ဗိုလ်ချုပ်တွေများလွန်းတဲ့ မြန်မာပြည်မှာ“ဗိုလ်ချုပ်” လို့ ပြောလိုက်ရင် ဗိုလ်ချုပ်အောင်ဆန်းကိုပဲ ရည်ညွန်းမှန်း လူတိုင်းသိပါတယ်။ အပြောမချိုရုံမက တခါတလေ မာန်မဲတတ်တဲ့ အသားညိုညို မေးကြော တင်းတင်း အဲဒီပုဂ္ဂိုလ်ကြီး လူ့လောကမှာ မရှိတော့တာ နှစ် ၇၀ နီးပါးရှိပါပြီ၊ ဒါပေမယ့် ပြည်သူတွေက နက်နက်ရှိုင်းရှိုင်း ချစ်ခင်နေကြတုန်းပါပဲ။
လွတ်လပ်ရေးမရခင် လပိုင်းအလိုမှာ လုပ်ကြံခံ လိုက်ရတဲ့အချိန်က ဗိုလ်ချုပ် အောင်ဆန်းမဟုတ်တော့ပါဘူး။ နိုင်ငံရေးလုပ်ဖို့ စစ်တပ်ထဲက ထွက်လိုက်လို့ ဦးအောင်ဆန်း ဖြစ်နေပါပြီ၊ ဒါပေမယ့် အရေးကြုံတိုင်း ပြည်သူ ဘက်က ပြတ်ပြတ်သားသား ရပ်တည် ကာကွယ်ပေးခဲ့တဲ့ အားကိုးယုံကြည်ရတဲ့ အဲဒီ ပုဂ္ဂိုလ်ကြီးကို ပြည်သူ တွေက “ဗိုလ်ချုပ်” လို့ပဲ စွဲစွဲမြဲမြဲရှိနေကြပါတယ်။ အစောဆုံး လုပ်ကြံခံလိုက် ရတာ အနှစ် ၇၀ ရှိခဲ့ပြီးဖြစ်သလို၊ နောက်ထပ် အကြိမ်ပေါင်းများစွာ နှစ်ပေါင်းများစွာ လုပ်ကြံခံခဲ့ရပေမယ့်၊ အရှိန်အဝါကြီးတဲ့၊ ပခုံးနဲ့ ရင်ဘတ်မှာ သတ္တုတံဆိပ်ပေါင်းများစွာဆင်ယင်ထားတဲ့ ဗိုလ်ချုပ်ပေါင်းများစွာက သူ့နေရာကို အတင်းအကျပ် လုယုဖို့ ကြိုးစားခဲ့ကြပေမယ့် ပြည်သူတွေကတော့ “ဗိုလ်ချုပ်” ဆိုတဲ့နေရာမှာ တခြားဗိုလ်ချုပ်တယောက်နဲ့ အစား မထိုးလိုက်ကြပါဘူး။
၂၀၁၅ ခုနှစ်ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာ ဦးအောင်ဆန်း အသက် ၁၀ဝ ပြည့်မွေးနေ့ဖြစ်ပါ တယ်။ အသက် ၃၀ စွန်းစွန်းအရွယ် ငယ်ရွယ်တက်ကြွ ဉာဏ်မီးတောက်တဲ့ အရွယ်မှာ အမြော်အမြင်နည်းတဲ့ နိုင်ငံရေးသမား တယောက်ရဲ့ အမုန်းနဲ့ အာဃာတကြောင့် အသက်ဆုံးပါးခဲ့ ရရှာပါတယ်။ ၁၉၄၇ ဇူလိုင် ၁၉ ရက်နေ့မှာ အတိုက် အခံ နိုင်ငံရေးသမား ဦးစောရဲ့ စေခိုင်းချက်နဲ့ မသမာသူတစုက လုပ်ကြံ သတ်ဖြတ်ခဲ့တယ်။ ဝမ်းနည်းစရာ၊ ရုပ်ဆိုး အကျည်းတန်လှတဲ့ သမိုင်းဖြစ်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်လို့ ဒီထက်ရုပ်ဆိုးအကျည်း တန်တဲ့ သမိုင်းရှိပါသေးတယ်။
တကယ်တော့ မြန်မာ့တပ်မတော်ကို ထူထောင်သူဟာ ဗိုလ်တေဇ (ဗိုလ်ချုပ်အောင်ဆန်း) ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပေါက်ဗိုလ်ချုပ်တွေကပဲ တပ်မတော်ရဲ့ ဖခင်အရင်းခေါက်ခေါက်ကို အဖန်တလဲလဲ သတ်ခဲ့ကြ တယ်၊ ၂၀၁၀ မတိုင်ခင် စစ် အစိုးရ တခေတ်လုံး ဗိုလ်ချုပ်အောင်ဆန်းကို ဗိုလ်ချုပ်ကြီးတွေက အကြိမ်ကြိမ်သတ် ခဲ့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းမပြောရ၊ ဦးအောင် ဆန်းပြောခဲ့တဲ့ စကားတွေကို ပြည်သူတွေ မကြားစေရ၊ ဦးအောင်ဆန်း အရုပ်တွေကို မမြင်စေရဆိုပြီး စစ်အစိုးရ တခေတ်လုံး အမှောင်ချထားခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးအောင်ဆန်း ရုပ်ပုံပါတဲ့ ငွေစက္ကူတွေကို ဖျက်သိမ်းခဲ့တယ်။ အြွေကစေ့တွေ အစ ဖျောက်ခဲ့ကြတယ်။ သားက အဖေကို သတ်တဲ့ အဇာတသတ်ဇာတ် ခင်းခဲ့ကြတယ်။ ဒီအကြောင်းကို ပြန်ပြော တာက ဒီလုပ်ရပ်ကြောင့် တိုင်းပြည်အတွက် အကြီးအကျယ် နစ်နာခဲ့သလို၊ နောက်ထပ်လည်း နစ်နာဦးမယ့် နိမိတ်တွေကို မြင်နေရလို့ပါပဲ။
နိုင်ငံတခုကို ထူထောင်တဲ့အခါမှာ Nation Buildingနဲ့ State Building ဆိုပြီး ရှိပါတယ်။ Nation Building ဆိုတာ နိုင်ငံနယ်နိမိတ်ထဲမှာ နေထိုင်ကြတဲ့ လူမျိုးဘာသာအားလုံးက “ဒါဒို့ပြည်၊ ဒါဒို့မြေ” ဆိုတဲ့ စိတ်ဓာတ်တွေ၊ နှလုံးသားတွေ တသွေးတသားတည်းဖြစ်အောင် ဖန်တီး တည်ဆောက်တာကို ဆိုလိုပါတယ်။ နိုင်ငံရေးသိပ္ပံမှာ State Building ဆိုတာကတော့ နိုင်ငံတခုမှာ ရှိရမယ် အုပ်ချုပ်ရေး၊ ဗျူရိုကရေစီ၊ ပြည်ပရန် ကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေးစတဲ့ တာဝန်တွေကို သူ့နေရာ နဲ့သူ ထမ်းဆောင်နိုင်မယ့် ယန္တရားတွေကို ရှင်သန် လည်ပတ်နိုင်အောင် ဖွဲ့စည်းတည်ဆောက်ရတာ ဖြစ်ပါတယ်။ လွယ်အောင်ပြောရရင် Nation Building ဟာ နိုင်ငံတခုရဲ့ နှလုံးသားကို တည်ဆောက် ရတာဖြစ်လို့ စိတ်၊ ဝိညာဉ်နဲ့ တူပါတယ်။ State Building ကတော့ ရုပ်ပိုင်းကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို ကျန်းမာကြံ့ခိုင်အောင် တည်ဆောက်ရတာ ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံတွေကို ကြည့်တဲ့အခါ Nation Building မအောင်မြင်တဲ့ နိုင်ငံမှာ State Building မအောင်မြင် နိုင်ပါဘူး။ ဒီနှစ်ခုဟာ ခေါင်းနဲ့ ပန်းလို ခွဲခြားမရပေမယ့်မတူပါဘူး။ တခုက ရုပ်ဝထ္ထု ပိုင်းဖြစ်ပြီး တခုက အလွန် နူးညံ့ပြီး ထိတွေ့ကိုင်တွယ်လို့ မရတဲ့ နာမ်ပိုင်းဖြစ်ပါတယ်။ Nation Building မှာ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ တန်ဖိုးတွေ၊ အများနဲ့ သက်ဆိုင်တဲ့ သမိုင်းကြောင်းတွေ၊ အတွေးအခေါ်၊ စံပြခေါင်းဆောင်တွေ၊ ကဗျာ၊ ဂီတ၊ စာပေ တို့က တဆင့် တည်ဆောက်ရပါတယ်။
