၂၀၁၅ ရွေးကောက်ပွဲဟာ ဒီနှစ်အကုန် နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေထဲ လုပ်မယ်လို့ နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက အကြမ်းဖျင်း ကြေညာထားပါတယ်။ ဒီကြေညာချက်ဟာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ဝင်၊ မဝင် မဆုံးဖြတ်ရသေးဘူး၊ ရွေးကောက်ပွဲရက်နဲ့ စည်းမျဉ်းစည်းကမ်းတွေက ဘယ်မှာမှန်းတောင် မသိသေးဘူးလို့ ပြောလိုက်အပြီး ဆက်တိုက် ပေါ်ထွက်လာတာပါ။
ဒီလို ရွေးကောက်ပွဲရက်နဲ့ စည်းမျဉ်းစည်းကမ်းတွေ မထုတ်ပြန်သေးတာဟာ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က အဆင်သင့် မဖြစ်သေးတာကြောင့် ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်မှုအတွင်း အကွဲကွဲ အပြားပြား ဖြစ်နေတယ်ဆိုတဲ့ သတင်းက နေပြည်တော် တင်မက အရပ်ရပ် အပြည်ပြည်ကိုတောင် ပြန့်လာနေခဲ့ပါတယ်။
“မျက်နှာချင်းဆိုင်လို့ မရဘူး” ဆိုကြတဲ့ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ အလွန်မှာ ဘယ်လို ဆက်စခန်းသွားမလဲဆိုတာ မျက်နှာချင်းဆိုင် စကားပြောဖို့ လုပ်ခဲ့ကြပါပြီ။
နေပြည်တော်မှာ ဒီလ ၁၅ ရက်ကနေ ၁၇ ရက် နေ့အထိ ဗဟိုကော်မတီအဆင့် အစည်းဝေးတခု ကျင်းပဖို့ရှိပြီး အစည်းအဝေးမှာ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်သူ့ကို သမ္မတလောင်း တင်မယ်ဆိုတာတွေ အပါအဝင် ပါတီရဲ့ နိုင်ငံရေး ဗျူဟာတွေကိုပါ ဆွေးနွေးမှာဖြစ်လို့ မြန်မာ့နိုင်ငံရေးမှာ အရေးကြီးတဲ့ ပွဲတခု ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒီကြံ့ခိုင်ရေးပါတီ အစည်းအဝေးက ၂၀၁၅ ရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ဘယ်လိုဗျူဟာမျိုးနဲ့ အနိုင်ယူမလဲ ဆိုတာကို အပြီးသတ် ညှိနှိုင်းကြလိမ့်မယ်လို့ ယူဆပါတယ်။ ဒီပါတီ အစည်းအဝေးမှာ ၂၀၁၅ အလွန် သမ္မတ ရာထူးအတွက် ပုဂ္ဂိုလ်ရေး၊ ဂိုဏ်းကဏ္ဍ ကွဲနေတာတွေကို ပါတီအကျိုးစီးပွားအတွက် ရှေ့တန်းတင်ပြီးတော့ အပေးအယူ၊ အလျှော့အတင်းတွေ ရှိနိုင်တယ်လို့ ယူဆရပါတယ်။
ဒီလိုအချိန်မှာ ပါတီအကျိုးစီးပွားကို ရှေ့တန်းတင်မလား၊ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားကို ရှေ့တန်း တင်မလားဆိုတာ အဖြူအမည်း သဲသဲကွဲကွဲ သိရမှာဖြစ်လို့ ဒီအစည်းအဝေး ၃ ရက်ပြီးရင် နိုင်ငံရေးမှာ ထူးခြားတဲ့ အခြေအနေတွေ ဖြစ်ပေါ်နိုင်တယ်လို့ ကြံ့ခိုင်ရေးပါတီ အသိုင်းအဝိုင်းက ပြောပါတယ်။
