နိုင်ငံတဝန်းက လယ်သမားတွေဟာ နှစ်ပေါင်းများစွာက အကြောင်းအမျိုးမျိုးနဲ့ မတရားသိမ်းဆည်းခံခဲ့ကြရတဲ့ လယ်ယာမြေတွေကို ပြန်လိုချင်တာကြောင့် ထွန်တုံးတိုက်ပွဲ ဆင်နွဲှခြင်း၊ သိမ်းဆည်းခံမြေတွေမှာ သီးနှံဝင်စိုက်ခြင်းနဲ့ ကျူးကျော်ဝင်ရောက်ခြင်း စတဲ့ လှုပ် ရှားမှုတွေကြောင့် ပုဒ်မပေါင်းများစွာ နဲ့ ဖမ်းဆီးထောင်ချ ခံနေကြရပါတယ်။
တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက် ရဲ့ ခန့်မှန်းချက်တွေအရ နိုင်ငံတဝန်း က လယ်သမားပေါင်း ထောင်ချီ ဟာ ခြေချုပ် ပုဒ်မ၊ ခိုးမှု၊ ကျူးကျော် ဝင်ရောက်မှုစတဲ့ ပုဒ်မပေါင်းများစွာနဲ့ ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်တွေ ချမှတ်ခံနေရတယ်လို့ သိရပါတယ်။
သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ သမ္မတ သက်တမ်းအတွင်းမှာ အရင်က အကြောင်းအမျိုးမျိုးနဲ့ သိမ်းဆည်းထားခဲ့တဲ့ လယ်ယာမြေတွေ ကို ပြန်ပေးမယ်လို့ ပြောဆိုနေပေမယ့် အသိမ်းခံလယ်ယာမြေအများစုဟာ လယ်သမားတွေ ပြန်မရတာကြောင့် အခုလိုမျိုး လုပ်ရပ် တွေနဲ့ လယ်ယာမြေရရှိရေး ကြိုးပမ်းနေရတယ်လို့ လယ်သမားတွေက တုံ့ပြန်ပြောဆိုကြပါတယ်။
“လယ်ယာမြေတွေကို ပြန်ပေးမယ်လို့ အစိုးရ က ပြောနေပေမယ့် အခုချိန်အထိ လက်ထဲမရောက်ဘူး၊ ရတဲ့မြေတွေကျပြန်တော့ လည်း တကယ်အသိမ်းခံရတဲ့ လယ်သမားက မရဘူး၊ အုပ်ချုပ်ရေးမှူးတွေ၊ အာဏာပိုင်တွေက ပူးပေါင်းပြီး တခြားတယောက်ကို ပြန် ရောင်းတယ်၊ ဒါကြောင့် ကျနော်တို့ လယ်ယာမြေတွေ ပြန်ရရေး တောင်းဆိုကြတယ်၊ ထွန်တုံးတိုက်ပွဲတွေ လုပ်ကြတယ်၊ အဲဒီအပေါ် ဖမ်းဆီးလည်း ဂရုမစိုက်ပါဘူး၊ သူတို့ပြောသလို လယ်ယာမြေတွေကို တကယ်ပြန်ပေးတာပဲ လိုချင်ကြတာ”ဟု ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ လယ်သိမ်းခံ လယ်သမားတဦးက ပြောပါတယ်။
လယ်သမားတွေ ဆန္ဒထုတ်ဖော်နေတဲ့ အဓိက အကြောင်းအရင်းတွေကတော့ နှစ်ပေါင်းများစွာက လျော်ကြေးမဲ့ သို့မဟုတ် အလွန် နည်းပါးသောလျော်ကြေးသာ ရခဲ့တာကြောင့် လက်ရှိတန်ဖိုးနဲ့ ပြန်ပြီးတွက်ချက်ပေးဖို့၊ လယ်သမားတွေရဲ့ လူ့အခွင့်အရေး အပြည့် အဝ ရရှိကြဖို့၊ ဖမ်းဆီးထောင်ချခံနေရတာကို ရပ်တန့်ပေးဖို့ နဲ့ မူလလယ်ယာမြေတွေကို အစိုးရ ပြောတဲ့အတိုင်း တိကျစွာ ပြန်ပေးဖို့ ဆိုပြီး တောင်းဆိုကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ ဧရာဝတီတိုင်းဒေသကြီး၊ မော်ကျွန်းမြို့နယ်က လယ်သမား မိသားစုဝင် ၆ ဦးကို လယ်ပေါင်ခံထားသူ၊ အုပ်ချုပ်ရေးမှူးနဲ့ အာဏာပိုင်တချို့ ပူးပေါင်းပြီး အိမ်ကျော်နင်းမှု၊ ခိုးယူမှု ပုဒ်မတွေနဲ့ ထောင်ဒဏ် ၆ လ ချခဲ့တယ်လို့ အဲဒီမိသားစုရဲ့ ပြစ်ဒဏ် ကို အယူခံဝင်ပေးဖို့ ကြိုးစားနေတဲ့ တောင်သူလယ်သမားအကျိုးဆောင် ကွန်ရက် က ပြောပါတယ်။
