ဆောင်းပါး

စာကျက်လမ်းညွှန်နဲ့မှ စာကျက်တတ်တဲ့ ကလေးများရဲ့ အနာဂတ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နိုင်ငံရဲ့ ပညာရေး စနစ်အကြောင်းနဲ့ အစိုးရကျောင်း၊ နိုင်ငံတကာကျောင်းများ အကြောင်းကို ဧရာဝတီမှာ အလျဉ်းသင့် သလို ကျမ ရေးလာခဲ့ပါတယ်။ ကျမတို့နိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်တဲ့အပြင် ပညာရေးနဲ့ ပတ်သက်ပြီးတော့ အခုချိန်ထိ မတည်မြဲသေးတဲ့၊ နောက်ကျနေဆဲ ဖြစ်တဲ့ နိုင်ငံတခုလည်း ဖြစ်တာမို့ ပညာရေး အတွက် ပြုပြင်စရာတွေ တပုံတပင်နဲ့ နိုင်ငံကြီးပါ။ ပညာရေးနဲ့ ပတ်သက်လို့ ဒါဟာ တကယ့် အမှန်တရားပဲမို့ ကျမတို့ဟာ အမှန်တရားကို ရဲရဲဝံ့ဝံ့လက်ခံဖို့ လိုပါတယ်။

ကျမတို့ နိုင်ငံရဲ့ ပညာရေး လမ်းကြောင်းကို ပြန်ကြည့်လိုက်မယ် ဆိုရင်ဖြင့် ပညာရေးဟာ ခေါင်းမော့ မလာနိုင်ဘဲ ဦးစိုက် ကျဆင်းနေတာကိုပဲ တွေ့နေရပါ တယ်။ သင်ရိုးညွှန်းတန်းများ မကြာမကြာ ပြောင်းပေမယ့် အခုချိန်ထိ အားရစရာ ခိုင်မာသေချာတဲ့ သင်ရိုး ညွှန်းတန်းလည်း ရှိမနေခဲ့ပါဘူး။

ဒါ့အပြင် သင်နည်း စနစ်က ဒါကျက် ဒါဖြေ ဖြစ်သလို၊ အမှတ် အနည်းအများပေါ်မှာ မူတည်ပြီးတော့ တက္ကသိုလ်ကို ခွဲတဲ့ စနစ် ဖြစ်နေပါတယ်။

ဒီစနစ်ရဲ့ အောက်မှာပေါ်လာတဲ့ အရာနှစ်ခုက တော့ ပညာရေး အတွက် အထောက်အကူ ဖြစ်တယ်လို့ ထင်ရပေမယ့် တကယ်တော့ ပညာရေး အတွက် ဘာအထောက်ကူမှ မဖြစ်စေတဲ့ ကျူရှင်နဲ့ စာကျက် လမ်းညွှန် (Guide) တို့ပါပဲ။ ဟိုးအရင် ၈၈ အရေး အခင်း မဖြစ်ခင်ကာလ အထိ ကျမတို့ နိုင်ငံမှာ စာကျက် လမ်းညွှန်ဆိုတာ မရှိခဲ့ပါဘူး။ စာကျက် လမ်းညွှန်ဟာ ၈၈ အရေးအခင်းအပြီး တက္ကသိုလ်ကျောင်းတွေ အချိန်ကြာမြင့်စွာ ပိတ်မှု၊ အလုပ်အကိုင် ရှားပါးမှုနဲ့ စားဝတ်နေရေး ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာမှု ကြောင့် ပေါ်လာခဲ့တာပါ။

ရှစ်လေးလုံး အရေးတော်ပုံ အပြီးမှာ တက္ကသိုလ်ကျောင်းတွေကို နှစ်ကာလ များစွာ ပိတ်ထားခဲ့တာမို့လို့ ဆယ်တန်းမှာ ဂုဏ်ထူး များစွာ ပါသူ ကျောင်းသားများအနေနဲ့ ကျောင်း ဆက်တက်ဖို့ စောင့်နေခဲ့ရပါတယ်။ ကျောင်းတွေက ပိတ်ထား ရသလို၊ ပြောင်းလဲလာတဲ့ နိုင်ငံအခြေအနေ အောက်မှာ ကုန်ဈေးနှုန်းတွေကလည်း တရိပ်ရိပ် မြင့်တက်လာခဲ့ပါတယ်။

