ကာတွန်းရုပ်ရှင်ရယ်လို့ ဆိုလိုက်ရင် ကလေးတွေကိုသာ အရင်ဆုံး ပြေးမြင်မိမှာပါ။ ကလေးတွေ ကြိုက်တဲ့ ရုပ်ရှင် အမျိုးအစား၊ ကလေးတွေ ချစ်တဲ့ ကာတွန်းဇာတ်ကောင်တွေ အရောင်အသွေးစုံစုံ၊ သက်ဝင်လှုပ်ရှား တကယ့် ပြင်ပမှာလို။ တနှစ်တနှစ်ကို ကမ္ဘာတဝန်း နိုင်ငံအသီးသီးက ကာတွန်းရုပ်ရှင် ထွက်ရှိမှုဟာ ရာနဲ့ချီပါတယ်။ ဘာသာစကား အမျိုးမျိုးနဲ့ပါ။ ရုပ်ရှင်တင်မကဘဲ ရုပ်သံစီးရီးတွေလည်း မနည်းပါဘူး။
ကျမ ငယ်ငယ်တုန်းက ကာတွန်းရုပ်ရှင်နဲ့ ကာတွန်းစာအုပ် ဘယ်ဟာကို စွဲလမ်းခဲ့ပါလိမ့်လို့ ပြန်တွေးတော့ ကာတွန်း ရုပ်ရှင်က နည်းနည်း မှိန်ပါတယ်။ စာအုပ်ကိုသာ စွဲလမ်းတာပါ။ စာအုပ်ထဲက ကာတွန်း ဇာတ်ကောင်တွေကိုသာ စွဲလမ်းခဲ့တာပါ။ကျမ ဖြတ်သန်းခဲ့ရတဲ့ခေတ် ကတော့ အိမ်တအိမ်ကို တီဗီတလုံး ရှိတဲ့ ခေတ်မှ မဟုတ်ဘဲကိုး။
အခုခေတ်နဲ့ ကတော့ ပြောင်းပြန်လို။ အိမ်တအိမ် တီဗီတလုံး မြင်လာကြရပေမယ့် စာအုပ်ဆိုင်တွေ ကတော့တရေးရေး ပျောက်ကွယ်ခဲ့ပြီ။ ကျမတို့ရဲ့ တူ တူမငယ်လေး တွေ ခေတ်မှာတော့ တီဗီဖန်သားပြင်ဟာ၊ တီဗီဂိမ်းတွေဟာ သူတို့ကို အဆွဲဆောင်နိုင်ဆုံးသော ဖျော်ဖြေမှု ဖြစ်လာပါပြီ။ အဲဒီအထဲမှာ ကာတွန်းရုပ်ရှင်တွေလည်း ပါသပေါ့။
ကာတွန်း ရုပ်ရှင်တွေကို ကလေးတွေကသာ ကြိုက်နှစ်သက်ပါတယ် လို့ ကောက်ချက်ဆွဲရင်တော့ မှားမှာပါပဲ။ ကလေးတွေ ကြည့်မှာမို့ ချစ်ခင်၊ သနား၊ ရယ်မော စတဲ့ ရသအစုံအလင် ထည့်ထားရုံ အပြင် ကလေးတွေရဲ့ စိတ်နှလုံးမှာ မှတ်မှတ်ထင်ထင် ရှိစေချင်တဲ့ သတင်းစကား လေးတွေလည်း ပေးတတ်တာမို့ လူကြီးတွေလည်း နှစ်သက်ကြ ပါတယ်။ အဲဒီအထဲ ကျမလည်း ပါပါတယ်။
ဒီနှစ်ထဲမှာတော့ ရုံတင်ခဲ့သမျှ ကာတွန်းရုပ်ရှင် တွေထဲက တချို့ကိုလည်း ကြည့်ဖြစ်၊ တချို့ကျတော့လည်း မအားလပ်တဲ့ အချိန်၊ ခရီးသွားတဲ့ အချိန် တိုက်ရင် ကျော်မိတာပါပဲ ။ ကြည့်မိသမျှ ဇာတ်ကား လေးတွေကတော့ သူ့အတိုင်းအတာနဲ့သူ နှစ်သက် စဖွယ်ပါ။
သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းလို စိတ်၊ ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်မျိုးနွယ်တူ တွေကို ကာကွယ်လိုစိတ်၊ အမုန်းအငြိုးနဲ့ လက်စားချေလိုမှု ကင်းစိတ်၊ အပြန်အလှန် ထားရှိအပ်တဲ့ မေတ္တာတရား၊ တာဝန်ယူတတ်မှု စတာတွေကို ကလေးတို့ရဲ့ စိတ်နှလုံးထဲ ရောက်အောင် တွန်းအားပေးတဲ့ ရုပ်ရှင် ဇာတ်ကားလေးတွေလို့ ဆိုချင်ပါတယ်။
၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ ကမ္ဘာတဝန်း ပြခဲ့သမျှ ကာတွန်းရုပ်ရှင်တွေထဲမှာ ပရိသတ်ရွေးချယ်မှု အရ ထိပ်ဆုံး နေရာမှာ ရှိနေတဲ့ ဇာတ်ကားတွေထဲမှာ ကျမ ကြည့်ခဲ့ရတဲ့ ဇာတ်ကားလေးတွေလည်း ပါဝင်နေပါတယ်။
ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ဖော်ပြထားရာ IMDb ဝက်ဘ်ဆိုက်ရဲ့ ၂၀၁၄ ခုနှစ်အတွင်း ကျော်ကြားသော ကာတွန်းရုပ်ရှင်များ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဇာတ်ကားတကားချင်း အလိုက် အသုံးပြုသူ အရေအတွက် ဘယ်လောက် ဆီက အဆင့်သတ်မှတ်ချက် ဘယ်လောက် ရရှိထား ပါတယ်၊ ဘယ်လောက်က မဲပေးထားပါတယ်၊ ဘယ် ကာလက ထွက်ရှိပြီး ဘယ်သူတွေ ပါဝင်သရုပ်ဆောင် ထားပါတယ်၊ ဇာတ်လမ်း အကျဉ်းကတော့ ဘယ်လို စသဖြင့် အသေးစိတ်အချက်အလက်တွေကို ဖော်ပြ ထားတာပါ။
မဲပေး ရွေးချယ်မှု အများဆုံး ထိပ်ဆုံးမှာ ရပ်တည်ခဲ့တာကတော့ The Lego Movie ပါ။ ဖေဖော်ဝါရီ ၇ ရက်မှာ ရုံတင်ပြသခဲ့တဲ့ ကာတွန်းရုပ်ရှင် ဖြစ်ပါတယ်။ အဖေနဲ့ သားကြားက နားလည်မှု အလွဲလေးတွေ ကနေ ရောင်စုံ ပလတ်စတစ် တုံးလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ သားရဲ့စိတ်ကူးကမ္ဘာမှာ အဖေဟာ ဆိုးသွမ်းသူ တယောက်၊ အန္တရာယ်ရှိသူ တယောက် ဖြစ်မှန်းမသိ ဖြစ်ရ။ နောက်ဆုံးတော့ သားရဲ့စိတ်ကမ္ဘာကို မြင်တဲ့ အဖေနဲ့ သား ပြန်လည် ပေါင်းစည်းမိကြတာဟာ ဇာတ်လမ်းရဲ့ အသက်ပါပဲ။