မွန်ပြည်နယ် သထုံမြို့နယ်အတွင်းက လယ်သမား ၉ ဦးကိုလည်း အိမ်ကျော်နင်းမှု၊ ကျူးကျော်ဝင်ရောက်မှု ပုဒ်မတွေနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့ပါသေးတယ်။
“သူတို့ မိသားစုရဲ့ လယ်ကို တခြားသူဆီမှာ ပေါင်ပြီး အငှားစနစ်နဲ့ ပြန်ပြီး စပါးစိုက်နေတာကို၊ အစိုးရ က လယ်မြေတွေ ပေးမယ် လည်းဆိုရော အပေါင်ခံထားသူက သူပိုင်တဲ့လယ်ဆိုပြီး စာချုပ်အတုတွေနဲ့တင်၊ အမှန်ပိုင်ဆိုင်တဲ့ မိသားစုကိုတော့ သူတို့စိုက်တဲ့စပါး သူတို့ရိတ်တာ ခိုးမှု၊ အပေါင်ခံထားတဲ့မြေကို ဝင်လို့ ဆိုပြီး ကျုးကျော်မှုတွေနဲ့ ဖမ်းဆီး ထောင်ချလိုက်တယ်”လို့ တောင်သူ လယ် သမား အကျိုးဆောင်ကွန်ရက် က ဦးဇော်ရန်း က ပြောပါတယ်။
လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသူတွေကလည်း အစိုးရက ထုတ်ပြန်ထားတဲ့ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ၊ တောင် သူ လယ်သမား အကျိုးစီးပွားမြှင့်တင်ရေးနှင့် ကာကွယ်ရေး ဥပဒေ၊ အမျိုးသား မြေအသုံးချမှု မူဝါဒ ဥပဒေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေ၊ နည်းဥပဒေတွေဟာ လယ်သမားတွေအပေါ် ကာကွယ်ပေးခြင်း လုံးဝမရှိဘဲ ဖိနှိပ်ခြင်း၊ ဖမ်းဆီးခြင်းတွေကသာ တနေ့တခြား ပိုပြီး ဆိုးရွားနေတယ်၊ လယ်သမား ဘဝကနေ ရာဇဝတ်သားဘဝ ဖြစ်အောင် တွန်းပို့နေတယ်လို့ ဝေဖန် ပြောဆိုနေကြပါတယ်။
“လယ်သမားတွေ ပိုင်ဆိုင်တဲ့လယ်ယာမြေတွေကို ဥပဒေမဲ့သိမ်းဆည်းသွားတယ်၊ သိမ်းဆည်းတာတွေကို ပြန်ပေးတဲ့အချိန်မှာလည်း တရားမျှတမှုမရှိတဲ့ အချက်တွေ အများကြီးဖြစ်တယ်၊ သူတို့တွေကို ဖမ်းဆီးရာမှာလည်း ဥပဒေကို လိုသလို အသုံးချတဲ့လုပ်ရပ်တွေရှိနေတယ်လို့ ပြောချင်တယ်၊ လယ်သမားတွေရဲ့ ဘဝက သူတို့အခွင့်အရေးတွေ မရတဲ့အပြင် ပိုပြီးတော့ ဆိုးရွားလာတယ်”လို့ Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။
သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်ရရေးနဲ့ လယ်သမားတွေရဲ့ အခွင့်အရေး အပြည့်အဝရရေးတွေအတွက် အစိုးရက ဖွဲ့စည်းထား တဲ့ လူ့အခွင့်အရေးကော်မရှင်ကို လယ်သမားတွေက တိုင်ကြားစာတွေ အများအပြား ပေးပို့ထားတယ်လို့လည်း သိရပါတယ်။ ကော် မရှင်ကို တိုင်ကြားမှု အများဆုံး ကိစ္စကလည်း လယ်ယာမြေပြဿနာတွေပဲဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် လူ့အခွင့်အရေးကော်မရှင်က လယ်သမားတွေရဲ့ တိုင်ကြားစာတွေအပေါ် ထိရောက်တဲ့အရေးယူမှုမျိုး မရှိတာက ကော်မရှင်ရဲ့ အားနည်းချက်တခုဖြစ်နေတာကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံနေတဲ့ လယ်သမားတွေရှေ့က ရပ်တည်ဖို့လိုနေပြီ လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
