ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းမပေါ်ရှိ နှစ် ၁၀၀ ပြည့်တော့မည့် ရှေးဟောင်း အဆောက်အအုံ ချင်းချောင်း နန်းတော်ကို မြန်မာ့ ရိုးရာ “ယဉ်ကျေးမှု ဗဟိုဋ္ဌာန” (Culture Centre) အဖြစ် ဖွင့်လှစ်သွားမည်ဟု ယဉ်ကျေးမှု ဝန်ကြီးဋ္ဌာန အနုပညာ ဦးစီးဌာနက ပြော သည်။
ဖွင့်ပွဲအခမ်းအနား ကျင်းပမည့်ရက် မသတ်မှတ်နိုင်သေးသော်လည်း ပန်းချီ၊ ပန်းပု စသည့် လက်မှုပစ္စည်းနှင့် အနုပညာ လက်ရာများ ခင်းကျင်း ပြသလိုသော မည်သူကိုမဆို ငှားရမ်း အသုံးပြုခွင့်ပေးနေပြီ ဖြစ်ကြောင်း အနုပညာ ဦးစီးဋ္ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးေဋ္ဌးလွင်က ဧရာဝတီကို ပြောပြသည်။
ဦးေဋ္ဌးလွင်က“ယဉ်ကျေးမှုနဲ့ အနုပညာနဲ့ ပတ်သက်တဲ့ ပြခန်းတွေ၊ ပန်းချီတို့၊ ပန်းပုတို့ မြန်မာမှု လက်ရာတွေအတွက် အနုပညာ ပြ ခန်းတွေ ဖွင့်ပေးမှာပါ။ အခုတော့ သုံးစွဲမယ့်သူ၊ ငှားချင်တဲ့သူ ရှိရင် စပြီးတော့ ခွင့်ပြုထားပါပြီ။ ဖွင့်ပွဲတခု အနေနဲ့တော့ ရက် သတ် သတ် မှတ်မှတ် မလုပ်ရသေးပါဘူး”ဟု ပြောသည်။
မြန်မာ့လက်မှုနှင့် အနုပညာဆိုင်ရာအတွက် ငှားရမ်းသုံးစွဲလိုသည့် မည်သည့် အနုပညာရှင်ကိုမဆို တရက်ချင်း ဖြစ်စေ၊ ရက်ရှည်ဖြစ် စေ ငှားရမ်းပေးသွားမည့် အပြင် လက်ရှိတွင် နိုင်ငံခြားသား ခရီးသွားများ အပါအဝင် မည်သူမဆို အခမဲ့ ဝင်ရောက် လေ့လာကြည့်ရှုနိုင်မည် ဖြစ်ကြောင်း အနုပညာ ဦးစီးဋ္ဌာနက ပြောသည်။
မြန်မာ့အနုပညာ အခင်းအကျင်းများအပြင် ချင်းချောင်းနန်းတော်၏ နောက်ခံ သမိုင်းကြောင်းနှင့် အရှေ့တိုင်း၊ အနောက်တိုင်း နှစ်မျိုး ပေါင်းစပ်ထားသော အဆောက်အအုံ ၏ ဗိသုကာ လက်ရာများကိုပါ လေ့လာနိုင်မည်ဆိုပါက နိုင်ငံခြားသား ခရီးသွားများအတွက် တန်ဖိုးထားဖွယ် လေ့လာစရာ နေရာတခု ဖြစ်သည်ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ တွဲဖက် အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ဧရာဝတီသို့ ပြောသည်။
“နည်းနည်းတော့ နယ်ပယ် ကျယ်ကျယ် ဝန်းဝန်းလေး ပြနိုင်ရင် ပိုကောင်းမယ်။ ဒီချင်းချောင်း နန်းတော်ရဲ့ နောက်ခံ သမိုင်းကြောင်း နဲ့ ဆိုင်တဲ့ဟာတွေရော၊ တရုတ် လူမျိုးတွေဆိုတာ မြန်မာနိုင်ငံမှာ မျိုးဆက်ပေါင်း မြောက်မြားစွာ ကတည်းက ရှိခဲ့တယ် ဆိုတာတွေကလည်း အဲဒီမှာ သွားပြီး ပေါ်လွင်တယ်လေ။ အခုလို သမိုင်းရှုထောင့်ရော၊ အာရှမှာ တစိတ်တဒေသဆိုတဲ့ ပထဝီဝင် ရှုထောင့် ကိုလည်း ပြနိုင်မယ်ဆိုရင် တော်တော် ကောင်းပါတယ်”ဟု ဦးတင်ထွန်းအောင်က ပြောသည်။
ချင်းချောင်း နန်းတော်ကို တရုတ်ကုန်သည် သူဌေးကြီး လင်ချင်းချောင်းက ၁၉၁၅ ခုနှစ်တွင် စတင် တည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ နှစ် (၁၀၀) ပြည့်တော့မည့် ရှေးဟောင်းစာရင်းဝင် အဆောက်အအုံ တခုဖြစ်သည်။
သို့သော် တည်ဆောက်သည့် ခုနှစ်နှင့် ပတ်သက်ပြီး ကွဲလွဲမှုတချို့ ရှိနေရာ ဝီကီပီးဒီယား အပါအဝင် တခြားသော သမိုင်းကြောင်း ဆိုင်ရာ မှတ်တမ်းများ၌ ၁၉၁၇ ခုနှစ်မှ ၁၉၁၉ ခုနှစ်အတွင်း တည်ဆောက်ခဲ့ကြောင်း ဖော်ပြမှုများလည်း ရှိသည်။
လင်ချင်းချောင်းသည် အောင်မြင်မှု အရှိန်အဝါများ ရှိခဲ့စဉ် အချိန်ကာလများက ပရဟိတ လုပ်ငန်းများတွင် ရက်ရောတတ်သူ ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပညာရေး ဖွံ့ဖြိုးမှုအတွက် တတ်နိုင်သလောက် အားထုတ်ခဲ့သူလည်း ဖြစ်သည်။
၎င်းကွယ်လွန်သွားပြီးနောက် ချင်းချောင်းနန်းတော်ကြီးသည် ပိုင်ရှင် အဆက်ဆက် ပြောင်းလဲခဲ့ပြီး ၁၉၄၁ နှင့် ၁၉၄၅ ခုနှစ် ဂျပန် ခေတ် ကာလက ရေဒီယို အသံလွှင့်ဌာန အဖြစ်လည်း အသုံးပြုခဲ့ကြောင်း သိရှိရသည်။
နောက်ပိုင်းတွင် မြန်မာအစိုးရက “ကမ္ဘောဇ” ရိပ်သာဟူ၍ နိုင်ငံတော် ဧည့်ရိပ်သာအဖြစ် ပြုလုပ်ခဲ့ပြီး ယခု “ယဉ်ကျေးမှု ဗဟိုဌာန” အဖြစ် မသတ်မှတ်ခင် ကာလအထိ ယဉ်ကျေးမှု ဝန်ကြီးဋ္ဌာန လက်အောက်ခံ အနုပညာ ဦးစီးဋ္ဌာန၏ ရုံးတရုံးနှင့် အနုပညာ သင်တန်းကျောင်းတခု အဖြစ် ဖွင့်လှစ်ထားခဲ့သည်။