ပီစီတွေရဲ့ နည်းပညာအသစ်တွေ အကြောင်း ရေးထားတော့ စိတ်ဝင်စားမှု ရှိချင်မှ ရှိပါလိမ့်မယ်။ ခရီးဆောင် ကွန်ပျူတာနဲ့ မိုဘိုင်းလ် ပစ္စည်းတွေဟာ ခွဲခြားလို့ မရတော့ လောက်အောင် ဖြစ်နေပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ပီစီတွေ ကလည်း သူ့နည်း သူ့ဟန်နဲ့ ပိုမြန်အောင်၊ ပိုပေါ့ပါး သေးငယ်အောင် ပိုပြီး ထိရောက်မှု ရှိအောင်၊ သက်သောင့် သက်သာ ရှိအောင် သူ့နည်းသူ့ဟန်နဲ့ စွမ်းဆောင်နေပါတယ်။
ပီစီတွေရဲ့ နည်းပညာတွေနဲ့ နည်းပညာ ပစ္စည်းတွေ ဆိုပေမယ့် ခရီးဆောင် နုတ်ဘုတ်၊ လက်ပ်တော့၊ တက်ဘလက်၊ စမတ်ဖုန်းတွေနဲ့ပါ ဆက်စပ်နေလို့ ပီစီအတွက် သီးသန့်လို့ ပြောလို့ မရတဲ့ နည်းပညာတွေ ဖြစ်နေပါတယ်။
9X series and 100 series chipset
9x စီးရီးနဲ့ 100 စီးရီး ချစ်ပ်ဆက်တွေ ကလည်း ၂၀၁၅ ထဲမှာ ထုတ်လုပ်ဈေးကွက် တင်ပါလိမ့်မယ်။ 9x စီးရီးချစ်ပ်ဆက် သုံး မားသားဘုတ်တွေ ကတော့ ဈေးကွက်ထဲမှာ ရနေပြီး Haswell ရဲ့ အဆင်မြင့်ဆုံး Haswell-E (Enthusiast) စီပီယူတွေနဲ့ တွဲသုံးပါလိမ့်မယ်။ ၉ စီးရီးချစ်ပ်ဆက် တွေထဲမှာ ထုံးစံအတိုင်း X99 Express ဆိုရင် အဆင့်မြင့်၊ စွမ်းဆောင်ရည် မြင့်မားသားဘုတ်တွေက H97 Express, Z97 Express စတဲ့ချစ်ပ်ဆက်တွေ သုံးထားပါ လိမ့်မယ်။
နောက်လာမယ့် Skylake စီပီယူတွေနဲ့ တွဲသုံးဖို့ ကိုတော့ ၁၀၀ စီးရီး Q170, Q150, B150, H110, H170, Z170 ချစ်ပ်ဆက်တွေ ရှိနေပါတယ်။ အဲဒီ ချစ်ပ်ဆက်တွေ ကတော့ သီးခြား ဝယ်သုံးရတာမျိုး မဟုတ်ပေမယ့် မားသားဘုတ် ဝယ်ယူတဲ့ အခါမှာ ရွေးဝယ်ရပါမယ်။ အဲဒီ ချစ်ပ်ဆက်တွေပေါ် မူတည်ပြီး ပီစီတလုံး၊ လက်ပ်တော့၊ တက်ဘလက်ရဲ့ လုပ်ဆောင်နိုင်မှုတွေ၊ စွမ်းဆောင်ရည်တွေ ကွာခြားမှု ရှိနေပါလိမ့်မယ်။
DDR 4 Memory
DDR 3 memory တွေကို ၂၀၀၉ ခုနှစ်ကတည်းက သုံးခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ DDR 3 ထက် ပိုမြန်တဲ့ DDR 4 memory ကို သုံးဖို့ လိုအပ်နေခဲ့တာ ကြာပါပြီ။ ဈေးကွက်ထဲ အခုမှ ရောက်လာတာ ဖြစ်ပါတယ်။ DDR 4 တွေဟာ DDR 3 တွေထက် memory bandwidth ၅၀ ရာခိုင်နှုန်း၊ ပါဝါစားနှုန်း ချွေတာတဲ့ အပိုင်းမှာ ၃၅ ရာခိုင်နှုန်း အသာရပါတယ်။
