၁၉၄၇ ခုနှစ် ဇူလိုင်လတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ကြီးများ လုပ်ကြံခံရသည်။ ဗိုလ်ချုပ်အောင်ဆန်း ချမှတ်အကောင်အထည် ဖော်လက်စ တနှစ်အတွင်း လွတ်လပ်ရေးရရန် လမ်းကြောင်းကို ကျန်ရစ်သူများက မမှိတ်မသုန် ဆက်လက် လျှောက်လှမ်းကြ၏။
သို့သော် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလတလျှောက်လုံး အဆင်းရဲခံ၊ အငတ်ခံ၊ ကိုယ်ကျိုးစွန့်လွှတ်ခဲ့ကြသူ ရဲဘော်ရဲဘက် တချို့နှင့်မူ သဘောထား၊ အယူအဆချင်း ကွဲလွဲခဲ့ကြရခြင်းကား ဝမ်းနည်းဖွယ်ရာဖြစ်ပေ၏။
ဤသို့သော ပဋိပက္ခကြား၌ပင် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ တပြည်လုံး အတိုင်းအတာဖြင့် လွတ်လပ်ရေး ကြေညာရန် စိုင်းပြင်း ပြင်ဆင်နေ ကြပါပြီ။
အာဇာနည် ခေါင်းဆောင်ကြီး ဒီးဒုတ် ဦးဘချို မကျဆုံးမီကပင် ဆရာကိုယ်တိုင် ဦးစီးပြီး လွတ်လပ်သော သမ္မတ နိုင်ငံတော် အတွက် နိုင်ငံတော်သီချင်း၊ နိုင်ငံတော်အလံနှင့် နိုင်ငံတော်တံဆိပ်များကို အတည်ပြု သတ်မှတ်နိုင် ရန် စီစဉ်ခဲ့သည်။ ဆရာဒီးဒုတ်ဦးဘချို ကျဆုံးပြီးနောက် ထိုကိစ္စများအား ဆက်လက် ဆောင်ရွက်ခဲ့ရာ အတော်အတန် ခရီး ရောက်နေပါပြီ။ နိုင်ငံတော်အလံနှင့် နိုင်ငံတော် တံဆိပ်တို့အား အတည်ပြု သတ်မှတ်နိုင် ခဲ့ကြ၏။
နိုင်ငံတော်သီချင်း အတွက် ရန်ကုန်မြို့ရှိ “တူရိယာ ဂီတအဖွဲ့ချုပ်” က ဂီတပညာရှင်များက သီချင်းအပုဒ် ပေါင်းများစွာ ရေးသားတင်ပြခဲ့ရာ၌ နှစ်ခြိုက်သဘောကျ အဆင်ပြေမှု မရှိသေး။ ထို့ကြောင့် လွတ်လပ်ရေး တိုက်ပွဲ ကာလတလျှောက်လုံး သီဆိုစွဲမြဲခဲ့သော ဝိုင်အမ်ဘီ သခင်တင်၏ “ဒို့ဗမာ” သီချင်းမှ ဒုတိယ အပိုဒ်နှင့် သံပြိုင်အပိုဒ်မှ တေးသွားကို ယူ၍ လိုချင်သောစာသားများ ထည့်သွင်းကြသည်။ သီချင်းကို အားလုံးက သဘောကျ လက်ခံခဲ့ကြ၏။
ထိုသီချင်းကိုပဲ နိုင်ငံတော်သီချင်းအဖြစ် သတ်မှတ်အတည်ပြုပြီး ဇန်နဝါရီ ၄ ရက်နေ့ အရုဏ်တက် အာဏာလွှဲ ပြောင်းရေး အခမ်းအနားမှာ ယူနီယံဂျက် အလံချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ တင်သည့် အချိန်၌ တီးမှုတ်နိုင်ရန် ကြိုတင်ပြင်ဆင် ထားသည်။ တေးသွားကို မြန်မာ့အသံ ဦးခင်ဇော်က ရေးပြီး အတွဲအဖက်သံစဉ် အဖွဲ့အစည်းများအား “အက်စ်အက်စ် ဘာမင်ဂန်” စစ်သင်္ဘောမှာ ပါရှိသော ဘင်ခရာအဖွဲ့ခေါင်းဆောင်က ရေးသားပေးခဲ့သည်။ ထိုအဖွဲ့ပဲ တူရိယာအစုံဖြင့် အလံတော်ကို လွှင့်တင်ခဲ့သည်။
