၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့ နံနက်ခင်း Air Bagan လေကြောင်းလိုင်း ခရီးစဉ် ၁၁ လေယာဉ် မန္တလေး လေဆိပ်မှထွက် ခွာလာချိန်တွင် ခရီးသည်တဦးဖြစ်သော Allan Lokos စိတ်ထဲတွင် မြန်မာပြည်တွင်း လေကြောင်း ခရီးစဉ် ပျံသန်းမှုဆိုင်ရာ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ တစုံတရာ သံသယ မဖြစ်ခဲ့ပေ။
“ကောင်းကင်မှာ တိမ်နည်းနည်း ရှိနေပေမယ့် အဲဒီနေ့က လေယာဉ်ပျံသန်းဖို့ အတွက် တော်တော်လေးကို ပြည့်စုံ ကောင်းမွန်တဲ့ နေ့တနေ့ပါ” ဟု Mr. Lokos က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ သူ၏ နေအိမ် တယ်လီဖုန်းမှ တဆင့် ယင်းနေ့က အဖြစ်အပျက်ကို ပြန်ပြောင်းပြောဆိုသည်။
ခရီးသည် ၁၀ဝ လိုက်ပါနိုင်သည့် အဲပုဂံ ဖော်ကာလေယာဉ် မန္တလေးမှ ရှမ်းပြည်နယ် ဟဲဟိုးလေဆိပ်သို့ ပျံသန်းလာသည့် အချိန်တွင် ခရီးသည် ၆၀ ကျော် လိုက်ပါလာသည်။
အင်းလေးကန်သို့ သွားရောက်ကြမည့် ကမ္ဘာလှည့် ခရီးသည်များ လိုက်ပါလာသည့် လေယာဉ်သည် ဟဲဟိုးလေဆိပ် နားသို့ ချဉ်းကပ်မိသည့် အချိန်တွင် လျှပ်စစ်ဓာတ်ကြိုးများကို ဝင်တိုက်မိပြီး မြေပြင်ပေါ်သို့ ပျက်ကျခဲ့ရသည်။ နောက်ပိုင်း စုံစမ်းစစ်ဆေးချက်များအရ လေယာဉ်ပျက်ကျမှုသည် လေယာဉ်မှူး၏ မှားယွင်းမှုဖြစ်သည် ဟု သိရှိရ သည်။
အဲပုဂံ ပျက်ကျရာတွင် Mr.Lokos နှင့် ဇနီးသည် Susanna Weiss တို့၏ ဧည့်လမ်းညွှန်ဖြစ်သူ မနွယ်လင်းရှိန် သေဆုံး ခဲ့ရသည်။ လေယာဉ်ပျက်ကျလာသည့် အချိန်က လမ်းပေါ်တွင် မော်တော်ဆိုင်ကယ် မောင်းနှင်လာသော ဒေသခံ ဦးပြားလည်း သေဆုံးခဲ့ ပါသည်။
ဒဏ်ရာ ရရှိသူများတွင် Mr. Lokos နှင့် ဇနီး Susanna Weiss၊ မြန်မာဧည့်လမ်းညွှန် ၅ ဦး၊ ဦးပြားမောင်းနှင်သည့် ဆိုင်ကယ်နောက်ခုံတွင် လိုက်ပါလာသူနှင့် ဩစတြေးလျနိုင်ငံသား ၂ ဦး စုစုပေါင်း ၁၀ ဦး ပါဝင်သည်။
