ရှမ်းပြည် အရှေ့မြောက် ကိုးကန့်ဒေသမှာ တိုက်ပွဲသံများ ကျယ်ကျယ်လောင်လောင် ကြားနေရတာနဲ့ တပြိုင်နက် ဒီတိုက်ပွဲကို ဦးစီးတာ ဖုန်ကြားရှင် ဆိုတဲ့ နာမည်ကိုလည်း ကြားလာရပါတယ်။
တကယ်တော့ ဖုန်ကြားရှင်ဆိုတာ ၂၀၀၉ ခုနှစ် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး သဘောတူညီမှုမရတာကစပြီး ကိုးကန့်နယ်ကို မြန်မာ့ တပ်မတော်မှ ဝင်စီးပြီးနောက် မြန်မာ့နိုင်ငံရေး၊ စီးပွားရေးမြင်ကွင်းက ပျောက်သွားပြီး အခု ၅ နှစ်အကြာမှာတကျော့ပြန်တိုက်ပွဲတွေနဲ့ ပြန်ပေါ်ထွက်လာပြန်ပါတယ်။
အသက် ၈၅ နှစ်အရွယ် ဖုန်ကြားရှင်ဟာ တချိန်က တပ်မတော် ခေါင်းဆောင်ဟောင်းတွေနဲ့ လက်တွဲခဲ့ပြီး ၁၉၉၃ ခုနှစ် စစ်အစိုးရက လုပ်တဲ့ အမျိုးသားညီလာခံကိုတောင် တက်ခဲ့သူပါ။ မူးယစ်ရာဇာ စစ်ဘုရင်တပါးလို့ နာမည်ကြီးခဲ့တဲ့ ဖုန်ကြားရှင်ကို ၂၀၀၉ ခုနှစ်မှာ မြန်မာစစ်အစိုးရက မူးယစ်ဆေးဝါး ချက်လုပ်ပြီး လက်နက်စက်ရုံထောင်ထားတယ်ဆိုပြီး လောက်ကိုင်ကို ဝင်ရောက်သိမ်းပိုက်ထိန်းချုပ်အပြီး ဝနယ်ထဲ တိမ်းရှောင်ခိုလှုံသွားတယ်လို့ ယုံကြည်ရပါတယ်။
ဖုန်ကြားရှင်ဟာ ၁၉၃၁ ခုနှစ်မှာ တရုတ်-မြန်မာ နယ်စပ် ဟုံစွေထူးကျေးရွာမှာ မွေးပြီး ပြည်တွင်းစစ်အတွင်း ကိုးကန့်တပ်မှူးတဦးအဖြစ် ကြီးထွားလာခဲ့သူပါ။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နဲ့ ပူးပေါင်းခဲ့ပြီး ပီကင်းထိ သွားရောက်လေ့လာခွင့်ရသူလည်း ဖြစ်ခဲ့တယ်။ ၁၉၇၀ နှစ်များအတွင်းမှာတော့ ဘိန်းရာဇာတဦး ဖြစ်လာခဲ့တယ်။
ဖုန်ကြားရှင်အကြောင်း ပြောရင် ကိုးကန့်တွေအကြောင်းကိုလည်း ပြောရလိမ့်မယ်။ ၁၉၆၈ ခုနှစ် တရုတ်- မြန်မာ အရေးအခင်းပြီးဗကပက အရှေ့မြောက်ဒေသကို အခြေချဖို့ ကြိုးစား လာတဲ့အခါမှာ ကိုးကန့်ဒေသဟာ ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် (မဆလ) အစိုးရနှင့် ဗကပ တို့အကြား နှစ်ဖက် တိုက် ပွဲများ ဆင်နွဲရာဖြစ်လာခဲ့ပြီး ကိုးကန့် လူမျိုးစုများဟာလည်း နှစ်ဖက်အဖွဲ့အစည်းတွင် အရေးပါသူများဖြစ် လာပါတယ်။
မြန်မာ့တပ်မတော်က ကိုးကန့်နယ်သား ကွယ်လွန်သွားပြီဖြစ်တဲ့ ဘိန်းရာဇာဟောင်း လော်စစ်ဟန်ကို မွေးမြူပြီးကိုးကန့်ကာကွယ်ရေးတပ်ကို ဦးဆောင်စေကာ ဗကပရန်က ကာကွယ်ဖို အသုံးချခဲ့သလို ဗကပကလည်း ဒေသတွင်းက စစ်ဘုရင် ဖုန်ကြားရှင်ကို စည်းရုံးပြီး မဆလ အစိုးရကို တိုက်ခိုက်စေခဲ့ပါတယ်။
