HIV ရောဂါပိုးနှင့် AIDS ရောဂါများကို ဆေးမြီးတိုဖြင့်ကုသ၍ ပျောက်ကင်းနိုင်သည်ဆိုသည့် အယူအဆ အလွဲများ ယနေ့တိုင် ရှိနေဆဲဖြစ်ကြောင်း HIV/ AIDS ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အသင်းအဖွဲ့ များထံမှ သိရသည်။ လင်ဇီးဆေးဝါးများ၊ ရေမန်းများ၊ ဘီးစပ်ရွက်နှင့် ရွှေရင်ကျော်ကု ကုသည်၊ ဓာတ်လုံးဖြင့် ကုသည်ဆိုသည့် ကုထုံးများကြောင့် HIV ပိုး ပျောက်ကင်းနိုင်ကြောင်း ယူဆသူများသည် ဝေးလံခေါင်သီသော ကျေးလက်ဒေသများ၌သာမက မြို့ကြီး ပြကြီးများတွင်လည်း ရှိနေဆဲဖြစ်သည်။
“နယ်ကလူတွေ နှုန်းပြည့်နီးပါးက အဲလိုယူဆကြတယ်။ ဘီးစပ်ရွက်ကလည်း ပြဿနာကြီးတယ်။ ဈေးကြီးတဲ့ လင်းဇီးထက် အလွယ်တကူရနိုင်တဲ့ ဘီးစပ်ရွက်က ပိုနှိပ်စက်တယ်။ သူ့ကြောင့် သေသွားတဲ့လူတွေ တော်တော် များပြီ။ ပြီးတော့ ဘယ်ဗိန္ဒောဆရာက ဘယ်လိုစွမ်းတာဆိုပြီး အများစုက အားကိုးရာ မြက်တပင်လို လှမ်းဆွဲကြတယ်” ဟု ပဲခူးတိုင်း၊ သာယာဝတီမြို့ရှိ စေတနာ့အားမာန်အဖွဲ့၏ ဥက္ကဋ္ဌ ဒေါ်ခင်မာဝင်းက ပြောသည်။
HIV/ AIDS ကာကွယ်တားဆီးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ကွန်ရက်များနှင့် နီးစပ်သူများက ထိုယူဆချက်များ မှားယွင်းကြောင်း သိရှိကြသော်လည်း၊ မနီးစပ်သူများက ဆေးမြီးတိုနည်းဖြင့်သာ ကုသပျောက်ကင်းနိုင်ကြောင်း ယုံကြည်နေကြဆဲ ဖြစ်သည်။
“ကျနော့်သူငယ်ချင်းရဲ့ အမေက HIV ဖြစ်နေတယ်။ သားသမီးတွေက သူ့အမေကို ဆေးကုပေးနေပေမယ့် ဘာရောဂါဖြစ်နေတယ်ဆိုတာ ပြောပြမထားဘူး။ ARV ဆေးကိုတော့ မသိဘူး။ အထက်က ပေးတဲ့ဆေး (ဘိုးတော်ပေးသည့်ဆေး) နဲ့ ကုလို့ ပျောက်သွားတဲ့ လူနာတွေရှိတယ်။ ကျနော့် မိတ်ဆွေအတွက် အဲဒီဆရာဆီကို ဆက်သွယ်ပေးမလို့” ဟု ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသားတဦးက ပြောသည်။
HIV ကူးစက်ခံထားရသူများ အပါအဝင် တခြားသော ရောဂါများကို ကုသပေးနေသည့် တိုင်းရင်းဆေးခန်း တခုသို့ လာရောက် ကုသခံသူများသည် ၎င်းတို့ပေးသည့် ဆေးကြောင့် အားအင်ပြည့်ကာ အလုပ်ခွင်သို့ ဝင်ရောက်နိုင်ခြင်းကြောင့် မိမိတို့ ဆေးဝါးကိုအာမခံကြောင်း ရန်ကုန်တိုင်း၊ သာကေတ မြို့နယ်ရှိ တိုင်းရင်း ဆေးခန်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။
