရသည်။
“ရဲဘော်တို့ … တော်လှန်ရေး ရေချိန်မြင့်တက်လာနေပြီ၊ ပြုပြင်ပြောင်းလဲရေးကို ဦးတည်ကြ။ အားလုံးပြင်ရန် အချိန်ရောက်ပြီ ဒီမိုကရေစီ အရေးတော်ပုံ အောင်ရမည်”
Like တွေ ချက်ချင်းဆိုသလို တဖျပ်ဖျပ် တက်လာပြီ။ တချို့ကား စာကိုမဖတ်ပဲ စွတ်လိုက် နေကြဟန်တူသည်။
နောက်ဆက်တွဲအဖြစ် Comment တွေ တပြုံတမကြီး တက်လာ၏။ “ပြင်ကိုပြင်ရမှာပေါ့” “ပြင်သင့်တာ ကြာပြီ” “နောက်တောင်ကျနေပါပြီ” “ပြင်မှာတော့ဟုတ်ပါပြီ ဒါပေမယ့်” ထင်မြင်ချက်တို့ မျိုးစုံလှသည်။
သို့သော် တခုသောကွန်မင့်မှာ ရိသဲ့သဲ့လေသံ ပါနေ၏။ “သူများကိုပြင်ပါလို့ စွတ်ခိုင်းနေတဲ့ ခင်ဗျားကိုယ်တိုင်ကော ဘာတွေပြင်ပြီးပြီလဲ” တဲ့။
“တောက် … မလောက်လေး မလောက်စားကောင်က လူပါးဝလို့” ထောင်းကနဲ ထွက်လာသော ဒေါသကို သတိ သမ္ပဇဉ်ဖြင့် ထိန်းလိုက်ရသည်။ ငါသည်လူကြီး၊ သည်းခံနိဗ္ဗာန်ရောက်၊ အဲ … ဒေါသကြီးတာ လူသိကုန်ပေလိမ့်မည်။
တုံကနဲ အသံနှင့်အတူ ဖူးခက်မှ ဟိုတယ်မန်နေဂျာလေး ဆီက စတေးတပ်တခု Tag လာပြန်သည်။ ဘာများပါလိမ့်။
၄ ကွ …၊ ဟာ ၄ ဆို နဲတာပေါ့။ ဒီလိုလုပ် ၁၂ ကောင်းတယ်။ ဟင် ၁၂ ဆိုပြီး ခုကျတော့ ၁၄ ပါလား။ ထားလိုက်ပါကွာ ဟိုကောင်တွေက အနားကပ်ပြီးမှ မဖိတ်ဘဲ ဇွတ်တက်လာတာ။
ဟာ … ၆ အကောင်းဆုံးပဲ။ မင်းတို့က ဘာကဖျက်ယဖျက် လုပ်တာလဲ ၁၄ လို့ပြောထားပြီးပြီ၊ တခါတောင် လုပ်ပြီးပြီ၊ ဘာထ ကလန့် လုပ်တာလဲ။ ၁၂ ဖြစ်သင့်ပါတယ်။ လာပြန်ပြီ ၁၂ ။ တော်ပြီကွာ ဒီအပွင့်ပြဿနာ ပြီးမှာမဟုတ်တော့ဘူး။ ဒါပေါ့ ဒါပေါ့၊ ဒါ အမှန်ပဲလေ Like ကို Like ရပေမည်။
လာပြန်ပြီတယောက် … ဘာတဲ့။ “ဟိုလူကြီး ဟိုဟာဖြစ်လို့ဆို၊ ဟုတ်လား၊ သေချာတယ်ဆိုရင် လက်တို့လိုက် ကြဦးနော်၊ တရားလာမဟောနဲ့ … အကုန်သိတယ်၊ ငရဲအကြီးခံပြီးတော့ကို ပျော်ဦးမှာ ပျော်လိုက်ဦးမှာ ပူပူ နွေးနွေး”
သူပြောတဲ့ ဟိုလူကြီး ဆိုတာ ဘယ်သူပါလိမ့်။ အင်း တရားမချပါနဲ့လို့တောင် တားရတဲ့အထိဆိုတော့ ဟုတ်သားပဲ။ သိပြီ သိပြီ၊ သူပဲဖြစ်ရမယ်။ ဒင်း မိုက်ဇာတ်သိမ်းလို့ကတော့ တနိုင်ငံလုံး ပျော်လိုက်ကြမယ့် ဖြစ်ခြင်း၊ Like Like Like စူပါ Like။
ဤသို့လျှင် တင်လာသမျှ Status နှင့် Comment ပေါင်း သောင်းခြောက်ထောင်ကို ဖတ်ရုံမျှမက၊ Chat ဘောက်မှ တတုံတုံ အသံပေး ရင်းတက်လာသော ဗာဟီရတို့ဖြင့် နပန်းလုံးရင်း နေ့လည်ခင်းချိန်တိုင်ခဲ့ချေ၏။
ဟာနေသော ဝမ်းက တကျုတ်ကျုတ် အသံပေးနေလေပြီ။ ကိုမောင်မောင်သန်း၏ Facebook စာမျက်နှာမှ မြန်မာ့ဓလေ့ တေးသံ နောက်ခံသီချင်း တပုဒ်ကို ဖွင့်၍ နား အရသာခံရင်း နေ့လည်စာကို ပြီးစေရပြန်သည်။
ထောက်လာသော အသက်အရွယ်အရ အာရောဂျံ ပရမံ လာဘံဟူသော စကားနှင့်အညီ နေ့လည်ခင်း တရေးတမော အိပ်စက်ရန် မုချ လိုအပ်သည် မဟုတ်ချေလော။ အသက်ကို ဉာဏ်စောင့်သည်လေ။
