လတ်တလော တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို သမ္မတ ဦးသိန်းစိန် အစိုးရက စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဒီအမိန့်ဟာ သမ္မတ ဦးသိန်းစိန် အတည်ပြုပြီး ထုတ်ပြန်လိုက်တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ကစပြီး အတည်ဖြစ်ပါတယ်။
ထုတ်ပြန်ကြေညာချက်ထဲမှာ “ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် မူလအခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိစေခြင်းငှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်လိုက်သည်” လို့ ပါရှိပါတယ်။
ဒါဟာ သမ္မတအနေနဲ့ ကိုးကန့်ဒေသနဲ့ ပတ်သက်ပြီး တပတ်အတွင်း ဒုတိယအကြိမ် ကြေညာချက်ဖြစ်ပါတယ်။ အခုလ ၁၂ ရက်နေ့ကလည်း ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားလားတဲ့အတွက် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သလို အရေးပေါ်အခြေအနေ အဖြစ်လည်း ကြေညာခဲ့ပါတယ်။
တဆက်တည်းမှာပဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လောက်ကိုင် အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ရဲ့ ဒေသကွပ်ကွဲရေးမှူး ဗိုလ်မှူးကြီး စောမြင့်ဦးကို ကိုးကန့်ဒေသ အုပ်ချုပ်ရေးနဲ့ လုံခြုံရေး၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်တွေ ပေးအပ်လိုက်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
မကြာသေးခင်က မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) နဲ့ တွေ့ဆုံစဉ်မှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုးကန့်တိုက်ပွဲတွေမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့တွေကိုလည်း အဲဒီပါဝင် ပတ်သက်မှုအပေါ်မှာ တာဝန်ယူရမယ်ဆိုပြီး သတိပေး ပြောဆိုသွားသလို ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး အလျှော့ပေးသွားမှာ မဟုတ်ဘူးဆိုပြီး ပြောဆိုသွားတာ တွေ့လိုက်ရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “နိုင်ငံတော် အစိုးရ၏ အစိတ်အပိုင်းတခုအား တိုက်ခိုက်လာခြင်းဖြစ်၍ တပ်မတော် အနေဖြင့် လုံးဝ လက်မခံနိုင်ကြောင်း၊ လုံးဝလျှော့၍ မရကြောင်း” တပ်မတော်ရဲ့ သဘောထားကို ထုတ်ပြောထားပါတယ်။
ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ပြောဆိုချက်ဟာ ပဋိပက္ခဖြစ်ပွားနေမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုတဲ့ ဆန္ဒထက် လက်နက်နဲ့ ဖြေရှင်းမယ့် အခြေအနေဘက်မှာ အသွင်ဆောင်နေကြောင်း၊ ဒီအခြေအနေဟာ နိုင်ငံ ရှေ့ရေးအတွက် ကောင်းမွန်တဲ့ လက္ခဏာ မဟုတ်ကြောင်း အစိုးရနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေက မှတ်ချက်ပြု ပြောဆိုနေကြပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေကတော့ ကိုးကန့်ဒေသမှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေဟာ နိုင်ငံရေး ပြဿနာဖြစ်ပြီး ဒီပြဿနာကို စစ်ရေးအရ မဖြေရှင်းဘဲ နိုင်ငံရေးအရ စားပွဲဝိုင်းပေါ်မှာ ဖြေရှင်းမှ ပြေလည်မယ့် ကိစ္စမျိုး ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေက ပြောကြပါတယ်။
ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဒုဥက္ကဋ္ဌ နိုင်ဟံသာက “အခု ကိုးကန့်ကို တိုက်တာမှ မဟုတ်ဘူး။ ကချင်ကို တိုက်တာရော၊ ပလောင်ကို တိုက်တာရော ဒီလိုနည်းနဲ့ ဖြေရှင်းတာဟာ နည်းလမ်းမမှန်ဘူး။ ပြေလည်မှုလည်း ရနိုင်မှာမဟုတ်ဘူးလို့ မြင်တယ်။ ဒါက နိုင်ငံရေးနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေပါပဲ။ တနေ့မှာ တဘက်က နိုင်ငံရေးနည်းအရ ဆွေးနွေးဖြေရှင်းမှုကို ဦးစားပေးရင် ပိုပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ နားလည်မှုရနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ဆိုပါတယ်။
UNFC ဟာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့ ၁၂ ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး ကိုးကန့်ဒေသမှာ အစိုးရ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ MNDAA ဟာလည်း UNFC မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။
နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းအရ မဖြေရှင်းဘဲ စစ်ရေးနဲ့ ဖြေရှင်းခဲ့တဲ့အတွက် နှစ်ပေါင်း ၆၀ ကျော်အကြာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး စစ်ကြောင့် တိုင်းပြည် အဆင်းရဲဆုံး နိုင်ငံစာရင်းဝင်ဖြစ်ခဲ့ကြောင်း၊ ပြည်သူလူထု တရပ်လုံး ဆင်းရဲတွင်းနက်နေတဲ့ ခါးသီးတဲ့ သင်ခန်းစာကို ယူပြီး နှစ်ဖက်တိုက်ခိုက်မှုတွေကို ရပ်စဲကာ ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့လိုကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဗဟို ဌာနချုပ်က အခုလ ၁၄ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန် တိုက်တွန်းထားတာကို တွေ့ရပါတယ်။
SSPP/SSA အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဆိုင်က “တိုင်းရင်းသားတွေ တောင်းဆိုနေတာက ခွဲထွက်ရေး မဟုတ်ဘူး။ တန်းတူရေး တောင်းဆိုနေတာ ဖြစ်တယ်။ ဒါကို သိသိကြီးနဲ့ စစ်ရေးနည်းအရ ဖြေရှင်းနေမယ်ဆိုရင် တိုင်းပြည် ဆင်းရဲရုံ၊ လူတွေသေရုံကလွဲလို့ ကျနော်တို့မှာ ထွက်ပေါက်မရှိဘူး။ စာပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေးရေးသာလျှင် အကောင်း ဆုံးနည်းလမ်းဖြစ်တယ်” လို့ ပြောပါတယ်။
စစ်အစိုးရလက်ထက် နိုင်ငံအုပ်ချုပ်တဲ့ စစ်ခေါင်းဆောင်တွေနဲ့ ချစ်မိတ်ဆွေတွေ ဖြစ်ခဲ့တဲ့ ဦးဖုန်ကျားရှင် အပါအဝင် ကိုးကန့်လူမျိုးတွေကို အစိုးရ ကိုယ်တိုင်က တိုင်းရင်းသားအဖြစ် လက်ခံထားပြီး လက်ရှိ တိုက်ပွဲဖြစ်ချိန်မှာ တိုင်းတပါး ကျူးကျော်စစ်သဏ္ဍန် ဝါဒဖြန့်နေမှုတွေဟာလည်း ကောင်းတဲ့ လက္ခဏာမဟုတ်ဘူးလို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ရှုမြင်ကြပါတယ်။
တချိန်တည်းမှာပဲ တရုတ်နိုင်ငံ အစိုးရကလည်း ကိုးကန့်ဒေသနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး မှန်းဆပြောဆို နေမှုတွေအပေါ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး Facebook လူမှုကွန်ရက် စာမျက်နှာကတဆင့် တုန့်ပြန် ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာရှိနေတဲ့ ကိုးကန့်လူမျိုးတွေဟာ တရုတ်လူမျိုးတွေရဲ့ ဆွေမျိုးသာဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသား မဟုတ်ကြောင်း၊ ကိုးကန့်လူမျိုးတွေဟာ မြန်မာနိုင်ငံသား တိုင်းရင်းသား လူမျိုးစု တစုသာဖြစ်ကြောင်း ကိုးကန့်ဒေသကို Crimea ဒေသလို ခိုင်းနှိုင်းဖော်ပြမှုတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ သဘောထား ပေးနေကြခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဦးဖုန်ကျားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့ကို ၂၀၀၉ ခုနှစ်က လောက်ကိုင် ဒေသမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ လက်နက် ထုတ်လုပ်မှု စတဲ့အချက်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး ကိုးကန့်ဒေသကို အစိုးရစစ်တပ်က ထိန်းချုပ်လိုက်ပေမယ့် ၅ နှစ်အကြာမှာ ကိုးကန့်ဒေသအတွင်း တကြော့ပြန် ပေါ်လာပြီး အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေခဲ့တာဟာ စစ်ရေး အရ ဖြေရှင်းလို့ မရဘူးဆိုတာ ပြနေတယ်လို့လည်း ဆိုကြပါတယ်။
တကြော့ပြန် တိုက်ပွဲတွေဟာ အခုလ ၉ ရက်နေ့ကစ ဖြစ်ပွားခဲ့တာဖြစ်ပြီး နှစ်ဘက် အကျအဆုံးတွေ ရှိခဲ့ကြောင်း အစိုးရက တရားဝင် ထုတ်ပြန်ထားသလို လောက်ကိုင်မြို့ပေါ်မှာဆိုရင် မြို့တွင်း တိုက်ပွဲတွေဖြစ်ခဲ့တဲ့အတွက် ခန့်မှန်းခြေ အရပ်သား ၅၀ ကျော်အထိ သေဆုံးမှုတွေဖြစ်ခဲ့ပြီး စာသင်ကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့တွင်းအထိပါ တိုက်ပွဲတွေဖြစ်နေတဲ့ အတွက် စိုးရိမ်ထိတ်လန့်နေကြတဲ့ မြို့ခံတွေဟာ အိုးအိမ်တွေကို စွန့်ပြီး တမြို့လုံးနီးပါး ဘေးကင်းရာကို ထွက်ပြေးခိုလှုံနေကြရပါတယ်။ တဘက်နိုင်ငံနယ်စပ် တရုတ်ပြည်ထဲကို ဒုက္ခသည် ၃ သောင်းကျော် ရောက်ရှိလာသလို လားရှိုးနဲ့ တခြား မြန်မာနိုင်ငံအတွင်းက မြို့နယ်တွေမှာလည်း ကိုးကန့်ဒေသကနေ ထွက်ပြေးလာတဲ့ ထောင်ချီတဲ့ စစ်ဘေးခိုလှုံသူတွေ ရောက်ရှိနေပါတယ်။
ဒီတိုက်ပွဲတွေမှာ ဦးဖုန်ကျားရှင် ဦးဆောင်တဲ့ မြန်မာနိုင်ငံလူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA) နဲ့ အတူ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့က ပူးပေါင်း ပါဝင်တိုက်ပွဲ ဝင်နေကြာင်း မဟာမိတ်တပ်ခေါင်းဆောင်တွေက တရားဝင် ထုတ်ဖော်ပြောဆိုထားပါတယ်။
ဒါပေမယ့် အစိုးရက ဒီတိုက်ပွဲ တွေမှာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ ရှမ်းပြည်တပ်မတော် (ဝမ်ဟိုင်း) တို့လည်း ပါဝင်ကြောင်း စွပ်စွဲထားပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA နဲ့ KIA တို့ကတော့ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ သူတို့ အဖွဲ့တွေ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်။ အစိုးရရဲ့ ကြေညာချက်ထဲမှာတော့ ရက္ခိုင့်တပ်မတော် (AA) ကို ထည့်မထားတာ တွေ့ရပါတယ်။
လက်ရှိ အချိန်ဟာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေအကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး စာချုပ် ချုပ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ ကာလဖြစ်ပြီး ဒီအချိန်အခါမျိုးမှာ အစိုးရ စစ်တပ်တွေက KIA, TNLA, SSPP/SSA နဲ့ MNDAA တို့ လှုပ်ရှားနယ်မြေတွေမှာ စစ်အင်အား တိုးချဲ့နေမှုတွေ ပြုလုပ်နေတာဟာ ပြည်တွင်းစစ်ကို ပိုမို တောက်လောင်စေတယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (P.S.L.F) က အခုလ ၁၇ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
P.S.L.F ရဲ့ ထုတ်ပြန်ချက်ထဲမှာ “ပြည်တွင်းစစ်မီး ပိုမိုကြီးမားစေရန် အတွက် လိုအပ်သည်ထက် စစ်အင်အားသုံးကာ လက်ရှိ ရင်ဆိုင်နေရသည့် နိုင်ငံရေး အကြပ်အတည်းများကို လမ်းကြောင်းလွဲဖြေရှင်းရန် ကြိုးပမ်းသည့် မြန်မာ စစ်ခေါင်းဆောင်များ၏ လမ်းဟောင်း ဗျူဟာတရပ်သာဖြစ်သည်” လို့ ပါရှိပါတယ်။
