စိတ်ဓာတ်ကျတယ် ဆိုတဲ့ စကားကို မကြာခဏပြောဖူး၊ သုံးဖူးကြမှာပါ။ ဒါက အခိုက်အတန့် ကြုံရတဲ့ အနေ အထားတွေကို တုန့်ပြန်တဲ့ ခပ်ပေါ့ပေါ့ ဝေါဟာရတခုပါ။ လူ့သဘာဝအတိုင်း စိတ်ကျတဲ့ခံစားမှုကို ရံဖန်ရံခါ တော့ ကြုံကြရမှာပါပဲ။ ဒါပေမယ့် ရေရှည် စိတ်ဓာတ် ကျနေတယ် ဆိုရင်တော့ ပြဿနာဖြစ်လာပါပြီ။ အဲဒီ စိတ်ကျနေတဲ့ ခံစားမှုဟာ နေ့စဉ်ရက်ဆက် ဖြစ်လာပြီ ဆိုမှဖြင့် စိတ်ကျရောဂါဆိုတဲ့ ဝေဒနာတခု ဖြစ်လာနိုင် တာကို စိုးရိမ်ရပါပြီ။
ဝမ်းနည်းပူဆွေးတာရယ်၊ ဘာကိုမှ စိတ်မဝင်စားနိုင် သလို ဖြစ်နေတာရယ်တွေနဲ့ တခြားလက္ခဏာတွေ တွဲပြီး အနည်းဆုံး ရက်သတ္တ ၂ ပတ်လောက် ဆက်တိုက်ဖြစ်နေပြီး နေ့စဉ်လုပ်ရမယ့် လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်လာပြီ ဆိုရင်တော့ စိတ်ကျရောဂါ ဖြစ်နေပြီလို့ အကြမ်းဖျဉ်း ဆိုရတော့မှာပါ။ စိတ်ကျရောဂါဟာ ရိုးရိုး အားနည်းတဲ့ လက္ခဏာနဲ့ အဆိုးမြင်တတ်တဲ့ အလေ့အထတခု အဖြစ်ထက် ပိုတဲ့ အဓိကကျတဲ့ လူထုကျန်းမာ ရေး ပြဿနာတခု ဖြစ်ပါတယ်။ ဒါပေမယ့် ကုသလို့ရတဲ့ရောဂါတခု ဆိုတာတော့ သိစေချင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ
စိတ်ကျရောဂါရဲ့ အဦးအစ လက္ခဏာကတော့ ဝမ်းနည်းသလိုလို ဖြစ်လာတာ၊ ဘာကိုမှ စိတ်မဝင်စားတော့ တာမျိုးပါ။ ပုံမှန်ပျော်ရွှင်ကြည်နူးရတဲ့ အဖြစ်ကလေးတွေကိုတောင် မခံစားမိတော့တာပါ။
နောင်တရနေသလို ခံစားချက်တွေ၊ မိမိဟာ တန်ဖိုးမဲ့ အဓိပ္ပာယ်မဲ့နေသလို ဖြစ်နေတာတွေ၊ မျှော်လင့်ချက် ကုန်ခမ်းသွားသလို ဖြစ်နေတာတွေကနေ သေဖို့အထိ စဉ်းစားပြီး သေကြောင်းကြံတဲ့အထိ ဖြစ်တတ်ကြ ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ
စိတ်ကျရောဂါ ဆိုပေမယ့် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေနဲ့ ဆက်နွယ်နေတာကို တွေ့ရပြန်ပါတယ်။ နုံးချိ မောလျနေတတ်တာ၊ အားကုန်ခမ်းသလိုဖြစ်တာ၊ အိပ်မပျော်တာ (အထူးသဖြင့် အစောကြီး အိပ်ရာက ပြန်နိုးနေတာ) ၊ ဒါမှမဟုတ် အလွန်အမင်း အိပ်နေတာ အစရှိတာတွေ တွေ့ရတတ်ပါတယ်။ နာတာရှည် ကိုက်ခဲနာကျင်မှုတွေလည်း ဖြစ်တတ်ပါတယ်။ ခေါင်းကိုက်တာ၊ ကြွက်တက်တာ၊ အစာမကြေတာ စတဲ့ ဝေဒနာတွေက ကုသမှု ခံနေရင်းကိုပဲ ခံစားနေရတာပါ။
