မြန်မာနိုင်ငံကို စစ်အာဏာရှင်တွေ အုပ်စိုးစဉ်ကာလက အာဏာရှင် စစ်အစိုးရကို ဆန့်ကျင်တော်လှန်ရာမှာ သဘောထား ပြတ်သားသူလို့ လူသိများတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း မသမာသူ လူတစုရဲ့ လုပ်ကြံ သတ်ဖြတ်ခံရတာဟာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ဆိုရင် ၇ နှစ်ပြည့်ပြီဖြစ်ပါတယ်။
ပဒို မန်းရှာကို ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ နေအိမ်အတွင်း ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ညနေ ၄ နာရီခွဲ လောက်မှာ သေနတ်သမား နှစ်ဦးရဲ့ ဝင်ရောက် လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားခဲ့တဲ့ ပဒို မန်းရှာရဲ့ ရင်အုံမှာ သေနတ်ဒဏ်ရာ နှစ်ချက်နဲ့ ညာဘက်လက်မှာ သေနတ်ဒဏ်ရာတချက် ရုပ်သံ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။
ထူးချွန် ထက်မြက်တဲ့ ပဒိုမန်းရှာဟာ KNU အဖွဲ့အစည်းအပြင် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (NDF)၊ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB)နဲ့ အတိုက်အခံ အင်အားစုတွေ ပေါင်းစု အဖွဲ့အစည်းထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB) တို့မှာလည်း ဦးဆောင်သူတဦးအနေနဲ့ အားကိုး အားထားရသူ တဦးဖြစ်တယ်လို့ လက်တွဲ လုပ်ကိုင် ခဲ့ဖူးသူတွေက ဂုဏ်ယူ မှတ်ချက်ပြုကြရပါတယ်။
သူကွယ်လွန်တဲ့ အချိန်မှာလည်း NCUB ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်အဖြစ် တာဝန်ယူနေစဲဖြစ်ပြီး NCUB အစည်းအဝေးက ပြန်လာ တဲ့နေ့ ညနေမှာဘဲ မဲဆောက်မြို့က နေအိမ်မှာ လုပ်ကြံ သတ်ဖြတ်ခြင်း ခံလိုက်ရတာလို့ သူ့ရဲ့ သားကြီးဖြစ်တဲ့ စောစေးစေး က လွန်ခဲ့တဲ့ ၇ နှစ်က အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။
“သူက အဲဒီနေ့မနက်မှာဘဲ NCUB အစည်းအဝေးသွားတက်လိုက်သေးတယ်။ အစည်း အဝေးက ပြန်လာပြီး အိမ်မှာ နားနေရင်း ဝရံတာမှာ ထိုင်ခုံတလုံးပေါ်မှာ ထိုင်နေရင်း သစ်သီးလှီးစားနေတုန်း သေနတ်သမားတွေက ဝင်ပစ်သွားတာ” လို့ စောစေးစေး က ဖခင် ဖြစ်သူရဲ့ အခင်းဖြစ်ပွားစဉ် အခြေအနေကို ပြန်ပြော ပြပါတယ်။
သူသေဆုံးချိန်မှာ အသက် ၆၄ နှစ်ရှိပြီဖြစ်ပြီး စောစေးစေး၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်းနဲ့ စလုံ့ဖန်း တို့ သားသမီး လေးယောက် ကျန်ရစ်ခဲ့ပါတယ်။ ဇနီးဖြစ်သူ နန့်ကျင်ရွှေ ကတော့ သူမကွယ်လွန်ခင် တနှစ် အလိုမှာဘဲ ကျန်းမာရေးနဲ့ ဆုံးပါးသွားနှင့်ခဲ့ပါတယ်။