အဆိုပါဆေးခန်းမှ တိုင်းရင်းဆေးဖြင့် ကုသပေးနေသည့် အမျိုးသမီးတဦးက “ကျမတို့ဆေးက တိုင်းရင်း ဆေးဝါးတွေနဲ့ ဖော်စပ်တဲ့ဆေးပဲ။ အားအင် ပြန်ဖြည့်တဲ့ဆေးဖြစ်လို့ အာမခံတယ်” ဟု ဧရာဝတီ သို့ပြောသည်။
ယခင်က HIV ပိုး ကူးစက်ခံထားရသည့် လူနာ အများစု လာရောက်ကုသခံကြောင်း၊ နောက်ပိုင်းတွင် ၎င်းတို့ဆေးခန်းမှ ရောင်းချသည့် ဆေးဝါးသည် တလစာအတွက် ကျပ် ၁ သိန်းခွဲခန့် ကုန်ကျသဖြင့် ငွေကြေးမတတ်နိုင်သူများက စွဲမြဲစွာမသောက် သုံးနိုင်ကြောင်း သူက ဆက်လက်ရှင်းပြသည်။
“ကျမတို့ဆေးသောက်ပြီးတော့ သူတို့ ဆေးပြန် စစ်သလား၊ မစစ်လားတော့မသိဘူး။ သူတို့အားအင် ပြည့်ပြည့် ဖြိုးဖြိုး ဖြစ်လာတယ်။ ကျန်းမာပြီး အလုပ်လုပ်နိုင်တယ်။ ဒါကြောင့် အလုပ်လုပ်နေကြတယ်လေ” ဟု သူကပြော သည်။
HIV ကူးစက်ခံရပြီးနောက် ဆေးမြီးတိုများဖြင့် ကုသခဲ့ရာမှ နောင်တချိန်တွင် မှန်ကန်သော ကုထုံး ဖြစ်သည့် ART ဆေးဝါးကုထုံးကို ခံယူခဲ့သော်လည်း ဆေးယဉ်ပါးမှုဒဏ်ကို တခြားသူများထက် စောစီးစွာ ခံစားရသည်ကို ကြုံဖူးကြောင်း Myanmar Positive Group (MPG) ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။
သူက “ကချင်ပြည်နယ်ဘက်က လင်မယားနှစ်ယောက်နဲ့ ကြုံဖူးတယ်။ ကုန်တင်ကား ၅ စီး ပိုင်တယ်။ သူတို့က အစပိုင်းက လင်ဇီးဆေးတွေသောက် နေတာ။ ကျနော်နဲ့ တွေ့တဲ့အချိန်မှာ ဆေးဝယ်သောက်ရင်း ကား ၂ စီးပဲ ကျန်တော့တယ်။ နောက်ပိုင်းမှာ ကျနော်တို့နဲ့ချိတ်ဆက်ပြီး ARV ရသွားတယ်။ ဒါပေမယ့် ရှေ့ကသုံးထားတဲ့ ဆေးမြီးတိုကြောင့် ARV ဆေးရဲ့အာနိသင်ကို ပြည့်ပြည့်ဝ၀ မရတော့ဘူး” ဟု ပြောသည်။
ကမ္ဘာပေါ်တွင် HIV ရောဂါပိုးအား အပြီးသတ် ကုသ၍ ပျောက်ကင်းနိုင်သည့်ဆေးဝါး မပေါ်သေးဘဲ ခန္ဓာကိုယ်တွင်း၌ HIV ပိုးများ ပိုမိုမပြန့်ပွားနိုင်အောင် ထိန်းသည့် ကုထုံးတမျိုးတည်းသာ ရှိသေးသည်။ ထိုကုထုံးမှာ ART/ARV ကုထုံးဖြစ်သည်။
ထိုကုထုံးကို သိရှိသူများက ဈေးကွက်အတွင်း၌ တန်ဖိုးကြီးပေးကာ ဝယ်ယူသောက်သုံးလျက်ရှိပြီး အများစုက NGO,INGO နှင့် အစိုးရ၏ အထောက်အပံ့ဖြင့် အခမဲ့ကုသခံယူလျက်ရှိသည်။
“HIVဟာ ဆေးမြီးတိုနဲ့ မပျောက်နိုင်ဘူး။ တချို့ စွဲလမ်းမှု၊ ရိုးရာယုံကြည်မှုတွေတော့ ရှိကောင်း ရှိနိုင်တယ်။ ဒါတွေကို အသိပညာပေးမှုတွေလုပ်ဖို့” ဟု ကျန်းမာရေးဝန်ကြီးဌာန၊ National AIDS Program (NAP) မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းညွန့်ဦးက ဧရာဝတီသို့ ပြောသည်။