သမိုင်းမှာ သူရဲကောင်းတွေရဲ့ အခန်းကဏ္ဍကို ပုံကြီးချဲ့လွန်းခြင်းဟာ အန္တရာယ်များပါတယ်။ ဒါပေမယ့် ဂန္ဒီမပါတဲ့ အိန္ဒိယ လွတ်လပ်ရေး တိုက်ပွဲ၊ အောင်ဆန်းမပါတဲ့ မြန်မာ့လွတ်လပ်ရေး အရေး တော်ပုံကို စိတ်ကူးနဲ့ မှန်းဆကြည့်လို့ ရနိုင်ပါ့မလား။ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာပြည်ရဲ့ တော်လှန် ရေး၊ လွတ်လပ်ရေး၊ ညီညွတ် ရေး ခေါင်းဆောင်ဖြစ်တယ်။ တိုင်းရင်းသား ညီအစ်ကိုအချင်းချင်းတိုက်ရတဲ့ ပြည်တွင်းစစ်အကြောင်း ပြောကြတဲ့အခါ “အောင်ဆန်းသာရှိခဲ့ရင်” လို့ ကျနော်တို့ စဉ်းစားကြပါတယ်။
အောင်ဆန်းဆိုတဲ့နာမည်မှာ Nation Building အတွက် ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့ မရတဲ့ အင်အားတွေရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်း မပါဘဲ နိုင်ငံကို ဘယ်လိုမှ တည်ဆောက်လို့ မရနိုင်ဘူးလို့ သေချာပေါက် ပြောနိုင်ပါတယ်။ တိုင်းရင်းသား ပေါင်းစုံနေထိုင်တဲ့ တိုင်းပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ သမိုင်းကြောင်းအရ အငြင်းပွားစရာ မရှိတဲ့ ဒေါင်ဒေါင်မြည် ခေါင်းဆောင်ဖြစ်တယ်။ တိုင်းရင်း သား ပြည်သူတွေရဲ့ အသွေးအသားထဲမှာ နွေးထွေး ရှင်သန်ရှိနေတဲ့ အောင်ဆန်းနေရာမှာ ရာဇဝင်ထဲက အငြင်းပွားဖွယ်ရာ ဘုရင့်နောင်၊ အလောင်းဘုရား တို့ရဲ့ သက်မဲ့ ကျောက်ရုပ်တွေနဲ့ အစားထိုးလို့ မရနိုင်သလို တခြားအခွင့်ထူးခံ ဗိုလ်ချုပ်တွေနဲ့ အစားထိုးလို့ မရပါဘူး။
ဒါပေမ့ယ် စစ်အစိုးရတခေတ်လုံးမှာ အောင်ဆန်းကို အမှောင်ချထားခဲ့တယ်။ ၂၀၁၀ ရွေး ကောက်ပွဲအလွန်ကျမှ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစ တခြား ပုဂ္ဂိုလ်တွေက ဗိုလ်ချုပ်အောင်ဆန်း နာမည်ကို ရှားရှားပါးပါး ပြန်ပြီးထုတ်ဖော်ပြော ဆိုလာကြတယ်။ ရင်ထဲက ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ နိုင်ငံရေးအရ အသုံးချတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ပြောရရင် မြန်မာပြည် အပြောင်းအလဲဟာ လည်း ဦးအောင်ဆန်း ဓာတ်ပုံရှေ့မှာ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မတ်တတ်ရပ်နေတဲ့ မြင်ကွင်းနဲ့ ဖွင့်လှစ်ခဲ့ရတယ်မဟုတ်ပါလား။ ဒါပေမယ့် အခုအခါမှာတော့ အပြောင်းအလဲတွေ နောက်ပြန်လှည့်ဖို့ အရှိန်ယူနေတာ မဟုတ်ရင်တောင် အရှိန်ကုန်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကြားက ဆက်ဆံရေးကလည်း နေ့ဟောင်းတွေဆီကို နောက်ပြန်ဆုတ်နေ သလို၊ “ဗိုလ်ချုပ် အောင်ဆန်း” အသံတွေလည်း ပြန်တိတ်သွားပါ တယ်။