“အဖေရှိနေရင်တော့ ကျနော်တို့မောင်နှမတွေရဲ့ လုပ်ဆောင်မှုတွေကို လမ်းညွှန်ဆုံးမမှု အထောက်အကူတွေပေးနိုင်ခဲ့တာပေါ့။ အဖေရော အမေရော မရှိတော့တဲ့ အတွက် ကျနော်တို့ မောင်နှမတွေအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရတာပေါ့” လို့ ဆိုပါတယ်။
ပဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ KNU အဖွဲ့အစည်းအနေနဲ့ ဒီကနေ့ အထိ စုံစမ်းဖော်ထုတ် နိုင်ခြင်း မရှိသေးပေမယ့် သားဖြစ်သူ စောစေးစေး ကတော့ ထိုစဉ်က မြန်မာ အုပ်စိုးတဲ့ စစ်အာဏာရှင်တွေရဲ့ ခိုင်းစေမှုကတဆင့် ဆန့်ကျင်ဘက် ကရင် လက်နက်ကိုင် တပ်ဖွဲ့တွေက ဝင်ရောက် လုပ်ကြံသွားတာဖြစ်မယ်လို့ သူ့ယူဆချက်ကို ပြောပါတယ်။
ပဒိုမန်းရှာနဲ့ ၁၉၇၆ ခုနှစ်ကစ မိတ်ဆွေတွေဖြစ်ခဲ့ပြီး NDF၊ DAB နဲ့ NCUB တို့မှာ လက်တွဲအတူလုပ်ကိုင်ခဲ့တဲ့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ဒု ဥက္ကဌ ဦးခိုင်စိုးနိုင်အောင် က “သူ့အတွေးအခေါ် အယူအဆကိုက မှန်မှန်ကန်ကန် သွားချင်တယ်။ သူကိုယ်တိုင်လည်း လုပ်နေတယ်။ အဲဒါကို ဆန့်ကျင်ဘက် လိုလားသူတချို့က သူ့ကိုလုပ်ကြံလိုက်တယ်” လို့ ဆိုပါတယ်။
ပဒိုမန်းရှာဟာ အမျိုးသားစည်းလုံးညီညွှတ်ရေး၊ အာဏာရှင်စနစ်ဖြုတ်ချရေး၊ မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်ဖြစ်ပေါ်ထွန်းကားရေး ကြိုးပမ်းရာမှာ ရိုးသား ကြိုးစားပြီး တပ်ပေါင်းစု ခေါင်းဆောင်တွေ၊ တော်လှန်းရေးအင်အားစုတွေ အကြားမှာ ချစ်ခင်လေးစားမှုကို အပြည့်အဝ ရရှိခဲ့သူလို့ လုပ်ဖော်ကိုင်ဘက် တွေက ချီးမွမ်းပြောဆိုကြပါတယ်။
ပဒိုမန်းရှာဟာ မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ၈ လေးလုံး လူထုအရေးတော်ပုံကနေ တောခိုလာတဲ့ ကျောင်းသားတွေ စုပေါင်းဖွဲ့ စည်းခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အပေါ်မှာလည်း အကူအညီတွေ ပေးခဲ့ဖူးသူ ဖြစ်တယ်လို့ ABSDF ဥက္ကဌ ဟောင်းလည်းဖြစ် ဒီမိုကရက်တစ်အင်အားစု (FDB) အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင် က ပြန်ပြောပြပါတယ်။
