လည်ချောင်းနာတယ် ဆိုတာကလည်း လူတွေ ခံစားရလေ့ရှိတဲ့ ဝေဒနာတွေထဲမှာ ထိပ်ပိုင်းက ပါဝင်နေမယ် လို့ ထင်ပါတယ်။ အထူးသဖြင့် ကလေးတွေနဲ့ ဆယ်ကျော်သက် တွေမှာတော့ ပိုပြီးတွေ့ရတတ် ပါတယ်။ လည်ချောင်းနာ တိုင်းကတော့ စိုးရိမ်စရာ မဟုတ်ပေမယ့် အခံရတော့ ခက်တာပါပဲ။
လည်ချောင်း နာမယ်၊ နှာရည်တွေ ကျမယ်၊ ချောင်းဆိုးမယ်၊ အသံဝင်မယ်၊ မျက်စိတွေနီမယ် ဆိုတာတွေက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာတွေ များပြီး ဆေးဝါးမလိုဘဲ ပျောက်ကင်းတတ်တာ မျိုးပါ။ အဲဒီထဲမှာမှ Streptococcus ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါကတော့ ဂရုစိုက်ရပါတယ်။ ရောဂါ ပိုဆိုးလာ တတ်သလို မကြာခဏ ဖြစ်ပါများပြီး နောက်ဆက်တွဲအဖြစ် လေးဘက်နာတွေ၊ နှလုံးရောဂါတွေပါ ဖြစ်တတ်တာ ကြောင့် ပါပဲ။
ဘယ်လိုပျံ့နှံ့သလဲ
ဘယ်သူမဆို အဲဒီ လည်ချောင်းနာ ရောဂါကို ကူးစက်ခံစားရနိုင် ပေမယ့် အများအားဖြင့်တော့ ကျောင်းနေရွယ် ကလေးသူငယ်နဲ့ ဆယ်ကျော်သက်တွေမှာ အများဆုံး တွေ့ရတာ ပါပဲ။ ဒီရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုး Streptococcus က နှာခေါင်းနဲ့ လည်ချောင်းတွေမှာ ရှိနေတတ်လေတော့ နှာချေ၊ ချောင်းဆိုး၊ လက်ဆွဲ နှုတ်ဆက်တာမျိုး ကနေတောင်မှ အလွယ်တကူ ကူးစက်နိုင်တာပါပဲ။
ဒီရောဂါပိုး ရှိနေပြီး ကုသမှုခံယူ မထားတဲ့ သူတယောက်ဟာ ရောဂါလက္ခဏာတွေ ပြင်းထန်နေတဲ့အချိန်မှာ ပျံ့နှံ့ ကူးစက်စေဖို့ အလွယ်ကူဆုံး အချိန်ပါပဲ။ ဒါလောက်တင် မကပါဘူး၊ ရက်သတ္တပတ် သုံးပတ်လောက် အထိ ရောဂါကူးစက် ပျံ့ပွား စေနိုင်ပါသေးတယ်။
ဒါကြောင့် ကိုယ်တိုင်လည်း လက်ဆေးတဲ့ အလေ့အထကို မပျက်စေဘဲ ကလေးလူငယ်တွေ ကိုလည်း သင်ကြားပေးဖို့ အရေးကြီးပါတယ်။ တကိုယ်ရေ သန့်ရှင်းရေး လုပ်ဆောင်ပေးတာက ရောဂါပိုး ကူးစက်ပျံ့ပွားမှု ကို အထူးသဖြင့်၊ ဒီလည်ချောင်းနာ ရောဂါမျိုးကို ကာကွယ်ပေးနိုင်တာ အသေအချာပါပဲ။
ရိုးရိုးလည်ချောင်းနာနဲ့ Streptococcus လည်ချောင်းနာ