အဲပုဂံ လေယာဉ် ပျက်ကျမှုကြောင့် မြန်မာနိုင်ငံတွင် လေကြောင်း ပျံသန်းရေး ဆိုင်ရာ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ မေးခွန်းများ ပြန်လည်မြင့်တက်လာသည်။ အဲပုဂံ လေယာဉ်ပျက်ကျမှု၏ နောက်ဆက်တွဲ ပြဿနာများက ပြည်တွင်း လေကြောင်းလိုင်းများဖြင့် စီးနင်းလိုက်ပါခြင်းသည် နိုင်ငံတကာတွင် ရရှိနိုင်သည့် အာမခံနှင့် ကာကွယ်မှုမျိုး မရနိုင်ကြောင်း မီးမောင်းထိုးပြနိုင်ခဲ့သည်။
လေယာဉ်ပျက်ကျပြီးနောက်
အပျက်အစီးများနှင့် မီးခိုးများကြားမှ လွတ်မြောက်လာသည့် အချိန်တွင် Mr. Lokos ၏ ကိုယ်ခန္ဓာ ၃ ပုံ ၁ ပုံခန့်သည် ပြင်းထန်စွာ မီးလောင်ကျွမ်း ခံထားရပြီး စိုးရိမ်ရသည့် အခြေအနေလည်း ဖြစ်ပါသည်။
Air Bagan ကို တည်ထောင်သူ ဦးတေဇက ကူညီပေးရေးကို လျင်မြန်စွာ ဆောင်ရွက်ခဲ့သည်။ Mr. Lokos ကို ဆေးကုသရန် ဘန်ကောက်သို့ ပို့ဆောင်ပေးသည်။ ထို့နောက် စင်ကာပူနိုင်ငံသို့ ဆက်လက်ပို့ ဆောင်ပေးသည်။ Mr. Lokos နှင့် Ms. Weiss တို့ အမေရိကန်နိုင်ငံသို့ ပြန်ရောက်သည် အထိဆေးဝါး ကုသမှုနှင့် ခရီးစရိတ်များကို ကျခံပေး ခဲ့သည်။
နောက်ပိုင်း ဆက်ဆံရေး ပြတ်တောက်သွားခဲ့ပြီး နောက် Mr. Lokos နှင့် Ms. Weiss တို့ ဇနီး မောင်နှံတို့ ၂ ဦးက ဆန်ဖရန်စစ္စကိုမြို့တွင် အဲပုဂံ လေကြောင်းလိုင်းနှင့် ထူးကုမ္ပဏီကို ဥပဒေကြောင်း အရ တရားစွဲဆိုခဲ့သည်။ ယင်း တရားစွဲဆိုမှုသည် ၂၀၁၄ ခုနှစ် မေလတွင်မှ အဆုံးသတ်ခဲ့ပြီး ၂ ဦး နှစ်ဖက် ပြေလည်မှု ရရှိခဲ့သည်။
Mr. Lokos နှင့် Ms. Weiss တို့ ၂ ဦးက အဲပုဂံ လေကြောင်းလိုင်းနှင့် ထူးကုမ္ပဏီထံမှ ရရှိခဲ့သော လျော်ကြေး ငွေကြေး ပမာဏကို ထုတ်ပြန်ပြောဆိုခြင်း မရှိသော်လည်း Mr. Lokos ၏ ဆေးဝါး ကုသမှုစရိတ် တခုတည်း သည်ပင်လျှင် အမေရိကန် ဒေါ်လာ ၁ သန်းကျော် ရှိသည်။ တရားစွဲဆိုမှုသည် အမေရိကန်ဒေါ်လာ ၁၀ သန်း ရရှိလိုသည့် အတွက် စွဲဆိုခြင်း ဖြစ်သည်ဟု သိရှိရသည်။
အခြား ထိခိုက်ဒဏ်ရာ ရသူများမှာ ယခုအချိန် အထိ လျော်ကြေးငွေ အပြည့်အဝ မရရှိရသေးပေ။ လေယာဉ် ပျက်ကျမှု အတွင်း သေဆုံးခဲ့သည့် မြန်မာနိုင်ငံသားများ၏ ကျန်ရစ်သူ မိသားစုများ ရရှိသော လျော်ကြေးပမာဏသည် Mr. Lokos နှင့် ဇနီးတို့ ရရှိသော လျော်ကြေးပမာဏနှင့်နှိုင်းယှဉ်လျှင် အလွန်နည်းပါးလှသည်။
