၂၀၀၈ ခု ဧပြီလ ၂၈ ရက်က ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ ရာပြည့်အကြို အထိမ်းအမှတ် အဖြစ် ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပါတယ်။ (လူထုဒေါ် အမာက ၂၀၁၅ ခု၊ နိုဝင်ဘာ ၂၉ မှာ နှစ်တရာပြည့်မှာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်းမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးခင်မောင် လတ်၊ ဒေါ်ခင်မျိုးချစ်တို့ ဇနီး မောင်နှံရဲ့ ရာပြည့်တွေလည်းရှိတယ်) စာအုပ်အမည် အပြည့်အစုံက “ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ စာပေဝေဖန်ရေးနဲ့ အခြားဟောပြောချက် စာတမ်းများ” ပါ။
ဒီစာအုပ်ထဲမှာ “ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ စာပေဝေဖန်ရေး”၊ “ဗမာသံတွေ ပျောက်ကုန်ပြီ”၊ “အနုပညာ စာအုပ်တွေကို ဘာရည်ရွယ်ချက်နဲ့ ရေးသလဲ”၊ “အမျိုးသားသဘင်တွေနဲ့ ကနေ့ အခြေအနေ” စတဲ့ စာတမ်း တွေဟာ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းရဲ့ စာဆိုတော်နေ့ စာတမ်းဖတ် ပွဲတွေမှာ ဖတ်ကြားခဲ့တာပါ။
“မြန်မာ ဖန်ကျီလုပ်ငန်း” စာတမ်းကိုတော့ မန္တလေး ကွန်သာယာစာတမ်းဖတ်ပွဲ၊ “ကမ္ဘာ့အကြီးဆုံးစာအုပ်” ကိုတော့။ မန္တလေး နိုင်ငံတကာစာအုပ်နဲ့ စာတမ်းဖတ်ပွဲ”၊ “အတ္ထုပ္ပတ္တိစာပေ” က မန္တလေး ဟံသာဝတီသတင်းစာ စနေစာပေဝိုင်း စာတမ်းဖတ်ပွဲမှာ ဖတ်ကြားခဲ့တာပါ၊ “ရုပ်တုဖွင့်ပွဲတုန်းက ပြောကြားတဲ့စကား” က ပန်းပုပညာရှင် ဦးဟန်တင်အိမ်မှာ ပြောခဲ့တာပါ။
စာတမ်းတွေကို အထက်ဗမာနိုင်ငံ စာရေးဆရာ အသင်းက ထုတ်ဝေတဲ့ “စာပေအင်အား”၊ “စာပေလုပ်သား အင်အားသစ်”၊ “လူမိတ်ဆွေ” စတဲ့ လုံးချင်း စာအုပ်များ၊ “စနေစာပေဝိုင်း”၊ “ရွှေဒေါင်းတောင် ဆောင်းပါးများ” နဲ့ “ကမ္ဘာ့အကြီးဆုံး စာအုပ်” လုံးချင်းတွေမှာ ဖော်ပြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် စာဖတ်ပရိသတ် အတွက် အကျိုးများ နိုင်ဖွယ် ရှိလို့ ထပ်မံစုစည်းပြီး ထုတ်ဝေလိုက်ရတာပါလို့ ထုတ်ဝေသူက အမှာစကားဆိုထားပါတယ်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ စာပေဝေဖန်ရေးကို ၁၉၁၇ ခုမှာ သူရိယ မဂ္ဂဇင်းမှာ အယ်ဒီတာ လုပ်ကိုင်ရင်း