လက်ရှိ အာဏာရ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တွေဖြစ်တဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့ ၂ ဦး ကြားက ၂၀၁၅ အလွန် “သမ္မတ ရာထူး” ကြောင့် ခေါင်းဆောင် ၂ ဦးရဲ့ အကွဲအပြဲကို ဒီအစည်းအဝေးကနေ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေတရပ်ကို ပြန်ပြီး ရင်ကြားစေ့နိုင်မလား၊ ပါတီ ကွဲသွားမလား ဆိုတာဟာ ကြံ့ခိုင်ရေး ခေါင်းဆောင်တွေကြား ဘယ်လောက် အပေးအယူ လုပ်တတ်သလဲ၊ လုပ်နိုင်မလဲဆိုတဲ့ သံတမန်ရေးရာ အရည်အသွေးနဲ့ စွန့်လွှတ်အနစ်နာခံနိုင်တဲ့ စိတ်နေစိတ်ထားတွေပေါ်မှာ မူတည်နေပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော်နာယက သူရဦးရွှေမန်းတို့ကြားက အကွဲအပြဲဟာ လူသိများတဲ့ နိုင်ငံရေး သတင်းပါ။ ဧရာဝတီ သတင်းဌာနက ၂၀၁၄ ခုနှစ် မတ်လမှာ ပါတီခေါင်းဆောင် ၂ ဦးရဲ့ အကွဲအပြဲကြောင့် “၂၀၁၅ မှာ ကြံ့ခိုင်ရေးကို ဘယ်သူဦးဆောင်မလဲ”ဆိုပြီး မျက်နှာဖုံးဆောင်းပါး ရေးသားဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် သူတို့နှစ်ဦးကြား အကွဲအပြဲဟာ နေပြည်တော်က အာဏာရ အသိုင်းအဝိုင်း၊ စစ်တပ်နဲ့ ခရိုနီတွေရဲ့ ဘုံအကျိုးစီးပွားကို ထိခိုက်နိုင်လောက်တဲ့ အခြေအနေထိ မရောက်ခဲ့ပါဘူး။ နိုင်ငံရေးဝေဖန် သုံးသပ်သူတွေ ကလည်း ဒီလိုနိုင်ငံရေး အားပြိုင်မှုတွေ ဖြစ်လာအောင်လို့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ ကိုယ်တိုင် စီရင်ဖန်တီးပေးခဲ့တာလို့ သဘောတူကြပါတယ်။ (ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ခဲ့သလို တပ်ကိုလည်း အာဏာရဲ့ ပင်မဒေါက်တိုင်အဖြစ် ထားလို့) ဦးသန်းရွှေဟာ သူ့နောက်မှာ သူ့လို အာဏာကို တဦးတည်းချုပ်ကိုင်တာကို မလိုလားတဲ့အတွက် ၂၀ဝ၈ ဖွဲ့စည်းပုံအားဖြင့် အာဏာကို ဖြန့်ခွဲခဲ့တယ်လို့ ဆိုကြတယ်။
ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲက အခြေခံကျတာမို့ ဦးသန်းရွှေဟာ ကြံ့ခိုင်ရေးအသင်းကို ပါတီအသွင် ပြောင်းပါတယ်။ ဗိုလ်ချုပ်တွေကို အငြိမ်းစား ပေးပစ်ပြီး ပါတီကတဆင့် ရွေးကောက်ပွဲ ဝင်စေပါတယ်။ ကြံ့ခိုင်ရေးပါတီ ပေါက်ဖွားလာတာကို ကြည့်ရင်လည်း အလွယ်တကူ ပြိုကွဲဖို့ မဖြစ်နိုင်ပါဘူး။ ဒီပါတီဟာ အမိန့်ပေးစနစ်နဲ့သာ ယဉ်ပါးခဲ့ပြီး ပုဂ္ဂိုလ်ရေးထက် အဖွဲ့အစည်း အကျိုးစီးပွားကို ရှေ့တန်းတင်ရမယ်ဆိုတဲ့ အသိကို ရိုက်ထည့်ထားသူ စစ်ဗိုလ်ချုပ်လူထွက် အများစုနဲ့ ဖွဲ့စည်းထားတာ ဖြစ်လို့ပါပဲ။
ဦးသန်းရွှေဟာ ၂၀ဝ၈ ဖွဲ့စည်းပုံ ပေါ်ပေါက်လာအောင် ပြုလုပ်ခဲ့သူဖြစ်ပြီး ဒီဖွဲ့စည်းပုံအရ စစ်တပ်၊ လွှတ်တော်၊ အစိုးရနဲ့ ကြံ့ခိုင်ရေးပါတီတို့ ပေါ်ပေါက်လာအောင် ဗျူဟာကျကျ လုပ်ဆောင်ခဲ့သူပါ။ နိစ္စဓူဝ နိုင်နိုင်ရေးမှာ မပါဝင်တော့ဘူး ဆိုပေမယ့် ဒီအဖွဲ့အစည်းတွေ အားလုံးအပေါ်မှာ အခုချိန်အထိလည်း ဩဇာရှိနေတုန်းပါပဲ။ ဦးသန်းရွှေက “အားလုံး ညီညီညွတ်ညွတ် လုပ်ကြဖို့” မှာကြားထားတာဖြစ်လို့ နှစ်ဖက်စလုံးက သူ့စကားကို နားထောင်ကြမယ်ဆိုရင် ကြံ့ခိုင်ရေးပါတီ ပြိုကွဲဖို့ မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် အဖွဲ့အစည်းရဲ့ ခေါင်းဆောင်မှု စတိုင်၊ ကိုယ်ရည်ကိုယ်သွေး၊ သဘောထား၊ အမြင်တို့ဟာ အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာနဲ့ အောင်မြင်မှုတွေနဲ့ တိုက်ရိုက် အချိုးညီတာကြောင့် ကြံ့ခိုင်ရေး ပါတီရဲ့ ခေါင်းဆောင်လုပွဲဟာ အင်မတန် စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီပွဲမှာ ဘယ်သူသာမယ်ဆိုတာ မရေရာပေမယ့် ရွေးကောက်ပွဲမှာ မဲရရေး ဆွယ်တရားဟောဖို့ ဘယ်သူ ဘာတွေ လုပ်ခဲ့သလဲဆိုတာက အရေးပါတယ်လို့ ကြံ့ခိုင်ရေး ခေါင်းဆောင်ပိုင်းမှာ ယုံကြည်နေကြပါတယ်။
အထူးသဖြင့် ဦးသိန်းစိန် ဘက်တော်သားတွေဟာ ၂၀၁၁ ကစခဲ့တဲ့ အပြောင်းအလဲကို တည်ငြိမ်အောင် ကိုင်တွယ်နိုင်ခဲ့တယ်ဆိုတဲ့ နိုင်ငံရေးလမ်းကြောင်းကို လူသိရှင်ကြား ထုတ်ရောင်းနေပါတယ်။ မဲဆန္ဒရှင်တွေသာမက မဲပေးပိုင်ခွင့်မရှိတဲ့ ဘုန်းတော်ကြီးတွေကလည်း ဒီလိုရောင်းတာကို ဝယ်ကြပါတယ်။ မကြာသေးခင်ကတင် အမျိုးဘာသာ စောင့်ရှောက်ရေးအဖွဲ့က ဩဇာကြီးတဲ့ သီတဂူဆရာတော် ရှင်ဉာဏ်ဏိဿရက ဦးသိန်းစိန်ရဲ့ စွမ်းဆောင်ချက်တွေကို ချီးမွမ်းခန်းဖွင့်သွားပါတယ်။
ဒါကြောင့် ကြံ့ခိုင်ရေးပါတီက ဒီပြုပြင်ပြောင်းလဲမှုကို ဆက်လုပ်မယ်ဆိုရင် လက်ရှိအချိန်မှာ နာမည်ကောင်း ရနေတာကတော့ ဦးသိန်းစိန်ပါ။ ဦးသိန်းစိန်ဟာ တပ်မတော်ရဲ့ ထောက်ခံမှုကို ပြသတဲ့အနေနဲ့ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဗိုလ်ရှုခံပွဲလုပ်ပြီး သူ့ရဲ့ နိုင်ငံရေးအင်အားကို ပြသခဲ့ပါသေးတယ်။
လွတ်လပ်ရေးနေ့ ပေးပို့သော သဝဏ်လွှာမှာ ဦးသိန်းစိန်က “စေ့စပ်ဆွေးနွေး အဖြေရှာကြရန်ဆိုသည့် နိုင်ငံရေး ယဉ်ကျေးမှုသစ်” အသက်ဝင်ရှင် သန်လာကြောင်း၊ “ဒီမိုကရေစီ အသွင်ကူးပြောင်းရေး” ဟာ “လမ်းကြောင်းမှန်” ပေါ်ရှိနေပြီး အောင်မြင်မှုများကလည်း အစိုးရတဖွဲ့တည်းကြောင့် မဟုတ် “လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ တပ်မတော်နှင့် ပြည်သူတရပ်လုံး” ပါဝင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း စည်းရုံးရေးလေသံ ပစ်လိုက်ပြီး ၂၀၁၅ အဖွင့် နိုင်ငံရေးခြေလှမ်းကို စခဲ့တယ်။
သမ္မတ ဂိုဏ်းသားတွေဟာ မြန်မာပြည်မှာ လူကြိုက်များတဲ့ ဆိုရှယ်မီဒီယာ ဖေ့ဘွတ်ပေါ်မှာလည်း အင်တိုက်အားတိုက် ဦးသိန်းစိန် ချီးမွမ်းခန်းတွေ ဖွင့်လာကြသလို ရှေ့လျှောက် ပုံမှန်ပေးနေကျ ရေဒီယိုမိန့်ခွန်းများနဲ့တင် မလုံလောက်၊ သမ္မတအိမ်တော် သတင်းထောက်များ ခန့်ထားပြီးလည်း သတင်းစာနယ်ဇင်းများကတဆင့် မဲဆန္ဒရှင် ပြည်သူများအကြား ဦးသိန်းစိန်ပုံရိပ်ကို ပိုကောင်းစေအောင် နိုင်ငံရေးခြေလှမ်းတွေ လှမ်းပါတော့မယ်။