ထို့နည်းတူ ထိခိုက်နစ်နာခဲ့သူ တချို့ကိုလည်း လေယာဉ် ပျက်ကျပြီး များမကြာမီ အချိန်တွင် လေကြောင်းလိုင်း က ပမာဏ အတိအကျ မသိရသည့် လျော်ကြေးများ ပေးအပ်ခဲ့သည်ဟု ဆိုသည်။ ဦးတေဇ တည်ထောင်ထားသည့် ထူးဖောင်ဒေးရှင်း၏ အင်တာနက် ဝက်ဘ်ဆိုက်တွင်မူ သေဆုံးသူ ဦးပြား၏ မိသားစုသို့ ကျပ်သိန်း ၅၀ နှင့် သူ၏ မွေးချင်း ၄ ဦးသို့ ကျပ်ငွေ ၂ သိန်းစီ လှူဒါန်းခဲ့သည်ဟု ဩဂုတ်လ အတွင်းတွင် ဖော်ပြခဲ့သည်။ မီးလောင်ဒဏ်ရာ ရရှိခဲ့သည့် ဦးပြား၏ တူတော်စပ်သူ ကိုဌေးအောင် အတွက်လည်း စုစုပေါင်း ကျပ်ငွေ သိန်း ၅၀ လှူဒါန်းခဲ့သည်ဟု သိရသည်။
၂၀၁၄ ခုနှစ် မတ်လတွင် ဦးတေဇက သူ၏ Facebook စာမျက်နှာတွင် ပြည်တွင်းမှ မီးလောင်ဒဏ်ရာ ရရှိခဲ့သူတဦးသို့ စင်ကာပူရှိ အာမခံကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၀ဝဝဝ ပေးအပ်ခဲ့သည်ဟု ရေးသားခဲ့ သော်လည်း လျော်ကြေး ရရှိသွားသူ၏ အမည်ကို ဖော်ပြခြင်း မပြုခဲ့ပေ။
လေယာဉ်ပျက်ကျမှု အတွင်း ဒဏ်ရာရရှိခဲ့သည့် မြန်မာဧည့်လမ်းညွှန် ၂ ဦးကမူ ယခုအချိန်အထိ အာမခံ လျော်ကြေးငွေ မရရှိသေးကြောင်းနှင့် မကြာမီ ရရှိလိမ့်မည်ဟု ကြားသိရကြောင်း ပြောပြသည်။
လေယာဉ် ပျက်ကျရာတွင် ခြေထောက်၏ ၁၀ ရာခိုင်နှုန်းခန့် မီးလောင်ကျွမ်းခဲ့ပြီး ကျောရိုးကျိုးခဲ့သော တောင်ကြီးမြို့မှ မတိုးတိုးခင်က သူ၏ ဆေးဝါးကုသမှု စရိတ်ကို လေကြောင်းလိုင်းမှ ကျခံပေးခဲ့သလို ထိခိုက်မှုဖြစ်ပြီး မကြာမီ အချိန်အတွင်းတွင် တလုံးတခဲတည်းပေးငွေ ကျပ်သိန်း ၂၀ ပေး အပ်ခဲ့သည်ဟု ပြောသည်။
လွန်ခဲ့သော ၆ လခန့်က သူနှင့် အတူ လေယာဉ် ပျက်ကျမှုတွင် ဒဏ်ရာရရှိခဲ့ပြီး အလုပ်ခွင်သို့ ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးသော ဧည့်လမ်းညွှန် အမျိုးသမီးတဦးထံသို့ လေကြောင်းလိုင်းက တယ်လီ ဖုန်းဆက်၍ အာမခံ လျော်ကြေးငွေ ရရှိတော့မည်ဟု ပြောကြားခဲ့သော်လည်း ယခုအချိန်အထိ တစုံတရာ ထပ်မံ အကြောင်းကြား ခြင်းမရှိသေးဟု သိရှိရ သည်။