ABSDF စဖြစ်ဖို့ အကူအညီတွေပေးခဲ့သလို ABSDF နဲ့ ကျန်တိုင်းရင်းသား တပ်ပေါင်းစုတွေ အကြား မဟာမိတ် ဖြစ်ရေး ပေါင်းဖွဲ့ပေးခဲ့တဲ့ နေရာမှာလည်း ပါဝင်ခဲ့တဲ့ အပြင် ABSDF ကွဲတဲ့ အချိန်မှာ ပြန်လည်ညှိနှိုင်းပေးခဲ့တဲ့ အထဲမှာလည်း အရေးပါခဲ့သူတဦးလို့ ဆိုပါတယ်။
“နိုင်ငံရေး အရပြောမယ်ဆိုရင်လည်း ဒီမိုကရေစီအလံနဲ့ တိုင်းရင်းသား အလံ ပေါင်းစပ်အောင်၊ နီးစပ်အောင် ဒီမိုကရေစီနဲ့ ဖက်ဒရယ် ဆိုတဲ့ဟာကို အတူတူ လုပ်ဖို့ လိုတယ်ဆိုတဲ့ ဥစ္စာကို တိုင်းရင်းသားတွေ ကြားထဲမှာ နားချပေးနိုင်ခဲ့တာ။ နောက် တောထဲ ရောက်လာတဲ့ ဒီမိုကရေစီအင်အားစုတွေကိုလည်း နားချပေးနိုင်ခဲ့တဲ့ အထဲမှာလည်း ထိပ်ဆုံးကပဲ” လို့ ဒေါက်တာ နိုင်အောင်က ရှင်းပြပါတယ်။
ပဒိုမန်းရှာဟာ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ် တောကျောင်းကျေးရွာ ဇာတိဖြစ်ပြီး မူလတန်းနဲ့ အလယ်တန်း ပညာကို ပန်းတနော်မြို့နယ် ယင်းတိုက်ကုန်း အလယ်တန်းကျောင်းမှာ သင်ယူအောင်မြင်ခဲ့ပြီး အထက်တန်းပညာကို ရန်ကုန်မြို့မှာ အောင်မြင်ခဲ့တာဖြစ်ပါတယ်။
၁၉၆၂ ခုနှစ် ရန်ကုန်မြို့မှာ တက္ကသိုလ်ပညာ သင်ကြားနေရင်းမှာပဲ သမိုင်းဝင် ဆဲဗင်းဇူလိုင် ကျောင်းသား အရေးအခင်း ဖြစ်ပွားခဲ့ပြီး အဲဒီအရေးအခင်းမှာလည်း ပဒိုမန်းရှာ ပါဝင်ခဲ့ပါသေးတယ်။ ၁၉၆၆ ခုနှစ်မှာတော့ တက္ကသိုလ် ဝိဇ္ဇာတန်းကို သမိုင်း အဓိက ဘာသာနဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ ဘွဲမရခင် ၁၉၆၃ ခုနှစ်ကနေ ၁၉၆၆ ခုနှစ်အတွင်းမှာကတည်းက KNU ရဲ့ မြေအောက် လှုပ်ရှားမှုတွေမှာ တာဝန်ယူ ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။
၁၉၆၇ ခုနှစ်ထဲမှာတော့ ပဲခူးရိုးမကို ဝင်ရောက်ခဲ့ပြီး KNU ရဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။ KNU တပ်မဟာ (၃) ညောင်လေးပင်ခရိုင်တာဝန်မှူးအဖြစ် ၁၉၇၅ ခုနှစ်ကနေ ၁၉၈၄ ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။ တပ်မဟာ (၃) မှာတာဝန်ထမ်းဆောင်နေရင်းမှာဘဲ နမ့်ကျင်ရွှေနဲ့ လက်ထပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တည်ငြိမ်ပြီး ခေါင်းအေးအေးနဲ့ မဟာဗျူဟာကျကျ စဉ်းစားနိုင်တဲ့လူမျိုး၊ ပေါင်းသင်းဆက်ဆံရေး၊ မဟာမိတ်ဆက်ဆံရေး ဘက်တွေ မှာလည်း ကျွမ်းကျင်သူတဦးဖြစ်သလို ရဲဘော်ရဲဘက်တွေပေါ်မှာလည်း နွေးနွေးထွေးထွေးရှိတဲ့သူ အနစ်နာခံနိုင်တဲ့ လူ ကိုယ်ကျိုးမကြည့်ပဲ အများအကျိုးအတွက် တစိုက်မတ်မတ်ကျိုးစားခဲ့တဲ့သူလို့လည်းဆိုပါတယ်။
