နည်းပညာ ပစ္စည်းတွေ ဝယ်တာ၊ ရောင်းချတာ တခြားပစ္စည်းတွေ ဝယ်တာနဲ့ မတူပါ။ သင်ဝယ်ယူမယ့် ပစ္စည်းရဲ့ နည်းပညာပိုင်း ဆိုင်ရာ အချက်အလက်တွေကို အသေးစိတ်သိဖို့ လိုပါတယ်။ အလားတူ ပစ္စည်းတွေရဲ့ နည်းပညာ ပိုင်းဆိုင်ရာ အချက်အလက် အသေးစိတ် နှိုင်းယှဉ်ကြည့်ဖို့ လိုပါတယ်။ ရောင်းတဲ့သူတွေကလည်း တချို့အချက်တွေကို အသေးစိတ် ရေးမထားသလို၊ ဝယ်တဲ့သူတွေကလည်း အသေးစိတ် မသိဘဲ ဝယ်ကြပါတယ်။ အဲဒီလို ဝယ်ခဲ့ရင်တော့ အဝယ်မှားမှာ သေချာပါတယ်။ နည်းပညာပစ္စည်း တခုချင်းစီအတွက် အသေးစိတ် ရေးပြလို့ မလွယ်တဲ့အတွက် အားလုံးကို ခြုံပြီး ရေးထားပါတယ်။
စစခြင်းရွေးရမယ့် Processor
Andriod တွေ သုံးတဲ့ ARM Processor တွေပဲ ဖြစ်ဖြစ်၊ Windows Processor တွေပဲ ဖြစ်ဖြစ် နှိုင်းယှဉ်ကြည့်တဲ့ သဘောတရားက အတူတူပါပဲ။ မူရင်းသုံးတဲ့ Intel ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက အစ တချို့ အသေးစိတ် အချက် အလက်တွေကို ထည့်ရေး မထားပါဘူး။
ဥပမာအနေနဲ့ ရေးရရင် Intel ရဲ့ မိုဘိုင်းလ်ပစ္စည်းတွေ အတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ Atom Processor တွေ ထဲမှာ နောက်ဆုံး ထုတ်ထားတဲ့ Bay Trail CPU တွေကို မော်ဒယ် ၅ မျိုး (Z 3770, Z3770 D, Z3740, Z3740 D နဲ့ Z3680D ဆိုပြီး ရှိပါတယ်။
အဲဒီအထဲမှာ Core ၄ ခု သုံးထားတာ ရှိသလို Core ၃ ခုပဲ သုံးထားတာ၊ L2 cache 2MB သုံးထား တာရှိသလို၊ L 2 cache 1 MB, Memory Channel, Memory တွေရဲ့ အချက်အလက်တွေ အပို့အယူ လုပ်တဲ့ Bandwidth, အများဆုံး တပ်ဆင်သုံးနိုင်တဲ့ Memory ပမာဏတွေ မတူကြပါဘူး။ lntel Bay Trail CPU Z 3xxx စီးရီးလို့ပဲ အကြမ်းဖျင်း မှတ်ပြီး ဝယ်ရင် နောက်ကွယ်က အသေးစိတ် အချက်အလက်တွေ အများကြီး ကွဲနေပါလိမ့်မယ်။ OEM ထုတ်လုပ်တဲ့ သူတွေ ကအစ အဲဒီလို အသေးစိတ် အချက်အလက်တွေကို ထည့်ရေး မထားပါဘူး။ Z3770, Z3770D စသဖြင့် Processor မော်ဒယ် နံပတ်တွေလောက်ပဲ ရေးထားလေ့ ရှိပါတယ်။
