အခုလပိုင်းထဲမှာတော့ နိုင်ငံတဝှမ်းက အခြေခံပညာ ကျောင်းတွေမှာ ရုံးစုရုံးစုနဲ့ စည်ကားနေကြပါတယ်။
ထဘီ အနီဝတ် သားဖွားဆရာမတွေနဲ့ အဖြူအစိမ်းဝတ် ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူတွေနဲ့ ကျောင်းပရဝုဏ်မှာ လှုပ်လှုပ်ရှားရှား ဖြစ်နေကြလေရဲ့။
လက်မောင်းလေး ပွတ်ပွတ်ပြီး ထွက်လာတဲ့ ကျောင်းသားလေးတွေရယ်၊ ဆေးထိုးခံရမှာ တွေးပြီး မျက်နှာ ကလေးငယ်ငယ်နဲ့ စောင့်ဆိုင်းနေကြတဲ့ ကျောင်းသားလေးတွေကို မြင်ကြရပါလိမ့် မယ်။
ဒါဟာ “နိုင်ငံတဝှမ်း ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်း (၂၀၁၅)” ကို အကောင်အထည်ဖော် ဆောင်ရွက်နေကြတာပါ။
ဘာကြောင့် ဒီလုပ်ငန်း ဆောင်ရွက်နေကြသလဲ ဆိုတော့ ဝက်သက်-ဂျိုက်သိုး နှစ်မျိုးစပ် ကာကွယ်ဆေး ထိုး ပြီး ရောဂါ နှစ်မျိုးလုံးကို ကာကွယ်ဖို့ပါပဲ။
အရင်တုန်းက ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်နဲ့ အပိုဆောင်း ကာကွယ်ဆေးထိုး အစီအစဉ်တွေမှာ ဆေးမထိုးလိုက်ရ သေးသူတွေကို ရောဂါဖြစ်ပွားခြင်းကနေ တားဆီး ဖို့ရယ်၊ ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်မှာ ဂျိုက်သိုးကာကွယ်ဆေး ထည့်သွင်းမယ့် ၂၀၁၅ ခုနှစ် မတိုင်မီက မွေးခဲ့တဲ့ ရောဂါဖြစ်ပွား နိုင်ချေရှိ အသက်အုပ်စုကို ကာကွယ်ဖို့ရယ် အဓိကထား ရည်ရွယ်တာပါ။
အစီအစဉ်ကို ၂ ပိုင်းခွဲထားပြီး ၂၀၁၅၊ ဇန်နဝါရီ ၁၉ ကနေ ၂၇ ရက်အထိမှာ အသက် ၅ နှစ်ကနေ ၁၅ နှစ်အထိ ကလေးတွေကို ကာကွယ်ဆေး ထိုးပေးမှာ ဖြစ်ပြီး ဒီ အသက်အပိုင်းအခြားတွေ အားလုံးနီးပါးက ကျောင်းမှာ ရှိနေသူတွေ ဖြစ်လို့ ကျောင်းအခြေပြု ထိုးနှံနေကြတာပါ။
၂၀၁၅၊ ဖေဖော်ဝါရီ ၁၉ ကနေ ၂၈ ရက်အထိမှာတော့ အသက် ၉ လ ကနေ ၅ နှစ် ကလေးတွေရယ်၊ ပထမ အကြိမ်တုန်းက အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေတဲ့ ကလေးတွေရယ်ကို ထိုးနှံပေးမှာ ဖြစ်ပြီး ရပ်ရွာအခြေပြု ထိုးနှံကြမှာပါ။
ဒီလို ကာကွယ်ဆေးထိုးပေးရတဲ့ ရောဂါနှစ်ခုနဲ့ ပတ်သက်လို့ အခြေခံ အချက်တွေ လောက်တော့ သိထား သင့်ကြပါတယ်။ ဒါမှလည်း ကာကွယ်ဆေး အရေးကြီးတာ ကို လက်ခံနိုင်ကြမှာပါ။
ဝက်သက်