ရေးသားခဲ့တဲ့ ဆောင်းပါးက အစပြု ဖော်ပြပါတယ်။ ရေးသားထားတဲ့ ဝေဖန်ရေးက မြန်မာပြည် သုတေသန အသင်းက ကျင်းပတဲ့ အင်္ဂလန် ပြည်ကြီးရှင် ဂျော့ဘုရင်မင်းတရားနှင့် ညာထားနတ်သွင်၊ သောင်းရွေ့ရှင် ဖြစ်တော်မူသော အသျှင်ဒေဝီ မေရီ မိဖုရားကြီး၏ ဘုန်းတော်ဘွဲ့ လေးချိုးကြီးနဲ့ ရတုပိုဒ်စုံ ပြိုင်ပွဲမှာ ဆုရရှိတဲ့ ဆရာဦးအောင်ထွန်းရဲ့ လေးချိုးကြီးကို ဝေဖန်ထောက်ပြထားတာပါ။
လေးချိုးကြီးက ရှေးပညာရှိများ စပ်ဆိုပြီးသား ကဗျာကို ကူးယူပေါင်းစပ်ပြီး ရေးဖွဲ့ထားတာလို့ ဆိုပါတယ်။ (ခုခေတ်အနေနဲ့ ပြောရရင်တော့ ကွန်ပေါင်းကဗျာပေါ့) ဆရာကြီးက နှိုင်းယှဉ်ထုတ်နုတ်ပြပြီး ထောက်ပြထား တာပါ။ အဆုံးမှာတော့ “ကဗျာ ရေးစပ်ချင်ကြရင် ရဟန်းပညာရှိ၊ လူပညာရှိ အသီးသီးတို့ စပ်ဆိုခဲ့တဲ့ ကဗျာတွေကို အားထားနည်းယူပြီး စပ်ကြရမယ်၊ နည်းယူရမယ် ဆိုပေမယ့် တပုဒ်လုံး၊ တဝါကျလုံး မယူရဘူး၊ စပ်ပုံဟပ်ပုံ သိပ်သည်း ကောင်းမွန်ကြတာကိုသာ အတုယူရတယ်။ ကိုယ့်နဂို ပင်ထွက်ဉာဏ်နဲ့သာ ကြံဖန်စီကုံး သင့်တယ်” လို့ ပြောဆိုထားပါတယ်။
ဒုတိယ ဝေဖန်ရေးက ၁၉၂၆ ခု ဇန်နဝါရီလထဲမှာ ထုတ်ဝေတဲ့ “အောင်မြန်မာ သတင်းစာ”ကိုပါ။ အောင်မြန်မာ သတင်းစာက သူတို့ သတင်းစာဟာ ဘယ်ပါတီ ဘယ်ဂိုဏ်းမှ ပါဝင်မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။ အဲဒီမှာ ဆရာကြီးက သတင်းစာဟာ ဘက်လိုက်ရမယ်၊ ပြည်သူ့ဘက်က ရှိရမယ် ဆိုတဲ့ သဘောထောက်ပြပါတယ်။ “နိဂ္ဂဟေ၊ နိဂ္ဂဟေ တဗ္ဗံ၊ ပဂ္ဂဟေ၊ ပဂ္ဂဟာရဟံ”၊ အနက်ပြန်ရင် နိဂ္ဂဟေတဗ္ဗံ နှိပ်ခြင်းငှာ ထိုက်သောသူကို၊ နိဂ္ဂဟေ နှိပ်ရာ၏။ ပဂ္ဂဟာရဟံ ချီးမြှောက်ခြင်းငှာ ထိုက်သောသူကို၊ ပဂ္ဂဟေ ချီးမြှောက်ရာ၏တဲ့။ အဲဒါဟာ ခေတ်မီလှတဲ့ ဆရာကြီးရဲ့ သတင်းစာအပေါ် အမြင်ပါပဲ။
တတိယ ဝေဖန်ရေးက ၁၉၂၇ ခုက ပြည်ထဲရေး ဝန်ကြီး ဂျေအေမောင်ကြီးကို အင်္ဂလိပ်အစိုးရက ဆာဘွဲ့ ပေးလိုက်တယ်။ အဲဒီမှာ လယ်တီပဏ္ဍိတ ဦးမောင်ကြီးရေးပေးတဲ့ သီရိမင်္ဂလာ ဩဘာရတုကို ဆရာကြီးက ဝေဖန်တာပါ။ ဆရာကြီးနဲ့ ဦးမောင်ကြီးဟာ တဦးနဲ့တဦး ခင်မင်လေးစားတဲ့သူတွေပါ။ “မြန် နိမိတ်ဇမ္ဗူ ကမ္ဘာမလေ၊ ဗြဟ္မစိုရ် တဆောင်ထီးပေပေါ့၊ ပဏ္ဍိတ်တဆူပါပေ၊ ကျုပ်တို့ကို မောင်ကြီးရယ်က” လို့တောင် ပညာရှိတယောက် အဖြစ် အသိအမှတ်ပြု ခဲ့တာပဲ။