ဒေါက်တာ နိုင်အောင်က ” သူက ၁၉၆၂ ခုနှစ်ကတည်းက ပါလာတဲ့ အခါကြတော့ စစ်အာဏာရှင်စနစ်တိုက်ပွဲ၊ ကျောင်းသား တွေရဲ့ တိုက်ပွဲအကြောင်းလည်း ကောင်းကောင်း နားလည်တယ်။ သူကိုယ်တိုင်လည်း တိုင်းရင်းသားဖြစ်တဲ့ အခါကြတော့ အမြင်ကျယ်တယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ရဖို့ပြောတဲ့နေရာမှာ သူက အတွေးအခေါ် ကျယ်ပြန့်တယ်။ ထက်မြက်တယ်။ တပ်ပေါင်းစုအားကို ယုံကြည်တယ်။ ညှိနှိုင်းမှု အားကောင်းတယ်။ သူ့ရဲ့တွေးခေါ်ချက်၊ ရှင်းလင်းချက်တွေအားလုံးက ရိုးရိုးရှင်းရှင်း ထိထိရောက်ရောက်နဲ့ လိုရာကို ရောက်အောင်ပြောနိုင်တဲ့ အခါကြတော့ မဟာဗျူဟာပိုင်းဆိုင်ရာတွေ။ အတွေးအခေါ်ပိုင်းဆိုင်ရာ ညှိနှိုင်းတဲ့ အရာအားလုံးမှာ အဓိကကျတဲ့ ပေါင်းကူးပေးနိုင်တဲ့ ဆုံချက်တခု ပျောက်သွားသလိုဖြစ်တာပေါ့” လို့ ဆိုပါတယ်။
ဒါ့ အပြင် ၁၉၈၄ ခုနှစ်မှာ KNU ဗဟိုကော်မတီ အဖွဲ့ဝင်တဦးဖြစ်ခဲ့ပြီး ၁၉၈၈ ခုနှစ်အထိ ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့ ကိုယ်ရေး အရာရှိ တဦးအဖြစ် ထမ်းဆောင်ခဲ့စဉ်တုန်းကလည်း ဗိုလ်ချုပ်မြကို လမ်းကြောင်းမှန်အောင် အကြံဉာဏ်ပေးနိုင်တဲ့ သူတယောက်ဖြစ်တယ်လို့ ဆိုပါတယ်။
“KNU မှာ ဗိုလ်ချုပ်မြ assistant ဖြစ်လာတဲ့ အခါမှာ လမ်းကြောင်းမှန်အောင် အကြံပေးနေတဲ့ ခေါင်းဆောင်လည်းဖြစ်တယ်။ တခါတခါ ဗိုလ်ချုပ်မြကို အကြံပေးဖို့ အခက်အခဲဖြစ်နေပြီဆိုလို့ရှိရင် ဗိုလ်ချုပ်မြနဲ့ ရင်းနှီးတဲ့လူတွေကို ချည်းကပ်ပြီးတော့ သူပြောလို့ မရတာတွေကို ကြားဝင်ခိုင်းတယ်။ ကြားဝင်ခိုင်းတဲ့ အခါမှာ ပြေလည်သွားတာတွေတွေ့ရတယ်။ အဲဒါကျနော်တို့ ကိုယ်တိုင်တွေ့ဖူးတာ။ အဲလို အမျှော် အမြင် အရည်အချင်းရှိတဲ့ ခေါင်းဆောင်တယောက်” လို့ ရခိုင်နိုင်ငံရေးခေါင်းဆောင် ဦးခိုင်စိုးနိုင်အောင် ကမှတ်ချက်ပေးပါတယ်။
ပဒိုမန်းရှာဟာ ၁၉၈၄ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (NDF) ဗဟိုသဘာပတိ အဖွဲ့ဝင်တဦးအဖြစ် တာဝန်ယူခဲ့ပြီး ၁၉၈၄ ခုနှစ် ကရင်နီနယ်၊ ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်း၊ ကချင်ပြည် နယ်စပ်အထိ မြောက်ပိုင်း ခရီးရှည် စည်းရုံးရေးခရီးစဉ်မှာ KNPP၊ KNU၊ ALP၊ PPLO၊ NMSP၊ KIO၊ SSPP အဖွဲ့တွေက တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့အတူ ဒုတိယ စစ်ရေးခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့တယ်လို့သိရပါတယ်။