အင်တာနက်တွေ သုံးနေနိုင်တဲ့ ဒီနေ့လို အချိန်မျိုးမှာ Intel Atom Z 3770 D ဆိုပြီး Google ထဲမှာ အလွယ်တကူ ရှာကြည့်လို့ ရရဲ့သားနဲ့ မရှာဘဲ ဝယ်တာကတော့ ဝယ်တဲ့သူရဲ့ အားနည်းချက်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီကြားထဲမှာ အများအားဖြင့် မူရင်းပစ္စည်း ထုတ်လုပ်သူ ကြော်ငြာစာရွက်တွေရဲ့ အောက်ဘက်နားမှာ ထုတ်ကုန်တွေရဲ့ နည်းပညာပိုင်း ဆိုင်ရာ အချက်အလက်တွေ အပြောင်းအလဲ ရှိနိုင်တယ် ဆိုတဲ့ “Product specification are subject to change without notice” ဆိုတာမျိုး စာလုံး သေးသေးလေးနဲ့ ရေးထားတာ တွေ့ရပါဦးမယ်။
ပစ္စည်း ထုတ်လုပ်သူတွေမှာလည်း သူ့အကြောင်းနဲ့သူ အခက်အခဲတွေ ရှိနေမှာပါ။ ဒါပေမယ့် ဝယ်တဲ့သူတွေက အဲဒီ အချက်အလက်တွေ ပြောင်းသွားသလား၊ မပြောင်းဘူးလား ဆိုတာ သိထားဖို့ လိုပါမယ်။
Processor နှစ်လုံး သုံးထားသလား၊ တလုံးတည်းလား၊ Dual core လား၊ Quad Core လား၊ CPU တွေရဲ့Core အရေအတွက် အနည်းအများ၊ Processor ရဲ့ အမြန်နှုန်း 1.8 GHz လား 2 GHz လား၊ 3.4 GHz လားဆိုတာတွေ စစ်ဆေး ကြည့်ရပါမယ်။ ဥပမာ အင်းဒရိုက် OS နဲ့ ARM အခြေခံတဲ့ ဆမ်ဆောင်းရဲ့ ဖုန်းနဲ့ တက်ဘလက်တွေမှာ Quad Core CPU သုံးထားတာ ရှိသလို တချို့ အဆင့်မြင့် ဖုန်းတွေဖြစ်တဲ့ ဆမ်ဆောင်း Note 3, Note 4, Tab S 8.4 ,Tab S 10.5 စတဲ့ ပစ္စည်းတွေ ဆိုရင် Quad Core CPU နှစ်လုံး စုစုပေါင်း Core ၈ ခု ပါတာ တွေ့ရ ပါ မယ်။ အဲဒီမှာမှ အမြန်နှုန်းက အနိမ့်အမြင့် ရှိနေပါမယ်။
Memory တွေ
မိုဘိုင်းလ် တယ်လီဖုန်းတွေနဲ့ တက်ဘလက်တွေ တော်တော်များ ကတော့ System on chip (SoC) တွေ သုံးထားတဲ့ အတွက် ကွန်ပျူတာတွေနဲ့ လက်ပ်တော့တွေမှာလို memory တွေကို စိတ်တိုင်းကျ တိုးတာမျိုး လုပ်လို့ မရပါ ဘူး။ ဒါပေမယ့် ဝယ်ယူသူတွေ အနေနဲ့ memory များတာကို ရွေးဝယ်ဖို့ လိုပါမယ်။ လက်ပ်တော့တွေ မှာလည်း ပါးအောင်၊ ပေါ့အောင် လုပ်ထားတဲ့ ultra book လို စီးရီးတွေမှာ memory တွေ တပ်ဆင် သုံးဖို့ slot တခုပဲ ပါပါတယ်။ အများသော အားဖြင့် memory slot တခုတည်းမှာ 2GB, 4GB လောက်ပဲ တပ်သုံးထားပြီး ကနဦး သတ်မှတ်ဈေးကို အပြိုင်အဆိုင် လျော့အောင် ရောင်းချ နေကြပါတယ်။