ဒါပေမယ့် ဆရာကြီးက မူနဲ့ပတ်သက်လာရင်တော့ ခွင့်လွှတ်သည်းခံလေ့ မရှိပါဘူး။ ဦးမောင်ကြီးက နိုင်ငံရေးနဲ့ ကင်းပါတယ်။ နောက်တော့ ဆရာကြီးကြောင့် တို့ဗမာအစည်းအရုံးဝင် သခင်တယောက် ဖြစ်ခဲ့တယ်။
စတုတ္ထ ဝေဖန်ရေးက အဲဒီခေတ် အင်္ဂလိပ် အစိုးရက ရိုက်နှိပ်ထုတ်ဝေတဲ့ မြန်မာစာ ညွန့်ပေါင်းကျမ်းကို ဝေဖန် တာပါ။ ၁၉၂၈ ခု ဧပြီလထုတ် ဗြိတိသျှ ဘားမား မဂ္ဂဇင်းကနေ “မြန်မာစာ ညွန့်ပေါင်းကျမ်း အရမ်းကာရဝိသော ဓနီ” ဆိုပြီး အခန်းဆက်ဆောင်းပါး ရေးပြီးဝေဖန်တာပါ။
(နအဖ လက်ထက် ပြန်ကြားရေးနဲ့ ပြည်သူ့ ဆက်ဆံရေး ကော်မတီကလည်း စာရေးဆရာတွေရဲ့ အတ္တုပ္ပတ္တိ စာအုပ်လေး ပြုစုတယ်။ ထင်ရှားလှတဲ့ စာရေးဆရာ ဗန်းမော်တင်အောင်ရဲ့ မွေးဇာတိကို ဗန်းမော်လို့ လွဲမှားစွာ ဖော်ပြထားတယ်။ အမှန်က ပဲခူးပါ။ အဲဒီစာအုပ်ကို သင့်နော်က ရစရာမရှိအောင် ဝေဖန်ဖူးတယ်။ စာအုပ် ကလည်း အမှားတွေ ဗရပွနဲ့ ရစရာ မရှိပါဘူး။)
ပဉ္စမ ဝေဖန်ရေးက မန္တန် ပန်တူ ပြဿနာပါ။ တက္ကသိုလ်ပါမောက္ခ ဦးဖေမောင်တင်နဲ့ ကျူတာ ဆရာပွားတို့ ကြီးကြပ် တည်းဖြတ်ပုံနှိပ်တဲ့ မဟာရာဇဝင်ကြီး ပထမတွဲက အယ်ဒီတာတွေရဲ့ အောက်ခြေမှတ်စုမှာ လွဲမှား နေလို့ ပြင်နိုင်ရင် ပြင်ကြပါလို့ ဆရာကြီးကထောက်ပြလို့ ပေါ်ပေါက်လာတဲ့ ဝေဖန်ရေးပါ။ အောက်ခြေမှတ်စုက ပန်တူဆိုတာ ပတူပဲ၊ ပတူဆိုတာ ရေစုပ်တဲ့ ကိရိယာလို့ ဖော်ပြတယ်။ ဆရာကြီးက ပန်တူဆိုတာ မန္တရားကို ခေါ်တာဖြစ်တယ်။ အဆင့်ဆင့်ကူးရာက တိမ်းပါးလို့ မန္တရားက မန္တန်၊ မန္တန်က ပန်တူ၊ ပန်တူက ပတူ ဖြစ်လာပုံ ရတယ် လို့ ဆိုတယ်။ အဲဒီမှာ မြန်မာစာ ဂုဏ်ထူးယူတဲ့ ကျောင်းသား ဦးချမ်းမြ (မြကေတု) က ဆရာကြီးကို သူ့ဉာဏ်လေးနဲ့ ဝေဖန် တိုက်ခိုက်တော့တာပါ။ အဲဒီ အကြောင်းကိုတော့ မေမြို့မိုးကြည်ရဲ့ မြန်မာစာပေ တိုက်ပွဲများ စာအုပ်မှာ ဖတ်ဖူးပါရဲ့။