“တိုင်ကြားလာတဲ့ ကိစ္စတိုင်းကိုတော့ မစုံစမ်းပေးဘူး၊ အကုန်လုံးတော့ လိုက်ပြီး မလုပ်ပေးနိုင်ဘူး၊ အဖွဲ့လိုက်ဆွေးနွေးမှုလုပ်ပြီး လူ့အခွင့်အရေးကို အကြီးအကျယ်ချိုးဖောက်ခံနေပြီလို့ ထင်ရင်တော့ ချက်ချင်းစစ်ဆေးတယ်၊ စုံစမ်းစစ်ဆေးလို့ရသမျှကိုတော့ တိုင်တာ နဲ့ ဆက်စပ်တဲ့ သက်ဆိုင်ရာဌာနကို အကြံပြုပေးတယ်”လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော်က ဧရာဝတီ ကို ပြောပါတယ်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို လယ်ယာမြေပြဿနာနဲ့ ပတ်သက်ပြီး တိုင်ကြားမှုအများဆုံးကတော့ ရန်ကုန်၊ ပဲခူး၊ မန္တလေးနဲ့ ဧရာဝတီတိုင်း ဒေသကြီးတို့က ဖြစ်တယ်လို့ သိရပါတယ်။
သမ္မတဦးသိန်းစိန်က သူ့ရဲ့ အစိုးရသက်တမ်းအတွင်းမှာ အကြောင်းအမျိုးမျိုးနဲ့ သိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေတွေကို ပြန်ပေးဖို့ မျှမျှတတ မှန်မှန်ကန်ကန်ဖြေရှင်းမယ်လို့ ပြောသလို မြေယာအသုံးချမှု စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒု သမ္မတ ဦးဉာဏ်ထွန်း ကလည်း တရားဥပဒေနဲ့ အညီ ဆောင်ရွက်မယ်ဆိုပြီး လယ်ယာမြေဆိုင်ရာ ဆွေးနွေးပွဲတွေမှာ ပြောဆိုနေဆဲဖြစ်ပါတယ်။
“ဝန်ကြီးဌာန၊ ဦးစီးဌာနတွေ ကိုယ်တိုင်က မြေတွေကို ကိုယ့်အိတ်ထဲကိုယ်ဖိတ်ဖို့ ဒေသခံမဟုတ်တဲ့လူတွေနဲ့ ဟန်ပြ လျှောက်ထား စေ တယ်၊ ပြီးတော့ လက်လှည့်ခွဲဝေပေးတယ်၊ မူလလက်ငုတ်လယ်သမားကို မပေးဘဲ ထပ်ဆင့် သီးစားချခံရတဲ့ လယ်သမားနဲ့ အာ ဏာ ပိုင်တွေမှာ ဇာတ်လမ်းတွေ ဖြစ်နေတယ်၊ ပိုဆိုးတာကတော့ ဒေသခံ မူလလက်ငုတ် လယ်သမားတွေထံက မြေသိမ်းပြီး ကုမ္ပဏီ လုပ်ငန်းရှင်တွေနဲ့အစိုးရ ဝန်ကြီးဌာနတွေက တဝက်ပေးတဝက်ယူ ကန်ထရိုက်စနစ် ခွင့်ပြုနေတာတွေ့နေရတယ်”လို့ ရန်ကုန် မြို့က ရှေ့နေ ဦးဖိုးဖြူက ပြောပါတယ်။
ဦးဖိုးဖြူ က ဆက်လက်ပြီး“မြေတွေကို ဝန်ကြီးဌာနတွေက ပြန်လည်စွန့်လွှတ်တယ် ဆိုပေမယ့် ပြည်သူတွေ လက်ထဲ ပြန် မရောက် တာကတော့ ဥပဒေ လုပ်ထုံးလုပ်နည်း လွဲမှားချွတ်ချော်နေတဲ့ စီမံခန့်ခွဲရေး ဥပဒေကို ထုတ်ပြန် အသုံးပြုနေလို့ဖြစ်ပါတယ်”လို့ ပြော ဆို ပါတယ်။