တခါတလေမှာ ကလေးတို့ရဲ့ခံစားချက်ကို လူကြီးတွေ နားမလည်သလို လူကြီးတွေ ဘက်က သဘောထားကိုလည်း ကလေးတို့ မသိပြန်ပါဘူး။ နားလည်မှု ဆိုတာဟာ စကားလုံးကသာ သုံးလုံးတည်း ရှိပေမယ့် တကယ့်တကယ် ကျင့်သုံးမယ် ဆိုရင်တော့ အင်မတန်ခက်ခဲလှတာ။ အထူးသဖြင့် မိဘနဲ့ သားသမီးကြားက နားလည်မှု၊ ကလေးတွေရဲ့ ရင်တွင်းကို လူကြီးမိဘတို့ လှမ်း မြင်တတ်ဖို့ဟာ အရေးကြီးလှတယ် လို့ ဒီရုပ်ရှင်က တစိတ်တပိုင်း ပြဆိုပါတယ်။
ဒုတိယ နေရာမှာ ရှိနေတဲ့ ကာတွန်းရုပ်ရှင်ကတော့ နှစ်လယ်ပိုင်း ဇွန် ၁၃ ရက်က စတင်ရုံတင် ပြသခဲ့တဲ့ How to Train Your Dragon 2 ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်က ထွက်ရှိပြီး အောင်မြင်ခဲ့တဲ့ How to Train Your Dragon ရဲ့ နောက်ဆက်တွဲ ထွက်ပေါ်လာတဲ့ 3D ရုပ်ရှင်ပါ။ ဇာတ်လမ်းရဲ့ အဓိက သရုပ်ဆောင် ဟစ်ကပ် တယောက် သူ့ရွာသားတွေနဲ့ နဂါးတွေအကြား ပေါင်းစည်း ပေးနိုင်ခဲ့ပြီးနောက် ငါးနှစ် အကြာမှာ စတင်ထားပါတယ်။
နဂါးတွေဟာ ရွာသားတွေအတွက် ရဲဘော်ရဲဘက် မိတ်ဆွေပမာ ငြိမ်းချမ်းရေးရလို့။ ဟစ်ကပ်နဲ့ သူ့သူငယ်ချင်း သွားမယ့် နဂါးလေးတို့ နယ်မြေသစ် ရှာဖွေတွေ့ရှိခဲ့တာ၊ ရာနဲ့ ချီတဲ့ နဂါးအရိုင်းလေးတွေကို တွေ့ရှိခဲ့တာ၊ နောက် ဟစ်ကပ်ရဲ့ နှစ်ရှည်ကြာ ပျောက်ဆုံးနေတဲ့ မိခင်ကို တွေ့ရှိခဲ့ရတာ၊ လူသားနဲ့ နဂါးတို့ရဲ့ အကြားက ငြိမ်းချမ်းခြင်း တရားကို ထိန်းသိမ်းကာကွယ်ဖို့ သူတို့ သူငယ်ချင်းနှစ်ဦး တိုက်ပွဲဝင်ဖို့ ကြုံလာတာ အစရှိသဖြင့် အလှည့် အပြောင်းများက ပြသချိန် တနာရီခွဲ ကျော်ကျော်အတွင်း လိုက်ပါ စီးမျောစေပါတယ်။
ရုပ်ရှင်ဇာတ်ကား တကား အောင်မြင်ရင် သူ့ရဲ့ နောက်ဆက်တွဲ ၂၊ ၃ စသည်ဖြင့် ပေါ်ထွက်လာတတ် သလိုပဲ ချစ်စရာ ငှက်ကလေး များရဲ့ RIO ရုပ်ရှင် အောင်မြင်မှုနောက် ထပ်မံ ထွက်ရှိလာတဲ့ RIO ၂ ဟာ ပရိသတ်များရဲ့ မဲပေး ရွေးချယ်မှု တတိယမြောက် နေရာမှာ ရှိပါတယ်။
