ကိုယ်တိုင် ကြုံဖူးသလို ကိုယ်နဲ့ နီးစပ်ပတ်သက်သူတွေလည်း ကြုံဖူးကြပြီး လူနာတွေလည်း ခံစားရလို့ ဆေးခန်းကို အလာများကြတဲ့ ရောဂါတွေထဲမှာ ခေါင်းတခြမ်းကိုက်ခြင်း ကလည်း အတွေ့ရများတဲ့ ရောဂါတခု ဖြစ်ပါတယ်။ ခေါင်းကိုက်တာ ဖြစ်စေတဲ့ ရောဂါအခံ ကြီးကြီးမားမားတွေ၊ ဥပမာ- ဦးနှောက်နဲ့ပတ်သက်ပြီး ရောဂါပိုးကူးစက်ခံရတာ၊ အလုံးအကြိတ် ဖြစ်တာ စတဲ့ပြဿနာတွေ မရှိဘဲ မကြာခဏ ခေါင်းတခြမ်း ကိုက်နေတတ်တာမျိုးကို migraine ဆိုတဲ့ ဝေဒနာတမျိုး အဖြစ် ဆေးပညာက သတ်မှတ်ပါတယ်။
တခြားရောဂါတွေ မရှိကြောင်း သေချာအောင် စမ်းသပ်စစ်ဆေးမှုတွေ အရ (သွေးစစ်တဲ့ ဓာတ်ခွဲခန်းအဖြေ ကနေ ဦးနှောက်မှာ ကွန်ပျူတာနဲ့ ပုံဖော်တဲ့ CT လိုမျိုးအထိ) ခေါင်းကိုက်တာနဲ့ ဆက်စပ်နေတဲ့ ရောဂါအခံတွေ မရှိတာကို ဆိုလိုပါတယ်။ ဒီ ဝေဒနာအတွက် သီးသန့် ဆေးဝါး ကုထုံးတွေ ရှိပေမယ့် အချို့သော ဆေးဝါး မပါတဲ့ သက်သာစေ ကြောင်း နည်းကောင်းလေးတွေကို မျှဝေလိုက်ပါတယ်။
အပ်စိုက်ကုခြင်း
တရုတ်တိုင်းရင်း ရိုးရာနည်းဖြစ်တဲ့ အပ်ချောင်းတွေကို ခန္ဓာကိုယ်ရဲ့ ပတ်သက်ဆက်နွယ်ရာ နေရာတွေမှာ စိုက်ပြီး ကုသတာပါ။ တချို့ လေ့လာချက် အနည်းအကျဉ်းအရတော့ ဒါက ခေါင်းတခြမ်းကိုက်ရော၊ အခြား မကြာခဏ ခေါင်းကိုက်လေ့ ရှိတဲ့ ရောဂါတွေကိုပါ အကြိမ်ရေ လျော့နည်း သက်သာစေတယ် လို့ ဆိုပါတယ်။ ပုံမှန်ဆေးပညာ ကုထုံးတွေနဲ့ အတူတွဲပြီး လုပ်ဆောင်လေ့ ရှိကြပါတယ်။
ဇီဝတုံ့ပြန်မှု
နာကျင်မှု ခံစားရတိုင်း ခန္ဓာကိုယ်က တုန့်ပြန်မှုတွေ လုပ်ပါတယ်။ နှလုံးခုန် မြန်တာ၊ ကြွက်သားတွေ တောင့်တင်းတာ၊ လက်ဖျားတွေ အေးတာ စသဖြင့် ပေါ့။ မျက်လုံးထဲ ဝင်းခနဲ ဖြစ်သွားတာမျိုး၊ နားထဲမှာ ဖျန်းခနဲ ကြားလိုက်တာ မျိုးတွေ ပေါ့။ အဲဒါကို လျော့ပြေစေတဲ့ နည်းလမ်းတွေက ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို ထိန်းချုပ်ပေးပါတယ်။ အာရုံလွှဲပေးတာ မျိုးနဲ့ ခေါင်းတခြမ်း ကိုက်ခဲတာကို အနာလျော့အောင်၊ အကြိမ်ရေ လျော့အောင် လုပ်ပေးနိုင်ပါတယ်။