ဦးခေါင်းတွင် အသေးစား ထိခိုက်ဒဏ်ရာ ရရှိခဲ့ ပြီး အလုပ်ပြန်လုပ်နေပြီ ဖြစ်သည့် ဧည့်လမ်းညွှန် ကိုမြင့်ထွေး ထံသို့လည်း အလားတူ လေကြောင်းလိုင်းက တယ်လီဖုန်းဆက်၍ လျော်ကြေးရရှိတော့မည်ဟု ပြောဆိုခဲ့သော်လည်း ယခုအချိန် အထိ တစုံတရာ ထပ်မံအကြောင်းကြားခြင်း မရှိဟု သိရှိရသည်။
လေယာဉ်ပျက်ကျမှု အတွက် သက်ဆိုင်ရာ လေကြောင်းလိုင်းကို အပြစ်မတင်ဘဲ ယခု အချိန်အထိ ရရှိခဲ့သော လေကြောင်းလိုင်း၏ အကူအညီများအတွက် ကျေးဇူးတင်ကြောင်း ဒဏ်ရာရရှိသူ ဧည့်လမ်းညွှန်တို့က ဆိုသည်။
ဒဏ်ရာ ရရှိသူများထဲတွင် ဩစတြေးလျနိုင်ငံသား ၂ ဦးလည်း ပါဝင်သော်လည်း ယခုအချိန် အထိ လျော်ကြေးငွေ မရရှိသေးဟု အဆိုပါ ဩစတြေးလျ နိုင်ငံသား ၂ ဦး၏ ရှေ့နေ Joseph Wheeler က ဆိုသည်။ Joseph Wheeler သည် ဩစတြေးလျ နိုင်ငံ Brisbane ရှိ Shine Lawyers ဥပဒေအကျိုး ဆောင်ကုမ္ပဏီမှ အကြီးတန်း ရှေ့နေတဦး ဖြစ်သည်။
ဩစတြေးလျနိုင်ငံသား ၂ ဦးက အဲပုဂံ လေကြောင်းလိုင်းနှင့် ၎င်း၏ အာမခံကုမ္ပဏီများက ဖြောင့်မှန်စွာဖြင့် လျော်ကြေးငွေများ ပေးလိမ့်မည်ဟု ယူဆထားခဲ့၍ အစောပိုင်းတွင် ဥပဒေကြောင်းအရ လျော်ကြေးတောင်းဆိုခြင်း မပြုခဲ့ကြောင်း၊ အချိန် ကြာမြင့်လာသည်နှင့် အမျှ လျော်ကြေးမပေးဘဲ ဖြစ်နေတော့မှ သာလျှင် ဥပဒေ အကူအညီ ရယူခဲ့ခြင်း ဖြစ်ကြောင်း Joseph Wheeler က ဆိုသည်။
သို့သော်လည်း မြန်မာ့ဥပဒေ သတ်မှတ်ချက်များ အရ လျော်ကြေးတောင်းခံနိုင်မှု သက်တမ်းသည် ၁ နှစ်သာ အချိန်ကန့်သတ်ထား၍ ရက်ကျော်သွားခဲ့ပြီဟု သူက ဆက်လက်ပြောသည်။
Joseph Wheeler က အီးမေးလ်မှ တဆင့် ပြောကြားရာတွင် သူ၏ အမှုသည်များသည် “လေယာဉ်ပျက်ကျသည့် နေ့တွင် ကြုံတွေ့ခဲ့ရသည့် အဖြစ် အပျက်များ အတွက် တုန်လှုပ်ချောက်ချားနေကြဆဲ ဖြစ်သည်” ဟု ပြောခဲ့ သော်လည်း သူတို့ ရရှိခဲ့သည့် ထိခိုက်ဒဏ်ရာများ အကြောင်းကို အသေးစိတ်ပြောပြခြင်း မရှိပါ။
သူ၏ အမှုသည်များ အတွက် ဥပဒေကြောင်း အရ နည်းလမ်းရွေးချယ်စရာ မရှိတော့ဟု Joseph Wheeler က ဆိုသည်။
“လုပ်နိုင်တာကတော့ ကျနော်တို့က လေကြောင်းလိုင်းရဲ့ အာမခံကုမ္ပဏီကို ကျနော်တို့ရဲ့ အမှုသည်တွေကို သူတို့ ထိခိုက် နစ်နာခဲ့ရတာတွေ ကရုဏာကြေး အနေနဲ့ ထုတ်ပေးဖို့ ဖိအားပေးရပါလိမ့်မယ်” ဟု သူက ပြောသည်။