စိတ်ကျနေတဲ့ အခါ တခြားရှိပြီးသား ရောဂါတွေပါ ပိုဆိုးလာတတ်ပြီး အသိသာဆုံးကတော့ နာတာရှည် ကိုက်ခဲနာကျင်ခြင်းတွေက ပိုဆိုးလာတတ်ပါ သတဲ့။ ဦးနှောက်ရဲ့ သော့ချက်ကျတဲ့ ဓာတုပစ္စည်းတွေက စိတ်တက်ကြွမှုနဲ့ နာကျင်တာတွေ အပေါ် လွှမ်းမိုးနိုင်တာကိုး။ စိတ်ကျရောဂါကုရင် တခြားရောဂါတွေပါ သက်သာလာတာ တွေ့ရပါတယ်။
အစာစားချင်စိတ်
စားချင်သောက်ချင်စိတ် အပြောင်းအလဲ ဖြစ်တာက စိတ်ကျရောဂါရဲ့ သိသာတဲ့ လက္ခဏာတခုလို့ ဆိုကြ ပါတယ်။ တချို့ကတော့ စားချင်စိတ် ပိုလာပြီး မရပ်မနားစားကြ၊ တချို့ကလည်း ဘာမှ စားချင်စိတ် မရှိလို့ မစားကြ ဆိုပြီး အစွန်းနှစ်ဖက် ဖြစ်လာကြပါတယ်။ ဒါကြောင့် စိတ်ကျ ရောဂါသည်တွေမှာ အရမ်းပိန်တာနဲ့ အဝလွန်တာ နှစ်မျိုးလုံးကို တွေ့ရတတ်ပါတယ်။
နေ့စဉ်ဘဝကို ထိခိုက်မှု
စိတ်ကျရောဂါကို ဆေးမကုသဘဲနေရင် ရုပ်ပိုင်း၊ စိတ်ပိုင်းထိခိုက်မှုတွေကနေ အလုပ်အကိုင်၊ ပေါင်းသင်း ဆက်ဆံရေး၊ ဝါသနာပါရာ စိတ်ဝင်စားမှုတွေကို ထိခိုက်လာပါ တော့တယ်။ စိတ်ကျနေတော့ အာရုံစူးစိုက်ရ တာ ခက်ခဲပြီး ဆုံးဖြတ်ချက်တွေ ချဖို့ အဆင် မပြေဖြစ်လာပါတယ်။ ပုံမှန် ပျော်ရွှင် နှစ်သက်မှုတွေ (ဥပမာ-လိင်ကိစ္စလိုမျိုး) ကနေပါ ဝေးကွာလာပါ တော့တယ်။ သိပ်ဆိုးသူတွေ ဆိုရင်တော့ အသက် အန္တရာယ်ပါ
ထိပါးလာ နိုင်ပါတယ်။
စိတ်ကျရောဂါရှင် တွေမှာ မိမိကိုယ်မိမိ သေကြောင်းကြံမှုတွေ ရှိတတ်ပါတယ်။ စိတ်ကျရောဂါ လက္ခဏာ ပြနေသူ တယောက်က သေဖို့အကြောင်းတွေ ပြောလာရင်၊ တခြားသူကို ထိခိုက် နာကျင်အောင် လုပ်လာရင်၊ စိတ်တို ရန်လို တာတွေ ပုံမှန်ထက်ပိုလာပြီဆိုရင်တော့ အထူး သတိပြုပြီး အရေးပေါ်လုပ်ဆောင်ဖ့ို လိုလာ ပါပြီ။ သေကြောင်း ကြံစည်တာတွေ လုပ်ဖို့ နီးစပ်လာပြီလို့ ဆိုလိုချင်ပါတယ်။
လူတိုင်းဟာ စိတ်ကျရောဂါ ဖြစ်နိုင်ခြေ ရှိသူတွေချည်းပါ။ တချို့ကတော့လည်း မျိုးရိုးဗီဇနဲ့ သက်ဆိုင်နေ ပြန်ပါတယ်။ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် စိတ်ကျရောဂါဖြစ်မှု ၂ ဆ ရှိတယ်လို့ ဆိုပါတယ်။