လက်ရှိ အချိန်မှာတော့ အဆင့်မြင့် Extreme Edition တွေမှာပဲ DDR 4 ကို ထောက်ပံ့ လုပ်ဆောင်ပေးမှာ ဖြစ်ပြီး ၂၀၁၅ ဒုတိယနှစ်ဝက် လောက်မှ စားပွဲတင် ပီစီတွေရဲ့ အများသုံးအဆင့် ပီစီတွေ အတွက် ၂၀၁၅ခုနှစ်ဒုတိယနှစ် ဝက်မှာ ဖြန့်ချိမယ့် Skylake CPU တွေ ဖြန့်ချိပြီးတဲ့ အချိန်ကျမှ သုံးနိုင်ပါမယ်။
DDR 3 ကနေ DDR4 ကို ပြောင်းသုံးဖို့ အတွက် သူ့ရဲ့ pin အရေအတွက် ပိုများလာပါ လိမ့်မယ်။ ပါဝါစားနှုန်း 1.354 အမြန်နှုန်း 3333 MHz ရှိပါတယ်။ ဈေးနှုန်းကတော့ 288 Pin 4GB DDR4 RAM လေးချောင်းကို ဒေါ်လာ ၂၈၀ လောက်ပေးရပါမယ်။
Curve Monitor
ဈေးကွက်ထဲမှာ TV အခွက်တွေ ဈေးကွက်တင် ထားတာ ကြာခဲ့ပါပြီ။ ဒီက တီဗွီဈေးကွက်ထဲမှာ ဆမ်ဆောင်းရဲ့ တီဗွီအခွက်ကို ဈေးကွက် တင်ထားတာ တွေ့မိပါတယ်။ အခု ကွန်ပျူတာနဲ့ တွဲသုံးနိုင်မယ့် မော်နီတာ အခွက်တွေ ဖြစ်ပါတယ်။ LG ရဲ့ ၃၄ လက်မ မော်နီတာက ၂၁:၉ Ultra Wide QHD (ရီဆို လူးရှင်း 3440 X 1440) မော်နီတာ ဖြစ်ပြီး၊ ISP မော်နီတာ အခွက်ကို သုံးထားပါတယ်။
HDMI port နှစ်ခု၊ Thunder Bolt port နှစ်ခု ၊ USB 3.0 နှစ်ခုနဲ့ စပီကာပါ တွဲပါပါမယ်။ ရောင်းဈေး ဒေါ်လာ ၁၃၀၀ လောက်ရှိပါတယ်။ ဆမ်ဆောင်းက ထုတ်လုပ်ထားတာက ၂၇ လက်မ Full-HD (ရီဆိုလူးရှင်း 1920 X 1080) မော်နီတာ ဖြစ်ပြီး ရောင်းဈေး ဒေါ်လာ ၄၃၀ လောက်ရှိပါတယ်။ အဲဒီမော်နီတာ အခွက်တွေဟာ ၂၀၁၅ ထဲမှာ များများစားစား သုံးစွဲကြပါ လိမ့်မယ်။
Broadwell နဲ့ Skylake စီပီယူတွေ
ပြီးခဲ့တဲ့ နှစ်ကုန်လောက်က Broadwell စီပီယူတွေကို ဈေးကွက် တင်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ စီပီယူ တွေက တက်ဘလက်တွေနဲ့ 2 in 1 ဟိုက်ဘရစ် လက်ပ်တော့တွေ အတွက် ဖြစ်နေပြီး၊ သုံးစွဲသူတွေ စိတ်တိုင်းကျ ဝယ်ယူ ရရှိနိုင်အောင် ဈေးကွက်တင် ရောင်းချတာ မဟုတ်ပါဘူး။ OEM တွေ ဆီကိုပဲ အမြောက်အမြား ရောင်းချ ထားတာ ဖြစ်ပါတယ်။
၂၀၁၅ နှစ်လယ်လောက်မှာတော့ စားပွဲတင်ပီစီတွေမှာ သုံးနိုင်မယ့် Broadwell တွေကို ဈေးကွက်တင် ပါလိမ့်မယ်။ ဒီထက် ပိုထူးခြားတာကတော့ 14nm နဲ့ ထုတ်လုပ်မယ်။ Skylake CPU တွေကို ၂၀၁၅ နှစ်ကုန်လောက်မှာ ဖြန့်ချိမှာ ဖြစ်ပြီး၊ 10nm Cannonlake စီပီယူတွေကိုတော့ ၂၀၁၆ ထဲမှာ ဖြန့်ချိပါလိမ့်မယ်။ အခုဖြန့်ချိထားပြီးတဲ့ Broadwell တွေ တောင်မှ ပန်ကာ မလိုတော့တဲ့ တက်ဘလက်တွေ၊ ဟိုက်ဘရစ်တွေ ထုတ်လာနိုင်ခဲ့ပြီး ဖြစ်လို့ တည်ဆောက်မှု နည်းပညာ အသစ် သုံးထားတဲ့ 14nm Skylake စီပီယူတွေ ဆိုရင်တော့ အတိုင်းထက် အလွန် ဖြစ်ပါလိမ့်မယ်။
Hybrid Memory Tube
လက်ရှိ အသုံးများနေတဲ့ RAM တွေဟာ ဒိုင်းနမစ် Dynamic RAM တွေ ဖြစ်ပါတယ်။ အခု Micron ကနေ မိတ်ဆက် ပေးလိုက်တာက Hybrid Memory Tube လို့ ခေါ်တဲ့ နည်းပညာ အသစ်ဖြစ်ပါတယ်။ သူ့ရဲ့လုပ်ဆောင်မှုက memory module တွေကို ဆားကစ်ဘုတ်ပြားမှာ ဘေးတိုက်စီထားတဲ့ ပုံစံအစား၊ ထောင်လိုက် တခုပေါ် တခု ထပ်ထားတဲ့ နည်းလမ်းကို သုံးထားပါတယ်။
အဲဒီ ပြုပြင်ပြောင်းလဲ လုပ်ဆောင်ထားတဲ့ ပုံစံကြောင့် လက်ရှိ အသုံး အများဆုံး DDR 3 RAM တွေထက် bandwidth တွေကို ၁၅ ဆလောက် ပါဝါသုံးစွဲမှု ထိရောက်မှုအပိုင်းကို ၇၀ ရာခိုင်နှုန်းလောက် တိုးတက်စေ ပါတယ်။ အဲဒီ Hybrid memory Tube နည်းပညာ သုံးစွမ်းဆောင်ရည်မြင့် ဝပ်စတေရှင်တွေနဲ့ ဆာဗာတွေကို ၂၀၁၅ခုနှစ်ထဲမှာတွေ့မြင် ကြရမှာ ဖြစ်ပြီး၊ လက်ပ်တော့တွေမှာပါ သုံးကောင်း သုံးလာကြပါ လိမ့်မယ်။
SATA Express
ပီစီတွေ၊ လက်ပ်တော့တွေ စတဲ့ ပစ္စည်းတွေမှာ အရေးတကြီး လိုအပ်နေတာက သိုလှောင်သိမ်းဆည်း နိုင်တဲ့ ပစ္စည်းတွေရဲ့ အမြန်နှုန်း ဖြစ်ပါတယ်။ အဲဒီပြဿနာကို ဖြေရှင်းဖို့ SSD တွေ၊ Solid State Drive တွေနဲ့ တွဲသုံးရမယ့် SATA interface တွေကို တီထွင်သုံး နိုင်ခဲ့ပါတယ်။ SATA တွေမှာမှ SATA 2, SATA 3 တွေကို တိုးတက်တီထွင် သုံးနိုင် ခဲ့ပါတယ်။
ဒါတောင်မှ SATA တွေဟာ SSD တွေရဲ့ အမြန်နှုန်းကို အပြည့်အဝ လုပ်ဆောင်မပေးနိုင်လို့ ပီစီတွေ အတွက် PCI-e slot မှာ expansion card တွေလို ပုံစံမျိုး တပ်သုံးရတဲ့ SSD, notebook တွေ အတွက် mini PCI-e မှာ တပ်ဆင်သုံး နိုင်တဲ့ Sloid state storage ကတ်တွေကို သုံးခဲ့ပါတယ်။ ဒါလည်း SATA တွေကSSD ရဲ့စွမ်းဆောင်ရည်ကို လိုက်မမီ သေးလို့အခု SATA Express ကိုစံသတ် မှတ်လာကြ တာဖြစ်ပါတယ်။
SATA Express ဟာ လက်ရှိသုံးနေတဲ့ SATA ဆက်သွယ်မှုကိုပဲ PCI Express ကို သုံးတဲ့ဒေတာ လွှဲပြောင်းရယူသုံးနိုင် တဲ့ လမ်းကြောင်း အပိုတခု ထပ်ဆောင်း သုံးထားတာ ဖြစ်ပါတယ်။ အမြန်နှုန်းတစက္ကန့်မှာ 6 gigabit ကနေ 16 Gigabit လောက်အထိ ဒေတာတွေပို့ ယူနိုင်ပါ လိမ့်မယ်။
အခုလက်ရှိမှာ SATA Express ထောက်ပံံ့ လုပ်ဆောင်ပေးနိုင်တဲ့ မားသားဘုတ်နဲ့ SATA Express drive တွေ များများစားစား မရှိသေးပေမယ့် သိပ်မကြာခင် အသုံးများလာပါ လိမ့်မယ်။
Windows 10
မိုက်ခရိုဆော့ဖ်က Windows 8.1 ကို ထုတ်လုပ် ရောင်းချထားပြီး ဖြစ်ပါတယ်။ Windows 8.1ဟာ လက်ရှိအချိန်မှာ နောက်ဆုံး ထုတ်ထားတဲ့ ဝင်းဒိုးစ်ဗားရှင်း ဖြစ်ပြီး၊ ၂၀၁၅ ခုနှစ် ထဲမှာ Windows 10 ကို ဖြန့်ချိပါလိမ့်မယ်။ Windows 8.1 ပြီးရင် Windows 9 လို့ ဈေးကွက်တင်ရမှာ ဖြစ်ပေမယ့် အရင်က ထုတ်လုပ်ခဲ့ပြီးတဲ့ Windows 9x တွေရဲ့ တချို့ code တွေ 9xxx စသဖြင့် သုံးထားခဲ့ပြီး ဖြစ်လို့ Windows 9 ဆိုပြီး နာမည်ပေးခဲ့ရင် code တွေ ထပ်ကုန် ရှုပ်ထွေးကုန် မှာ စိုးလို့Windows 9 မထုတ်တာ ဖြစ်ပါတယ်။
Windows 10 မှာ တခြားပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင် ထားပါလိမ့်မယ်။ အဓိက အကျဆုံးအနေနဲ့ လုပ်ဆောင် မှာက စားပွဲတင်၊ ကွန်ပျုတာ၊ လက်ပ်တော့၊ မိုဘိုင်းလ် စမတ်ဖုန်း စတာတွေရဲ့ မြင်ကွင်းပုံစံ အနေအထား၊ လုပ်ဆောင် ပုံစံတွေ အမျိုးမျိုး ဖြစ်နေတာကို ပုံစံတခုတည်း အနေနဲ့ အနီးစပ်ဆုံး တူညီအောင် ဒီဇိုင်း လုပ်ထား ပါလိမ့်မယ်။
သဘောကတော့ အရွယ်အစား၊ စွမ်းဆောင်ရည် စတဲ့ နည်းပညာပိုင်း ဆိုင်ရာ အချက်အလက်တွေ မတူညီကြတဲ့ ကွန်ပျူတာ၊ လက်ပ်တော့၊ မိုဘိုင်းလ်ဖုန်း၊ တက်ဘလက် စတာတွေ အားလုံးကို မြင်ကွင်းပုံစံ အနေအထား ထပ်တူနီးပါး မြင်တွေ့ သုံးစွဲနိုင်ပါ လိမ့်မယ်။ ဝင်းဒိုးစ် ၁၀ ကို ၂၀၁၅ ခုနှစ် ဒုတိယ ၃လပတ်၊ နှစ်လယ်ထဲမှာ ဈေးကွက်တင်ပါ လိမ့်မယ်။
Universal Laptop Charger
လက်ပ်တော့ ချာဂျာပျက်တာ၊ ပျောက်သွားတာမျိုး ဖြစ်ခဲ့ရင် အလုပ်ပျက်တဲ့ အပြင် အဲဒီလက်ပ်တော့ ချာဂျာကို အစားထိုး ဝယ်သုံးဖို့ လုပ်ရတာ အချိန်ကုန်၊ ငွေကုန် ဖြစ်လေ့ရှိပါတယ်။ မူရင်းချာဂျာတွေရဲ့ ဈေးကလည်း မပေါလှ ပါဘူး။ အင်တာနေရှင်နယ် အီလက်ထရို တက္ကနီကယ်ကော်မရှင် ကနေ စွယ်စုံသုံးနိုင်တဲ့ လက်ပ်တော့ပ် ချာဂျာတွေရဲ့ နည်းပညာပိုင်းဆိုင်ရာ အချက်အလက်တွေကို ပြီးခဲ့တဲ့နှစ်က သတ်မှတ်ခဲ့ပါတယ်။
ဘယ်လို ချာဂျာမျိုး၊ ဘယ်လိုပုံစံမျိုး ထုတ်လုပ်သုံးကြမလဲ ဆိုတာ အတိအကျ မသိရသေးပေမယ့် ဖုန်းတွေနဲ့ တက်ဘလက် တွေမှာလို Micro USB ချာဂျာလိုမျိုး စွယ်စုံသုံးနိုင်မယ့် သဘောရှိပါတယ်။ ထုတ်လုပ်သူတွေမတူရင် ချာဂျာတွေ၊ ပါဝါခေါင်းတွေ မတူကြသလို ထုတ်လုပ်သူတွေ တူပြန်ရင်လည်း မော်ဒယ်မတူရင် ခေါင်းတွေ မတူလို့ သုံးမရတာ ကြာခဲ့ပြီး ဖြစ်ပါတယ်။ အခုလို စွယ်စုံသုံးနိုင်ခဲ့ရင်တော့ ကိုယ့်လက်ပ်တော့ ချာဂျာကို မရရအောင် လိုက်ရှာရတဲ့ ဒုက္ခရှိတော့မှာ မဟုတ်ပါဘူး။
PC တွေကို ကြိုးမဲ့ချိတ်ဆက်ဖို့
ပီစီတွေကို ကြိုးမဲ့ချိတ်ဆက်မယ် ဆိုတာ ကြိုးမဲ့ဆက်သွယ်ရေး Wi-Fi သုံး၊ ပီစီ တွေ အချင်းချင်းချိတ်ဆက်တာ၊ အင်တာနက်နဲ့ ချိတ်ဆက်တာမျိုး မဟုတ်ပါဘူး။ ပီစီနဲ့ မော်နီတာ၊ ပီစီနဲ့ စမတ်တီဗွီတွေကို ကြိုးမဲ့ ချိတ်ဆက်သုံးဖို့ ဖြစ်ပါတယ်။ ဗွီဒီယိုဒေတာတွေကို ပို့ယူဖို့ လိုအပ်တဲ့အတွက် တော်ရုံမြန်နှုန်းမြင့် ဆက်သွယ်မှုနဲ့တင် မလုံလောက် တော့ပါဘူး။