အဲဒီမှာ အစောကတည်းက 4GB RAM မယူဘူး၊ 8 GB RAM တချောင်း လဲပေးပါ။ ဘယ်လောက် အလိုက်ထပ် ပေးရမလဲ ဆိုတာ မေးပြီး ဝယ်ကတည်းက တိုးသင့်ပါ တယ်။ အဲဒီပရိုဆက်ဆာတွေက 64bit OS တွေထောက်ပံ့ လုပ်ဆောင် ပေး နိုင် ပါတယ်။ OS ကလည်း 64 bit Windows 8.1 သုံးထားတယ် ဆိုရင် RAM 8 GB တိုးလိုက်လို့ ကုန်ကျ စားရိတ် ၄ သောင်း၊ ၄ သောင်းခွဲလောက် ထပ်ကုန်မယ့် ပိုက်ဆံ ဟာ လက်ပ်တော့ တလုံးလုံး ဝယ်ပြီးမှတော့ ဘာမှ မပြောပလောက်တဲ့ ပမာဏ ဖြစ်ပါတယ်။
ဝယ်တဲ့လူက အဲဒီ လက်ပ်တော့ကို ဝယ်ခဲ့ပြီးနောက်မှ 8 GB RAM ထပ်တိုးခဲ့ရင် 8GB RAM တချောင်း အတွက် ၈ သောင်း၊ ၉ သောင်း ထပ်ကုန်မှာ ဖြစ်ပြီး၊ 4GB RAM ကလည်းသုံးပြီးသား ဖြစ်သွားလို့ ရောင်းမရတာ၊ ဆိုင်က ပြန်ဝယ် ခဲ့ရင်လည်း သုံးပြီးသား ဈေးပဲ ရတော့မှာ ဖြစ်ပါတယ်။ တခြားအချက်တွေ နှိုင်းယှဉ်စရာ ရှိနေပါသေးတယ်။
အများဆုံး အပို့အယူ လုပ်နိုင်တဲ့ bandwidth ပမာဏ၊ channel တခု၊ နှစ်ခုစတာတွေ အပြင် memory ရဲ့ အမြန်နှုန်း၊ 1333 MHz လား၊ 1600 လား၊ 1800 MHz လား ဆိုပြီး ရွေးရပါ ဦးမယ်။ လက်ရှိသုံးတဲ့ လက်ပ်တော့တွေ အများစုက DDR 3 အမျိုးအစားတွေ ဖြစ်နေလေ့ ရှိပေမယ့် တချို့ တက်ဘလက်တွေက DDR 2 ကိုပဲ သုံးထားတာမျိုးလည်း ရှိပါသေးတယ်။
အများသောအားဖြင့် ပေါချောင်ကောင်း ဝင်းဒိုးတက်ဘလက်တွေဟာ RAM 2GB လောက်ပဲ ထည့်ပေးထားပြီး ဘာမှထပ် တိုးလို့ မရတာများပါတယ်။ ဝင်းဒိုးက လည်း 8.0,8.1 ဆိုပေမဲ့ 32 bit OS တွေ ဖြစ်နေတတ် ပါတယ်။ အစကတည်းက များတာ၊ မြင့်တာ ရွေးဝယ်ရပါမယ်။
OS တွေကတမျိုး
ဝင်းဒိုးသုံးထားတယ် ဆိုတဲ့ တက်ဘလက်တွေမှာပဲ တချို့ တက်ဘလက်တွေက windows 8.1 32 bit၊ တချို့ တက်ဘလက် တွေက 64 bit သုံးထားတဲ့ အပြင် တချို့ တက်ဘလက်တွေ မှာ သုံးထားတဲ့ windows တွေက app တွေနဲ့ Application အသေးစားလေး တွေပဲ သုံးနိုင် ပါတယ်။ i3, i5 , i7 စတဲ့ လက်ပ်တော့ ပရိုဆက်ဆာသုံး တက်ဘလက်တွေလို application အကြီးစားတွေ စိတ်ကြိုက် install လုပ် သုံးလို့ မရပါဘူး။ RAM ပမာဏ 2GB, storage 32 GB, 64GB လောက်ပဲ သုံးထားလို့ RAM ရော၊ သိုလှောင် သိမ်းနိုင်တဲ့ ပမာဏပါ အားနည်း နေပါတယ်။ ထပ်တိုး လို့လည်း မရပါဘူး။