လျော်ကြေး ရနိုင်ရေး အခက်အခဲများ
လျော်ကြေးရရှိရေးနှင့် စေ့စပ်ကျေအေးရေး ဆောင်ရွက်ရာတွင် ရှုပ်ထွေးစေသည့် အခြားအကြောင်း အရာများလည်း ရှိနေသေးသည်။ ဦးတေဇသည် အမေရိကန် ဘဏ္ဍာရေးဌာန၏ အထူးကန့်သတ်ထားသော နိုင်ငံသား စာရင်း (SDN) သို့မဟုတ် နာမည်ပျက်စာရင်းတွင် ပါဝင်နေသည့် အတွက် Mr. Lokos နှင့် Ms. Weiss တို့နှင့် ညှိနှိုင်းရေးတွင် အတားအဆီးတခု ဖြစ်နေသည်။ အမေရိကန် နိုင်ငံသားများ အနေဖြင့် Air Bagan လေကြောင်းလိုင်းနှင့် ညှိနှိုင်းရန် အတွက်ပင် ဘဏ္ဍာရေးဌာန၏ အထူးခွင့်ပြုချက် ရရှိရန် လိုအပ်ပါသည်။
ဩစတြေးလျ နိုင်ငံသား အမှုသည်များ အတွက် ပြဿနာမှာ မြန်မာအစိုးရသည် နိုင်ငံတကာ လေကြောင်း သဘောတူညီချက်များတွင် လက်မှတ်ရေး ထိုးထားခြင်း မရှိခြင်းကြောင့် ဖြစ်သည်ဟု Joseph Wheeler က ဆိုသည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာ လေကြောင်း ပို့ဆောင်ရေးဆိုင်ရာ ၁၉၉၉ ခုနှစ် မွန်ထရီရယ် သဘောတူညီချက် (MC99) တွင် ပါဝင်ထားခြင်း မရှိသေးပေ။ အဆိုပါ သဘောတူညီချက် အရ လေယာဉ်ပျက်ကျမှုတွင် ပါဝင်သော ခရီးသည်များသည် လေကြောင်းလိုင်း ဘက်က ပျက်ကွက်မှုကြောင့် ဖြစ်ကြောင်း သက်သေပြရန် မလိုအပ်ဘဲ နစ်နာမှု အတွက် လျော်ကြေး ခံစားပိုင်ခွင့် ရှိပါသည်။
နိုင်ငံတကာတွင် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံး လျက်ရှိသော မွန်ထရီရယ် သဘောတူညီချက်တွင် ဖော်ပြထား ချက်အရ ထိခိုက်နစ်နာ ခဲ့သူများသည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရရှိခြင်း၊ နာကျင်မှု ခံစားရခြင်း၊ ဝင်ငွေဆုံးရှုံးခြင်း၊ ဆေးကုသမှု ကုန်ကျစရိတ်၊ ကုန်ပစ္စည်း ဆုံးရှုံးမှုနှင့် အခြားသော စီးပွားရေး နစ်နာမှုများ အတွက် လျော်ကြေးများ ရရှိနိုင်မည် ဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် အတူ စိတ်ပိုင်းဆိုင်ရာ ပူပင်သောက ရောက်ရခြင်း အတွက်လည်း လျော်ကြေး ခံစားခွင့် ရှိပါသည်။