ကိုးကန့်သားတွေ ပါဝင်တိုက်ခိုက်ခဲ့တဲ့ နာမည်ကြီး တိုက်ပွဲကတော့ ၁၉၇၁ ခုနှစ် နိုဝင် ဘာလ တွင် ဖြစ်ပွားခဲ့သည့် ကွမ်းလုံ ရက် ၄၀ တိုက်ပွဲဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေမှာ ဖုန်ကြားရှင်၊ ဖုန်ကြားဖူး၊ လော်စစ်ဟန်၊ ဟော်ရှောက်ရှန်း၊ လီခိုက်ဟို စသူတွေပါဝင်ခဲ့ပြီး လော်စစ်ဟန်နဲ့ ဖုန်ကြားရှင်ရဲ့ နာမည်တွေကတော့ သမိုင်းစာမျက်နှာပေါ်မှာ အရေးပါသူများဖြစ်လာခဲ့ပါတယ်။
လော်စစ်ဟန်ကတော့ ကွမ်းလုံတိုက်ပွဲအပြီး ဆုလဘ်အဖြစ် မဆလအစိုးရက ဘိန်းလုပ်ခွင့်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အင်အားကြီးလာတဲ့ ကိုးကန့်ကာကွယ်ရေးတပ်ဟာ အစိုးရသြဇာကို ဖီဆန်မည့် အရိပ်အယောင်တွေကြောင့် မူးယစ်ဆေးဝါးနဲ့ အကြောင်းပြပြီး လော်စစ်ဟန်ကို ဖမ်းဆီးကာ ကိုးကန့် ကာကွယ်ရေးအဖွဲ့ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။
ပြိုင်ဘက် ဖုန်ကြားရှင်ကတော ဗကပ တပ်မှူး တဦးအဖြစ် ဆက်လက်တည်ရှိနေကာ ဘိန်းကုန်ကူးခြင်းလုပ်ငန်း လုပ်ကိုင်နေခဲ့ ပါတယ်။ ဘိန်းကုန်ကူးခြင်းနှင့် ပတ်သက်ပြီး ဗကပ ဗဟိုက အခွန်အတုတ်အတွက် ကနဦးက မသိလိုက်ဘာသာ နေခဲ့ပြီး နောက်ပိုင်း တားမြစ်သည့်အခါမှာတော့ ဖုန်ကြားရှင်ဟာ မြန်မာအများစု ပါဝင်သည့် ဗကပ ဗဟိုကို တော်လှန် ပုန်ကန်ပါတယ်။
ဒီအခြေအနေကို ထောက်လှမ်းသိရှိရတဲ့ စစ်အစိုးရဟာ အကွဲအပြဲကို အမြတ်ထုတ်ပြီး ဗကပပြိုကွဲဖို့ ကြိုးစားပါတော့တယ်။ ထောက်လှမ်းရေး ဗိုလ်ချုပ်ခင်ညွန့် အစီအမံနဲ့ ဘိန်းဘုရင် လောစစ်ဟန်ရဲ့ သား အောင်နိုင်ကို ဖုန်ကြားရှင်ရဲ့ ကိုးကန့်အဖွဲ့ထံ စေလွှတ်ကာ ညှိနှိုင်းခဲ့သလို တဖက်ကလည်း ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးနဲ့ ကိုးကန့်စော်ဘွား နှမ အောလစ် ယန်းတို့အကူအညီနဲ့ ကိုးကန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစေခဲ့ပါတယ်။
ဒါကြောင့်လည်း စစ်အစိုးရဆီက အာမခံချက်တွေရရှိတဲ့ ဖုန်ကြားရှင်ဟာ ၁၉၈၉ ခုနှစ် မတ်လမှာ မြန်မာနိုင်ငံ လူမျိုးစု များ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA) ကို ဖွဲ့စည်းပြီး ဗမာပြည်ကွန်မြူနစ်ပါတီကို စတင်ပုန်ကန်ကာ ပထမဆုံး စစ်အစိုးရနဲ့ ပူးပေါင်းခဲ့တဲ့ တိုင်းရင်းသား အဖွဲ့အဖြစ် ခံယူလိုက်ပါတယ်။ နောက်ပိုင်း ဗကပတပ်မှာ အများစုဖြစ်တဲ့ ဝတွေပါ ပုန်ကန်ကြတော့ ဗကပပြိုလဲသွားခဲ့တော့တယ်။
အဲဒီတုန်းက ဖုန်ကြားရှင်နဲ့ လော်စစ်ဟန်အပါအဝင် ကိုးကန့်ခေါင်းဆောင် ၁၀၀ ကျော်ဟာ ပြည်ပ ကျူးကျော်မှုများရှိလာခဲ့ရင် စစ်ခေါင်းဆောင် တွေနဲ့ ပူးပေါင်းပြီး လက်တွဲတိုက်ခိုက်ဖို့ သဘောတူခဲ့ကြတယ်လို့ တပ်မတော်သမိုင်း မှတ်တမ်းတွေမှာ အတိအလင်းရေးသားခဲ့ပါတယ်။ သမိုင်းအလှည့်အပြောင်းအရ အဲဒီတုန်းက ပြည်ပကျူးကျော်မှုကို တပ်မတော်နဲ့အတူ ကာကွယ်မယ်ဆိုတဲ့ ဖုန်ကြားရှင်ဟာ အခုအခါမှာတော့ ပြည်ပကျူးကျော်သူတဦးလို သတ်မှတ်ခံနေရပါပြီ။