လည်ချောင်းနာ ဝေဒနာတိုင်းကတော့ အန္တရာယ် ရှိတဲ့ Streptococcus လည်ချောင်းနာ မဟုတ်ကြ ပါဘူး။ အထက်မှာ ဆိုခဲ့သလိုပဲ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်တဲ့ လည်ချောင်းနာတွေမှာတော့ လည် ချောင်း နာမယ်၊ နှာရည်တွေ ကျမယ်၊ ချောင်းဆိုးမယ်၊ အသံဝင်မယ်၊ မျက်စိတွေ နီမယ် စသဖြင့် ဆေးဝါး အထူးတလည် ကုသဖို့ မလိုအပ်ဘဲ နားနေရင်း၊ ပါရာစီတမောလောက် သောက်ရင်း ပျောက်ကင်း နိုင်ကြပါတယ်။
Streptococcus လည်ချောင်းနာ
ဒီလည်ချောင်းနာ ရောဂါကတော့ စပြီးဖြစ်လို့ ၃ ရက်အတွင်းမှာ –
– အာခေါင် လည်ချောင်းအစပ်မှာ အနီနဲ့ အဖြူ အဖတ်တွေ ပေါ်လာတတ်ပါတယ်။
– အစာမျိုရ ခက်လာတတ်ပါတယ်။
– လည်ပင်းတဝိုက်မှာ နာပြီးရောင်ရမ်းတဲ့ အကျိတ် တွေ ပေါ်လာတတ်ပါတယ်။
– အာသီးက နီရဲပြီး ကြီးနေတာ တွေ့ရမှာပါ။
– ခေါင်းကိုက်မယ်။
– ဗိုက်အောင့်မယ်။
– ဖျားမယ်။
– နေရထိုင်ရ မအီမသာဖြစ်ပြီး နုံးချိနေမယ်။
– ခန္ဓာကိုယ်မှာ အစက်အပြောက်တွေ ထွက်မယ်။ အဲသလိုလက္ခဏာတွေ ပေါ်လာတတ်ပါတယ်။
ဒီရောဂါ သေချာအောင် စစ်ဆေးတာကတော့ လည်ချောင်းထဲက အရည်ကို ဝါဂွမ်းလေးနဲ့ တို့ယူပြီး ပိုးစစ်ဆေးတဲ့ နည်းကို သုံးကြပါတယ်။ သူတို့ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတွေမှာတော့ Streptococcus ပိုးကို အမြန် စစ်ဆေးနိုင်တဲ့ Rapid Step Test လုပ်နိုင်ပြီး ၅ မိနစ်အတွင်း အဖြေရ ကြပါတယ်။ အဲဒီ စမ်းသပ်နည်းနဲ့ ပိုးမတွေ့ရင် နည်းနည်း ရက်ကြာတဲ့ ပိုးမွေးနည်းနဲ့ ရောဂါ ရှာနိုင် ပါတယ်။
ဆေးကုသပုံနဲ့ စောင့်ရှောက်ခြင်း
ဒီရောဂါ သေချာရင်တော့ အများအားဖြင့် ပဋိဇီဝဆေးကို ၁၀ ရက် တိုက်ကျွေးလေ့ ရှိပါတယ်။ အဲဒီပိုးသတ်ဆေး တိုက်လိုက်ရင် ၂၄ နာရီ အတွင်းမှာပဲ အဖျားကျသွားတတ်ပြီး ကူးစက်ဖို့ အခွင့်အလမ်းလည်း နည်းသွားပါ တယ်။ ၂ ရက် ၃ ရက် လောက်ကြာရင် တခြားဝေဒနာတွေ အားလုံးလည်း သက်သာပျောက်ကင်းလာကြတာ တွေ့ရပါတယ်။
အခြေအနေ ကောင်းလာပေမယ့် ဆေးကိုတော့ ညွှန်းတဲ့အတိုင်း ရက်အတိအကျ၊ ဆေးပမာဏ အတိအကျ ဆက်ပြီး တိုက်ကျွေးဖို့ လိုအပ်ပါသေးတယ်။ နို့မို့ရင် ကျန်နေသေးတဲ့ ပိုးတွေက အာခေါင်မှာ၊ လည်ချောင်းမှာ ခိုအောင်းနေရာက ပြန်ဖြစ်တတ် ပါတယ်။
ဒီရောဂါပိုးကြောင့် ဖြစ်တတ်တဲ့၊ နှလုံးထိခိုက်တဲ့ လေးဖက်နာ၊ သွေးထဲ ရောဂါပိုးတွေ ပျံ့နှံ့တာ၊ ကျောက်ကပ် ထိခိုက်တာတွေ မဖြစ်အောင် ဆရာဝန်တွေက သင့်လျော်တဲ့ ပဋိဇီဝဆေးကို အလွန် ချိန်ဆရ ပါတယ်။
