သြော်…အရက်၊ အရက်။ မကောင်းဘူး ပြောကြ၊ ကျန်းမာရေး ထိခိုက်တယ် ဆိုကြ၊ ဘာသာရေးအရ မသင့်လျော် ပါဘူးလို့ ဘယ်လိုပဲ ပြောကြ ဘယ်လိုပဲ ဆိုကြပေမယ့် သောက်နေတဲ့သူတွေ၊ ကြိုက်နေ တဲ့သူတွေ အတွက် ကျတော့ အရက်မပါရင် မသက်မသာ ဖြစ်ရလေရဲ့။
မှန်မှန်လေးပါပဲ၊ လူမှုရေးအရပါ၊ ကျန်းမာရေး အတွက် နည်းနည်း ပါးပါး စသဖြင့် လောကမှာ အရက် သောက်ဖို့ ပေးတဲ့ ဆင်ခြေက အများဆုံးဖြစ်မယ် ထင်ပါတယ်။
ဘယ်လိုပဲ တော်ရုံတန်ရုံဆိုဆို အပေါင်းအသင်းတွေနဲ့ ဆုံလို့၊ ပျော်လို့၊ ကြေကွဲလို့ ဆိုတာတွေ ကနေ တခါတလေပဲကွာ ဆိုပြီး အကန့်အသတ် မဲ့လိုက်တဲ့အခါ နံနက်မှာ အရက်နာကျတယ် ဖြစ်ကြပါလေရော။
ကိုယ့်တုန်းက ဘာနဲ့ သက်သာတယ်၊ သူများပြောတာ ဘယ်လို ကြားဖူးတယ်နဲ့ အလကားရတိုင်း အကြံ ပေးချင် သူတွေရဲ့ ထုံးဓလေ့နောက် လိုက်ကြရင်း သက်သာတာလည်း ရှိ၊ ပိုဆိုးတာလည်း ရှိ၊ တနေ့တာ လုံးတော့ ခံစားနေကြ ရတာ များပါတယ်။ အရက်နာကျတာနဲ့ ပတ်သက်ပြီး အယူအလွဲ လေးတွေလည်း ရှိနေကြပါသေးတယ်။
အရက်နာကျတာ မပြောပလောက်ဘူး
အဲသလို မဟုတ်ပါဘူး။ အရက် များသွားရင် ဦးနှောက်အာရုံကြော ဗဟိုစနစ်ကို ထိခိုက်ပါတယ်။ ဦးနှောက်ရဲ့ ဓာတုပစ္စည်းတွေကို ကလိပြီး ခေါင်းကိုက်၊ မူးဝေ၊ ပျို့အန်တွေ ဖြစ်ရာက မကြာခဏ ရေချိုးခန်းပြေး ရတာကနေ ရေဓာတ် ခန်းခြောက်လာတာ အထိ ဖြစ်တတ်ပါတယ်။ အိပ်ရာကနိုးရင် ခေါင်းကြီးကွဲမလို ကိုက်နေတာ၊ နုံးချည့်နေတာ၊ အာခေါင်တွေ ခြောက်၊ ဗိုက်ထဲ မအီမသာ ဆိုတာတွေ ဖြစ်ရတဲ့ အပြင် ကိုယ်ခံအားစနစ်ကိုပါ အားနည်း ထိခိုက် စေပါတယ်။
အရက်နာကျခြင်းကို ကျား၊ မ အတူတူပဲခံစားရတယ်
မဟုတ်ပါဘူး။ ယမကာ မှီဝဲတတ်သူ အမျိုးသမီးများ သတိပြုဖို့ပါ။ မိန်းကလေးများက အရက်နာကျတဲ့ ဒဏ် ကို ပိုခံရ ပါတယ်။ အကြောင်းကတော့ အမျိုးသားတွေမှာ ခန္ဓာကိုယ်ထဲ ရေပါဝင်နှုန်းက အမျိုးသမီး တွေ ထက် ပိုများပါတယ်။ ဒါကြောင့် သောက်လိုက်တဲ့ အရက်ကို ပျော့သွားအောင် ပိုလုပ်နိုင်စွမ်းပါတယ်။
အရက်ပမာဏ အတူသောက်ကြရင် အမျိုးသမီးတွေရဲ့ သွေးထဲမှာက အရက်တွေ ပိုပြီး စုနေတတ် ပါတယ်။
အများကြီးသောက်မှ အရက်နာကျတယ် ဒါလည်း သိပ်မဟုတ်ပါဘူး။ တချို့သူတွေအတွက်တော့ တခွက်၊ နှစ်ခွက်ကလည်း နောက်နေ့ နံနက်မှာ ခေါင်းတွေ ကိုက်ပြီး အရက်နာ ကျနေတတ်ပါတယ်။ ရေ၊ ဒါမှမဟုတ် အယ်လ်ကိုဟောလ် မဟုတ်တဲ့ အရည်တခုခုကို အရက်၊ ဘီယာ တခွက်နဲ့ တခွက်အကြားမှာ ညှပ်ပြီးသောက် ပေးရင်တော့ အရက်တွေ ပြင်းအားလျော့နည်းသွားစေပြီး အရက်နာကျ ဖြေသာစေတယ် လို့ ဆိုပါတယ်။