“ဗမာသံတွေ ပျောက်ကုန်ပြီ” ဆိုတဲ့ စာတမ်းက ဒိုး၊ အိုးစည်၊ ဗြော၊ စည်တော်ကြီး၊ ဗျိုင်းတောင်စည်တို့ ပျောက်ကုန်ကြပြီ ဆိုတဲ့အကြောင်းပါ။ အဲဒီမှာ ဒေါ်ဒေါ် (လူထုဒေါ်အမာ) က လူငယ်တွေ စာသိ သိရအောင် ဒိုး၊ အိုးစည်၊ ဗြော၊ စည်တော်ကြီး၊ ဗျိုင်းတောင်စည်တွေ အကြောင်းတွေကို ရေးသားပြသွားတယ်။ လွမ်းစရာပါ။ ဒိုးနဲ့ အိုးစည်ကတော့ လက်ရှိ အနေအထားမှာ မတွင်ကျယ်ပေမယ့် ရှိနေသေးတယ်။ ဗြော၊ စည်တော်ကြီး၊ ဗျိုင်း တောင်စည် တို့ကတော့ လုံးဝပျောက်ကွယ်သွားပါပြီ။ ကျနော်တို့ကတော့ ကံကောင်းထောက်မစွာ အစွန်အဖျား မီလိုက်ပါသေးရဲ့။
“အနုပညာ စာအုပ်တွေကို ဘာရည်ရွယ်ချက်နဲ့ ရေးသလဲ”၊ “အတ္ထုပ္ပတ္တိစာပေ”၊ “အမျိုးသားသဘင်တွေနဲ့ ကနေ့ အခြေအနေ” စာတမ်းတွေက ဒေါ်ဒေါ် ရေးသားခဲ့တဲ့ ပြည်သူချစ်သော အနုပညာသည်များ၊ အောင်ဗလ ဖိုးစိန်ကတုံး၊ ရွှေရိုး ဘကလေး၊ ရွှေမန်း တင်မောင်၊ အငြိမ့်ဆိုတဲ့ စာအုပ်တွေနဲ့ ယှက်နွယ်နေတဲ့ စာတမ်းတွေပါ။
အတ္ထုပ္ပတ္တိ စာပေမှာတော့ ဒေါ်ဒေါ်ကို စာပေဗိမာန်က စာတမ်းဖတ်ဖို့ ဖိတ်ကြားတယ်။ ဖတ်ကြားတဲ့ နေရာမှာတော့ စကားပြောနည်း ဟန်နဲ့ ရေးထားတာကို ဖတ်ကြားလို့ရတယ်။ စာအုပ်ထုတ်ဝေမယ် ဆိုရင်တော့ စာရေးဟန်နဲ့ ပြောင်းလဲရမယ်လို့ ဆိုပါတယ်။ စာရေးဟန် ရေးနည်းနဲ့ စကားပြောဟန် ရေးနည်းဟာ ရေးဟန် ပြဿနာ မဟုတ်ပါဘူး။ ဘာသာဗေဒ ပြဿနာပါ။
ကျနော်လည်း စာရေးရင် စကားပြောဟန်နဲ့ ရေးပါတယ်။ ခံယူထားတဲ့မူပါ။ ခုတော့ ဆုရွေးချယ်ရေး အဖွဲ့တို့က၊ အစိုးရနဲ့ ဆက်နွှယ်နေတဲ့ အဖွဲ့တို့က စကားပြောဟန်နဲ့ စာရေးနည်းကို လက်ခံထားပြီး ကြပြီလား မပြောတတ်ပါ။ ကဗျာနဲ့ ပတ်သက်လို့တော့ နောင်နှစ် ၂၀၁၅ ခု အမျိုးသား စာပေဆု ရွေးချယ်မှုမှာ လေးလုံးစပ် ကဗျာရော၊ ခေတ်ပေါ် ကဗျာရော ဆုရွေးချယ်တော့မယ် လို့ သတင်းကြားရတယ်။ ခေတ်နဲ့ အညီ မူဝါဒတွေ ပြောင်းလဲဖို့ နောက်တွန့် မနေသင့်ပါဘူး။
ဒေါ်ဒေါ်ရေးခဲ့တဲ့ ဇာတ်သဘင်၊ ရုပ်သေး၊ အငြိမ့် အကြောင်းတွေဟာ ခုခေတ် လူငယ်များ အတွက် စာအုပ်ထဲမှာပဲ တွေ့နိုင်ကြတော့မှာ ဖြစ်ပါတယ်။ ရိုးရာအမွေအနှစ် အနုပညာတွေ တိမ်ကောနေတာ ဝမ်းနည်းစရာပါပဲ။ ခေတ်စနစ် ပြဋ္ဌာန်းချက်တွေ၊ စီးပွားရေး ပြဋ္ဌာန်းချက်တွေ၊ နည်းပညာပြောင်းလဲမှုတွေ စတဲ့ အကြောင်းခြင်းရာ တွေနဲ့ ပတ်သက်ပါ လိမ့်မယ်။ ဒါပေမယ့် ရိုးရာအနုပညာ အမွေအနှစ်ကိုတော့ ထိန်းသိမ်းသင့်တယ် လို့ ယူဆပါ တယ်။