ရောဂါ ဖြစ်နေတဲ့သူကနေ တခြားသူတွေကို မကူးစက်အောင် သူ့ရဲ့ အစားအစာ၊ အသုံးအဆောင်၊ ပန်းကန်ခွက် ယောက်တွေက အစ ခွဲခြားပေးထားနိုင်ရင် ကောင်းပါတယ်။ ဒါ့အပြင် လက်ကို ရေနွေးနဲ့၊ ဆပ်ပြာနဲ့ ဆေးကြော တာ ကောင်းပါတယ်။ မိသားစုတွေ ရောပြီး လူနာနဲ့ အစာအတူစားတာ၊ မျက်နှာသုတ်ပုဝါ၊ လက်ကိုင်ပုဝါလို မျိုးတွေ အတူတကွ သုံးစွဲတာမျိုး မဖြစ်အောင် ဂရုစိုက်ရပါလိမ့်မယ်။
လူနာ နှာချေ၊ ချောင်းဆိုးတာတွေမှာလည်း တခြားသူကို မကူးစက်အောင် ကာကွယ်ဖုံးအုပ် လုပ်ဆောင်စေသင့် တာပါပဲ။ ဖြစ်နိုင်ရင် နလံထကာလရောက်တဲ့ အခါ သွားပွတ်တံတောင်မှ ပြောင်းလဲ သုံးသင့်တယ် လို့ ဆိုပါ တယ်။
လည်ချောင်းနာ ရောဂါ ဖြစ်နေသူကို ခံစားနေရတာတွေ သက်သာစေဖို့ ကူညီဆောင်ရွက် ပေးရမှာပါပဲ။ ရေများများ တိုက်တာက အရည်ဓာတ်ကို ဖြည့်ဆည်းပေးရာ ကျသလို ဖျားနေသူ အတွက်လည်း ကောင်းမွန်တဲ့ စောင့်ရှောက်နည်း ပါပဲ။ တခု သတိ ထားရမှာက လိမ္မော်ရည်၊ စပျစ်ရည်၊ သံပုရာရည်တွေလို အက်ဆစ်ဓာတ် ပါဝင်တဲ့ အရည်တွေက လည်ချောင်းနာတာကို ပိုပြီး မခံသာ ဖြစ်စေတယ် ဆိုတာ ပါပဲ။ ပူပူနွေနွေး စွပ်ပြုတ်၊ လက်ဖက်ရည်၊ နို့ စတာတွေကတော့ သက်သောင့်သက်သာ ရှိစေပါလိမ့်မယ်။
ဆိုခဲ့သလိုပါပဲ လည်ချောင်းနာတာကလည်း ပြဿနာမရှိ သလိုလိုနဲ့ ပြဿနာ အတော်ဖြစ်တဲ့ ဝေဒနာပါ။ လူလည်း မခံသာ၊ စိတ်လည်း အနှောင့်အယှက် ဖြစ်ရပါတယ်။ ဖြစ်လာတဲ့ လည်ချောင်းနာက ရိုးရိုး ဗိုင်းရပ်စ်ပိုး ကြောင့်လား၊ Streptococcus ပိုး ကြောင့်လား ဆိုတာကလည်း မှန်းဆကြည့်ရုံနဲ့ သိရတာမျိုး မဟုတ်လေတော့ ထိရောက်တဲ့ ကုသမှုခံယူဖို့ ကိစ္စမှာ ဆရာဝန်ကို အားကိုးတာသာ အသင့်လျော်ဆုံး ဆိုရမှာပါပဲ။
ကြောက်စရာကောင်းသလို ရှိပေမယ့် အနာသိရင် ဆေးရှိတဲ့ ရောဂါဖြစ်နေလေတော့ မပေါ့ဆရင် ကာလတိုတို မှာ သက်သာပျောက်ကင်းမှာ အသေအချာပါပဲ။ လည်ချောင်းနာနေတဲ့ လူနာကို လူစုလူဝေး နေရာတွေ ရှောင်ရှားပေးရင် လူနာလည်း အနားရ၊ တခြားသူတွေကိုလည်း ကူးစက်ဖို့ အခွင့်အလမ်း နည်းတာကို သဘောပေါက်မှာပါ။
လည်ချောင်း နာနေပါသလား။ နားနားနေနေ နေပါ၊ ဆေးခန်း ပြပါ၊ မကြာခင် သက်သာသွားပါ လိမ့်မယ်။ ။