ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်မှာ အစိုးရ တပ်မတော်နဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့် တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေပြီး နှစ်ဘက်စလုံးမှာ အထိအခိုက် အကျအဆုံး များပြားစွာ ရှိနေသလို၊ အရပ်သားတွေပါ ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေ ရှိနေပါတယ်။
အဲဒီလို တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ အရပ်သားတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ကယ်ဆယ်ပြီး ပြန်လာတဲ့ ကြက်ခြေနီ ယာဉ်တန်း တခုဟာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က လောက်ကိုင်-ချင်းရွှေဟော် ကားလမ်းတနေရာ လုံထန် ကျေးရွာ အနီးမှာ တိုက်ခိုက်ခံရပြီး ပြည်သူ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ပစ်ခတ်ခံခဲ့ရတဲ့ ယာဉ်တန်းမှာ ဧရာဝတီ ဓာတ်ပုံ သတင်းထောက် တဦးဖြစ်တဲ့ ကိုဂျေပိုင်လည်း လိုက်ပါလာပြီး အဲဒီဖြစ်စဉ်နဲ့ သူ့ရဲ့ အတွေ့အကြုံကို အခုလို ပြန်လည် ပြောပြခဲ့ပါတယ်။
“လောက်ကိုင်မြို့ကနေ ဒုက္ခသည်တွေ ကယ်ပြီး ပြန်လာတဲ့ ကြက်ခြေနီ ယာဉ်တန်းက ချင်းရွှေဟော်မြို့ကို အပြန်၊ လမ်းတဝက်ဖြစ်တဲ့ လုံထမ်တောင်ကြား မရောက်ခင်မှာ တိုက်ပွဲသံတွေကြားတော့ ၄၅ မိနစ်လောက် ကားတွေ နားနေခဲ့တယ်။ သေနတ်သံတွေ တိတ်သွားတော့မှ ချင်းရွှေဟော်ဘက်ကို ဆက်အထွက်မှာ လုံထမ်တောင်ထိပ်နား အရောက် ရှေ့ဆုံးက ဒုက္ခသည်တွေ သယ်လာတဲ့ ကြက်ခြေနီကားကို သေနတ်နဲ့ လှမ်းပစ်ကြတယ်။ အဲဒီမှာ ကျည်ဆံတွေက ကားလမ်းပေါ်မှာ တထောက်ထောက်နဲ့ ကျနေတုန်း ကားကို ရပ်လိုက်တဲ့အချိန်မှာပဲ သေနတ်နဲ့ ပစ်တဲ့ တောင်ပေါ်က နေပြီးတော့ လက်နက်ကြီးနဲ့ လှမ်းထုတာ ကျနော်တို့စီးတဲ့ ၄ စီးမြောက်ကားရဲ့ ဘေးက လျှိုထဲကို လက်နက်ကြီး ကျည်ကျသွားတယ်။ ပြီးတော့ ကားပေါ်ကနေ ပြေးဆင်းပြီး လမ်းဘေးရေမြောင်းထဲကို ကားတွေ ကွယ်ပြီး ဆင်းဝပ်လိုက်ရတယ်။
၁၀ မိနစ်လောက် အကြာ သေနတ်သံငြိမ်တော့ ဒဏ်ရာရသလား ကြည့်လိုက်တဲ့အခါ ရှေ့ဆုံးက ကားမောင်းတဲ့ ကြက်ခြေနီနဲ့ ကယ်ဆယ်ရေး ကြက်ခြေနီတချို့ ဒဏ်ရာရကုန်တယ်။ သူတို့က ကားနဲ့ ခြေလှမ်း ၇ လှမ်းလောက် အကွာက ခြံနားမှာ ဝပ်နေတာကို တွေ့တော့ ကယ်မယ့်သူ မရှိဘူး။ ကျနော်တို့လည်း လိုတဲ့ပုံတွေ သွားရိုက်ပြီး
ဒဏ်ရာရသူတွေနဲ့ အနီးဆုံးကို သွားပြီး ကယ်ဖို့ ပြင်တယ်။ ဓာတ်ပုံ သတင်းထောက်တွေ ဖြစ်တဲ့ Reuters က ကိုစိုးဇေယျာထွန်းနဲ့ EPA က ကိုလင်းဘိုဘို တို့က ကျည်ကာဦးထုပ်တွေ၊ ကျည်ကာအကျႌတွေ ပါတော့ ဒဏ်ရာ ရသူတွေကို သွားဆွဲပြီး လုံခြုံတဲ့နေရာတွေဆီကို သယ်ဖို့ပြင်တယ်။ ကိုစိုးဇေယျာထွန်းနဲ့ ကိုလင်းဘိုဘိုရယ်၊ ကြက်ခြေနီ ကယ်ဆယ်ရေး ၂ ယောက်ရယ်က ဒဏ်ရာရတဲ့သူ တယောက်ကို ကယ်ပြီးတော့ ကြက်ခြေနီကားပေါ် တင်တယ်၊ ကျနော်က ဝမ်းဗိုက် ဒဏ်ရာရတဲ့ ကိုမိုးကျော်သန်းကို ပေါင်ပေါ်တင်ထားပြီး ဒဏ်ရာကို မထိအောင် ဂရုစိုက်ပြီး ချင်းရွှေဟော် ရောက်တဲ့အထိ ခေါ်လာခဲ့တယ်။
အပစ်ခံရတဲ့ လုံထမ်တောင်ကနေ ၁၅ မိနစ်လောက် ကားမောင်းလာတော့ မြန်မာတပ်တွေ လိုက်လာတာကို တွေ့တယ်။ ဒဏ်ရာရတဲ့လူ ရှိလား၊ ရှိရင်ပြင်ထားတယ် နောက်မှာ လိုက်လာနေပြီလို့ ပြောပြီး ရှေ့ဆက် တက်သွားတယ်။ ကျနော်တို့ အပစ်ခံရတဲ့နေရာက ချင်းရွှေဟော်ကို တနာရီလောက် ကားစီးရတယ်”
အခု လက်ရှိအချိန်မှာတော့ ဧရာဝတီဓာတ်ပုံ သတင်းထောက် ဂျေပိုင် အပါအဝင် သတင်းထောက်တွေဟာ လုံခြုံစိတ်ချရတဲ့ လားရှိုးမြို့ကို ရောက်ရှိနေပြီလို့ သိရပါတယ်။