မန္တလေး၌လည်း လွတ်လပ်ရေးနေ့ အခမ်းအနား မတိုင်မီကပင် ထိုအခမ်းအနား အတွက် ကြိုတင်ပြင် ဆင်ခဲ့ကြ၏။
၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့၊ မန္တလေး နေပြည်တော်မှ သီပေါဘုရင် ပါတော်မူပြီး ၆၂ နှစ် ပြည့်မြောက်သော နှစ်တွင် တနိုင်ငံလုံး လွတ်လပ်ရေး ရခြင်း ဖြစ်သည်။ အချုပ်အခြာအာဏာပိုင် ပြည်ထောင်စု သမ္မတ နိုင်ငံတော်အဖြစ် ကြေညာနိုင်ခြင်း ဖြစ်သည်။
ထိုနေ့တွင် မြန်မာတို့၏ သက်ဦးဆံပိုင် နောက်ဆုံးဘုရင် ပါတော်မူခဲ့ရာ မန္တလေး၌ လွတ်လပ်ရေးနေ့ အတွက် လွတ်လပ်ရေး စာတမ်း ကြေညာခြင်း၊ လွတ်လပ်ရေး အဓိဋ္ဌာန် ၉ ချက် ဖတ်ကြားခြင်း၊ လွတ်လပ်ရေး မော်ကွန်းကျောက်တိုက် ပန္နက်ချခြင်းများနှင့်အတူ နန်းတော် တောင်ဥယျာဉ်တော် အတွင်း အင်္ဂလိပ်တို့ စိုက်ထူထားခဲ့သော သီပေါမင်း အညံ့ခံ လက်နက်ချ ပါတော်မူ ကျောက်တိုင်ကိုပါ ထိုစဉ်က မန္တလေး မြူနီစီပယ် ဥက္ကဋ္ဌ ဗိုလ်စောမောင်က အမြစ်အရင်းက တူးဖြိုဖျက်ဆီး ပစ်ခဲ့သည်။
မန္တလေးမြို့ရှိ စာရေးဆရာများ၊ အနုပညာရှင်များ ကလည်း လွတ်လပ်ရေး အောင်ပွဲ အခမ်းအနား အတွက် ဓားတန်းရပ်ရှိ မြို့မအသင်းတိုက်တွင် စုဝေးကာ ကြိုတင်ပြင်ဆင်ကြသည်။ ထို့နောက် မန္တလေး မြို့က ဂီတစာဆိုကြီး ၈ ဦးတို့က တယောက်တပိုဒ်စီ ပူးပေါင်းပြီး “လွတ်လပ်တဲ့ မြန်မာပြည်” ဟူသော သီချင်းကို စုပေါင်း ရေးစပ်ခဲ့ကြသည်။
ထိုပညာရှင် ၈ ဦးမှာ ဆရာထာ၊ ဆရာခင်၊ မြို့မငြိမ်း၊ နန်းတော်ရှေ့ ဆရာတင်၊ ဂီတာဘသိန်း၊ ဆရာညှာ၊ ဆရာရိုက်၊ ဆရာလှိုင်တို့ ဖြစ်ကြ၏။ ထိုသီချင်းကို တေးသွားသံစဉ် နှင့် ဂီတသင်္ကေတ နုတ်(စ်) များအား မြို့မငြိမ်းက ရေးပေးပြီး မြို့မတူရိယာအဖွဲ့က တီးမှုတ်ခဲ့သည်။
လွတ်လပ်ရေး အကြိုည (၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ လ ၃ ရက်နေ့ည) ၌ မန္တလေး လက်ဆည်ကန်ရပ်ရှိ ဝင်းလိုက် ရုပ်ရှင်ရုံ ရှေ့တွင် မြို့မအဖွဲ့က မြို့လူထုကို “အောင်သံမြေမိုး” အစချီ “လွတ်လပ်တဲ့ မြန်မာပြည်” သီချင်းကို စတင်သီဆို တီးမှုတ်ဖျော်ဖြေသည်။ ကမ္ဘာသင်္ကေတ နည်းပညာ (Music Note) သင်တန်း ပို့ချ တတ်မြောက် ထားကြသူများမို့ တူရိယာတီးမှုတ်သူ တိုင်း၏ ရှေ့တွင် သင်္ကေတစာရွက်များ ချထားကာ လွယ်လင့်တကူ မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်သွားနိုင်ခဲ့ သည်။