ဒီအချိန်မှာပဲ ကျမတို့ နိုင်ငံရဲ့ ပညာရေးလောကမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူးတဲ့ စာကျက် လမ်းညွှန်တွေ ပေါ်လာရတာ ပါ။ စာကျက် လမ်းညွှန်များ ဆိုတာဟာ တကယ်တော့ ကျောင်းသားကို စာကူကျက်ပေးတဲ့ စာကျက်အကူများ ပါပဲ။ စာကျက် လမ်းညွှန် အများစုရဲ့ အလုပ်ကတော့ ကျူရှင်တွေ ကျောင်းတွေက သင်လိုက်တဲ့စာတွေကို ကျောင်းသား နံဘေးကနေ ကူပြီးတော့ လိုက်ကျက် ပေးရတာပါပဲ။ မိဘက ဘေးက ထိုင်စောင့်၊ ထိုင်လုပ်ပေးရမယ့် နေရာမှာ ကျောင်းသားနဲ့ အရွယ် မတိမ်းမယိမ်း တယောက်ကို ကျောင်းသားထိန်း ငှားလိုက်တဲ့ သဘောပါ။

ဒီလို ကျောင်းသားထိန်း ငှားလိုက်တဲ့ အတွက်ကြောင့် ဂိုက်အချိန်မှာ အနည်းဆုံးတော့ စာကြည့်စားပွဲမှာ ကျောင်းသားက စာထိုင်ကြည့်ဖြစ်တယ်လို့ မိဘများက ယူဆခဲ့ကြပါတယ်။ ဒီ့အတွက် ဆယ်တန်းမှာ အမှတ် များများရဖို့နဲ့ လိုင်းကောင်းကောင်း ဝင်ဖို့ အတွက် မိဘများက စာကျက်လမ်းညွှန်များကို ငှားကြပါတယ်။

စာကျက် လမ်းညွှန်ရဲ့ အကူနဲ့ ကျောင်းသားဟာ အချိန်မှန် စာကျက်နေရတာမို့ ဆယ်တန်းမှာ အမှတ်တွေ အများကြီး၊ ဂုဏ်ထူးတွေ အများကြီး ရနိုင်ပါတယ်။ ဒါပေမယ့် ဒီလို စာကျက်လမ်းညွှန်နဲ့ ကျက်ခဲ့တဲ့ အတွက် အမှတ်ကောင်းခဲ့သည့် တိုင်အောင် ကိုယ့်ရဲ့ ကလေးဘက်က ဆုံးရှုံးသွားရတဲ့ အရည်အသွေးတွေ ရှိနေခဲ့တယ် ဆိုတာကိုတော့ မိဘများ အနေနဲ့ ဂရု မထားခဲ့မိကြပါဘူး။

စာကျက်လမ်းညွှန်နဲ့  စာကျက်တဲ့ အတွက် ပထမဆုံး ဆုံးရှုံးရတဲ့ အရည်အချင်း တခုကတော့ စာကို ကိုယ့်ဘာသာ မလေ့လာ မကျက်မှတ်တတ် တော့တာ ပါပဲ။ စာကျက်လမ်းညွှန်နဲ့ စာကျက်ခဲ့သူ ကျောင်းသားများကို လေ့လာကြည့် မယ် ဆိုရင်ဖြင့် ကျောင်းသား တော်တော်များများဟာ သူတို့ဘာသာ သူတို့ စာကို မလေ့လာတတ်တော့ ပါဘူး။

စာကို မှတ်စုထုတ်ပြီးတော့ မှတ်ဖို့၊ စာရဲ့အခြေခံ သဘောတရားတွေကို ကျေညက်စွာ လေ့လာဖို့ မပြောနဲ့ ကိုယ့် ဘာသာကိုယ် စာကို အလွတ်ရဖို့ ရွတ်ရ ကျက်ရတာတောင်မှ ဘေးနားက ကူကျက်ပေးမယ့် သူမရှိရင် တယောက်တည်း မကျက်တတ်ကြတော့ ပါဘူး။

ဒီလို မကျက်တတ်တာ၊ စာကျက်လမ်းညွှန်မပါရင် ဘာမှ မလုပ်တတ်သလို ဖြစ်နေတာ တွေဟာ တကယ်တော့ ကလေးတယောက် (လူတယောက်) ရဲ့ အနာဂတ် အတွက် အင်မတန်မှ အန္တရာယ်ရှိတဲ့ အရာပါ။ ကိုယ်လုပ်ရမယ့် အလုပ်တခုကို ကိုယ့်အသိစိတ်နဲ့ ကိုယ့်ဘာသာကိုယ် လုပ်ရမယ် ဆိုတဲ့ အကျင့်က ဆယ်ကျော်သက် အရွယ်မှာ ရှိပြီးသား ဖြစ်နေရမယ့် အရည်အသွေး တခုပါပဲ။