ARM v8 64 bit chip တွေ သုံးထားတဲ့ ဖုန်းတွေ၊ တက်ဘလက် တွေ ရှိနေနိုင် ပါတယ်။ ဒါပေမယ့် Android OS kitkat က ကောင်းကောင်း ထောက်ပံ့ မပေးနိုင်ပြန် ပါဘူး။ သိပ် မကြာခင်မှာ ဖြန့်ချိမယ့် ဖုန်းတွေ၊ တက်ဘလက်တွေနဲ့ Andriod 5 lollipop ကျမှသာ 64 bit ARM v8 ကို အပြည့်အ၀ ထောက်ပံ့လုပ်ဆောင် ပေးပါလိမ့်မယ်။ Google ကနေ Android 5 lollipop ARM v8 က ဖြန့်ချိထားပြီး ဖြစ်ပါတယ်။
ဒါပေမယ့် ဆိုနီ အတွက် သူ့ရဲ့ ကိုယ်ပိုင် lollipop , ဆမ်ဆောင်းအတွက် အတိအကျဆိုရင် Note 3 အတွက်၊ Note 4 အတွက် Android 5.0.1 lollipop တွေ မထွက်သေးပါဘူး။ သူ့ထက်အရင်က ထုတ်လုပ်ခဲ့တဲ့ တက်ဘလက်တွေ၊ ဖုန်းတွေ ဆိုရင်တော့ Andriod 5.0.1 OS ကို upgrade လုပ်ဖို့ အတွက် firm ware တွေပါ Upgrade လုပ်ဖို့ လိုကောင်း လိုပါ လိမ့်မယ်။
တချို့ စမတ်ဖုန်းတွေ၊ တက်ဘလက်တွေ ကတော့ Andriod 64 bit ကို upgrade လုပ်လို့ ရချင်မှ ရပါလိမ့်မယ်။ အဲဒီမှာ တခုရှိတာက Andriod 5.0.1 ဟာ 32 bit CPU တွေနဲ့ 32 bit ဖုန်း ဟာဒ့်ဝဲ တွေကိုပါ ထောက်ပံ့လုပ်ဆောင် ပေးနိုင်တယ်လို့ ယူဆရပါတယ်။ ဘာဖြစ်လို့ မသေမချာ ပြောရသလဲ ဆိုတော့ စမတ်ဖုန်း ထုတ်လုပ် ထားတဲ့ ကုမ္ပဏီတွေတင်ပဲ အများကြီး ရှိနေပြီး ဖုန်းမော်ဒယ်တွေ ကလည်း မရေမတွက်နိုင်အောင် ရှိနေလို့ ဖြစ်ပါတယ်။ ကိုယ့်ဖုန်း ထုတ်တဲ့ ကုမ္ပဏီ ကိုယ့်ဖုန်း မော်ဒယ်အလိုက် သီးသန့် လုပ်ဆောင်ဖို့ လိုပါတယ်။
Display
Display တွေရဲ့ ထုတ်လုပ်မှု နည်း ပညာနဲ့ ရီဇိုလူးရှင်း display တွေရဲ့ နည်းပညာ အကြောင်း သီးသန့် ရေးပြီးဖြစ်လို့ အသေးစိတ် မရေးတော့ပါ။ resolution ကတော့ အကြမ်းဖျင်း ပြောရရင် 1200×800, 1920×1080 စသဖြင့် ရှိနေပြီး မြင့်တာ၊ များတာက ပိုကောင်း၊ ပိုအသေးစိတ် ဖော်ပြပေးနိုင်ပါတယ်။
GPU တွေက တမှောင့်