မတ်လ ၂၀ ရက်နေ့က ရုံတင် ပြခဲ့ပြီးတော့ ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ ပထမ ရုပ်ရှင်လိုပဲ အောင်မြင်မှု ရခဲ့ပါတယ်။ RIO ၂ ဟာ အမေဇုန် တောအုပ်မှာ အခြေတည်ပါတယ်။ ဘလူတို့ မောင်နှံက မွေးဖွားလာတဲ့ ငှက်ငယ်ရင်သွေးလေး သုံးကောင်၊ ဘလူရဲ့ ပိုင်ရှင် လင်ဒါတို့ ဇနီး မောင်နှံဟာ ဒီရုပ်ရှင်မှာ အဓိက သက်ဝင်လှုပ်ရှားသူတွေ ပါ။
တောတောင်ထဲ ရောက်တဲ့ အခါ လူတွေနဲ့သာ ကြီးပြင်းလာတဲ့ မြို့ကြီးသားငှက် ဘလူ တကောင် ကမောက်ကမ ဖြစ်ရပုံ၊ ယောက္ခထီး ငှက်နဲ့ ဘလူတို့ အကြားက ဆက်ဆံရေး မပြေပြစ်မှုတွေ (ဘလူရဲ့ ပြိုင်ဘက် ပေါ်လာပုံကလည်း ချစ်စရာ ရယ်မောစရာ)၊ သစ်ခိုး ထုတ်သူ၊ တောအလှကို ကိုယ်ကျိုး စီးပွားအတွက် ဖျက်ဆီးသူတွေရဲ့ ရန်ကို ပူးပေါင်း ကာကွယ်မှုတွေ အစရှိတာတွေနဲ့ ဖွဲ့စည်းထားတဲ့ Rio 2 ဟာ ကလေးတွေ မပြောနဲ့ ကျမတို့လို လူကြီး တွေအတွက် လည်းပဲ သဘာဝတရားအပေါ် ချစ်ခင် အလေးထားမှုနဲ့ ပတ်သက်လို့ ရင်ထဲ ရောက်စေခဲ့တယ် လို့ ဆိုချင်ပါတယ်။
၂၀၁၄ နှစ် မကုန်ခင် ကျမ နောက်ဆုံးကြည့် ဖြစ်တဲ့ ကာတွန်းရုပ်ရှင်တွေကတော့ Big Hero 6 နဲ့ Penguins of Madagascar ပါ။ Big Hero 6 ကတော့ ပရိသတ်ရွေးချယ်မှု အရ နံပါတ် ၄ နေရာမှာ ရှိပါတယ်။ နိုဝင်ဘာ ၇ ရက်မှာ ရုံတင် ပြသခဲ့ တာပါ။ ပရိသတ်ပေးတဲ့ အဆင့် သတ်မှတ်ချက်မှာတော့ ထိပ်ဆုံးက ရပ်တည်တဲ့ ကာတွန်းရုပ်ရှင်လည်း ဖြစ်ပါတယ်။
တိုကျိုနဲ့ ဆန်ဖရန်စစ္စကို မြို့နှစ်မြို့ကို ပေါင်းထားတဲ့ ဆန်ဖရန်ဆိုကျိုမြို့က အသက် ၁၄ နှစ် အရွယ် စက်ရုပ် အတတ်ပါရမီရှင် ဟိရိုဟမဒ၊ သူ့အစ်ကို တဒရှိနဲ့ သူ့သူငယ်ချင်း လေးဦး၊ နောက် တဒရှိ ဖန်တီးထားတဲ့ ကျန်းမာရေး အစောင့်အရှောက် စက်ရုပ် ဘေးမက်ဇ်တို့က အဓိက ပါဝင်လှုပ်ရှားပါတယ်။ အစ်ကိုလုပ်သူ တဒရှိ မတော်တဆ ကွယ်လွန်ပြီး နောက်မှာတော့ ဘေးမက်ဇ်ဟာ ဟိရိုရဲ့ အမှတ်မထင် ပိုင်ဆိုင်မှု ဖြစ်လာ? သူ့အစ်ကို ကွယ်လွန်မှုနဲ့ ပတ်သက်ပြီး တန်ပြန်တုံ့ပြန်လိုမှုနဲ့ ဘေးမက်ဇ်ကို ခိုင်းစေရာက အမုန်းအငြိုးနဲ့ လက်စားချေခြင်း၊ မေတ္တာတရားနဲ့ ခွင့်လွှတ်ခြင်း တို့ဟာ ဒီ ရုပ်ရှင်ရဲ့ အဓိကအားပြိုင်မှု ဖြစ်ခဲ့ပါတယ်။