တချိန်တည်းမှာ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းကလည်း အလုပ်သမား ၊ လယ်သမား၊ စီးပွားရေး၊ လူမှုရေး အသိုင်းအဝိုင်းမျိုးစုံနဲ့ နိုင်ငံအနှံ့မှာ လိုက်လံတွေ့ဆုံပြီး စည်းရုံးရေး ဆင်းနေပါပြီ။ သူရဦးရွှေမန်းရဲ့ ရွေးကောက်ပွဲ ဗျူဟာကို လူအများက သိပ်မရှင်းလင်းလှပေမယ့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွဲပြခြင်းက မဲဆန္ဒရှင်များ သဘောကျနိုင်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ မဲရနိုင်မည့်အချက်လို့ သူရဦးရွှေမန်း ခေါင်းဆောင်တဲ့ ကြံ့ခိုင်ရေးအသိုင်းအဝိုင်းက တွက်ချက်ယုံကြည်ခဲ့ကြပုံပါ။
သူရဦးရွှေမန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၀၁၄ တလျှောက်လုံး နိုင်ငံရေးအရ ဆက်ဆံရေး အတော် ကောင်းမွန်အောင် နေလာခဲ့ပြီး အကယ်၍ ၂၀၁၅ အလွန် နိုင်ငံရေးမှာ သူရဦးရွှေမန်းသာ သမ္မတဖြစ်လာရင် ကြံ့ခိုင်ရေးပါတီနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းသွားနိုင်မယ်ဆိုတဲ့ လမ်းကြောင်းကို ရောင်ခဲ့ကြပါတယ်။ ပူးပေါင်းဆောင်ရွက်ရေးကို လိုလားသူ မဲဆန္ဒရှင်တွေကြားမှာ အတော်စိတ်ကူးယဉ်စရာကောင်းတဲ့ နိုင်ငံရေးလမ်းကြောင်းတခုပါ။
စောင့်ကြည့်သူတွေ အဆိုအရ ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းကနေ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အနည်းဆုံး ၅၂ ကြိမ် တွေ့ဆုံခဲ့ကြတယ်။ ဧရာဝတီ အပါအဝင် စာနယ်ဇင်းတွေကလည်း သူတို့ ၂ ဦးကြား နိုင်ငံရေး အပေးအယူ တစုံတရာများ ရှိနေသလားလို့ မေးခွန်း ထုတ်ရတဲ့အထိ နီးစပ်ခဲ့ကြတယ်။
ဒီလို သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးသွားတာကြောင့် သမ္မတ ဦးသိန်းစိန်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မဟာမိတ် ဆက်ဆံရေးဖြစ်အောင် လုပ်ရတယ်လို့ သမ္မတဂိုဏ်းသားတွေက ဧရာဝတီကို ပြောပြခဲ့ပါတယ်။
ဦးရွှေမန်း သမ္မတဖြစ်လာရင် ခရိုနီတွေနဲ့ သူနဲ့နီးစပ်ရာ လူတစုပဲ ကောင်းစားမှာလို့ ဦးသိန်းစိန် ဂိုဏ်းသားတွေက အခိုင်အမာ စွပ်စွဲကြပြီး အခုတောင် အစိုးရက အကြောင်းအမျိုးမျိုးနဲ့ ထုတ်ပယ်လိုက်သူတွေကို ဦးရွှေမန်းက လွှတ်တော် ကော်မတီ၊ ကော်မရှင်အသီးသီးမှာ အလုပ်ခန့်ထားတာ အနည်းဆုံး အယောက် ၅၀ ကျော် ရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။ နောက်ပြီး အစိုးရ အလုပ်လုပ်လို့မရအောင် လွှတ်တော်ကတဆင့် အနှောင့်အယှက် ပေးနေတယ်လို့လည်း စွပ်စွဲကြပါသေးတယ်။
ဒီလို ကြံ့ခိုင်ရေးခေါင်းဆောင် ၂ ဦးရဲ့ အကွဲအပြဲဟာ နေပြည်တော်မှာ ဖုံးမရ ဖိမရတဲ့ သတင်း ဖြစ်နေခဲ့ပြီး စေ့စပ်လို့ မရတော့ဘူးလို့ ယူဆလာတဲ့ အခြေအနေအထိ ရောက်လာခဲ့ပါတယ်။ ခေါင်းဆောင်မှု အကွဲအပြဲတွေကနေတဆင့် ဦးရွှေမန်းက ဦးသိန်းစိန်ကို သမ္မတ အရည်အချင်း ပျက်ယွင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လွှတ်တော်မှာ စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချနိုင်သလို ဒီလိုဖြစ်လာရင်၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၁၂ အရ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ခေါ်ပြီး အာဏာ ၆ လ လွှဲပေးနိုင်တဲ့ အခွင့်အရေး ရှိပါတယ်။