အိပ်ယာထက်တွင် လဲလျောင်းရင်း မှေးကနဲ ရှိကာမှ တုံသံကြောင့် စိတ်မဖြောင့်၊ အရေးတကြီး Message ဖြစ်နေလျှင် ခက်ချိမ့်မည်။ အသူပေနည်း။
“မောင်လေး” ဟိုက်ရှားလဘတ် … မောင်လေး ဆိုပါကလား၊ ချက်ချင်းရှင်းရန် အခွင့်မသာလေ။
“ဟုတ်ကဲ့”။ “မောင်လေးက အရေးတော်ပုံ တပ်သားလားဟင်”
“မဟုတ်ရပါဘူးခင်ဗျာ။ ကျနော်က ဘယ်အရေးတော်ပုံမှာမှ မပါခဲ့ပါဘူး။ ဖူးခက်က ကာဗူလီးဝါလားပါ ခင်ဗျ”
“လူမှားလို့နော်၊ မောင်လေး စိတ်မရှိနဲ့နော်”
အရေးထဲ လူအိုရုံက ဘွားတော် သူငယ်ပြန်ကာ ကျွနု်ပ်ကို မောင်လေးချင်း ထပ်နေပြန်သည် … ရှိစေတော့။
ထိုခဏ၌ပင် ထူးဆန်း သော Status တခုကို ဓာတ်ပုံဖိုင် တခုဖြင့် တွဲတင်ထားရာ အလန့်တကြား ဖတ်မိပြန်သည်။
“မိတ္ထီလာ ဘုန်းကြီးကျောင်းမှာ ဂြိုဟ်သားတွေ တွေ့ …” ဆိုပါကလား၊ တော်တော့ … ဆင်ခြင်တုံ တရား ခေါင်းပါးသူများ မြန်မြန်ရူးစေမည့် Facebook။
တချို့တချို့သော Facebook စားတော်ကဲများ၏ မစားရဝခမန်း ဟင်းလျာမျိုးစုံတို့ကိုကား ရွှေပြည်ဌာန ဝေးနေသူပီပီ စိတ်နာလွန်း၍ မ Like။ ဘာသာရေး အငြင်းပွားဖွယ် Status တို့ကို ဝေးဝေးမှ ရှောင်ကြဉ်၏။
မှားမှန်းသိလျက် ဇွတ် လော်ဘီလုပ်ကြသော ဖွတ်အုပ်စုတို့အား ချက်ချင်း Block ပစ်ချင်စိတ်ကို အတန်တန် ချိုးနှိမ်ရသည်။
မရိုင်းစိုင်းလျှင် ရှိစေ၊ သဘောထားဟူသည် မတူကွဲပြားကြရိုး ဓမ္မတာတည်း။ ကိုယ်တိုင်ရိုက် Selfies ပုံများ ကို ရိုက်တင်လျှင် ကောင်းလေမည်လော။ မဖြစ်ချေသေး။ အရွယ်မကျသေးသော်ငြား အမြင်မတင့်တယ်ချေ။
ကြောင်စာ သာသာမျှ ညစာကို ကွန်ပျူတာရှေ့မှာပင် Facebook ဖွင့့်ရင်း သုံးဆောင်ပြီးသကာလ၊ အိပ်ခါနီး သတင်းထူးလေး တက်လာရင် အခက်ဟူသော သောကဖြင့်ဆက်ထိုင်သည်၏။ နောက်ည ဆယ့်နှစ်နာရီ တိုင်ခဲ့ချေပြီ။
Facebook သည် တွယ်တာဖွယ်ကောင်းလှ၏။ အားရ ရွှင်လန်း ပီတိလွှမ်းစေသော အရာဖြစ်၏။ ရယ်ရွှင်အားရ ထောပဏာသည် တို့ကို မြင်ရသည်။ ဆဲသံဆိုသံတို့ကြားမှ ခန္တီပါရမီကို ဖြည့်ဆည်းနိုင်သည်။
ခါးထဲက ထိုးအောင့်လာ၏။ ဇက်ကြောပါ တက်လာပြန်သည်။ ကျည်းပေါင်း တက်လေသလော။ မကြာခဏ အုန်းလွဲချင်သလို ဖြစ်သည်။ တရက်ရက်တော့ ဆေးခန်းပြရဦးမည်။ နားလေဦးမှ။ သို့သော် လက်လျော့၍ မဖြစ်ချေသေး။
မအိပ်စက်မီ တိုင်းပြည်အတွက် အသက်သွေးကြောတမျှ အရေးကြီးလှသော အကြောင်းအရာဖြစ်သည့် နောက်ဆုံး စတေးတပ်ကို ရေးတင်လိုက်သည်။
“ရဲရဲတောက် တော်လှန်ကြ၊ တော်လှန်ရေးအဓွန့်ရှည်ပါစေ အရေးတော်ပုံအောင်ရမည်။ ဂွတ်နိုက်အော”
အိပ်ယာထဲဝင်၍ မျက်စိကိုမှိတ်သော်၊ ကျွနု်ပ်၏ အာရုံတွင် Like များစွာကို မြင်ယောင်နေလေသည်။