နှိပ်နယ်ခြင်း
သေသေချာချာ တိတိကျကျ သုတေသန လုပ်ထားတာ မဟုတ်သေးပေမယ့် ကနဦး စမ်းသပ်ချက်တွေ အရတော့ ဒီနည်းကိုလည်း အကြံပြုကြပါတယ်။ ပုံမှန် အနှိပ်ခံတာမျိုးက ခေါင်းကိုက်တတ်သူတွေကို အကြိမ်ရေ လျော့နည်း လာစေတယ် လို့ ဆိုပါတယ်။ ခေါင်းတခြမ်းကိုက်တာမျိုးမှာ တိုက်ရိုက်ပျောက်ကင်းအောင် လုပ်ပေးတာမျိုး မဟုတ်တဲ့ တိုင် ခေါင်းတခြမ်းကိုက်စေတဲ့ အကြောင်းရင်း တခုဖြစ်တဲ့ စိတ်ဖိစီးမှုကို နှိပ်နယ်ခြင်းက ပြေလျော့သက်သာအောင် လုပ်ပေးတာကြောင့် လို့လည်း ယူဆကြပါတယ်။
ဖြေလျှော့နည်းများ
ခေါင်းတခြမ်းကိုက်စေတဲ့ အဓိက အခြေအနေ ကတော့ စိတ်ဖိစီးမှုပါပဲ။ အဲဒါကြောင့် လျော့ပြေစေတဲ့ နည်းနာလေး တွေကို သင်ယူလေ့ကျင့် ထားသင့်ပါတယ်။ အသက်ပြင်းပြင်းရှုသွင်း ရှုထုတ်တာ၊ တကိုယ်လုံးက ကြွက်သားတွေကို အကြောလျှော့ လေ့ကျင့်ခန်း လုပ်တာတွေက အကျိုးရှိပါတယ်။ အဲဒီလိုလုပ်ပြီး စိတ်ဖိစီးမှု လျော့ပြေစေခြင်းက ခေါင်းတခြမ်း ကိုက်တာကို သက်သာလျော့ပါး စေပါတယ်။
ကိုယ်လက်လှုပ်ရှားမှု
ပုံမှန် လေ့ကျင့်ခန်း တခုခု လုပ်ပေးတာကလည်း နာကျင်ခြင်းရဲ့ ပြင်းထန်မှုနဲ့ အကြိမ်ရေကို နည်းပါးစေပါ သတဲ့။ တပတ်မှာ မိနစ် ၄၀ စာ သုံး ကြိမ်လောက် ပုံမှန်လေ့ကျင့်ခန်း လုပ်ပြီး စိတ်ပြေလျော့နည်းတွေနဲ့ ဆေးဝါးတွေ တွဲလိုက်တဲ့ အခါ နာကျင်ကိုက်ခဲမှု အတိုင်းအတာနဲ့ ဖြစ်တဲ့ အကြိမ်တွေ သိသိသာသာ နည်းသွားစေတယ်လို့ ဆိုပါတယ်။
စကားပြော ကုထုံး
ဒါကလည်း တွေးခေါ်မှုပုံစံနဲ့ နေထိုင်ပုံတွေ အပြောင်းအလဲ ဖြစ်စေရာကနေ ခေါင်းတခြမ်းကိုက် သက်သာစေအောင် လုပ်ပေးတာပါ။ ဒါပေမယ့် ခေါင်းတခြမ်းကိုက်နေတာဟာ စိတ်ကြောင့် ဖြစ်နေတာပါလို့ ဖျောင်းဖျတာမျိုးတော့ မလုပ် ရပါဘူး။ ခေါင်းတခြမ်း ကိုက်တာကို သက်သာစေမယ့် နည်းလမ်းတွေ အကြောင်းနဲ့ နာကျင်မှုကို လျော့ပြေစေမယ့် အားပေးစကားတွေ ပြောပေးတာမျိုးကို ဆိုလိုတာပါ။
အစားအသောက်