ပြည်ထောင်စု လွှတ်တော်မှာ သြဂုတ်လက ပြုလုပ်ခဲ့တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက အဖွဲ့ပေါင်း ၁၁ ဖွဲ့နဲ့ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ၇၀ ကျော်ရဲ့ စုပေါင်း အစီရင်ခံစာအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများထံမှာ လယ်ယာမြေ ပြဿနာနဲ့ ပတ်သက်ပြီး တိုင်ကြားစာပေါင်း ၆၅၅၉ စောင်မှာ ၃၀၇ စောင်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တိုင်ကြားစာပေါင်း ၂၆၈၉ စောင် မှာ ၅၇၅ စောင်သာ ဖြေရှင်းနိုင်တာကြောင့် ၉ ဒသမ ၅၅ ရာခိုင်နှုန်းသာ လယ်ယာမြေပြဿနာကို ဖြေရှင်းနိုင်တာတွေ့ရတယ်လို့ တောင်သူ လယ်သမား အကျိုးဆောင်ကွန်ရက်က စာရင်းဇယားအရ သိရပါတယ်။
“လယ်သမားတွေ ဆန္ဒထုတ်ဖော်ကြတယ်၊ ဘယ် အစိုးရပိုင်းကမှ လာပြီးဖြေရှင်းပေးတာ မကြုံဖူးသေးဘူး၊ လယ်ယာမြေဥပဒေတွေက လယ်သမားတွေရဲ့ အကျိုးအတွက် လုံးဝမပါဘူး၊ ကာကွယ်မှုမပေးထားတော့ အာဏာပိုင်တွေဖြစ်တဲ့ ဥပဒေပြုရေး၊ တရားစီရင် ရေးနဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ပိုင်းမှာ အားနည်းနေတဲ့သဘောပဲ”လို့ တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက် ရဲ့ အဖွဲ့ဝင်ဖြစ်သူ ဦးဇော်ရန်းက ပြောပါတယ်။
စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(FSWG) ရဲ့ စစ်တမ်းတခုမှာတော့ မြန်မာတနိုင်ငံလုံးက တောင်သူတွေ အသိမ်း ဆည်း ခံထားရတဲ့ လယ်မြေဧကပေါင်း ၆ သန်းကျော်ရှိပြီး ၄ သန်းခန့်က စစ်တပ်က သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
“တနိုင်ငံလုံးမှာ လယ်ဧက သိန်း၊ သန်းချီပြီး အသိမ်းဆည်းခံနေတာကို ကြည့်မယ်ဆိုရင် ဆိုးဆိုးဝါးဝါးကိစ္စဖြစ်နေတာ၊ ဒီကိစ္စကို ဘယ်လိုရပ်တန့်နိုင်မလဲ၊ ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ပညာရှင်ဆန်သော အစီရင်ခံစာ သုံးသပ်ချက်တွေ လုပ်ဆောင်သင့်ပေမယ့် ဒါတွေကို လုပ်ဆောင်မှုအားနည်းနေခြင်းက လူအများထောက်ပြနေတဲ့ အချက်တွေဖြစ်ပါတယ်”လို့ ဦးအောင်မျိုးမင်းက ထောက်ပြပြော ဆို ပါတယ်။
လယ်သမားတွေကို ခိုးမှု၊ အိမ်ကျော်နင်းမှု စတဲ့ပုဒ်မတွေ တပ်ပြီး ဖမ်းဆီး ထောင်ချနေခြင်းက ရှိထားတဲ့ ဥပဒေကို လိုသလို အသုံးချပြီး ခြိမ်းခြောက်တဲ့သဘော သက်ရောက်နေတာကြောင့် တရားဥပဒေ စိုးမိုးမှုအပေါ် လူတွေ အယုံအကြည်မဲ့လာနိုင်ကြောင်း အာဏာ ပိုင်တွေ သဘောပေါက်သင့်တယ်လို့လည်း သူက ဆိုပါတယ်။
လတ်တလောမှာ တောင်သူလယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူတွေ၊ အဖွဲ့အစည်းတွေက အစိုးရကရေးဆွဲနေဆဲဖြစ်တဲ့ အမျိုးသား မြေအသုံးချမှု မူဝါဒမူကြမ်းမှာ ဒေသတွင်း မြေယာပဋိပက္ခတွေကို ဖြေရှင်းပေးနိုင်တဲ့ မူဝါဒတွေ ပါဝင်ဖို့၊ တရားမျှတမှုနဲ့ လူ့အခွင့် အရေး အခြေခံပေါ် မူတည်ရေးဆွဲဖို့၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါဝင်ခွင့်ရဖို့ လိုအပ်နေတယ်လို့ သုံးသပ်ထားကြပါတယ်။ ။