ဒါကြောင့် ဦးသန်းရွှေရဲ့ လူရင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက စစ်အာဏာသိမ်းနိုင် တယ်ဆိုတဲ့ စကားမျိုး ထုတ်ပြောလာရပါတယ်။ ဒါပေမယ့် အခုတော့ ဦးသိန်းစိန် ဂိုဏ်းသားဖြစ်သွားပုံရတဲ့ ဦးတင်အေးရဲ့ ပြောဆိုချက်ဟာ ဦးရွှေမန်းကို သတိပေးချက် သက်သက်ဖြစ်ပုံရပြီး အချင်းချင်းကွဲလို့ စစ်တပ်ကို အာဏာလွှဲပေးရတယ်ဆိုတာ အမြင်မကောင်းတာလည်း နေပြည်တော်အာဏာပိုင် အသိုင်းအဝိုင်းက ကောင်းကောင်း သဘောပေါက်ပါတယ်။
ဒီလိုအခြေအနေတွေအောက်မှာ ပါတီကို ပြိုကွဲမသွားရအောင် ဂူတဂူတည်း ခြင်္သေ ၂ ကောင် အတူအောင်းနိုင်အောင် အပေးအယူ ညှိနှိုင်းမှုတွေ လုပ်လာနိုင်တယ်လို့ သုံးသပ်ချက်တွေ ရှိနေပါတယ်။ ပါတီတွင်း ဒီမိုကရေစီကျင့်သုံးပြီး ခေါင်းဆောင်မှု ကဏ္ဍကို ရွေးချယ်နိုင်သလို ဘယ်သူ သမ္မတဖြစ်မလဲဆိုတဲ့ အဆုံးအဖြတ် ရယူနိုင်မယ့် ပုံစံမျိုးလည်း ဖြစ်ပြီး ပါတီအကျိုးစီးပွားအတွက် ဂိုဏ်းဂဏတွေကြား အပေးအယူ လုပ်ကြတာမျိုး ဖြစ်နိုင်တယ်လို့ ဆိုကြပါသေးတယ်။ ဂဏန်းကတော့ မငြိမ်သေးပါဘူး။
ဒီနေရာမှာ စိတ်ဝင်စားစရာ ကောင်းတာက ပါတီရဲ့ “ပထမ မျိုးဆက်” လူဟောင်းကြီးတွေ ၂၀၁၅ အလွန်မှာ ဆက်ပြီး ပါ မပါဆိုတာပါ။ သူတို့တွေဟာ လူကြိုက်သိပ်မများတာကြောင့် ပါတီရဲ့ မဲရနိုင်စွမ်းကို အတားအဆီး ဖြစ်နေတယ်လို့ ထင်မြင်ယူဆချက်တွေလည်း ရှိနေပါတယ်။ ဥပမာ အရင် ပြန်ကြားရေး လက်ရှိ သမဝါယမ ဝန်ကြီး ဦးကျော်ဆန်းလို၊ အမေရိကန် ဆက်ရှင်ထိထားတဲ့ ဦးအောင်သောင်းလို ပါတီခေါင်းဆောင်တွေ အနားယူရင် “တတိယ မျိုးဆက်”တွေ နေရာရလာနိုင်မယ်လို့ တွက်ချက်နေတာလည်း ဧရာဝတီက ကြားသိခဲ့ရပါတယ်။
ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်မှုဆောင်တွေထဲက ပုဂ္ဂိုလ်တချို့လည်း အနားယူနိုင်တယ်။ ဒီအထဲမှာ ဦးအောင်သောင်း၊ ဦးစိုးနိုင်၊ ဦးစိုးသာနဲ့ တခြား သူတချို့လည်း ပါနိုင်တယ်လို့ သတင်းတွေ ထွက်ပါတယ်။ သူရဦးရွှေမန်း ဂိုဏ်းသားပေမယ့် နာမည်ကောင်းရနေတဲ့ သူရဦးအောင်ကို တို့လို လူမျိုးတွေကို နေရာရလာနိုင်တယ်လို့လည်း တွက်ချက်သုံးသပ်မှုတွေ ရှိပါတယ်။
ဦးသိန်းစိန်ရဲ့ ၂၀၁၅ တောင်ကုန်းသိမ်းပွဲက ထင်သလောက်တော့ လွယ်မယ့်ပုံ မပေါ်ပါဘူး။ ဦးသိန်းစိန်က သမ္မတပြန်လုပ်ချင်ပေမယ့် လက်တွေ့မှာ အာဏာရ ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌရာထူးကို ဦးရွှေမန်းက ချုပ်ကိုင်ထားပါတယ်။ ၂၀၁၁ ခုနှစ်မှာ သမ္မတအဖြစ် ရွေးကောက်ခံရတဲ့ ဦးသိန်းစိန်ဟာ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကြံ့ခိုင်ရေး ပါတီကနေ နုတ်ထွက်ခဲ့တုန်းက ဥက္ကဋ္ဌအဖြစ်မှ “ခေတ္တ”လို့ ပြောဆို နုတ်ထွက်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဦးရွှေမန်းက “ခေတ္တ”ကို ဖြုတ်ပစ်လိုက်ပြီး သူသာလျှင် ဥက္ကဋ္ဌလို့ ကြေညာထားပါတယ်။