Graphic Processing Unit တွေက စားပွဲတင် ကွန်ပျူတာ၊ လက်ပ်တော့၊ netbook စတဲ့ ကွန်ပျူတာ၊ ခရီးဆောင် ကွန်ပျူတာတွေနဲ့ တက်ဘလက် ကွန်ပျူတာတွေသုံး ပရိုဆက်ဆာတွေရော၊ စမတ်ဖုန်း၊ အင်းဒရိုက် တက်ဘလက်၊ iPhone, iPad စတာတွေရဲ့ SoC တွေမှာပါ GPU က မသုံးမဖြစ် လိုအပ်ပါတယ်။
အဲဒီ GPU တွေရဲ့ အမျိုးအစား၊ စွမ်းဆောင်ရည် အမြန်နှုန်း၊ စတာတွေကို နှိုင်းယှဉ်ကြည့်ရပါမယ်။ အင်တဲလ်ရဲ့ Core i5 Ivy Bridge မှာ အင်တဲလ်ရဲ့ HD 2500,HD 4000, Haswell မှာ HD 4400,4600,5000, Iris 5100, Iris 5200 ကို သုံးထားပြီး Core M မှာ HD5500,5600,6000,Iris 6100,Iris 6200သုံးထားပါတယ်။ အမြန်နှုန်းတွေ စွမ်းဆောင်ရည် တွေမတူကြပါဘူး။
စားပွဲတင်ကွန်ပျူတာတွေမှာ သုံးတဲ့ PCIe ဂရပ်ဖစ်ကတ်တွေ နဲ့ ခရီးဆောင် ကွန်ပျူတာတွေမှာ သုံးတဲ့ mini PCIe ဂရပ်ဖစ်ကတ်တွေမှာ သုံးတဲ့ nVidia ရဲ့ GeForce GPU တွေ၊ ADM (ATI) ရဲ့ Radeon GPU တွေကလည်း သီးခြား ရှိနေပါတယ်။ တခါ ဂရပ်ဖစ်မင်မိုရီ ပမာ ဏ 1GB,2GB,3GB , Graphic memory အမျိုး အစား GDDR3, GDDR 5 စသဖြင့် ကွဲနေပါသေးတယ်။
အင်းဒရိုက်နဲ့ ARM သုံးထားတဲ့ စမတ်ဖုန်း၊ တက်ဘလက် စတာတွေက တအုပ်စုပါ ။ အဲဒီမှာလည်း ARM ပရို ဆက်ဆာ အုပ်စုဝင် GPU အနေနဲ့ Adreno 200, 205, 220, 203, 305, 225, 405 ,320,420,Mali-200,300,400mp, 450mp,T-604 ,T-628,T-678,T-720,Mali-T760, GPU Core 72 ပါတဲ့ nVidia ရဲ့ ကိုယ်ပိုင် ဒီဇိုင်းသုံး GPU တွေ သုံးထား ပါတယ်။
နာမည်ပေးတဲ့စနစ်
မူရင်း ထုတ်လုပ်သူတွေဟာ ထုတ်ကုန်တခုဟာ နာမည် တခုပေါက် သွားခဲ့ရင် အဲဒီနာမည်ကို တောက်လျောက် ဆက်သုံးလေ့ ရှိပြီး i3/i5/i7 ထက် စွမ်းဆောင်ရည်နိမ့်တဲ့ ပေါချောင်ကောင်း ပရိုဆက်ဆာတွေကို လွန်ခဲ့တဲ့ ၁၅ နှစ် လောက်က ထုတ်လုပ်ခဲ့တဲ့ ပရိုဆက် ဆာနာမည် Pentium နဲ့ Celeron ကို ပြန်သုံးထားပါတယ်။ အင်တဲလ် ပရို ဆက်ဆာတွေနဲ့ ပတ်သက်ပြီး ပဉ္စမ မျိုးဆက် Core M တွေက လွဲရင် ကျန်တာ တွေအားလုံး Core i3/i5/i7 လို့ပဲ နာမည် ပေးထားပါတယ်။