ထိုနေ့ညက သီချင်းသီဆိုသူမှာ အဆိုတော် ကိုသိန်းတန်ဖြစ်၏။ တီးမှုတ်ကြသည့် မြို့မအဖွဲ့သားများမှာ တယော ဦးရင်လေး၊ ကိုကြီးငွေ၊ မြို့မငြိမ်း၊ အကော်ဒီယံ ကိုအေးမောင်၊ ဘေ့(စ်) ကိုဘသင်၊ ဘင်ဂျို ကိုသိန်း၊ ကလယ်ရီနက် တောင်မြို့ ဦးကိုလေး၊ ကိုတင်အေး၊ ကိုကောင်းညွန့်၊ ကိုစော၊ ဆက်ဆိုဖုန်း ဦးသောင်း၊ ဂီတာ ကိုဘသိန်း၊ ကိုဘရှင် (တောင်မြို့)၊ ထရန်ပက် ကိုဘကျင်၊ ဂျက်(ဇ်) ကိုလှဒင်၊ ကိုထွန်းရှိန်တို့ ဖြစ်သည်။
ထိုနေ့ညပွဲတွင် စန္ဒရား မပါရှိခဲ့၊ ကလယ်ရီနက်တွင် ညာသံဆိုလို (Solo) ကို တောင်မြို့ ဦးကိုလေးက မှုတ်ပြီး ကိုတင်အေးတို့က ဘယ်သံစက္ကင်း (Second) မှုတ်ကြရသည် ဆို၏။ ထို့ကြောင့် အောင်သံမြေမိုး သီချင်းမှာ ဆရာငြိမ်း ဦးဆောင်ပြီး သံစုံဝိုင်းဖွဲ့ ပုံစံအဆင့်မီ တီးမှုတ်ခဲ့ကြခြင်း ဖြစ်သည်။
ပွဲအပြီးတွင် ဝင်းလိုက်ရုံပိုင်ရှင် “ဝင်း-မင်း-ဝင်း” ညီအစ်ကိုများက ကော်ဖီနှင့် ကိတ်မုန့်များဖြင့် ဧည့်ခံခဲ့သည်။ ဇန်နဝါရီလ ၄ ရက်နေ့ ပထမဆုံး လွတ်လပ်ရေး အောင်ပွဲအခမ်းအနားကို မန္တလေးမြို့၌ နန်းတွင်းရှိ (ယခု ကျောက်တိုက်ကွင်းနေရာ) ကွင်းပြင်ကြီး၌ ကျင်းပခဲ့သည်။ အောင်ပွဲအခမ်းအနားကြီးအား မြို့မတူရိယာ အသင်းက “အောင်သံမြေမိုး” သီချင်းဖြင့် တီးမှုတ်ဖွင့်လှစ်ခဲ့၏။
ထိုနေ့တွင်တော့ တီးမှုတ်သူ အသင်းသားများ ဝိုင်းအပြည့် အစုံအလင် ပါဝင်လာသည်။ မနေ့ညက အသင်းသားများအပြင် စန္ဒရား ကိုတူ၊ တယော ကိုအောင်ကြီး၊ ကိုဘသိန်းလေး (သခင်)၊ ကိုစံဒွန်း၊ ထရမ်ဘုံး ကိုတင်ကြီး၊ ဖလုကိုဖူးဝှမ်း၊ စပင်းနစ် ဂီတာ မောင်မောင်ကြီးတို့လည်း အားဖြည့်ပါဝင်လာကြ၏။
ထိုစဉ်မှစ၍ မန္တလေးနန်းတွင်းနှင့် ကျုံးထောင့်တို့၌ နှစ်စဉ် ခမ်းနားကြီးကျယ်စွာ ခုနစ်ရက် ခုနစ်လီ ကျင်းပပြုလုပ် သော လွတ်လပ်ရေး အောင်ပွဲသဘင်တိုင်း မြို့မတူရိယာအသင်းက ပါဝင်တီးမှုတ် ဖျော်ဖြေခဲ့သည်ကို လွမ်းဆွတ်အမှတ်ရ မိပါ၏။ လွန်ခဲ့သော နှစ် ၃၀ ဝန်းကျင်အထိ ပေါ့။ ။