ဝက်သက်ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတဲ့ ဒီရောဂါက ကူးစက်မြန်ပြင်းထန် အမျိုးအစားပါ။ အပြင်းဖျား၊ နှာရည်ယို၊ ချောင်းဆိုးတာတွေ အပါအဝင် မျက်နှာနဲ့ လည်ပင်းတွေမှာ အနီစက်တွေ ထွက်လာ၊ ခြေလက်တွေဆီ ပျံ့နံှ့သွားပြီး တပတ်လောက် ဆိုရင်တော့ မှိန်သွားတဲ့ ရောဂါမျိုးပါ။ သူ့ရောဂါသဘောက အဲသလောက်ပဲလို့ ဆိုပေမဲ့ နောက်ဆက် တွဲ ပြင်းထန်တဲ့ ရောဂါတွေကြောင့် အသက်သေဆုံးမှု ဖြစ်စေတဲ့ ရောဂါပါ။
အထူးသဖြင့် ၅ နှစ်အောက်နဲ့ အသက် ၂၀ အထက်တွေမှာ ဖြစ်ရင် မျက်စိကွယ်၊ ဦးနှောက်ရောင်၊ အသက် ရှူလမ်း ကြောင်း ပိုးဝင်၊ အဆုတ်ရောင် စတဲ့ နောက်ဆက်တွဲ ပြင်းထန်ရောဂါတွေက အသက်အန္တရာယ် ရှိစေတဲ့အထိ ဒုက္ခပေးတတ်ပါတယ်။
ကာကွယ်ဆေးမထိုးနှံရသေးသူ ဘယ်သူမဆို ရောဂါဖြစ်နိုင်ပြီး ကပ်ရောဂါ အသွင်နဲ့ပါ ကူးစက်ပျံ့ပွားတတ်တဲ့ ရောဂါပါ ပဲ။ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်မှာတော့ အသက် ၉ လမှာ တကြိမ်၊ အသက် ၁၈ လမှာ တကြိမ် ဝက်သက်ကာကွယ်ဆေး ထိုးနှံပေးနေပါတယ်။
ဂျိုက်သိုး
ဂျိုက်သိုးဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါပါ။ ကလေးအရွယ်မှာ ဖြစ်ရင်တော့ မပြင်းထန်လှပါဘူး။ အပိန့်ထွက်၊ ဖျား၊ ပျို့အန်၊ မျက်စိနီ၊ နားနဲ့ လည်ပင်းမှာ အကျိတ်တွေ ထွက်တတ်ပါတယ်။ ပြဿနာက ကိုယ်ဝန်ဆောင်တွေမှာ ရောဂါပိုး ဝင်ရောက်ရင် မိခင်ရော သန္ဓေသားပါ ထိခိုက်မှု များပြားတတ်ပါတယ်။ ကိုယ်ဝန်ပျက်တာ၊ ကလေးအသေ မွေးတာနဲ့ မွေးရာပါ ဂျိုက်သိုး လက္ခဏာစုနဲ့ ကလေးတွေ မွေးလာ တတ်လို့ပါပဲ။
မွေးရာပါ ဂျိုက်သိုး လက္ခဏာစုမှာ နားမကြားတာ၊ ဆွံ့အတာ၊ မျက်စိမမြင်တာ၊ ဦးခေါင်းသေးတာ၊ ဉာဏ်ရည် မမီတာ၊ ဖွံ့ဖြိုးမှု နှေးကွေးတာ၊ ဦးနှောက် နဲ့ ဦးနှောက်အမြှေးရောင်တာ၊ မွေးရာပါ နှလုံးရောဂါ ဖြစ်တာ၊ အသည်းနဲ့ ဘေလုံးကြီးတာတွေ ဖြစ်တတ်ပြီး အဲဒီ လက္ခဏာတွေထဲက တခု၊ ဒါမှမဟုတ် တခုထက် ပိုတာတွေနဲ့ မွေးဖွား လာတတ်ပါတယ်။
၂၀၁၂ စာရင်းတွေ အရ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးကို နိုင်ငံ (၁၃၄) နိုင်ငံက ပုံမှန် ကာကွယ်ဆေးထိုး နှံတဲ့ အစီအစဉ်မှာ ထည့်သွင်းထားပြီး ဖြစ်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေမှာတော့ ၄ နိုင်ငံသာ ထည့်သွင်း ထားနိုင်သေးတာပါ။ ကာကွယ်ဆေး မထိုးရသေးသူ ဘယ်သူမဆို ရောဂါဖြစ်နိုင်ချေ ရှိသူချည်း ပါပဲ။