ဝိုင်သောက်တာက အဆင်ပြေတယ်
မထင်ပါနဲ့။ ဝိုင်နီတွေမှာ ဆိုရင် Tannin ခေါ် တဲ့ ဓာတ်ပေါင်းပါဝင်မှုက ခေါင်းကိုက်စေတဲ့ အကြောင်းတခုပါ။ မုယောစပါး (Malt) ကနေ ထုတ်တဲ့ ဝီစကီတွေ ကလည်း နောက်တနေ့မှာ မသက်မသာ အရက်နာကျ တာကို ပိုစေပါတယ်။ အရက်နာကျ သက်သာရဖို့ ဆိုရင်တော့ နည်းနည်းပို ညက်ညောတယ်လို့ ဆိုကြတာက ဘီယာ၊ ဒါမှမဟုတ် အရောင်မပါတဲ့ ဗော်ဒကာ (သို့မဟုတ်) ဂျင်တွေပါ လို့ ဆိုလေရဲ့။
ကော့တေးလ်က စိတ်ချရတယ်
မဟုတ်ပါဘူး။ တချို့ဆို Diet Cocktail ဆိုပြီး တော့တောင် ကယ်လိုရီ သိပ်မပါတဲ့ ကော့တေးတွေ စပ်ကြ၊ ထွင်ကြပါ တယ်။ ဒါပေမယ့် အဲဒါတွေကလည်း အရက်နာ မကျအောင် ကာကွယ် မပေးနိုင်ပါဘူး။ သုတေသန ပြုချက်တွေ အရ အကြံပြုတာ ကတော့ အမြည်းအဖြစ် သစ်သီးတွေ စားတာ၊ သစ်သီးဖျော်ရည်တွေ သောက်တာ၊ သကြားပါတဲ့ အရည်တွေ သောက်တာက အရက်နာကျ သက်သာစေတယ် လို့ ဆိုပါတယ်။ အချိုရည်နဲ့ တွဲသောက်ပြီး အဝင် ကောင်းလို့ အများကြီး သောက်မိရင်တော့လည်း ကိုယ့်ဒေါသနဲ့ကိုယ် ပေါ့။
အပြင်းနည်းနည်းက အပျော့များများထက် သက်သာတယ်
ဒါလည်း အယူ အလွဲပါ။ အရက်၊ တနည်းအားဖြင့် အယ်လ်ကိုဟော ပမာဏက သောက်တဲ့ အမျိုးအစားနဲ့ ခွက်အရွယ် ပေါ် မူတည်တာ မဟုတ်ပါဘူး။ ၁၂ အောင်စလောက် ရှိတဲ့ ဖန်ခွက်ကြီးထဲက ဘီယာ၊ ၅အောင်စ လောက် ဖန်ခွက်ရှည် မျောမျော ထဲက ဝိုင်၊ ၁ ဒသမ ၅ အောင်စ လောက်ရှိတဲ့ လက်တလုံးလောက် အရက်ပြင်းတွေမှာ ပါဝင်တဲ့ အယ်လ်ကိုဟော ပမာဏဟာ အတူတူပါပဲ။ နည်းနည်းလေးပဲ၊ မကြောက်ပါနဲ့လို့ ဆိုတိုင်း မရူးသွပ်ပါနဲ့။
အိပ်ရာဝင်ခါနီး အစားများများစားလိုက်ရင် နံနက်ကျ အရက်နာမကျဘူး
ဒါကတော့ နှစ်ထပ်ကွမ်းအမှားပေါ့။ အိပ်ရာ ဝင်ခါနီး အစာစားတာက အရက်ကို ပြေပျောက်စေတာ မဟုတ်သလို အိပ်မပျော်စေတဲ့ အကြောင်းကိုပါ ဖြစ်စေပါတယ်။ နောက်ပြီး အစာတွေက အရက်စုပ် ယူမှုကို နှေးစေတော့ ဖြည်းဖြည်းချင်း မူးမဆုံး ဖြစ်ပြီး အနာကျနေတော့မှာပါ။ အဆီတွေဆိုရင် ပိုဆိုးပါတယ်။