ဦးသိန်းစိန်က ဦးရွှေမန်းကို ကြံ့ခိုင်ရေး ဥက္ကဌရာထူးကို တရားဝင်စာနဲ့ လွှဲခဲ့ရခြင်း ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီက အတည်ပြုပါတယ်။ ကြံ့ခိုင်ရေး ဗဟိုကော်မတီဝင်လည်းဖြစ် ဒု-ဗိုလ်မှူးကြီး အငြိမ်းစားလည်း ဖြစ်တဲ့ ဦးလှဆွေကတော့ “ကျနော်တို့တပ်မှာ စစ်ဦးစီး တက္ကသိုလ်တက်ရင် တပ်ရင်းမှူးက ဒုတပ်ရင်းမှူးကို ခေတ္တတာဝန်လွှဲခဲ့ရတယ်။ သင်တန်း ပြန်ဆင်းလာရင် သူပဲ တပ်ရင်းမှူး ဖြစ်မှာပါ”လို့ ဦးသိန်းစိန်ဘက်ကနေ ထောက်ခံပြောဆိုပါတယ်။
ခေါင်းဆောင် ၂ ဦးကြားမှာ ၂၀ဝ၈ ဖွဲ့စည်းပုံအရ “နိုင်ငံရေး ပွတ်တိုက်မှု” တွေ ရှိခဲ့ပြီး ဖွဲ့စည်း ပုံကပေးတဲ့ လုပ်ပိုင်ခွင့်ထဲမှာ သူတို့တွေ လုပ်လို့ရသလောက် လုပ်ကိုင်ခဲ့ကြတာမျိုးလို့ နှစ်ဖက်စလုံးကပြောတဲ့ တရားဝင် မိန့်ခွန်းတွေ၊ အင်တာဗျူးတွေအရ သိနိုင်ပါတယ်။ ဒီလို အချင်းချင်း မကွဲလိုကြောင်း ပြတဲ့အနေနဲ့ နောက်ထပ် တပါတီထောင်ပြီး နိုင်ငံရေးမှာ ၂ ဖွဲ့ခွဲ ကစားဖို့ အကြံပြုချက်တွေ ရှိခဲ့ပေမယ့် ဦးသိန်းစိန်က ဒီအကြံပြုချက်ကို လုံးဝလက်မခံဘဲ ပယ်ချခဲ့တယ်လို့ သိရပါတယ်။
ကြံ့ခိုင်ရေးပါတီမှာ ပါတီဥက္ကဋ္ဌက လုပ်ပိုင်ခွင့် များစွာရှိပေမယ့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ဆိုရင် ဗဟိုကော်မတီထံ တင်ပြရပြီး ဗဟိုကော်မတီရဲ့ အဆုံးအဖြတ်ကလည်း အရေးကြီးပါတယ်။ ၂၀၁၅ ခုနှစ်မှာ ပါတီ အကျိုးစီးပွားအတွက် ပြန်ပြီး ကျောချင်းကပ်ရတော့မယ့် အကြောင်းရင်းက နိုင်ငံရေး ယှဉ်ပြိုင်ဘက် NLD ပါတီကြောင့်ကလွဲလို့ အခြားမရှိပါ။
၂၀၁၅ ရွေးကောက်ပွဲက မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ပိုပြီးခိုင်မာအားကောင်းလာအောင် အထောက်အကူဖြစ်မှာမို့ အလွန်အရေးကြီးတဲ့ ကိစ္စတရပ်အဖြစ် နိုင်ငံတကာ အသိုင်းအဝိုင်းက နားလည် လက်ခံထားပါတယ်။ နိုင်ငံတကာ အလယ်မှာ မျက်နှာပြန်ရလာတဲ့ မြန်မာ စစ်ဗိုလ်ချုပ်ဟောင်းတွေကလည်း ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောက်ခံမှုကို ဆက်လက်လိုလားမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို အုပ်ချုပ်ရေး အာဏာရဲ့ အကြီးဆုံးရာထူး သမ္မတတာဝန်ကို ၂၀ဝ၈ အခြေခံဥပဒေ ၅၉ (စ) နဲ့ ကန့်သတ်ထားပေမယ့် ၂၀၁၅ ရွေးကောက်ပွဲကို နိုင်ငံတကာ အသိအမှတ်ပြုရေးနဲ့ တရားဝင်စေရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဝင်ပြိုင်စေလိုပါတယ်။ NLD က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ရင် နိုင်ငံတကာ အပြမကောင်းပေမယ့် ၂၀၁၀ တုန်းကလို ဇွတ်ရှေ့ဆက်ဖို့လည်း နေပြည်တော်ဟာ ဝန်လေးနေမယ့်ပုံ မပေါ်ပါဘူး။