“အကြောင်းကတော့ အစိုးရက ဒီလို စားသုံးသူတွေ အတွက် အဆင်ပြေတဲ့၊ ခရီးသည်တွေ အတွက် အဆင်ပြေတဲ့ သဘောတူညီချက်မှာ လက်မှတ်ရေး ထိုးခြင်း မရှိခဲ့တာက နိုင်ငံသားတွေနဲ့ ခရီးသွားတွေ ကောင်းကင်မှာ ဘေးကင်း လုံခြုံစွာ သွားလာနိုင်ဖို့ ပြုလုပ်ပေးထားတဲ့ အရေးကြီးတဲ့ ဥပဒေအကာအကွယ် တွေကို အသုံးပြုနေတဲ့ ကမ္ဘာကြီးရဲ့ နောက်မှာ ကျန်နေခဲ့ပြီ ဆိုတာကို ပြသနေပါတယ်” ဟု Joseph Wheeler က ဧရာဝတီသို့ ပြောသည်။
“ကျနော့်အမြင်မှာတော့ ဒီလို တာဝန်ယူတဲ့ သဘောတူညီချက်တွေမှာ လက်မှတ် ရေးထိုးထားခြင်း မရှိတာက နိုင်ငံတကာ အတိုင်းအတာနဲ့ အသုံး ပြုနေတဲ့ လေကြောင်းဘေးကင်း လုံခြုံမှု ဆိုင်ရာ ဥပဒေရဲ့ အခြားကဏ္ဍတွေကို တိုင်းပြည် အတွင်းမှာ ကောင်းကောင်း နားလည်ခြင်း မရှိကြဘူး၊ ဒါမှမဟုတ် အကောင်အထည်ဖော် ကျင့်သုံးခြင်း မရှိကြဘူး ဆိုတာကို ပြသနေတာ ဖြစ်ပါတယ်” ဟုလည်း သူက ဆိုသည်။
Mr. Lokos နှင့် Ms. Weiss တို့အတွက် ကိုယ်စားပြု လုပ်ဆောင်ပေးနေသည့် Herzfeld Rubin Meyer & Rose ဥပဒေ အကျိုးဆောင်လုပ်ငန်းမှ Eric Rose ကလည်း အဲပုဂံလေယာဉ် ပျက်ကျမှု၏ နောက်ဆက်တွဲ လျော်ကြေး ပြဿနာသည် နိုင်ငံ တကာနှင့် အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ရန် မြန်မာနိုင်ငံအနေဖြင့် ပျက်ကွက်နေကြောင်း ပေါ်လွင်စေသည်ဟု ပြောသည်။
“အခု အချိန်မှာ မြန်မာနိုင်ငံက လေကြောင်းလုံခြုံ ဘေးကင်းရေး အတွက် နိုင်ငံခြားလေကြောင်း စီးနင်းတဲ့ ခရီးသည် တွေ ထိခိုက်ဒဏ်ရာရရှိမှု အတွက် လျော်ကြေးပေးတဲ့ နိုင်ငံတကာ ဥပဒေတွေ ရှိနှင့်ပြီးသား ဖြစ်နေတဲ့ ကမ္ဘာ့ အသိုင်းအဝိုင်းထဲကို ဝင်ရောက်နေတဲ့ အချိန်ဖြစ်ပါတယ်” ဟု Eric Rose က ဆိုသည်။
“ဒါက မြန်မာနိုင်ငံ လေကြောင်းလိုင်းတခုမှာ ခရီးသည်တွေ အားလုံးကို အမေရိကန်ဖြစ်စေ၊ မြန်မာဖြစ်စေ၊ ဩစတြေးလျ နိုင်ငံသားဖြစ်စေ မည်သည့် နိုင်ငံသား ဖြစ်တယ် ဆိုတာကို အလေးမထားဘဲ တန်းတူညီမျှ သဘောထားရဲ့လား ဆိုတဲ့ အလေးထားရမယ့် မေးခွန်းတွေ မေးဖို့ ဖြစ်လာပါတယ်” ဟု သူက ပြောသည်။
ဘေးကင်း လုံခြုံရေး