လွန်ခဲ့တဲ့ နှစ်တွေအတွင်း မျက်နှာပန်း ပွင့်ခဲ့တဲ့ ဦးသိန်းစိန် အစိုးရ အဖွဲ့အပေါ်မှာလည်း လူထုထောက်ခံမှု ကျဆင်းနေတဲ့အကြောင်းရင်းတွေထဲမှာ အသွင်ကူးပြောင်းရေးကာလ မျှော်လင့်ချက်တွေ မြင့်မားတာက မျက်နှာစာတဖက်၊ အစိုးရက အပြောနဲ့ အလုပ်မညီ၊ စွမ်းဆောင်ရည် ညံ့ဖျင်း၊ အမှားကို ဝန်မခံ၊ မာန်မာန ထောင်လွှား၊ ပြည်သူ့ အကျိုးထက် လူတစု အကျိုးကို ကာကွယ်ပေးတဲ့ လုပ်ရပ်တွေက နောက်မျက်နှာစာ တဖက်ဖြစ်ပါတယ်။
ဒီလိုအချိန်မျိုးမှာ အစိုးရက ဗိုလ်ရှုသဘင်လို ဂုဏ်တင်တဲ့ အခမ်းအနားတွေကို ကျင်းပလာတယ်။ တိုင်းပြည် တည်ဆောက်ရေးအတွက်၊ ညီညွတ်ရေး အတွက် အရေးပါတယ်လို့ ဆိုတယ်။ ဟုတ်သလောက် ဟုတ်ပါလိမ့် တယ်။ ဒါပေမယ့် အရင်က ကျင်းပခဲ့တဲ့ ဆီးဂိမ်းအားကစားပွဲလို၊ အာဆီယံ ထိပ်သီးဆွေးနွေးပွဲလို စက္ကန့်ပိုင်းပဲ သက်တမ်းခံတဲ့ ဆပ်ပြာပူဖောင်းတွေပါ။
ဒီလိုပွဲပြီးမီးသေ၊ ကောက်ရိုးမီးလို ဟုန်းခနဲ ထတောက်တဲ့ အခမ်းအနားမျိုးတွေက တိုင်းပြည် ဂုဏ်သိက္ခာ၊ ညီညွတ်ရေးနဲ့ တိုင်းပြည်တည်ဆောက်ရေးအတွက် အရေးပါတယ်လို့ စဉ်းစားတဲ့ ဦးနှောက်တွေက အောင်ဆန်းရာပြည့်ကို ဘာလို့ မေ့လျော့ နေသလဲ။ အောင်ဆန်းရဲ့ ကျေးဇူးကို အောက်မေ့ဖို့၊ အောင်ဆန်းကို ဂုဏ်တင်ဖို့ ဘာကြောင့် ဝန်လေးနေသလဲ။
စိတ်ပျက်စရာ ကောင်းတာက ဗိုလ်ချုပ်အောင်ဆန်းကို အလေးပြုဖို့ ဝန်လေးနေသူတွေဟာ သူအသက်ပေးခဲ့တဲ့ လွတ်လပ်ရေးအရသာကို တကယ်ခံစား စံစားနေသူတွေဖြစ်နေပါတယ်။ တကယ် ပြည်သူအများစုဟာ လွတ်လပ်ရေး အရသာကို မခံစားရသေးပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်း တဲ့ တိုင်းရင်းသားတွေ တန်းတူရည်တူ ပြည်ထောင်စု၊ ပြည်သူတွေရဲ့ စီးပွားရေးအဆင့်အတန်းကို အခွင့်အရေးတန်းတူရနိုင်တဲ့ အခြေအနေအထိ မြှင့်တင်ပေးတဲ့ ဒီမိုကရေစီနိုင်ငံ မဖြစ်သေးပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်တင်တယ်ဆိုတာ လူပုဂ္ဂိုလ်တယောက်ကို ဂုဏ်တင်တာမဟုတ်ပါဘူး။ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ရာပြည့်မှာ အဓိပ္ပာယ်များစွာ ရှိပါတယ်၊ တိုင်းပြည်တည်ဆောက်ရေးအတွက် ဘယ်ခေတ် ရောက်ရောက် မရိုးနိုင်တဲ့ “အောင်ဆန်း တန်ဖိုး” တွေ မြှင့်တင်တာဖြစ်ပါတယ်။ အနာဂတ် မျိုးဆက်သစ်တွေကို ဗိုလ်ချုပ်အောင်ဆန်း တန်ဖိုး တွေကိုလက်ဆင့်ကမ်းရမှာတွေ ရှိပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းရဲ့ သတ္တိနဲ့ ကိုယ်ကျင့်သီလ၊ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ကိုယ်ကျိုးစွန့် စိတ်ဓာတ်နဲ့ စိတ်ထား ဖြောင့်မတ်ခြင်း၊ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ကိုယ်ချင်း စာစိတ်ဓာတ်နဲ့ စိတ်ထားနူးညံမှု၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခြိုးခြံချွေတာမှု၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြည်သူကို ချစ်ခင်မြတ်နိုး တန်ဖိုးထားမှု၊ ပြည်သူ့ဆန္ဒကို မဆန့် ကျင်၊ အရာအားလုံး ရဲ့အထက်မှာ ပြည်သူကို ဦးထိပ်ထားတဲ့ စိတ်ဓာတ် စတဲ့ တန်ဖိုးတွေကို မြှင့်တင်ရပါမယ်။ ဗိုလ်ချုပ်အောင် ဆန်းရဲ့ အမှန်တရားကို မြတ်နိုးမှု၊ အပြောနဲ့လက်တွေ့တထပ်တန်းကျမှု၊ အမှားကို ဝန်ခံတဲ့စိတ်ဓာတ်၊ အတိုက်အခံကို လေးစားပြီး ရန်သူကို ဆွေးနွေးတဲ့ သတ္တိ၊ အာဏာနဲ့ရာထူး ဂုဏ်ထူးတွေကို မမက်မောတဲ့ စိတ်ဓာတ်၊ ဗိုလ်ချုပ်အောင် ဆန်းရဲ့ လက်ရုံးရည် သတ္တိ၊ နှလုံးရည်သတ္တိတွေ အကြောင်း ပြောရင် မကုန်နိုင် ပါဘူး။
ဘာသာတရားကို အလေးအနက် တန်ဖိုးထားပေမယ့် နိုင်ငံရေးနဲ့ မရောထွေးစေလိုတဲ့ အမြော် အမြင်၊ တိုင်းပြည်တပြည်မှာ တပ်မတော်ရဲ့ အခန်း ကဏ္ဍဟာ အရေးကြီးတယ်ဆိုတာကို အသိအမှတ်ပြုပေမယ့် အခွင့်ထူးခံတပ်မတော်၊ ပြည်သူကို နှိပ်စက်တဲ့ တပ်မတော်ဖြစ်မှာကို စိုးရိမ်ပူပန်မှုတွေ အကြောင်း စသဖြင့် ဉာဏ်ပညာနဲ့အမြော်အမြင်တွေ အကြောင်း ဆွေးနွေးစရာတွေ အများကြီး ရှိပါတယ်။
ဗိုလ်ချုပ် အောင်ဆန်းဟာ မြန်မာ့သမိုင်းမှာ ကိုယ်ကျင့် တရားကောင်းမြတ်ခြင်းနဲ့ ညီညွတ်ရေးရဲ့ သင်္ကေတ အဖြစ် တမျိုးသားလုံးရဲ့ စိတ်နှလုံးမှာကမ္ပည်း ကျောက်စာတင်နိုင်ခဲ့သူဖြစ်တယ်။ ဗိုလ်ချုပ် အောင်ဆန်းရဲ့ တန်ဖိုးတွေဟာ ဒီမိုကရက်တစ် လူ့ဘောင်မှာ မရှိမဖြစ် တန်ဖိုးတွေဖြစ်ပါတယ်၊ ညီညွတ်ရေးအတွက်မရှိမဖြစ်တဲ့ တန်ဖိုးတွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် မရှိမဖြစ်တဲ့ တန်ဖိုးတွေ၊ တိုင်းပြည် တည်ဆောက်ရေးအတွက် မရှိမဖြစ်တဲ့ တန်ဖိုးတွေ ဖြစ်ပါတယ်။ ဒီတန်ဖိုးတွေကို သဘောတရားအရ မဟုတ်ဘဲ လက်တွေ့ကျင့်သုံးလို့ ဖြစ်နိုင်တယ်။ ကျင့်သုံးသလောက်လည်း တိုင်းပြည်အတွက် အကျိုးရှိတယ်ဆိုတာကို လက်တွေ့ပြသခဲ့သူဟာ ဗိုလ်ချုပ်အောင်ဆန်းပါပဲ။