ဒီ အလေ့အကျင့်ကို ဆယ်ကျော်သက် အရွယ် မရောက်ခင် အကြို ဆယ်ကျော်သက် ကာလဖြစ်တဲ့ ကိုးနှစ်၊ ဆယ်နှစ် လောက်ကတည်းက ကလေး တို့ကို ကြိုတင်လေ့ကျင့်ပေးထားရ မှာပါ။ ကိုယ့်တာဝန် ကိုယ်ယူတတ်တဲ့ အကျင့်က ဒီ ဆယ်ကျော်သက် ကာလမှာ ကတည်းက ရှိနေရမယ့် အကျင့်လေးပါပဲ။ ဒါပေမယ့် ဆယ်ကျော်သက် အရွယ် ကျောင်းသားတယောက် ကိုယ့်စာကိုယ် ကျက်မှတ်ဖို့ အတွက် ဘေးနားမှာ လူတယောက်က ထိုင်စောင့်၊ ထိုင်ကျက် ပေးရတဲ့ အလေ့က ကျမတို့ နိုင်ငံမှာ တော်တော်လေးကိုမှ ထွန်းကား လာခဲ့ပါ ပြီ။

ဒီ ဆယ့်လေးငါးခြောက်နှစ် အရွယ် ကျောင်းသား တယောက်ဟာ  စာကျက်လမ်းညွှန်ရဲ့ အကူအညီနဲ့ စာကျက်ခဲ့တာ မို့လို့ ဆယ်တန်းမှာ ဂုဏ်ထူးများနဲ့ အောင်မြင်သွားကောင်း အောင်မြင်ပါလိမ့်မယ်။ ဒါပေမယ့် လူတယောက်အနေနဲ့ သူ့ဘာသာသူ အမှီအခိုကင်းကင်း၊ ယုံကြည်မှု ရှိရှိနဲ့ ရပ်တည်ဖို့ အတွက်တော့ မရဲရင့်နိုင်တော့ပါဘူး။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ ကိုယ့်တာဝန်ကိုယ် ယူမှု၊ ကိုယ့်ကိုယ်ကို လေးစားမှု ဆိုတဲ့ အရည်အသွေးတွေဟာ သူ့ဆီမှာ မပါလာတော့ဘဲ  စာကျက် လမ်းညွှန်နဲ့ အတူ စာကျက်ခဲ့တဲ့ စာကြည့်စားပွဲမှာပဲ ကျကျန်ရစ်ခဲ့ရ ပါပြီ။

တကယ်တော့ ပညာရေးဟာ ဘွဲ့လက်မှတ်ရဖို့ တခုတည်း အတွက် မဟုတ်ပါဘူး။ ပညာသင်တဲ့ ရည်ရွယ်ချက်မှာ ဘယ်ဟာ ကတော့ မှန်တယ်၊ ဘယ်ဟာ ကတော့ မှားတယ် ဆိုတာကို သိဖို့၊ တီထွင်ကြံဆနိုင်ဖို့၊ တွေးခေါ် စဉ်းစားတတ်ဖို့ဆိုတဲ့ ပညာရေးရည် မှန်းချက်တွေ အများကြီး ပါပါတယ်။

ဒါပေမယ့် ကျမတို့ရဲ့ ဒါကျက်ဒါဖြေ ပညာရေး စနစ်အောက်မှာ စာတွေကိုပဲ အလွတ်ကျက်နေရတဲ့ အတွက် ကျမတို့ဟာ တီထွင်ကြံဆမှု စွမ်းရည်၊ တွေးခေါ်မှု စွမ်းရည်၊ တီထွင်ဖန်တီးမှု စွမ်းရည်တွေ ပျောက်ပျက်ကုန်ရ ပါတယ်။ ဒီအထဲမှာမှ စာကျက်လမ်းညွှန်ကပါ ထပ်မံအားဖြည့်လိုက်တဲ့ အချိန်မှာတော့ ကလေးတယောက် (လူတယောက်) မှာ ရှိသင့်တဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ ကိုယ့်အားကိုယ်ကိုး တတ်တဲ့ စွမ်းရည်တွေ ပျောက်ပျက်ကုန်ရတော့ တာပါပဲ။

တကယ်တော့ အမှီခိုကင်းကင်းနဲ့ ရပ်တည်ရဖို့၊ ဆုံးဖြတ်ရဲဖို့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ရှိဖို့ဆိုတာ တွေဟာ ကလေးတယောက် (လူတယောက်အတွက်) ရှိရမယ့် စွမ်းရည်များပါ။ လူ့ဘဝထဲကို ဝင်ရောက်တဲ့ အချိန်မှာ ဒီ စွမ်းရည်တွေ ရှိတဲ့ လူနဲ့ မရှိတဲ့ လူဟာ လုပ်ငန်းခွင်မှာ တော်တော်လေးကိုပဲ ကွာခြားသွား ပါတော့တယ်။