တချို့သူ တွေမှာတော့ တချို့ အစားအသောက်တွေက ခေါင်းတခြမ်း ကိုက်စေတာ တွေ့ရတတ်ပါတယ်။ အများအားဖြင့်တော့ အရက်၊ ကဖင်းဓာတ်ပါတဲ့ ကော်ဖီနဲ့ ဖျော်ရည်တွေ၊ ချောကလက်၊ စည်သွပ်ဘူးထဲက အစားအသောက်တွေ၊ ကာလကြာ ချိစ်တွေ၊ အသင့်စား အသားတွေ၊ နို့ကနေ ပြုလုပ်ထားတဲ့ စားစရာတွေပေါ့။ ကိုယ့်အတွက် ဘယ် အစားအသောက်က ခေါင်းကိုက်စေတယ် ဆိုတာ မှတ်သား ရှောင်ကြဉ်ဖို့ပါပဲ။
ဖိအားပေးခြင်း
ဝေဒနာရှင် အများစုမှာ ဒါက အလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ခေါင်း၊ လည်ပင်း၊ မျက်နှာတွေပေါ် ခပ်ဖွဖွ ဖိနှိပ်ပေးတာ က ခေါင်းတခြမ်း ကိုက်နေစဉ်မှာ သက်သာစေတယ်လို့ ဆိုပါတယ်။ အထိရောက်ဆုံးကတော့ – မျက်လုံးအောက် အရိုးပေါ်ကို ဖိပေးတာ၊ နားထင်နဲ့ မေးရိုးကို ပွတ်သပ်ပေးတာ၊ ဦးခေါင်း နောက်စေ့အောက်ခြေကို တင်းနစ် ဘောလုံးလေးနဲ့ ဖိပေးနှိပ်ပေးတာတွေ ပါပဲ။
အိပ်စက်ခြင်း
သုတေသနတွေ အရတော့ အိပ်ရေးမဝတာနဲ့ ခေါင်းတခြမ်းကိုက်တာက လက်ချင်းယှက်နေကြတာပါပဲလို့ ဆိုပါတယ်။ ဒါကြောင့် အိပ်ရာဝင်ခါနီး စာဖတ်တာ၊ တီဗီကြည့်တာ၊ သီချင်းနားထောင်တာတွေ မလုပ်သင့်ပါဘူး။ အိပ်ချိန် မဟုတ်ဘဲ ခဏလောက် တရေးတမော အိပ်လိုက်တာ ကလည်း ညအိပ်ချိန်ကို ပျက်စေပါတယ်။ မအိပ်မီ ၄ နာရီလောက်မှာ အစာ မစားဖို့နဲ့ ၂ နာရီလောက်မှာ အရက် မသောက်မိဖို့လည်း လိုပါတယ်။
ခေါင်းတခြမ်း ကိုက်တာကို ပြေလျော့စေတဲ့ အကျင့်များ
နေထိုင်မှုပုံစံ ကလည်း ခေါင်းတခြမ်း ကိုက်ခြင်းကို အထောက်အကူ ဖြစ်စေပါတယ်။ အစာကို နပ်ကျော်စားတာမျိုး မလုပ်ပါနဲ့၊ ရေဝဝသောက်ပါ၊ ပုံမှန်လေ့ကျင့်ခန်း လုပ်ပါ၊ ကိုယ်အလေးချိန်ကို ထိန်းထားဖို့ အစားအသောက်ကို သတိပြုပါ။
တကယ်လို့များ ခေါင်းတခြမ်းကိုက် ဝေဒနာရှင်ဖြစ်ပြီး ဆေးတွေ စားနေရင်းက မသက်သာဘူး၊ ဆေးတွေနဲ့ မတည့်ဘူး၊ ဆေးမသောက်ချင်ဘူး စတဲ့ အချက်ကလေးတွေ ရှိနေရင်ဖြင့် အထက်က နည်းလမ်းလေးတွေနဲ့ ခေါင်းတခြမ်း ကိုက် ခြင်းကို သက်သာလို သက်သာငြား စမ်းသပ်ကြည့်တာ ကလည်း အပန်းကြီးလှမယ် မဟုတ်ပါဘူး။ ။