သေသေချာချာ စစ်ဆေးကြည့်ရင်တော့ Core i3 3xxx နံပတ်တွေ ဆိုရင် တတိယ မျိုးဆက် Ivy Bridge, i3 Core 4xxx ဆိုရင် စတုတ္ထ မျိုးဆက် Haswell, အင်တဲလ်ရဲ့ နောက် ဆုံးထုတ် ပဉ္စမမျိုးဆက် Core M တွေကိုတော့ မော်ဒယ်နံပတ်နဲ့ သတ်မှတ် ပေးထားတာ တွေ့ရပါမယ်။ ဒါတောင်မှ i5 ကိုပဲ Desktop သုံး ပရိုဆက်ဆာတွေက Quad Core, လက်ပ်တော့၊ နုတ်ဘုတ်တွေမှာ သုံးတဲ့ Ultra စီးရီး ဥပမာ i5 4200 U ဆိုရင် Dual Core ပဲ သုံးထားပါတယ်။
Asus ရဲ့ Vivo book, Vivo tab, Transformer Pad, Transformer Book စတာတွေ နဲ့ ဆမ်ဆောင်းက Glaxy Note 3 နဲ့ Glaxy Note 4, Galaxy Tab 8.0, 10.1, Galaxy Note 8.0, 10.1, Glaxy Note Pro 12.2 , Glaxy Grand, Glaxy Tab S 8.4, 10.5,Lenovo ထုတ် လုပ်ထားတဲ့ အထဲမှာလည်း Yoga,Yoga 2, Yoga 3, Yoga tablet, Think Pad စ သဖြင့် နာမည် ဆင်တူတွေ အများကြီးပါ။
Dell ရဲ့ တက်ဘလက်တွေ ဆိုရင် Venue8, Venue Pro, Venue ၃၀၀၀ စီးရီး၊ ၅၀၀၀စီးရီး၊ ၇၀၀၀စီးရီး စသဖြင့် ကွဲနေပြီး၊ ၃၀၀၀ စီးရီးက Atom Z3735G Quad Core, Windows 8.1၊ ၅၀၀၀ စီးရီး က Atom Z3740D (Quad Core) Windows 8.1 32bit ၊ ၇၀၀၀ စီးရီးက Core M-5Y10 (Dual Core) Windows 8.1 64bit တွေသုံးထား ပါတယ်။
Dell ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ Venue 8 ၇၀၀၀ စီးရီးရဲ့ OS ကို Windows 8.1 64bit လို့ ရေးထားပေမယ့် Venue 8 ၃၀၀၀ စီးရီးရဲ့ OS ကို Windows 8.1 လို့ ပဲ ဖော်ပြထားပြီး 32bit,64bit ရေး မထားပါ။ တကယ်တမ်းက 32bit မို့လို့ အားနည်း ချက်ကို ဖျောက်ထားတာဖြစ်ပြီး လှည့် စားမှုလို့ ပြောနိုင်ပါတယ်။
အင်းဒရိုက်ဖုန်းနဲ့ တက်ဘလက် တွေမှာ သုံးတဲ့ ပရိုဆက်ဆာတွေရဲ့ မူရင်း အခြေခံထားတာက ARM ပရိုဆက်ဆာတွေ ဖြစ်ပြီး Cortex A9, Cortex A7, Cortex A15 စတဲ့ တည်ဆောက်မှု နည်းပညာ (Architecture) ကို အခြေခံ ထားပါတယ်။ အဲဒီမှာမှ ဆမ်ဆောင်းရဲ့ Exynos ၊ Apple ရဲ့ A7, A8, နဲ့ Qualcom ရဲ့ Snapdragon စီးရီးစတဲ့ SoC တွေဟာ ARM Cortex တွေရဲ့ တည်ဆောက်မှု နည်းပညာကို လိုင်စင်ခံရယူ ထုတ်လုပ် ထားကြ ပါတယ်။