သူက ဆက်လက်၍ “ဒီရောဂါက အရင်လို ကုရာနတ္ထိ ဆေးမရှိတဲ့ ရောဂါ မဟုတ်တော့ဘူး။ ဆီးချို၊ သွေးတိုး ရောဂါတွေလိုပဲ တသက်လုံး ဆေးသောက်ရတဲ့ နာတာရှည်ရောဂါဖြစ်တယ်။ ဆေးမှန် မှန်သောက်မယ်ဆိုရင် လူတန်းစေ့နေနိုင်ပြီ။ ဖြစ်လာပြီဆိုရင် တတ်သိနားလည်တဲ့ဆရာဝန်တွေနဲ့ တိုင်ပင်သင့်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံထားရသူ များအနက် ဆေးဝါးလိုအပ်သူ ၁၂၅၀၄၃ ဦး ရှိနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။ ထိုသို့ ဆေးဝါးလိုအပ်နေသူများအတွက် ဆေးဝါး လက်လှမ်းမီ နိုင်စေရန် ARV စင်တာများ တိုးချဲ့ဖွင့်လှစ်လျက်ရှိကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။
လာမည့် ၂၀၁၅ ခုနှစ်တွင် မြန်မာတနိုင်ငံလုံးရှိ တိုင်းနှင့် ပြည်နယ်အဆင့် ခုတင် ၁၀ဝ အထက် ဆေးရုံများတွင် ARV စင်တာစုစုပေါင်း ၇၇ ခုအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြို့နယ်အဆင့် စင်တာငယ် ပေါင်း ၁၀၂ ခုအထိ ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း NAP မှ သိရသည်။
“တိုင်းနဲ့ ပြည်နယ် အားလုံးက မြို့နယ်ပေါင်း ၁၄၀ လောက်မှာ အနည်းဆုံး ARV စင်တာ ၃ ခု လောက် ရှိလာမယ်” ဟု NAP မှ ဒေါက်တာ ထွန်းညွန့်ဦးက ဆက်ပြောသည်။
HIV ကို ဆေးမြီးတိုဖြင့် ကုသ၍ ပျောက်ကင်း နိုင်သည်ဆိုသည့် အယူအဆသည် ARV ဆေးဝါးကို လက်လှမ်းမီ သည့် နေရာဒေသများတွင် လျော့နည်းလာကြောင်း မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းရှိ မြို့ကြီးများတွင် လှုပ်ရှားလျက်ရှိသည့် HIV/AIDS ကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်နေသော အသင်းအဖွဲ့များမှ သိရသည်။
“ကျနော်တို့မြို့မှာ ARV လက်လှမ်းမီလာတော့ အဲဒီလိုအယူအဆတွေ နည်းလာတယ်။ အရင်တုန်းကတော့ ဘုန်းကြီးကုလို့ ပျောက်တယ်၊ ဗမာဆေးနဲ့ ပျောက်တယ်ဆိုပြီး ကုခဲ့ကြလို့ အသေအပျောက်တွေ တော်တော်များ ခဲ့တယ်” ဟု မကွေးတိုင်း၊ ချောက်မြို့နယ်အခြေစိုက် ရွှေညာမောင်မယ်အဖွဲ့မှ တာဝန်ရှိသူတဦး ဖြစ်သည့် ဦးကျော်ရှိန်းက ဧရာဝတီသို့ ပြောသည်။