ကိုးကန့်ဒေသကို အစိုးရက စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပေမယ့် တိုက်ပွဲတွေက တည်ငြိမ်မသွားဘဲ ဒေသအတွင်းမှာ ဆက်တိုက် ဖြစ်ပွားနေပြီး အစိုးရစစ်တပ်က စစ်လက်နက် ခဲယမ်းတွေနဲ့ စစ်သည်အင်အားတွေ၊ တိုးချဲ့မှုတွေ ပြုလုပ်နေတဲ့ အခြေအနေတွေ ရှိနေတာကြောင့် တိုက်ပွဲတွေက အရှိန်ထပ်မြင့်လာပြီး အရင်ထက် ပိုမိုကျယ်ပြန့်လာနိုင်တယ်လို့ အစိုးရ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့မှုနဲ့ ပတ်သက်ပြီး အချုပ်အခြာအာဏာကို ထိပါးမှုဖြစ်ကြောင်း၊ အစိုးရ စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ တပ်ဖွဲ့တွေကို ရှုတ်ချခဲ့ပြီး တိုက်ပွဲဝင်နေတဲ့ အစိုးရစစ်တပ်က စစ်သည်တွေကို ချီးကျူးဂုဏ်ပြုကြောင်း အခုလ ၁၆ ရက်နေ့က ပြည်ထောင်စု လွှတ်တော်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပြည်ထောင်စု လွှတ်တော်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီး ခွန်ဆိုင်က “တကယ့် အရေးတကြီး လုပ်ရမယ့် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ၄၃၆ ကိစ္စတို့ ပညာရေးကိစ္စတို့မှာ ဘာမှ ထိထိရောက်ရောက် မလုပ်ဘူး။ ပြောသာပြောနေတာ သူတို့လက်တွေ့မှာ တီကောင် ဆားနဲ့ တို့သလိုပဲ မကြိုစားဘူး။ လူတွေ သေကြေပျက်စီးစေတဲ့ တိုက်ပွဲကြီးကို လွှတ်တော် တရပ်အနေနဲ့ ရပ်နားဖို့ တားမြစ်ရမယ့်ကိစ္စမှာ အခုတော့ ပြောင်းပြန်ဖြစ် နေတယ်” လို့ ဆိုပါတယ်။
ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေး ကြေညာအပြီးမှာ လွတ်လပ်တဲ့ ပြည်တွင်း နိုင်ငံရေး အင်အားစုတွေကတော့ တကြော့ပြန် စစ်အုပ်ချုပ်ရေး အခြေအနေတွေ ပြန်ဖြစ်လာမှာကို စိုးရိမ်နေကြပြီး မတည်ငြိမ်မှုတွေ အကြောင်းပြပြီး ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး အပါအဝင် နိုင်ငံပြုပြင်ပြောင်းလဲရေး အတွက် အရေးကြီးတဲ့ ပြင်ဆင်မှုတွေ နှောင့်နှေးမှာ၊ ၂၀၁၅ ရွေးကောက်ပွဲ ထိခိုက်မှာတွေကို စိုးရိမ်ပူပန်နေကြပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ရေး ဆွေးနွေးနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ (UPCC)၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) တို့ အနေနဲ့လည်း နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ် ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့အတွက်ဆိုရင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေမှာသာ အဖြေရှိလိမ့်မယ်လို့ ယုံကြည်ကြောင်း MPC ရဲ့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။
“ကိုးကန့်တင်မဟုတ်ပါဘူး။ ဘယ်ကိစ္စပဲဖြစ်ဖြစ် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေမှာ ဆွေးနွေးမှပဲ ရေရှည်အတွက် အဖြေကို ရမှာပေါ့ဗျာ” လို့ ဦးလှမောင်ရွှေက ပြောပါတယ်။
တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ကလည်း ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေဟာ ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်တွေကို ထိခိုက်နေသလို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (NCA) ဆွေးနွေးမှုကို ထိခိုက်စေနိုင်တဲ့အတွက်ကြောင့် လက်နက်နဲ့ မဖြေရှင်းဘဲ စားပွဲဝိုင်းပေါ်မှာ ဖြေရှင်းဖို့ တိုက်တွန်းထားပါတယ်။