ARM အုပ်စုမှာ Nvidia ရဲ့ Tegra 3, Tegra 4 နဲ့ Tegra k1 ဆိုပြီး SoC တွေရှိနေ ပါသေးတယ်။ Tegra 4 အုပ်စု မှာ Tegra 4 နဲ့Tegra 4i ဆိုပြီး နှစ်မျိုးထပ် ရှိပါ သေးတယ်။ Tegra 4 က ARM Cortex – A15 CPU (1.9 GHZ), Tegra 4 i က ARM Cortex A9r4, 2.0 GHZ သုံးထားပြီး CPU Coreက 4+1 ပါ။ တချို့ အချက်အလက်တွေ ကတော့ ကုမ္ပဏီရဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေ ဖြစ်လို့ လျှို့ဝှက်ထားလေ့ ရှိပါတယ်။ အဲဒီလောက်အထိ အသေးစိတ် သိဖို့ မလိုပါဘူး။ သိဖို့လည်း မလွယ်ပါဘူး။
ဒါပေမယ့် အက်ပဲလ်ရဲ့ iphone 6 နဲ့ 6 plus က A8 chip 64 bit architecture နဲ့ m8 motion coprocessor, iPhone5S က A7 chip 64bit နဲ့ m7 motion coprocessor ကို သုံး ထားပါတယ်။ iPhone 5C က A6 chip တွေသုံးထားပြီး motion coprocessor သုံးမထားပါဘူး။ အဲဒီမှာ အက်ပဲလ်ကနေ သူ့ SoC တွေရဲ့ နည်းပညာ အချက်အလက်တွေကို အတိအကျ ရေးမထား ပြန်ပါဘူး။
ဝီကီပီးဒီးယား ထဲမှာ ရှာကြည့်မှ A8 က ARM v8-A CPU ကို သုံးထားပြီး 1.4 GHz Dual- core ဆိုက်ကလုန်း (cyclone) ဒုတိယမျိုးဆက်ကို သုံးထားတယ်။ L 1 instruction က 64 KB, L1 Data က 64 KB, L2 က 1MB, L3 က 4MB ဆိုတာ တိတိကျကျ သိရပါတယ်။ လက်ရှိ အချိန်အထိ အက်ပဲလ်ရဲ့ A7, A8, A8x စတဲ့ ပရိုဆက်ဆာ တွေနဲ့ HTC ထုတ်ထားတဲ့ ဂူယ်ဂဲလ် (google) အတွက် Nexus 9 တက်ဘလက်, Nokia ရဲ့ N1 တက်ဘလက်တွေမှာ သုံးထားတဲ့ Nvidia Tegra K1 CPU တွေနဲ့ Android 5 Lollipop OS တွေပဲ 64bit ထောက်ပံ့လုပ်ဆောင် ပေးနိုင်ပြီး၊ ကျန်တဲ့ ဖုန်းတွေ အားလုံးနီးပါး 32 bit ပဲ လုပ်ဆောင်ပေး နိုင်ပါသေးတယ်။