Penguins of Madagascar ကတော့ ပရိသတ်ရွေးချယ်မှု နံပါတ် ၈ နေရာမှာ ရှိပါတယ်။ Madagascar စီးရီးများရဲ့ နောက်ဆက်တွဲ ထွက်ပေါ်လာတဲ့ ရုပ်ရှင်။ အဓိက ဇာတ်ကောင် ပင်ဂွင်း ၄ ကောင် ဖြစ်တဲ့ စကစ်ပါ၊ ကိုဝါးလ်စကီ၊ ရီကို၊ ပရိုက်ဗိတ်တို့ရဲ့ မူရင်း ဇာတ်ရုပ်တွေ ကလွဲလို့ ရှိနှင့်ပြီးသား Madagascar စီးရီးများနဲ့ ဆက်နွှယ်မှု မရှိလှပါဘူး။ မိမိ မျိုးနွှယ်စု အပေါ် ကာကွယ်လိုစိတ် အပြည့်နဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံလိုက်ပုံဟာ ကလေးအတွက် အင်မတန်လှတဲ့ သတင်းပေးမှု ပါပဲ။
တကယ်တော့ ရန်ကုန်မြို့မှာ ရုံတင်ပြသတဲ့ နိုင်ငံရပ်ခြား ရုပ်ရှင်များဟာ စွန့်စားခန်း၊ သဘာဝလွန် ဆန်းကြယ် ရုပ်ရှင်များသာ အများစု ဖြစ်ပါတယ်။ ငြိမ်ငြိမ်အေးအေး ရှိတဲ့ ခံစားမှုအသားပေး ရုပ်ရှင်တွေ ရုံတင်ရင်လည်း ဒါလောက် လူဝင်ချင်မှ ဝင်ပါမယ်။ ဒီလို သိပ္ပံဆန်းကြယ်၊ သဘာဝလွန်တွေ မဟုတ်ရင်လည်း ထိတ်လန့်သည်းဖို (သရဲကားလို့ အလွယ်ခေါ်) တွေကိုလည်း ကြည့်နိုင်ပါတယ်။ သတ်ဖြတ်မှုတွေ၊ စစ်မက်တွေ၊ အလိုလိုနေရင်း ထိတ်လန့် တုန်လှုပ်နေ ရတာတွေ၊ အငြိုးအတေး နာကြည်းမှုတွေကို မြင်နေ ကြည့်နေရမယ့် အစား ကာတွန်းရုပ်ရှင်လေးတွေ ကြည့်နေရ တာကမှ စိတ်အေးချမ်းရတယ် ထင်တာပါပဲ။
ကလေးစာပေတွေ မထွန်းကားတဲ့ တိုင်းပြည်မှာ ကာတွန်းရုပ်ရှင်ရယ်လို့လည်း ကိုယ်ပိုင် ပေါက်ပေါက်မြောက်မြောက် မရှိသလောက် ဖြစ်လေတော့ ဒီလို ကာတွန်းရုပ်ရှင် ကောင်းလေးတွေ ကလေးတို့ ကြည့်ခွင့်ရနေတာကိုက ဝမ်းသာစရာ ပါ။
ကာတွန်းရုပ်ရှင် တွေဟာ ကျမတို့ရဲ့ ကလေးငယ်တွေကို ရယ်မော ရွှင်ပျစေတယ်၊ နှစ်သိမ့်ကြည်နူးစေတယ်၊ ရံဖန်ရံခါ မျက်ရည်ဝဲစေတယ်။ မေတ္တာတရားကို ခံစားသိမြင် စေတယ်။ နောက် ငြိမ်းချမ်းခြင်းတရားကို မြည်းစမ်း သိစေတယ်လို့ ဆိုပါရစေ။ ။