စာကျက်လမ်းညွှန်နဲ့ပဲ အမြဲတမ်း စာကျက်လာတဲ့ ကျောင်းသားတယောက်ဟာ စာကျက်လမ်းညွှန်က ညွှန်ကြားလိုက်တဲ့ စာမဟုတ်ရင် မကျက်တတ်တော့ ပါဘူး။ ကျူရှင်ဆရာမ၊ ကျောင်းဆရာမ၊ စာကျက်လမ်းညွှန် တို့ရဲ့ အကူအညီ မပါဘဲနဲ့ ကိုယ့် ဆုံးဖြတ်ချက်နဲ့ကိုယ် စာမကျက်တတ်၊ မလေ့လာ တတ်တော့ ပါဘူး။

စာကျက် လမ်းညွှန်နဲ့ စာကျက်သူ ကလေးများ အားလုံးဟာ ဒီလိုပဲ လို့ ကျမ မဆိုလိုပါ။ သို့ပေမယ့် စာကျက် လမ်းညွှန် ပါမှ စာကျက် နိုင်သူ၊ စာကျက်တတ်သူ ကလေးများကိုတော့ ကျမတို့ ဝန်းကျင်မှာ ခပ်စိပ်စိပ် ဆိုသလို တွေ့လာရပါပြီ။

မိဘများရဲ့ ကလေးများအပေါ် ထားရှိတဲ့ စေတနာအရ ဆယ်တန်း၊ ကိုးတန်းများကိုသာ စာကျက် လမ်းညွှန် ခေါ်တာ မဟုတ်ဘဲ လေးငါးတန်း ကလေး များအတွက်ပါ စာကျက်လမ်းညွှန် (စာကူကျက်) ပေးသူနဲ့ ထားတာ မျိုးတွေတောင်မှ ကျမတို့ မြင်ကြ၊ ကြားနေကြရပါတယ်။ တကယ်တော့ စာအုပ်ထဲက စာတွေကို အလွတ်ကျက် အာဂုံဆောင်ပြီးတော့ စာရွက်ထဲ ပြန်ကူးထည့်ရတဲ့အရာဟာ ပညာ မဟုတ်ပါဘူး။ အင်မတန် လွဲမှားတဲ့ နည်းစနစ်ပါ။ စာမေးပွဲ ဖြေပြီးတာနဲ့ ဘာတခုမှ ခေါင်းထဲ စိတ်ထဲ မကျန်ခဲ့နိုင်တဲ့ သင်နည်းစနစ်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အစိုးရ ပြဋ္ဌာန်းထားတဲ့ ပညာရေးစနစ် ဖြစ်တာကြောင့် မို့လို့  ဒီစနစ်ကြီးကို မှားမှန်း၊ မကောင်းမှန်း သိပေမယ့်လည်း ကလေးတို့ပညာရေး အတွက် ကျမတို့မိဘတွေ လွန်ဆန်လို့ မရသေးပါဘူး။ ဒါပေမယ့် အမှတ် ကောင်းဖို့ ဆိုတာ တခုတည်းနဲ့တော့ ကျမတို့ဟာ ကလေး တို့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်၊ အမှီအခို ကင်းတဲ့ စိတ်တွေကို ပျောက်ပျက်သွားအောင်လို့ မလုပ်မိဖို့ လိုပါတယ်။

ပညာရေးဟာ တကယ်တော့ ဆယ်တန်းနဲ့ မပြီး သေးသလို၊ ဆရာဝန်၊ အင်ဂျင်နီယာ ဖြစ်ပြီးလည်း မပြီးသေး ပါဘူး။ ပြည်ပနိုင်ငံများမှာ ထပ်ပြီးတော့များ ပညာသင်ခွင့် ရခဲ့မယ် ဆိုရင် ကိုယ့်ရဲ့ကလေးဟာ စိတ်ပိုင်းဆိုင်ရာ၊ ဉာဏ်ပိုင်းဆိုင်ရာမှာပါ အဆင်သင့် ဖြစ်နေအောင်လို့ ကြိုတင်လေ့ကျင့် ထားရမှာပါ။

ဒါကြောင့်မို့လို့ ကိုယ့်ရဲ့ ကလေးများကို ဆယ်တန်းမှာ အမှတ်ကောင်းဖို့ တခုတည်းကိုသာ ရည်ရွယ်ပြီးတော့ စာကျက်လမ်းညွှန် ငှားမယ် ဆိုရင်ဖြင့် တကယ် ငှားသင့်၊ မငှားသင့် ဆိုတာကို မိဘများအနေနဲ့ သေသေချာချာ ပြန်ပြီးတော့ သုံးသပ်စဉ်းစား ကြည့်ကြပါဦး… လို့။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading