“မန္တလေး ဆို … ရွှေမြို့၊ တို့ရတနာပုံ နေပြည် တင့်တယ် သာယာစည်ကား ဟိုတုန်းအခါကလေ အဲဒါတွေ မတွေးကြနဲ့ ရှေ့ဆက်ကာ စီမံကြံစို့ လေ”တဲ့။
ဆရာညှာနဲ့ မြို့မအသင်းကြီးက စစ်ကြီးအပြီး မန္တလေး ပြန်အဝင်မှာ မန္တလေး ပြန်လည်ထူထောင်ရေး အတွက် အားကောင်းမောင်းသန် ပြန်လည် ကြိုးစားကြဖို့ အားပေးခဲ့ပေမယ့် လူတွေက ပင်ပန်းနေပြီ။ ခြေကုန်လက်ပန်း ကျနေ ကြပြီ။ ကမ္ဘာစစ်ကြီးကြောင့် မြို့မှာ ပြာပုံဘဝ ရောက်ရှိသွားခဲ့သည့် အတွက် ကိုယ့်အိုးကိုယ့်အိမ် နေရာကိုပင် မနည်း ပြန်လည် ရှာဖွေကာ ဖြစ်သလို ယာယီတဲထိုး၍ နေကြရသည်။
ကမ္ဘာစစ်ကြောင့် ပျက်စီး သွားသော မြို့ပြကြီး ပြန်လည် ထူထောင်ရေး အတွက် ကာယကံရှင် မြို့သူမြို့ သားများ၏ စိတ်ဓာတ် ကြံ့ခိုင်မှု၊ စိတ်ဓာတ် ပြင်းပြမှု၊ စိတ်ဓာတ်အားမာန် များ စွမ်းစွမ်းတမံ ရှိရေးကား အထူးလိုအပ်လှပေသည်။
ကမ္ဘာစစ်ကြီးကား ရုပ်ဝတ္ထု ပျက်စီး စေမှုများသာမက စိတ်ဓာတ်ရေးရာ ပျက်စီးစေမှု “ဆိုးမွေ” များကို တနင့်တပိုး ပေးခဲ့ချေပြီ။ နိုင်ငံခြားသား စစ်သားများနှင့် အတူ ပါလာသော အသောက်အစား၊ အပျော်အပါး၊ လောင်းကစားမှုများက စိတ်ဓာတ် နုပျိုစ အရာရာ စူးစမ်းစွန့်စားလိုစိတ် ပွင့်ဖူးစ မြန်မာ လူငယ်များအား လမ်းမှားရောက်အောင် ဆွဲဆောင်ခဲ့ကြ သည်။
မန္တလေးမြို့လယ်ကောင် ရုံတော်ကြီး၊ ကျောက်သွေးတန်းနှင့် တရုတ်တန်း ရပ်ကွက်များတွင် ရုတ်ခြည်း ပေါ်ပေါက် လာသော အောက်လင်းဓာတ်မီး ထိန်ထိန်ညီးနှင့် ဟိုတယ် စားပွဲရုံကြီးများဆီ လူတရုန်းရုန်း စည်ကားနေခြင်းက သက်သေ ဖြစ်ပါ၏။ အများစုမှာ လူငယ်များချည်း ဖြစ်နေသည်။ ရသမျှ ငွေကြေးကို နေ့ဖို့ညစာပင် မထားဘဲ “နောင်ခါလာ နောင်ခါဈေး သဘောထားကာ ပျော်ပျော်ကြီး သုံးစွဲ ဖြုန်းတီးပစ်နေကြသည်။ ထို့ကြောင့် ဆရာမြို့မငြိမ်း က “လူမိုက်နှင့်ငွေ” ဟူသော သီချင်းတပုဒ် ရေးစပ်၍ပင် သတိပေးခဲ့ဖူးလေ၏။
ထိုသီချင်း၏ ခြေဆင်းကို ဆရာမြို့မငြိမ်းက “ချစ်တဲ့သူငယ်လေ” အစချီ အိုင်ချင်းပုံစံ ရေးစပ်ခဲ့ခြင်းက ထူးခြား ဆန်းသစ်မှု တခုပင် ဖြစ်သည်။ ရှင်ငြိမ်းမယ်၏ အိုင်ချင်းများမှာက “ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောင်းမတို့လေ”ဟု စတင်ခဲ့ပုံကို ဆရာက သူ၏ ဟာသဉာဏ်ဖြင့် “ချစ်တဲ့သူငယ်လေ .သူငယ်ချင်း ဆိုး . ကြမ်းပိုး ထိုးဘက်တို့လေ”ဟု ခပ်သွက်သွက်လေး စဖွင့်ခဲ့သည်။
ဆရာမြို့မငြိမ်းရဲ့ “လူမိုက်နှင့်ငွေ” သီချင်းကို နားဆင်ကြည့်ပါဦး …
ချစ်တဲ့သူငယ်လေ … သူငယ်ချင်းဆိုး ကြမ်းပိုးထိုးဘက်တို့လေ … ငွေရအောင်လို့၊ ကိုယ်တို့ အကြိုက်၊ ဆင်ခြင်လိုက်သော် … လက်ဝါးလယ်ခေါင်၊ ခူကောင်ကိုလွှတ် ပူနေအောင်လွှတ်၊ ဂိုင်တွေလွှတ်ပွ (ရမရဆို လျှင် …) ၃ စာကလေး ဗေဒင်ကမှ ဟောတတ်မလေ … အလို … တူငယ်ငယ်က၊ ဆိုးပါတဲ့ … ကြမ်းပိုးတို့တတွေ … လေး။
ရသလောက် ဆိုပါတော့ဗျ၊ လိုချင်ရှာသလေ … ကျပ်သုံးဒင်္ဂါး အပြားရေ … အစုလိုက် အစုလိုက် တောင်လိုပုံပါစေ …၊ ငွေစက္ကူ ရောင်စုံအထပ်လိုက်၊ မဟာပထဝီ မြေလို … နှစ်သိန်းလေးသောင်း ထုလောက်၊ မောက်ချင် မောက်ပါစေ ပိုမယ်မထင်ပါပေ။
စားစေ၊ သောက်စေ၊ ပျော်စေ၊ ပါးစေ …၊ အမိန့်တော်ကိုေြွခ ပုပုရွရွ လူမှန်သမျှမှာ အာဏာပိုင် တဲ့ငွေ၊ ဘိုးဘိုးအောင် အဇ္ဇဂေါဏ တောင့်တစောင့်ကြ ရှာတာတွေ… ခရီးဝေး သွားကြတာလည်း .. ငွေ၊ သမီးပေး မှားကြတာလည်း ငွေ၊ သူရှိရင်လေ .ပုတ်လောက်နီးနီး၊ မျက်နှာကြီး ပါပေ၊
(မိန်းမယူရင် ငွေသာအဆင်ပြေ ယောက္ခမ အိမ်တောင် ကိုယ်နေချင်သလိုသာ နေ … ကိုယ့်အိမ်လို သဘောထား လူကလေး ဘာမှ အားမနာနဲ့လေ) ၂
ဟိုဟာလေး စားလိုက်ဦးကွဲ့၊ ဒီဟာလေး စား လိုက်ဦးကွဲ့၊ တပြုံးပြုံးနဲ့ လောကွတ်တော်တွေကျေ ယောက္ခမ ကြီးရဲ့ အဖြစ်တွေ၊ မြင်သေး၊ အရေးပေးတာတွေ၊ မီးယပ်ခြောက်ပိန် ငွေရည်လူးတော့ အလှထူး ပါတဲ့ ခင်သူဇာမေ ဖယောင်းတိုင် တောင့်တွေ ခေါင်းမှာလူးလို့ အပျိုကြီးများတောင် ပြီတာငွေ၊
(လိမ်တာ ကလိန်တာ၊ ညာတာတွေ၊ ပွေတတ် သမျှပွေ) ၂
အပေါင်ဆိုင်ကိုလည်း သူ့အတွက်နဲ့ မိတ်ဆက် ကြရပေ … မဆင်ခြင်သူတွေ ဖြုန်းကြတော့ငွေ မဆင်ခြင် သူကို မုန်းလှတဲ့ငွေ… အသင်ကိုရွှေလူ ကျုပ်မှမချစ်ဘဲ ခွဲမှဖြစ်မယ် မောင်ရေ … ကျုပ်စရိုက်က လူမိုက်ထံမှာ မနေ။
(မိန်းမယူရင် ငွေသာအဆင်ပြေ အရေးပေး မှာတွေ)။
ဆရာမြို့မငြိမ်း၏ သီချင်းတွင် ခေါင်းစဉ်ကပင် “လူမိုက်နှင့်ငွေ” ဟု ဆိုသောကြောင့် မြန်မာတွေ နားစွဲနေသည့် ဆိုရိုး စကား “လူမိုက်နှင့်ငွေ အတူမနေ” ဟူသည်ကို ချက်ချင်း အတွေးရောက် သွားစေသည်။ ထိုရည်ရွယ်ချက်ကို ဩဝါဒပေး၊ ပညာပေးသည့် ပုံစံ အပေါ်စီးမှ မရေးဘဲ လက်ရှိမြင်တွေ့ နေကြရသည့် သုံးဖြုန်းသောက်စား လောင်းကစား နေကြမှုတွင် ကိုယ်တိုင် ပါဝင် စီးမျောလိုက်ပြီးမှ ဒီလိုသာ သုံးဖြုန်းနေမယ် ဆိုရင်၊ ငွေဆိုတာ လူမိုက် တွေထံမှာ နေရိုးထုံးစံ မရှိကြောင်း၊ သက်မဲ့ “ငွေ” ကိုယ်နှိုက်ကပင် သက်ရှိ၊ အသိဉာဏ်ရှိ “လူ” ကို လက်ညှိုး ငေါက်ငေါက်ထိုး အပြစ်တင်ကာ ခွဲခွာသွားခဲ့လေဟန် ရေးစပ်ခဲ့၏။
ဆရာ့သီချင်းစာသားထဲမှ “မဆင်ခြင်သူတွေ ဖြုန်းကြတော့ ငွေ၊ မဆင် ခြင်သူကို မုန်းလှတဲ့ငွေ” ဟူသော အပိုဒ်မှ ဝိဘတ် သုံးစွဲပုံများကို သတိမူသင့်လှ ပေသည်။
အခုတော့ ထိုစာသားများကို ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့နှင့် “မဆင်ခြင်သူတွေ ဖြုန်းကြတဲ့ငွေ၊ မဆင်ခြင်သူတွေ သုံးကြတဲ့ငွေ” ဟုပဲ သီဆိုနေကြ သည်။ ထိုထက်ဆိုးသည်မှာ ဆရာက သက်မဲ့ “ငွေ” ကပင် သက်ရှိ “လူ” ကို ပညာပေးလိုက်ပုံက “အသင် ကိုရွှေလူ … ကျုပ်မှ မချစ်ဘဲ ခွဲမှ ဖြစ်မယ် မောင်ရေ … ကျုပ်စရိုက်၊ လူမိုက်ထံမှာ မနေ” ဟူလို။
ထိုစာသားကို ဂရုမမူကြဘဲ “အသင် ကိုရွှေငွေ ကျုပ်မှမချစ်ဘဲ” ဟု သီဆိုအသံသွင်းခဲ့ဖူးကြခြင်း ကလည်း “အမှား” ဆိုတာ သိထားကြဖို့ လိုပါသည်။ ။