NDF အနေနဲ့ အဲဒီအချိန်က တိုင်းရင်းသားလူမျိုးများ တန်းတူးရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို ဒေသခံ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ပြည်သူတွေနဲ့ အတူ တက်တက်ကြွကြွဆွေးနွေး ဆောင်ရွက်သူဖြစ်တယ်လို့ သူ့ရဲ့မှတ်တမ်းတွေမှာလည်းဖော်ပြထားပါတယ်။
၁၉၈၉ ခုနှစ် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB) စတင်ဖွဲ့စည်းရာမှာလည်း ခေါင်းဆောင်တဦး အဖြစ် ပါဝင်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ ဖွဲ့စည်းတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) မှာလည်း တွဲဖက် အထွေထွေ အတွင်းရေးမှူး (၃)အဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ဆိုပါတယ်။
KNU ဘက်မှာတော့ ၁၉၆၃ ကနေ ၁၉၆၆ ခုနှစ်အထိ မြေအောက်လှုပ်ရှားမှု စတင်ဆောင်ရွက်ပေးခဲ့ပြီး ၁၉၆၆ ကနေ လုပ်ကြံသတ်ဖြတ်ခံရတဲ့ နေ့အထိ ရာထူးအဆင့်ဆင့်နဲ့ ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ သူဟာ စာဖတ်ဝါသနာထုံသူ တဦးဖြစ်တဲ့ အပြင် KNU ဗဟိုက ထုတ်ဝေတဲ့ စာစောင်တွေမှာလည်း “ရေဆန်”၊ “တော်လှန်သော ရဲဘော်တဦး”၊ “ဇိုယာဖန်း” စတဲ့ ကလောင်နာမည်တွေနဲ့ တော်လှန်ရေး ခေါင်းဆောင်တွေ၊ ရဲဘော်တွေရဲ့ အတ္ထုပ္ပတ္တိအကျဉ်းတွေ၊ တော်လှန်ရေးနဲ့ အတွေးအခေါ်ဆိုင်ရာ ဆောင်းပါးတွေ၊ ကဗျာများကို ရေးသားခဲ့တယ်လို့ သိရပါတယ်။
သူသေဆုံးချိန်မှာ သူ့ရဲ့ ရုပ်အလောင်းကို KNU က ခမ်းခမ်းနားနား သဂြိုလ်ပေးခဲ့ပြီး သူ့ရဲ့ အရိုးပြာကို KNU တပ်မဟာ (၇) နယ်မြေမှာ ဂူသွင်း သဂြိုလ်ပေးခဲ့ပါတယ်။
သူရဲ့ တော်လှန်ရေးကာလ တလျှောက်မှာ ရိုးသား၊ ကြိုးစားပြီး ကိုယ်ကြိုးမဖက်ဘဲ ရွပ်ရွပ်ချွန်ချွန် ဆောင်ရွက်ခဲ့မှုတွေကို မဟာမိတ်တပ်ပေါင်းစုခေါင်းဆောင်တွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ သူကိုသိကြတဲ့ အလွှာအသီးသီးက ဒီကနေ့ အချိန် အထိ တမ်းတ ပြောဆိုနေကြတုန်းပါပဲ။
သူသေဆုံးသွားပြီး အမှတ်တရ စကားပြောခဲ့တဲ့ ပဒို မန်းငြိမ်းမောင်က “ပဒိုမန်းရှာလားဖန်း ဆိုတာ ကျနော်တို့ အနောက်ပိုးကရင် စကားအရ ကြယ်တွေ လတွေရဲ့ အလင်းရောင်လို့ အဓိပ္ပါယ်ရတယ်” လို့ ရှင်းပြပါတယ်။