တဖက်ကလည်း NLD က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ရင် အကျိုးပိုနည်းဖို့သာ ရှိပါတယ်။ လတ်တလော ဖြစ်ပေါ်နေတဲ့ “ပြုပြင်ပြောင်းလဲရေး”ကို ဒေါ်အောင်ဆန်းစုကြည်က အစကနဦးမှာ လက်ခံထားပြီးပါပြီ။ ဒါကြောင့် အနောက်နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ်မှုတွေ လျှော့ချပြီး ရင်းနှီးမြှုပ်နှံမှုတွေ အကူအညီ အထောက်အပံ့တွေ စပေးခဲ့ကြပါတယ်။ သက်ဆိုင်သူ အားလုံးကလည်း အပြောင်းအလဲဟာ နှေးကွေးပေမယ့် အချိန်ယူရမယ်လို့ ယေဘုယျ လက်ခံထားကြပြီးပါပြီ။ ဒီမိုကရေစီလိုလားသူ မဲဆန္ဒရှင် အများအပြားကလည်း NLD ကို ရွေးကောက်ပွဲ ဝင်စေချင်ပါတယ်။ ရွေးကောက်ပွဲဟာ လွတ်လပ်သန့်ရှင်းပြီး တရားမျှတရင် မဲအများစုနဲ့ နိုင်မယ်လို့လည်း ယုံကြည်ရပါတယ်။
ရွေးကောက်ပွဲမှာ နေရာအများစုနဲ့ NLD နိုင်ရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပေမယ့် နောက်အစိုးရကို ဦးဆောင်ဖွဲ့ရမယ့် သမ္မတလောင်းဟာ NLD နဲ့ အပေးအယူ အကြီးအကျယ် လုပ်ရပါမယ်။ လွှတ်တော်ထဲမှာ အများစုမို့ ဥပဒေ ပြုရေးလုပ်ငန်းစဉ်မှာလည်း နိုင်ငံရေးဩဇာ ရှိသွားပါပြီ။ ဒါတွေကို ဒေါ်အောင်ဆန်းစုကြည်ရော NLD ခေါင်းဆောင်တွေရော သိပါတယ်။
ဒါကြောင့် ကြံ့ခိုင်ရေးပါတီဘက်က ပြင်ဆင်မှုတွေ လုပ်သလို အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဘက်ကလည်း ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ ရှိနေပါပြီ။ ၂၀၁၅ ခုနှစ်ကို NLD က “စည်းရုံးရေးနှစ်” အဖြစ် သတ်မှတ် လုပ်ဆောင်နေပါပြီ။ ရွေးကောက်ပွဲမှာ ဘယ်လိုပုံစံ ယှဉ်ပြိုင်မယ် ဘယ်သူတွေ ရွေးကောက်ခံမယ်ဆိုတဲ့ ရှင်းလင်းတဲ့ ထုတ်ပြန်ချက်မျိုးတော့ မထုတ်ပြန်သေးပါဘူး။
ဒါပေမယ့် ဖွဲ့စည်းပုံကို ၂၀၁၅ ခုနှစ်မတိုင်မီ မပြင်လို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်တော့ ၂၀၁၅ အလွန်မှာ အမြင့်ဆုံး မျှော်မှန်းနိုင်တာကတော့ လွှတ်တော်ဥက္ကဋ္ဌ ရာထူးပါပဲ။ ဒါကို NLD ခေါင်းဆောင်ပိုင်းကလည်း သဘောပေါက်ပုံပါ။ ဒါကြောင့် မကြာခင်က The Trade Times ဂျာနယ်ကို ဒီကိစ္စ NLD ခေါင်းဆောင်တွေက ပြောလိုက်ပုံ ရပါတယ်။ ဂျာနယ်က “ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက်သာ ကြိုးစားမည်” လို့ လိုသလို ခေါင်းတပ်လိုက်တော့ သူတို့ပြောတာ ဒီလိုမဟုတ်ဘူးလို့ ထရှင်းရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ဝင် မဝင် မတင်မကျပြောပြီး နေပြည်တော်ကို နိုင်ငံရေး ဖိအားပေးနေပေမယ့် ခေါင်းဆောင်အများစုက ရွေးကောက်ပွဲ ဝင်မယ်ဆိုတာပဲ ပြောနေကြတာကို ကြည့် ခြင်းဖြင့်လည်း အတိုက်အခံပါတီရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဦးတည်ချက်က ကြံ့ခိုင်ရေးပါတီလို မရေရာ ဖြစ်နေပါသေးတယ်။