“မြန်မာဖန်ကျီလုပ်ငန်း” စာတမ်း။ ဖန်ကျီကို တော့ တွေ့မြင်ဖူးပေမယ့် လုပ်ငန်းကြီး တခုအနေနဲ့ တည်ရှိနေခဲ့တာ မသိခဲ့ရိုး အမှန်ပါပဲ။ ကုန်းဘောင် ခေတ်နှောင်းပိုင်းမှာ ဖန်ချက်ဝန်တွေ ထားရှိခဲ့တာ နားမလည်နိုင်ဘူး။ အခု ဒေါ်ဒေါ်ရဲ့ ဖန်ကျီလုပ်ငန်း စာတမ်းဖတ်ရှုရမှ နားလည်သိရှိခွင့် ရလိုက်တယ်။
ဖန်ကျီလုပ်ငန်းကတော့ နည်းပညာတွေ တိုးတက်ပြောင်းလဲမှု အောက်မှာ ပျောက်ကွယ်သွားတဲ့ သဘောပါပဲ။ ဒေါ်ဒေါ်က စာတမ်းအဖြစ် ဖန်ကျီလုပ်ငန်းကို မှတ်တမ်းတင်ခဲ့လို့ ကျေးဇူးတင်စရာပါ။
“ရုပ်တုဖွင့်ပွဲတုန်းက ပြောကြားတဲ့စကား” က ပန်းပုပညာရှင် ဦးဟန်တင်က ဒေါ်ဒေါ့်ရဲ့ ပန်းပုပုံကို ၁၉၈၀ ခုနှစ် ဩဂုတ် ၃၁ ရက်မှာ ပေးအပ်ပါတယ်။ အဲဒီမှာ ဒေါ်ဒေါ်က ကျေးဇူးတင်စကား ပြောကြားခဲ့တာပါ။ မှတ်တမ်းတင် ထားသူက မိတ္ထီလာ တက္ကသိုလ် စာကြည့်တိုက်မှူး (ငြိမ်း) ဝင်းတင့်ပါ။
“ကမ္ဘာ့အကြီးဆုံးစာအုပ်” စာတမ်းက သီးခြားစာအုပ် ထုတ်ဝေခဲ့ဖူးပါတယ်။ ရတနာပုံ နေပြည်တော် မင်းတရားကြီး မင်းတုန်းမင်းက ပိဋကတ်သုံးပုံကို ကျောက်ထက် အက္ခရာတင်ပြီး စိုက်ထူခဲ့ပါတယ်။ ခုချိန်ထိ မန္တလေး ကုသိုလ်တော်ဘုရားမှာ တည်ရှိနေတယ်။ ကမ္ဘာ့အကြီးဆုံး စာအုပ်ပေါ့။
နောက်ဆုံးက ပြည်သူပိုင် ရေခဲနဲ့ ဘိလပ်ရည်စက် အလုပ်သမား စာကြည့်တိုက်ဖွင့်ပွဲမှာ ဒေါ်ဒေါ် ပြောကြားခဲ့တဲ့ စကားပါ။ ဒေါ်ဒေါ်က စာဖတ်ဖို့၊ စာဖတ်ကျင့် ရရှိအောင် ကြိုးစားဖို့ တိုက်တွန်းထားတယ်။ ဒါ့အပြင် စာရေးကြဖို့ လည်း တိုက်တွန်းထားပါတယ်။ အခုနေ ဒေါ်ဒေါ်သာ သက်ရှိထင်ရှားရှိဦးမယ် ဆိုရင် စာဖတ်ကြဖို့ကိုပဲ တိုက်တွန်းနေဦးမှာပါ။ ဒါ့အပြင် ရေးအားကောင်းကြတဲ့ စာရေးဆရာတွေကိုလည်း စာချည်းရေး မနေကြနဲ့ဦး၊ ဝမ်းစာဖြည့်တဲ့ အနေနဲ့ စာလည်းဖတ်ကြဦးလို့ ပြောလိမ့်မယ်ထင်ပါရဲ့။
စာအုပ်အမျိုးအစား – စာပေဝေဖန်ရေးနဲ့ ဟောပြောချက် စာတမ်းများ
စာအုပ် အမည် – ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ စာပေဝေဖန်ရေးနှင့် အခြား ဟောပြောချက် စာတမ်းများ
စာရေးသူ – လူထုဒေါ်အမာ
စာအုပ်တိုက် – လူထုကြီးပွားရေး စာအုပ်တိုက်
ထုတ်ဝေသည့်နှစ် – ပထမအကြိမ်၊ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ
တန်ဖိုး – ၂၅၀၀ ကျပ်