အဲဒီတုန်းက စစ်ခေါင်းဆောင်တွေဟာ ဖုန်ကြားရှင်ကို သူရဲကောင်းသဖွယ် ပြောဆိုကာ စီးပွားရေး နေရာပေး ဆက်ဆံခဲ့တာကို ဘယ်သူမှ မမေ့ကြသေးပါဘူး။ လူပြောသူပြောများတဲ့ ကိစ္စတခုကတော့ ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်တဲ့ တပ်မတော်ထောက်လှမ်းရေးအဖွဲ့ဟာ ဖုန်ကြားရှင်ရဲ့ ကိုးကန့်စီးပွားရေးသမားတွေနဲ့ တရင်းတနှီး ဆက်ဆံခဲ့ကြတာပါပဲ။
လော်စစ်ဟန်ကို Asia World ကုမ္ပဏီ တည်ထောင်စေပြီး လမ်း တံတား အိမ်ရာနဲ့ ဆိပ်ကမ်းတွေ ဆောက်လုပ်ခွင့်တွေ ပေးသလို ဖုန်ကြားရှင်ရဲ့ ကိုးကန့် စီးပွားရေး လုပ်ငန်းတွေဟာ ရန်ကုန်၊ မန္တလေးနဲ့ လားရှိုး စတဲ့မြို့ကြီးတွေမှာ လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။ မြန်မာ့အရေးကျွမ်းကျင်သူ ဆွီဒင်သတင်းစာဆရာ ဘာတေးလင့်တနာက စစ်အစိုးရဟောင်းရဲ့ “တရားဥပဒေဘောင်တွင်း ပြန်လည်ဝင်ရောက်လာခြင်း” ခေါင်းစဉ်အောက်မှာ ဖုန်ကြားရှင်အပါအဝင် ကိုးကန့်၊ ဝ ခေါင်းဆောင်တွေဟာ အကြီးအကျယ် ငွေကြေးခဝါချခွင့် ရခဲ့တယ်လို့ မှတ်ချက်ချခဲ့တယ်။
ဒါပေမယ့် ၂၀၀၉ ခုနှစ် စစ်အစိုးရက ငြိမ်းချမ်ရေးယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲဖို့ စစ်အစိုးရက လုပ်ကိုင်လာတဲ့အခါမှာတော့ ဖုန်ကြားရှင်ရဲ့ MNDAA က လက်မခံခဲ့တဲ့အတွက် မူးယစ်ဆေးဝါး၊ လက်နက်စက်ရုံ စသည့်ကိစ္စရပ်များကို အကြောင်းပြပြီး မြန်မာ့တပ်မတော်က တိုက်ခိုက်ခဲ့ပြီးနောက်မှာတော့ ဖုန်ကြားရှင်နဲ့ စစ်ခေါင်းဆောင်ဟောင်းတွေရဲ့ ဆက်ဆံရေးဟာ တခန်းရပ်ခဲ့ပါတော့တယ်။
မြန်မာအစိုးရကို လက်စားချေဖို့ ဖုန်ကြားရှင် အကြိမ်ကြိမ် ကြုံးဝါးခဲ့တယ်။ မကြာသေးခင်က ဖုန်ကြားရှင် လက်မှတ်ရေးထိုးပြီး ကိုးကန့်ဘလော့ဂ်တခုမှာ ဖြန့်ချိတဲ့ ထုတ်ပြန်ချက်မှာ ကိုးကန့် “လူမျိုးစုတွေကို ခွဲခြားဖိနှိပ်”တယ်လို့ ရေးပြီး အလှူငွေများ ထည့်ဝင်ဖို့ ဆော်ဩထားတယ်။
အခု လောက်ကိုင်တိုက်ပွဲမှာ သက်ကြားအိုတဦးဖြစ်သူ ဖုန်ကြားရှင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်ဖွယ်မရှိတော့ပေမယ့် လောက်ကိုင်ကို ပြန်သိမ်းဖို့ စစ်ရေးအရ ခြိမ်းခြောက်နိုင်စွမ်းကို ကြည့်ရင် ကိုးကန့်တွေကြား သူ့ဩဇာ ဘယ်လောက်ကျန်နေသေးသလဲဆိုတာ ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။