ဖြစ်စေတတ်တဲ့ အကြောင်းများ
စိတ်ကျရောဂါ ဘာကြောင့်ဖြစ်တယ်လို့ ဆေးပညာအရ အတိအကျ မဆိုနိုင်ပေမယ့် ထင်ရှားတဲ့ အယူအဆ တခုကတော့ ဦးနှောက်ရဲ့ဖွဲ့စည်းပုံနဲ့ ဦးနှောက်ထဲက ဓာတုပစ္စည်းတွေရဲ့ လုပ်ငန်းဆောင်တာတွေ ချို့ယွင်းလို့ လို့ဆိုတာပါပဲ။ စိတ်ကျနေသူ တွေမှာ လူရဲ့ စိတ်ခံစားမှုကို ထိန်းချုပ်တဲ့ စနစ်တွေ အလုပ် သိပ်မလုပ်တာကို တွေ့ရလို့ပါပဲ။
ဒါကြောင့် စိတ်ကျရောဂါ အတွက် အသုံးပြုတဲ့ ဆေးတွေက အာရုံကြောဆဲလ်တွေကို ပုံမှန် ချိတ်ဆက်နိုင် အောင် လုပ်ပေးကြတာပါ။ ပညာရှင်တွေ အဆိုအရတော့ ကြီးမားတဲ့ စိတ်ထိခိုက်မှု (ဥပမာ- ကိုယ် သိပ်မြတ် နိုးတဲ့သူ ဆုံးပါးတာမျိုး) က ဇီဝအပြောင်းအလဲတွေ ဖြစ်ပြီး စိတ်ကျရောဂါ ဖြစ်စေတယ်လို့ ပြောပါတယ်။
တခြား အကြောင်းရင်းတွေ အဖြစ် ဆေးဝါးတွေ၊ အရက်နဲ့မူးယစ်ဆေးတွေ၊ ဟော်မုန်း အပြောင်းအလဲတွေ ကြောင့်လည်း ဖြစ်စေတယ် လို့ ဆိုပါတယ်။ အချို့မှာတော့ ရာသီအပြောင်းအလဲကိုလိုက်ပြီး စိတ်ကျတတ်ပါ သတဲ့။ မွေးဖွားပြီးစ မိခင်တွေမှာလည်း မီးတွင်း စိတ်ကျရောဂါ ဖြစ်တတ်သလို ကလေးငယ်လေးတွေမှာ လည်း စိတ်ကျရောဂါ ဖြစ်တတ်ပါတယ်။
ပုံမှန်ဆော့ကစားဖို့ ပျက်လာတာ၊ သူငယ်ချင်းတွေကို ရှောင်လာတာ၊ ကျောင်းစာတွေ မလုပ်နိုင်တော့တာ ဆိုတဲ့ လူကြီးနဲ့ ဆင်တူ လက္ခဏာတွေ ပေါ်တတ်သလို ဒေါသကြီးပြီး ရန်မူတာတွေလည်း လုပ်တတ်ကြ ပါတယ်။ ကလေးတွေမှာ စိတ်ကျရောဂါ ဖြစ်နေတာကို ခွဲခြားသိနိုင်ဖို့ ကတော့ ပိုပြီး ခက်ခဲတတ်ပါတယ်။
ရောဂါရှာဖွေပုံနဲ့ကုသနည်း
စိတ်ကျရောဂါကို ဓာတ်ခွဲခန်း စစ်ဆေးချက်တွေနဲ့ အဖြေရှာလို့ မရနိုင်ပါဘူး။ တိကျတဲ့ ရောဂါသတ်မှတ်ချက် ရဖို့ စိတ်ကုပညာရှင်တွေက လူနာရဲ့ လက္ခဏာ တင်ပြချက်တွေနဲ့ပဲ စစ်ဆေး အတည်ပြုရတာပါ။
ကျန်းမာရေးရာဇဝင်နဲ့ သောက်နေရတဲ့ ဆေးတွေကလည်း စိတ်ကျရောဂါရဲ့ လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါ တယ်။ လူနာရဲ့ စိတ်ခံစားမှု၊ အမူအကျင့်၊ နိစ္စဓူဝ လှုပ်ရှားပြုမူတာတွေကနေ စိတ်ကျရောဂါရဲ့ အခြေအနေ ကို ဆန်းစစ်ရတာပါ။ စိတ်ဆရာဝန်တွေက လူနာနဲ့ ဆွေးနွေးပြီး ရောဂါအမည်တပ်ဖို့ ကြိုးစားကြရတာမို့ ခက်ခဲတဲ့ အဆင့်ပါပဲ။