Samaung ရဲ့ နောက်ဆုံးထုတ် Note 4, Tab S စတာတွေပါ ပရိုဆက်ဆာက Quad Core နှစ်လုံး စုစုပေါင်း 8 Core သုံးထားပြီး Exynos 5433 CPU ဟာလည်း 32bit ရော 64bit ကိုပါ ထောက်ပံ့ လုပ်ဆောင်ပေးနိုင် ပေမယ့် OS က 32bit ဖြစ်နေပါတယ်။ 64bit လုပ်ပေးနိုင်တဲ့ OS ကို upgrade လုပ်ဖို့ လိုနေပါတယ်။ ဒေသ မတူရင်လည်း Spec တွေ မတူပြန်ပါဘူး။ တချို့ဒေသတွေမှာ ရောင်းချတဲ့ Note 4 တွေက Snapdragon 805 SoC ကို သုံး ထားတာလည်း ရှိနေ ပါသေးတယ်။ အဲ့ဒါ တွေအားလုံးကို Note4 လို့ပဲ ခြုံခေါ်တဲ့ အတွက် ရှုပ်ကုန်တာဖြစ်ပါတယ်။
နည်းပညာပိုင်း အချက်အလက်တွေနဲ့တင် သုံးစွဲသူတွေ မျက်စေ့လည် နေရတဲ့ အထဲ မှာ သူတို့ရဲ့ ထုတ်ကုန်တွေကို နာမည်ပေးတဲ့ စံနစ်၊ မော်ဒယ် အမျိုးအစားဆင်တူတွေ အများကြီး ဖြစ်နေတာတွေဟာ သုံးစွဲ သူတွေ ဝေခွဲရ၊ ဆုံး ဖြတ်ရ ခက်စေပါတယ်။ မော်ဒယ် နံပတ်ကတော့ တခုနဲ့ တခု မတူလို့ မော်ဒယ်နံပတ်ကို အတိအကျ မှတ်မှ အဆင်ပြေ ပါမယ်။
Review
အကောင်းဆုံးက သင် ဝယ်ယူမယ်လို့ ရည်ရွယ်ထားတဲ့ လက်ပ်တော့၊ မိုဘိုင်းလ်ဖုန်းတွေရဲ့ နည်းပညာပိုင်း ဆိုင်ရာ အချက်အလက် အသေးစိတ်ကို စစ်ဆေးကြည့်ပါ။ စွမ်းဆောင်ရည်တူ၊ လုပ်ဆောင်ချက်တွေ အနီးစပ်ဆုံးတူတဲ့ အခြား ထုတ်လုပ်သူတွေရဲ့ ထုတ်ကုန်တွေရဲ့ အသေးစိတ် အချက်အလက်တွေကို နှိုင်းယှဉ်လေ့လာပါ။ လက်တွေ့စမ်းသပ် စစ်ဆေးပြီးရေးသား ထားတဲ့ ဆောင်းပါးတွေကို ဖတ်ပါ။ ဈေးနှုန်းတွေကို နှိုင်းယှဉ်ကြည့်ပါ။
ပရိုဆက်ဆာက 64bit တွေသုံး ထားတယ်လို့ ကြေငြာထား ထုတ်လုပ် ရောင်း ချထားပေမယ့် RAM တွေရဲ့ band-width 32bit ပဲ ရှိတာ၊ တချို့ လက်ပ်တော့တွေ၊ တက်ဘလက်တွေရဲ့ ROM က 32bit ပဲ ထောက်ပံ့ လုပ်ဆောင် ပေးနိုင်တာကြောင့် 64bit upgade လုပ်လို့ မရတာမျိုးတွေ ရှိနေနိုင်ပါတယ်။
အင်တဲလ် ပရိုဆက်ဆာ Atom သုံးထားတဲ့ တက်ဘလက်တွေက အင်းဒရိုက်OS သုံးထား၊Windows 8.0, 8.1OS သုံးထားပြီး, Windows Phone 8.1 သုံးထားတဲ့ ဖုန်းတွေက ARM ပရိုဆက်ဆာ အုပ်စုထဲက Snapdragon, Qualcomm ပရိုဆက်ဆာတွေ သုံးထားတာဖြစ်လို့ နည်းပညာတွေရဲ့ နောက်ကွယ်က အရှုပ်တော်ပုံတွေလို့ နာမည်ပေးရင်လည်း ဖြစ်ပါတယ်။ အဲဒီ နည်းပညာ အရှုပ်တော်ပုံထဲမှာ မလေ့လာ၊ မဆန်းစစ်ဘဲ နေရင်တော့ နည်းပညာတွေရဲ့ လှည့်စားမှုကို ခံရမှာ ဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။ ။