ဗိုလ်ချုပ်အောင်ဆန်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်ရေးကိုချည်း ကွက်မြင်နေတာ အတော်မှားယွင်းတဲ့ ကိစ္စပါ၊ ဦး အောင်ဆန်းဟာ လွတ်လပ်ရေး ခေါင်းဆောင်၊ ညီညွတ်ရေး ဗိသုကာ၊ အမျိုးသားခေါင်းဆောင် ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ဒေါ်အောင်ဆန်းစုကြည် တယောက်တည်း မပိုင်ပါဘူး။ တပြည်လုံးက ပြည် သူတွေ ပိုင်ပါတယ်။ အောင်ဆန်းကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တခုတည်းက မပိုင်ပါဘူး။ တပြည်လုံးက တိုင်းရင်းသားပြည်သူတွေ အားလုံးနဲ့ ဆိုင်ပါတယ်။
နိုင်ငံအသီးသီးမှာ တိုင်းပြည်ထူထောင်တဲ့ ခေါင်းဆောင်တွေ၊ တန်ဖိုးထားတဲ့ ခေါင်းဆောင်တွေ ရှိကြသလို မြန်မာပြည်သမိုင်းမှာလည်း အောင်ဆန်းဆိုတဲ့ မဟာလူသား တယောက်ရှိပါတယ်။ တခြား ဘယ်သူနဲ့ အစားထိုးလို့ မရပါဘူး။ ဘယ်အခြေအနေ မျိုးမှာပဲဖြစ်ဖြစ် ပြည်သူတွေကတော့ အောင်ဆန်းတန်ဖိုး၊ အောင်ဆန်းကျေးဇူးကို တခါမှ မမေ့ခဲ့ကြ ပါဘူး။ အောင်ဆန်းရုပ်ပုံပါတဲ့တီရှပ်ဝတ်လို့၊ အောင်ဆန်းမိန့်ခွန်းကို ဖြန့်ဝေလို့ ထောင်ချတဲ့ ခေတ်ကို ရင်ဆိုင်ခဲ့ကြတယ်။ ခြိမ်းခြောက်မှုတွေ၊ နှစ်ပေါင်း များစွာ ထောင်ချတာကို ခံနိုင်တယ် ဆိုတာက သိလျက်၊ ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ အခမ်းအနား တွေကို ကျင်းပခဲ့သလို၊ ရာပြည့်အခမ်းအနားကိုလည်း နည်းလမ်းမျိုးစုံနဲ့ ကျင်းပနေကြပါတယ်။
ဒါပေမယ့် တိုင်းပြည်ကို ဒီမိုကရေစီ လမ်း ကြောင်းပေါ်ကို ပို့ပေးနေပါတယ်ဆိုတဲ့ ဦးသိန်းစိန် အစိုးရက ဘာကြောင့်မှန်းမသိ (စစ်အစိုးရလက်ထက် က စဉ်းစားနည်းမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်) အောင်ဆန်း ရာပြည့်ကို မသိကျိုးကျွန် လုပ်နေပြန်ပါ တယ်။ အရင်လိုပဲ အောင်ဆန်းရဲ့ ဂုဏ်ကို ထုတ်ဖော် ပြောဆိုဖို့ နှုတ်ဆွံ့၊ အောင်ဆန်းကို ဦးညွတ်ဖို့ တွန့်ဆုတ်နေကြပုံပါပဲ။ သမီးကို မဲပြီး အဖေကို ရန်သူလို သဘောထားနေကြပြန်ပါ သလား။ သို့မဟုတ် ဗိုလ်ချုပ်အောင်ဆန်းလိုပဲ တတိုင်းပြည်လုံးကို စည်းလုံးစေနိုင်တဲ့ ခေါင်းဆောင်တယောက် ကိုများ သူတို့တွေ နောက်တခေါက်တွေ့ရှိထားကြသလား။ “ဒုတိယပင်လုံ”ကျင်းပပြီး နိုင်ငံတော်သစ် ထူထောင် မယ့် အောင်ဆန်း လက်သစ် တယောက် တသက်လုံး အခွင့်ထူးခံလာတဲ့ ဗိုလ်ချုပ်ဟောင်းတွေထဲက ပေါ်ထွက် လာမယ်လို့များ အထင်ရောက်နေကြပြန်သလား တွေးမိတဲ့အခါ ရင်မောသွားရပါတယ်။
သွေးနားထင်မရောက်ကြပါနဲ့။ မမိုက်မဲကြပါနဲ့။ တိုင်းပြည် ကောင်းစားအောင် လုပ်တဲ့နေရာမှာ ဗိုလ်ချုပ် အောင်ဆန်း တန်ဖိုးတွေကိုမြှင့်တင်၊ အောင်ဆန်းလမ်းစဉ်ကို လိုက်ရုံကလွဲလို့ တခြားနည်းလမ်း မရှိပါဘူး။