အလားတူ ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက်၊ စွမ်းအားသစ်အဖွဲ့မှ ဦးမင်းသူကလည်း “ကျနော်တို့ ဆီမှာ ရှိတော့ရှိတယ်။ နည်းတယ်။ နယ်ဘက်တွေက အသိအမြင်နည်းတဲ့ လူတွေလောက်ပဲ ဘုန်းကြီးဆေးနဲ့ ပျောက်တယ်၊ ဗမာဆေးရွက်တွေနဲ့ ပျောက်တယ်ဆိုပြီး သွားကုကြတာရှိတယ်။ တောင်ငူမှာNAP က ဆေးယူရတာ သိပ်အခက်အခဲ မရှိဘူး” ဟု ၎င်းတို့ဒေသ၏ အတွေ့အကြုံကို ရှင်းပြသည်။
ထို့အပြင် မိတ္ထီလာနယ် အနီးတဝိုက်ရှိ မြို့နယ်များသည်လည်း ART ဆေးဝါး လက်လှမ်းမီသဖြင့် ထိုသို့သော အယူအဆများ သိပ်မရှိကြောင်း အဆိုပါ မြို့အခြေစိုက် ရောင်ခြည်ဦးအဖွဲ့မှ ဒေါက်တာ တင်စိန်က ပြောသည်။
“ကျောက်ဆည်ဘက်မှာ ဆရာဝန်တယောက် ကုပေးလို့ ပျောက်တယ်ဆိုပြီး သွားကုနေကြတာ ရှိတယ်။ စနစ်တကျမဟုတ်ဘဲ အားဆေးသွင်းပေးလိုက်လို့ ခဏကောင်းလာတာ။ ကျနော်တို့ဘက်မှာ ဆေးသောက်ဖို့ မလိုသေးလို့ မပေးသေးတာပဲရှိတယ်။ ဆေးသောက်ဖို့ လိုတဲ့လူတွေအားလုံး ဆေးရလို့ အဆင်ပြေကြတယ်” ဒေါက်တာတင်စိန်က ဆိုသည်။
ထို့ပြင် ယခင်က ARV ဆေးဝါး လိုအပ်သည့် HIV Positive များအတွက် ဆေးထုတ်ယူရမည့် နေရာကန့်သတ် ချက်၊ ဦးရေကန့်သတ်ချက်များ ရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ထိုကန့်သတ်ချက်များကို ပယ်ဖျက် လိုက်ပြီး၊ ARV Centre တိုင်းတွင်း လွတ်လပ်စွာ ဆေးယူနိုင်ရန် စီစဉ်ပေးထားကြောင်း NAP မှ ဒေါက်တာ တင်မောင်ဇော်က ပြောသည်။
“ဘယ်နေရာကလူက ဘယ်ဆေးရုံမှာမှ ယူရ မယ်ဆိုတဲ့စနစ် မရှိတော့ဘူး။ ART နဲ့ပတ်သက်ပြီး လူနာတွေ လက်လှမ်းမမီတော့ဘူးဆိုတာ မရှိတော့ ဘူး” ဟု ၎င်းကဆိုသည်။
သို့သော် ပဲခူးတိုင်း အနောက်ခြမ်းရှိ မြို့နယ်တချို့တွင် နေထိုင်သည့်သူ အများစုသည် HIV ပိုးကို ထိန်းချုပ်နိုင်သည့် တခုတည်းသော ART ကုထုံးကို ရရှိပြီးသည့်တိုင်အောင် ဆေးနှင့်ပတ်သက်သည့် အသိပညာကို ကောင်းစွာ မရရှိသေးသည် လည်းရှိနေကြောင်း ဒေါ်ခင်မာဝင်းက ပြောသည်။
“ART ရအောင် ချိတ်ဆက်ထားပြီးသား လူတချို့ကတောင် ဆေးသောက်ပြီးရင် ကောင်းသွားပြီ ဆိုပြီး၊ ရေမန်း သောက်တယ်။ သက်သာသွားရင် ဆေးကို ထပ်သွားမယူတော့ဘူး။ ကောင်းသွားတာနဲ့ ပျောက်သွားတာကို မကွဲကြဘူး။ ဒီဆေးက တသက်လုံး သောက်ရမယ်ဆိုတာကို လက်မခံချင်ကြတာ” ဟု သူကရှင်းပြသည်။
ကျေးလက်ဒေသများသည် သတင်းစာ၊ ဂျာနယ်များနှင့် HIV/AIDS ဆိုင်ရာ အသိပညာရရှိနိုင်မည့် စာရွက်စာတမ်းများကို လက်လှမ်းမီမှု အားနည်းခြင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး အစီအစဉ်နှင့် အဖွဲ့အစည်းများသည် ရုပ်သံများကို အသုံးပြုကာ အသိပညာပေးလုပ်ငန်းများ တိုးမြှင့်သင့်ကြောင်း သူကအကြံပြုသည်။