အဲဒီလို လုပ်ဆောင်ဖို့ အင်တဲလ်က ကြိုးပမ်းနေတာဖြစ်ပြီး နည်းပညာက WiGig (Wireless Gigabit) နဲ့ WiDi (Wireless Display) ဖြစ်ပါတယ်။ အဲဒီ နည်းပညာတွေက အခုမှ တီထွင် ထားတာ မဟုတ်ပေမယ့် အသုံးမတွင် သေးပါဘူး။ စမတ်တီဗွီတွေ ကလည်း အခုအချိန်မှာ အင်တာနက်နဲ့ ချိတ်ဆက်နိုင်တဲ့ တီဗွီတွေ၊ HDMI, Display Port သုံးနိုင်တဲ့ တီဗွီတွေ ရှိနေပါပြီ။ ဒါပေမယ့် WiGig လုပ်ဆောင်မှုပါတဲ့ တီဗွီတွေက တော်တော်ရှားနေပါ သေးတယ်။ ၂၀၁၅ ခုနှစ်ထဲမှာ အဲဒီလို ကြိုးမဲ့ ချိတ်ဆက်နိုင်မှုတွေ တိုးတက်လာမှာ ဖြစ်ပေမယ့် ၂၀၁၆ လောက်မှာမှ ကြိုးမဲ့ပီစီတွေ အဆင့် ရောက်လာပါလိမ့်မယ်။
USB Type-C
Apple ရဲ့ Lightning Cable တွေ တီထွင်သုံးခဲ့ပြီး၊ နှစ် အနည်းငယ်ကြာမှ USB တီထွင် ထုတ်လုပ်သူတွေရဲ့ ဦးဆောင် အဖွဲ့အစည်း ကနေ စံသတ်မှတ် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အဲဒီ USB 3.1 ဟာ အရင်က ထုတ်လုပ်သုံးခဲ့ပြီးတဲ့ ဗားရှင်းတွေထက် ပိုမြန်ပါလိမ့်မယ်။ အဲဒီ အမြန်နှုန်း တိုးလာတာထက် အရေးကြီးတာက USB ခေါင်းတွေကို အတည့်ရော၊ ပြောင်းပြန် ပါတပ်ဆင် သုံးနိုင်တဲ့ USB Type-C ကိုသုံးထားတာဖြစ်ပါတယ်။ လက်ရှိသုံးနေတဲ့ USB ကေဗယ်ကြိုးတွေဟာ USB ခေါင်းကိုအတည့်ထိုးမှ သုံးလို့ရတဲ့အတွက် အဆင်မပြေတာကို ပြုပြင်ပြောင်းလဲမှု လုပ်ထားပါတယ်။
ဆမ်ဆောင်းရဲ့ Curved Screen AIO desktop
ဆမ်ဆောင်းက ထုတ်လုပ်ထားတဲ့ All-in-One စားပွဲတင် ပီစီက Curved Screen ကို သုံးထားလို့ ပုံစံတမျိုး ထူးခြားနေ ပါတယ်။ ပဉ္စမမျိုးဆက် Core i စီးရီး Broadwell i5 စီပီယူ သုံးထားပြီး 1TB Hard drive, HDMI ၂၇ လက်မ Screen, 1920 x 1080 resolution , ရှိပါမယ်။ HDMI input ပါတဲ့ အတွက် ဂိမ်း ကွန်ဆိုး၊ Set-top-box တက်ဘလက် ဒါမှ မဟုတ် တခြား device တွေနဲ့ ဆက်နိုင်ပါတယ်။ အဲဒီ AIO Ativ One 7 Curved ကို ၂၀၁၅ ပထမ ၃ လပတ် ထဲမှာ ဈေးကွက်တင်မှာ ဖြစ်ပြီးရောင်းဈေး ဒေါ်လာ ၁၃၀၀ လောက်ရှိပါတယ်။