ကာကွယ်ဆေး ထိုးသင့်တဲ့အကြောင်း
ပြောခဲ့သလိုပဲ အန္တရာယ်များလှတဲ့ ရောဂါနှစ်မျိုးကို ဆေးတမျိုးတည်း ထိုးရုံနဲ့ ကာကွယ်ပေးနိုင်တဲ့ အခွင့် အလမ်းပါ။
ပုံမှန် ကာကွယ်ဆေး ထိုးတုန်းက အခွင့်အရေး မရခဲ့သူတွေ အတွက်လည်း ဒါက လက်မလွတ် သင့် တဲ့ အခွင့်အရေးပါ။
ရောဂါအတွက် သီးသန့် ကာကွယ်သလို အသက်ကို ရန်ရှာနိုင်တဲ့ နောက်ဆက်တွဲ ဆိုး ကျိုးတွေကို ကာကွယ် ရာလည်း ရောက်ပါတယ်။ ဝက်သက်က ကလေးသူငယ်တွေ အသေအပျောက် များစေသလို ဂျိုက်သိုး က လည်း လူစဉ်မမီတဲ့ ကလေးငယ်တွေ မွေးဖွားလာစေတာမို့ ကာကွယ်တားဆီးလို့ ရရဲ့နိုင်ပါရက်နဲ့ မတားဆီး မိရင် နောင်တတွေ ရနေကြရမှာ ပါ။
ကာကွယ်ဆေး ထိုးရတာ အန္တရာယ် အလွန်နည်းတယ် ဆိုတာ အခု ပထမအကြိမ် ထိုးနှံစဉ် အတွေ့အကြုံ တွေ အရ တွေ့ခဲ့ရ ပါပြီ။ ကာကွယ်ဆေးကြောင့် ဖြစ်တတ်တဲ့ တုန့်ပြန်မှုတွေက သာမန်မျှပါပဲ။ ဆေးထိုးတဲ့ နေရာမှာ နာတယ်၊ နီတယ်၊ အဖျားနည်းနည်း ရှိတတ်တယ်၊ အပိန့်ထွက်တယ်၊ ကြွက်သားတွေ နာတယ် ဆို တာလောက်ပါပဲ။
ကိုယ်တိုင် အတေ့ွအကြုံအရတော့ ဆေးထိုးရတာကြောက်ပြီး မူးသလို၊ လန့်သလို ဖြစ်တာ လောက်ကလွဲလို့ ကျန်တာ မတေ့ွရ သလောက် ပါပဲ။ တခြား ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ဖြစ်ခဲ့ရင်လည်း ကုသ နိုင်ဖို့ အရေးပေါ် ဆေးကုသတဲ့ ပစ္စည်းတွေ ဆေးထိုးစုရပ်မှာ အသင့်ပြင်ပေးထားပါတယ်။
လတ်တလော ဖျားနေရင်၊ နာတာရှည်ရောဂါတခုခု ရှိနေတာမျိုးဆိုရင်၊ ဓာတ်မတည့်တာမျိုး ဖြစ်တတ်ရင် တော့ ဆေးထိုးဖို့ မသင့်လျော်လှဘူး ပေါ့။ ကျန်းမာရေးပြဿနာ တခုခု ရှိနေရင်တော့ ဆေးထိုးဖို့ မထိုးဖို့ကို သက်ဆိုင်ရာ ဆရာဝန်တွေ ဆီမှာ အကြံဉာဏ် ရယူနိုင်ပါတယ်။
အဲဒါကြောင့် အခုလို အကြောင်းအားလျော်စွာ တိုက်ဆိုင်နေတုန်း၊ လှုပ်ရှားမှုကိုလည်း တက်တက်ကြွကြွ လုပ်ဆောင် နေကြတုန်းမှာ မိမိအတွက်ရော၊ မိမိနေထိုင်ရာ လူ့အဖွဲ့အစည်း အတွက်ရော အကျိုးကျေးဇူးများ လှတဲ့၊ ပုံမှန် ကာကွယ် ဆေးထိုး လုပ်ငန်းမှာ မရခဲ့ဖူးတဲ့ ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးထိုးလုပ်ငန်းမှာ ကလေးသူငယ်တွေ မပျက်မကွက် ပါဝင်အောင် ပို့ဆောင်ပေးဖို့ နှိုးဆော်လိုက်ပါတယ်။