“ART ကုထုံးတခုပဲရှိတယ်ဆိုတာမျိုး၊ တသက်လုံး သောက်ရမယ့် ဆေးဖြစ်တယ်ဆိုတာမျိုး သူတို့ နားလည် လွယ်တဲ့ ရှင်းလင်းတဲ့ စကားလုံးမျိုးတွေနဲ့ ဇာတ်လမ်းတိုတွေ လွှင့်ပေးသင့်တယ်။ မြန်မာ့အသံနဲ့ မြဝတီက လူတွေသိပ်မကြည့်ဘူး။ Sky Net ကတော့ အိမ်တိုင်းမှာရှိတယ်။ အဲဒီမှာ ပညာပေးဇာတ်လမ်းတိုတွေ လွှင့်ပေးသင့်တယ်” ဟု စေတနာ့ အားမာန်အဖွဲ့၏ဥက္ကဋ္ဌ ဒေါ်ခင်မာဝင်းက အကြံပြုသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် HIV/AIDS ဖြင့် အသက်ရှင်နေထိုင်သူများအတွက် အစိုးရ ကျန်းမာရေးဌာနများနှင့် ပြည်တွင်းပြည်ပ လူမှုအထောက်အကူပြုနေသည့် အဖွဲ့အစည်းများက ကျန်းမာရေး ဝန်ဆောင်မှုပေးလျက်ရှိရာ လူနာအများစုက အစိုးရထက်၊ NGO များက ပေးသော ဝန်ဆောင်မှုများကို ပို၍ကြိုက်နှစ်သက်ကြောင်း သုတေသန စစ်တမ်းတရပ်က ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ HIV နှင့် နေထိုင်သူများအသင်း (MPG) နှင့် ဆေးသုတေသန ဦးစီးဌာန (အောက် မြန်မာပြည်) တို့ ပူးပေါင်း၍ ၄ လတာ ကာလအတွင်း ကောက်ယူထားသည့် ယင်းစစ်တမ်းကို ယခုလ ၁၉ ရက်တွင် တရားဝင် ထုတ်ပြန်လိုက်ရာ ယင်းအချက် ကိုလည်း ထည့်သွင်းဖော်ပြထားသည်။
ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုပေးသည့် တချို့သော အစိုးရဆေးရုံများရှိ ဝန်ထမ်းများ၏ ခွဲခြားဆက်ဆံ လိုသည့် သဘောထားများနှင့် အရည်အသွေးနိမ့်သော ဝန်ဆောင်မှုများကြောင့် HIV ပိုး ကူးစက်ခံထားရသူ များသည် ART ဆေးဝါး ဝန်ဆောင်မှုများကို လာယူရန် စိတ်မပါမှုများ ဖြစ်ပေါ်စေကြောင်း ယင်းသုတေသန စစ်တမ်းတွင် ပါဝင်သည်။
“လူတွေက NGO တွေကပေးတဲ့ ဝန်ဆောင်မှု ကို အစိုးရ ကျန်းမာရေးဌာနတွေကပေးတာထက် ပိုကြိုက်ကြ တယ်။ တချို့က အစိုးရဌာနကို ပိုကြိုက်ပေမယ့် ဝန်ထမ်းအင်အားနည်ပါးမှု၊ အချိန်ကြန့်ကြာမှုတွေကြောင့် ဝန်ဆောင်မှု မကောင်းတာမျိုးကို ထောက်ပြတယ်” ဟု ဆေးဝါးသုတေသန ဦးစီးဌာနမှ သုတေသန စာတမ်းရေးသားသူ တဦးဖြစ်သည့် ဒေါက်တာ ခင်စုစုလှိုင်က ရှင်းပြသည်။