နိုင်ငံတကာနဲ့ ပြည်တွင်းမှာတော့ တိုင်းပြည်ရဲ့ လက်ရှိအပြောင်းအလဲဟာ သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သာမက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဟန်ချက်ညီမှ ရှေ့ဆက်သွားနိုင်မယ်လို့ ထင်မြင်ယူဆချက်က ရေပန်းစားနေပါတယ်။
အာဏာရပါတီ အသိုင်းအဝိုင်းမှာ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့ပြီးရင် ကာချုပ်မင်းအောင်လှိုင်ကို မျှော်လင့်တဲ့သူလည်း ရှိနေကြပါတယ်။ ၂၀၁၅ အလွန်မှာ တပ်မတော်ဘက်က တင်သွင်းတဲ့ ဒုသမ္မတလောင်း ဖြစ်နိုင်ခြေရှိပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဝန်းရံဖို့ လက်ရှိ ဒုတိယဗိုလ်ချုပ်ကြီး ၆ ဦးကို အရပ် ဘက်ရွှေ့ဖို့ လုပ်နေပြီလို့လည်း နေပြည်တော်ကလာတဲ့ သတင်းတွေက ဆိုပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မကြာခင် အသက် ၆၀ ပြည့်လို့ တပ်မတော်တာဝန်က အနားယူရပါလိမ့်မယ်။
ဒီလို နေပြည်တော်ရဲ့ အာဏာအသိုင်းအဝိုင်းက နိုင်ငံရေးဗျူဟာ အကွက်ရွှေ့မှုတွေကြားမှာ အတိုက် အခံခေါင်းဆောင်ဟာ အတိုးအလျှော့ အနုတ်အသိမ်းတွေကို သူ့စရိုက်ဝသီနဲ့ မကိုက်ပေမယ့် လုပ်လာနေခဲ့ရတယ်။ ပထမ “သမ္မတကြီးကို ယုံပါတယ်”နဲ့ ဦးသိန်းစိန်ကို ပုံခဲ့ပြီး အခြေအနေမကောင်းတဲ့အခါ သူရဦးရွှေမန်းနဲ့ တွဲပြီး “ဥက္ကဋ္ဌကြီးက ရိုးဖြောင့်ပါတယ်” လုပ်ခဲ့ရပါတယ်။
၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ကလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်က “ဒီအစိုးရ သက်တမ်းအတွင်းမှာ အောင်မြင်တာဆိုလို့ လွှတ်တော် လုပ်ငန်းပဲ ရှိတယ်”ဆိုပြီး ဦးရွှေမန်းကို မျက်နှာသာပေး ထောက်ခံခဲ့ပေမယ့် ဧရာဝတီက ဒေါ်အောင်ဆန်းစုကြည်ကို ဦးရွှေမန်းနဲ့ ဆက်ဆံရေး ကောင်းကောင်း ထူထောင်နိုင်ပြီး ဘာဖြစ်လို့ သမ္မတ ဦးသိန်းစိန်နဲ့ ဆက်သွယ်ရေး ကောင်းကောင်း မထူထောင်နိုင်လဲ မေးတဲ့အခါ “ဦးသိန်းစိန်က ကျမကို ဖိတ်မှမဖိတ်ဘဲ။ ဖိတ်လို့ရှိရင် ဦးသိန်းစိန်နဲ့လည်း နီးစပ်နိုင်ပါတယ်”လို့ သံတမန်စကားနဲ့ ပြန်လည် ဖြေဆိုခဲ့ပါတယ်။
ဒါကိုပဲ ရှေးလူကြီးတွေက တိမ်တောင်သဖွယ် မင်းရေးကြွယ်ဆိုပြီး ပြောခဲ့ကြတာပဲ မဟုတ်ပါလား။ မျှော်လင့်ထားတာ ဖြစ်မလာသေးရင် ဖြစ်လာသမျှကို အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းတာကို အခုခေတ် နိုင်ငံရေးဘာသာရပ် ဝေါဟာရမှာ လက်တွေ့နိုင်ငံရေး Real Politics လို့ ခေါ်ကြတယ်။ ၂၀၁၅ ရွေး ကောက်ပွဲဟာ စစ်အစိုးရလွန်ခေတ် မြန်မာ့နိုင်ငံရေး သမားတွေကို လက်တွေ့နိုင်ငံရေးမှာ ပိုပီပြင်လာစေ တယ်လို့ နိဂုံးချုပ် ကောက်ချက်ချပါရစေ။