Air Bagan လေယာဉ် ပျက်ကျပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လူအသေအပျာက် ရှိသည့် လေယာဉ် မတော်တဆမှု ဖြစ်ပေါ်ခြင်း မရှိသော်လည်း မြန်မာပြည်တွင်း လေကြောင်းလိုင်းများ၏ ဘေးကင်းလုံခြုံမှု ဆိုင်ရာ မှတ်တမ်းက အထင်ကြီးဖွယ်ရာ မရှိပေ။
Flight Safety Foundation ၏ အဆိုအရ ၁၉၈၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် လေယာဉ်မတော် တဆမှုကြောင့် လူ ၁၀ဝ သေဆုံးခဲ့ရသည်ဟု သိရသည်။ ကွင်းဆင်းချိန်တွင် ပြေးလမ်းမှ ချော်ထွက်ခြင်း၊ ကျော်လွန်သွားခြင်းများ ကဲ့သို့သော လူအသေအပျောက် မရှိသည့် မတော်တဆမှုများက မကြာခဏ ဖြစ်ပွားလျက် ရှိသည်။
နိုင်ငံတကာ မြို့ပြလေကြောင်း အဖွဲ့ (International Civil Aviation Organization) မှ ဆက်သွယ်ရေး ဆိုင်ရာ အကြီးအကဲ Anthony Philbin က မွန်ထရီရယ် သဘောတူညီချက် (MC99) တွင် မြန်မာနိုင်ငံက လက်မှတ် ရေးထိုးခဲ့ခြင်း မရှိသည့် အတွက် လေယာဉ်ပျက်ကျမှုနှင့် ဆိုင်သော ဥပဒေရေးရာ ကိစ္စများတွင် ပြည်တွင်းဥပဒေများကို အသုံး ပြုနေရသည်ဟု ပြောသည်။
“လေကြောင်းဆိုတာ သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ အလုံခြုံဆုံး ဖြစ်ပါတယ်။ သဘောတူညီချက်တွေမှာ မတော်တဆမှုတွေနဲ့ သက်ဆိုင်ပြီး ထိခိုက်နစ်နာ သူတွေကို ဘယ်လို သက်ရောက်မှုမျိုးမှ မရှိနိုင်အောင် နည်းပညာ အရ၊ လုပ်ငန်းဆောင်ရွက်မှု အရနဲ့ စွန့်စား ရမှုတွေ လျော့နည်းပြီး ခရီးသည်တွေနဲ့ ဝန်ထမ်းတွေ အတွက် လုံခြုံမှု ရှိစေတဲ့ တခြား ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ပေးထား ပါတယ်” ဟု သူက ဆိုသည်။ ။
(ယခုဆောင်းပါးကို ရေးသားရန်အတွက် မှတ်ချက်ရရှိရန် Air Bagan သို့မေတ္တာရပ်ခံ ခဲ့သော်လည်း ပြန်လည် ဖြေကြားမှု မရရှိခဲ့ပေ။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလထုတ် ဧရာဝတီ အင်္ဂလိပ် မဂ္ဂဇင်းတွင် ပါဝင်ခဲ့သည့် Simon Lewis ၏ Fallout From Flight 11 ကို နိုင်မင်းသွင် ဆီလျောင်အောင် ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဆောင်းပါး
သေကံမရောက် သက်မပျောက်ခဲ့သူများ