ထို့ပြင် HIV ပိုး ကူးစက်ခံထားရသူများကို နှစ်သိမ့်ဆွေးနွေးခြင်း လုပ်ငန်းစဉ်များတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကာကွယ်ပေးနိုင်သည့် နေရာများ၊ အခန်းများ၊ လျှို့ဝှက်ထိန်းသိမ်းပေးခြင်းစနစ်၊ လုံလောက်သောဝန်ထမ်းဦးရေ၊ နည်းပညာကိုကျွမ်းကျင်သော ဝန်ထမ်းများ၊ ဆေးရုံ၊ ဆေးပေးခန်းများတွင် စောင့်ဆိုင်းရသည့် အချိန်ကြာမြင့်ခြင်း စသည့်အချက်များက ယခုထက် တိုးတက်ကောင်းမွန် ရန်လိုအပ်နေ ကြောင်း ထိုစစ်တမ်းတွင် ဖော်ပြထားသည်။
၂၀၁၃ ခုနှစ်၊ အောက်တိုဘာမှ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရန်ကုန်၊ ပုသိမ်၊ တောင်ကြီး၊ လားရှိုး၊ မော်လမြိုင်နှင့် မန္တလေး၊ စစ်ကိုင်း၊ မကွေး စသည့် ဒေသများတွင် “မြန်မာပြည်ရှိ ART ဆေး ပေးမှုလုပ်ငန်းတွင် HIV ပိုးရှိသော အုပ်စုများ ပါဝင်နိုင်မည့် အခန်းကဏ္ဍ” ဆိုသည့် ခေါင်းစဉ်ဖြင့် သုတေသန စစ်တမ်းတရပ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းစစ်တမ်းတွင် HIV ပိုး ကူးစက်ခံထားရသူများ၊ ထိုသူများကို ဆေးဝါးဝန်ဆောင်မှု ပေးနေသည့် ပြည်တွင်း ပြည်ပ လူမှုကူညီထောက်ပံ့ရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အစိုးရ ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများ အပါအဝင် လူပေါင်း ၁၀ဝ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာ ပြည်) မှ သုတေသနမှူး ဒေါက်တာ ခင်စုစုလှိုင်က ပြောသည်။
သူက ဆက်လက်၍ “NGO တွေမှာလည်း နှစ်သိမ့်ဆွေးနွေးပညာပေးရေး စတဲ့ ပုံစံတွေက ထပ်တလဲလဲ ဖြစ်နေတာမျိုးတွေကို မကြိုက်တာတွေရှိတဲ့အကြောင်း ထောက်ပြကြတယ်” ဟု ပြောသည်။
ထို့ပြင် HIV ပိုးဖြင့် အသက်ရှင်နေထိုင်သူများအတွက် လုပ်ဆောင်မည့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများတွင် ကာယကံရှင်များကိုယ်တိုင် ပါဝင်မှုက အလွန်အရေးကြီးကြောင်း ယင်းစစ်တမ်းအရ တွေ့ရှိခဲ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံထားရသူ ပေါင်း ၂ သိန်းနီးပါးရှိပြီး ARV ဆေးဝါး သောက်သုံးနေသူ ၁ သိန်း ၂ သောင်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၁၃ ခုနှစ် ကိန်းဂဏန်းများအရ သိရသည်။
ထိုကိန်းဂဏန်းအနက် HIVကို ဆေးမြီတိုဖြင့် ပျောက်ကင်းကြောင်း ယုံကြည်နေကြဆဲ လူများအတွက် စိတ်အစွဲကိုချွတ်မည့် နည်းလမ်းကောင်းများကို တာဝန်ရှိသူများက အကောင်အထည်ဖော်ရန်၊ အရှိန်မြှင့် လုပ်ဆောင်ရန် လိုအပ်နေဆဲဖြစ်သည်။