တကယ်တော့ အိပ်ရာဝင်ခါနီး ရေသောက် လိုက်တာကသာ အရက်ကြောင့် ဖြစ်တဲ့ ရေဓာတ်ခန်းခြောက်တာကို ပြေပျောက်စေမှာ ပါ။ တချို့က အရက်သောက်တာ အိပ်ပျော်တယ် ဆိုကြပါတယ်။ နည်းနည်းသောက်တာက အိပ်ငိုက်ပြီး အိပ်ပျော်သွားနိုင်ပေမယ့် များသွားရင်တော့ အိပ်မရဘဲ နံနက်ကျတော့ လင်းတမှိုင် မှိုင်နေရပါ လိမ့်မယ်။
အကိုက်အခဲပျောက်ဆေး သောက်အိပ်လိုက်ရင် အရက်နာမကျဘူး
မှားပါတယ်။ အကိုက်အခဲ ပျောက်ဆေးအများစုရဲ့ အာနိသင်ကလည်း ၄ နာရီလောက်ပဲ ရှိတတ်တာပါ။ အိပ်ရာနိုးချိန် ခေါင်းကိုက်နေလို့ သောက်တာကမှ အထောက်အကူ ဖြစ်နိုင်ပါသေးတယ်။ အရက်များများ သောက်ထားရင်တော့ ပါရာစီတမော သွားမသောက်ပါနဲ့။ အဲဒါက ကိုယ့်အသည်း ကိုယ်လုပ်ကြံတာပါပဲ။
အရက်နာကျရင် နည်းနည်းထပ်သောက်လိုက် သက်သာတယ်
ရုတ်တရက်တော့ သက်သာသလို ရှိသွားတတ်ပါတယ်။ သွေးထဲက အရက် သုည အထိကျသွားချိန်မှာ နည်းနည်း ပိုခံရသလို လက္ခဏာ တွေ့ရတတ်လို့ ပါ။ ဒါပေမယ့် နံနက်ခင်း ပြန်စလိုက်တဲ့ ကိစ္စက ထပ်ပြီး သံသရာလည်ဖို့ အစ ဖြစ်သလို တနေ့လုံး ပြန်ပြီး အနာကျနေမှာပါ။ အမြဲလိုလို အိပ်ရာထချိန် သောက်လိုက်မှ နေထိုင်ကောင်းသွားတယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ခင်ဗျား အရက်စွဲနေပြီ။
ကော်ဖီသောက် ပျောက်တာပဲ
တကယ်တော့ ကော်ဖီက ခန္ဓာကိုယ်တွင်း ရေဓာတ်နည်းစေ ပါတယ်။ ဒါကြောင့် အရက်နာကျနေ သူကို ပိုဆိုးစေတာ ပါ။ အရက်နာကျနေပြီ ဆိုရင် ရေသောက်တာ၊ ဓာတ်ဆားဖျော်ရည်လို သောက်တာက ပိုပြီး အဆင်ပြေစေမှာပါ။ အဲသလိုပဲ တခြား အရက်နာကျ သက်သာစေမယ် ဆိုတဲ့ တိုင်းရင်းနည်းတွေလည်း အလုပ် မဖြစ်လှပါဘူး။ တခုတည်း သော သက်သာနိုင်တဲ့နည်းကတော့ အချိန်စောင့်ပါ လို့ သုတေသနတွေက ဆိုပါတယ်။ လုပ်ပြီးတဲ့ဒဏ် အောင့်ခံလိုက် ပါတဲ့။
အရက်နာကျတာ အတွက် အယူအလွဲတွေ ပြောခဲ့ပြီးတဲ့နောက် ဒီဆောင်းပါး အဆုံးမှာ အမှန်တရားတခုတော့ လက်ဆောင် ပါးခဲ့ပါမယ်။ အရက်အဆိပ်တက်တာကတော့ တကယ်ဖြစ်ပါတယ်။ ဒီလို ဖြစ်လာရင် အသက် သေစေ ပါတယ်။ အန်တယ်၊ စိတ်တွေ ရှုပ်ထွေးတယ်၊ တက်တယ်၊ ကိုယ်တွေလက်တွေ အေးစက်ပြီး အရေပြားတွေပြာ လာတယ် ဆိုတာမျိုးတွေ အရက်အများကြီး သောက်အပြီး ဖြစ်လာပြီ ဆိုရင်တော့ အရေးပေါ်ဆေးရုံ၊ ဆေးခန်းသာ ပို့လိုက်ပါ။ ဒါဟာ ရေဓာတ်ခန်းခြောက်မှုနဲ့ ဦးနှောက် ထိခိုက်မှုတွေကြောင့် ဖြစ်ရတာပါ။ ကြိုက်တတ်လို့ သောက်ရင် လည်း အရက်နာ မကျအောင် သောက်နိုင်ကြပါစေ။ ။