စိတ်ကျရောဂါလို့ နာမည်တပ်ပြီးပြီ ဆိုရင်တော့ လူနာအခြေအနေ အပေါ် လိုက်ပြီး ကုသနည်းတွေ အမျိုးမျိုး သုံးကြရပါတယ်။
စကားပြောကုသနည်း
သာမန် အလယ်အလတ် အဆင့် စိတ်ကျရောဂါတွေ အတွက် ထိရောက်ပါ တယ်။ လူနာရဲ့ စိတ်ကျမှု ဖြစ်စေတဲ့ အမူအကျင့်၊ အတွေးအခေါ်တွေ ပြောင်းလဲပေးဖို့ ဆက်သွယ် ပြောကြားရတာ ပါ။ အမှန်တကယ် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ ချဉ်းကပ်မှုတွေနဲ့ ဆိုရင် တချို့ကျတော့ ကာလ အပိုင်းအခြား တခုမှာ ပျောက်ကင်း သွားတတ်ပြီး တချို့ကတော့ မကြာခဏ ပြောဆို ဆွေးနွေးမှု ခံယူဖိ့ု လိုပါ တယ်။
ဆေးဝါးဖြင့်ကုသနည်း
စိတ်ကျရောဂါ အတွက် ဖော်စပ်ထားတဲ့ ဓာတုဆေးဝါးတွေနဲ့ ကုရတာပါ။ ဆေးတွေမှာ ဘေးထွက် ဆိုးကျိုးတွေ ရှိတတ်တာမို့ ကျွမ်းကျင်သူ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့သာ ကုသရ မှာပါ။ ဆေးဝါးနဲ့ ကုသနည်း အပြင် တခြားကုသနည်းတွေ အများကြီး သုံးကြပါသေးတယ်။ အလင်းရောင်ပေး ကုသတာ၊ လျှပ်စစ်ရှော့ခ်နဲ့ ကုတာစသဖြင့် ရောဂါပြင်းထန်မှု အပေါ် မူတည်ပြီး ကုသမှု ပေးရပါတယ်။
ဘာပဲဖြစ်ဖြစ် စိတ်ကျမှုက သာမန်မျှော်လင့်ချက်မဲ့၊ ကူရာကယ်ရာမဲ့ ခံစားချက်မျိုးကနေ သေကြောင်းကြံတဲ့ အထိ ဖြစ်တတ်တဲ့ ဝေဒနာပါ။ အဲသလိုပဲ ဆွေးနွေးပြောကြားကုသတာ၊ ဆေးဝါးတွေနဲ့ ကုသတာတွေကနေ လည်း ၈၀% ကျော် ပြန်လည်ကောင်းမွန်တတ်တဲ့ ရောဂါဖြစ်ပြီး ပြင်းထန်လွန်းမှ တခြားကုသနည်းတွေ သုံးဖို့ လိုအပ်တာပါ။
ကိုယ်တိုင်ဖြစ်စေ၊ ကိုယ့်ဝန်းကျင်မှာဖြစ်စေ ဒီလိုဝေဒနာခံစားနေရတာမျိုးကို သတိပြုမိရင် လူမှုရေးဆိုင်ရာ အထောက်အကူ တွေနဲ့ ဖေးမကူညီ လက်တွဲခေါ်ယူပြီး တတ်ကျွမ်းသူနဲ့ တိုင်ပင် ကုသကြရင်ဖြင့် ကျနေတဲ့ စိတ်တွေ ပြန်လည် တက်ကြွပြီး ဘဝကို ကြံ့ခိုင်၊ ကျန်းမာ၊ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြမယ် ဆိုတာ သတိမူ မိရေး အသိပေး လိုက်ပါတယ်။ ။