ဘုရားပွဲတော် ဈေးခင်းတခုကို လိုက်ပို့မည် ဟု ဆိုသည့်အချိန်က ကျနော့်စိတ်ထဲ မမျှော်လင့်ဘဲ အညာဘုရားပွဲ ဈေးခင်းတခုကို တွေ့ရလိမ့်မည် ဟု ကြိုပြီး သတိမမူမိခဲ့။ ထို့ကြောင့် သိပ်ပြီး တက်တက်ကြွကြွ မရှိခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
ကျောက်ဆည်မြို့ရဲ့ အနောက်ဘက်၊ တံတားဦးမြို့ဆီ ဦးတည်သည့် ကားလမ်းအတိုင်း ထွက်လာခဲ့ကြသည်။ ငါးမိုင် ခန့် အကွာက ညောင်ရွှေရွာ အနီး ရောက်လာကြသည်။ ဖုန်တထောင်းထောင်း ထနေသည့် မြေနီကားလမ်းပေါ် ဆင်းလာခဲ့ကြသည်။ အုတ်တံတိုင်းတခု ကာထားရာ ‘ရှင်ပင်ရွှေဆပ်သွားဘုရား’ ဆီ ရောက်လာသည်။
ကာတွန်းဆရာ ကိုဖောင်းဖောင်းက ကားပေါ်က ဆင်း၊ ကျနော်တို့ လူသိုက်ကို ဦးဆောင်ပြီး ဈေးဆိုင်တန်းတခုထဲ ဝင်တော့ ကျနော်က ဈေးဆိုင်တချို့ကို ကြည့်ကာ ချက်ချင်းဆိုသလို စိတ်လှုပ်ရှားလာရသည်။ ကိုယ့်ကိုယ်ကိုလည်း စိတ်ထဲက အပြစ်တင်လိုက်မိ သည်။
တကယ်တော့ ကျနော်ရောက်ရှိလာရာ ပွဲခင်းမှာ အညာ ရှင်ပင်ရွှေဆပ်သွားဘုရား ပွဲဈေးခင်း။ နှစ်ပေါင်းများစွာ တမ်းတ နေခဲ့ဖူးသည့် အညာဘုရားပွဲတော် ဈေးခင်း။ မှတ်မှတ်ရရ နှစ်ပေါင်းသုံးဆယ်ကျော် တမ်းတနေခဲ့ရဖူးသည့် အညာ ဘုရားပွဲတော် ဈေးခင်းတခု။
ကျောက်ဆည်မြို့ကို ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ ရာပြည့် စာပေဟောပြောပွဲ အတွက် ကျနော် ရောက်လာခြင်း ဖြစ်သည်။ စာပေဟောပြောပွဲက နှစ်ရက်ခွဲပြီး ကျင်းပမည် ဖြစ်သည်။ ၁၂၊ ၂၊ ၂၀၁၅ တွင် ဆရာနေဝင်းမြင့်၊ ဘလော့ဂါ နေဘုန်းလတ်နှင့် ကာတွန်းဆရာ ဖောင်းဖောင်းတို့ ဟောပြောကြပြီး နောက်နေ့ ၁၃၊ ၂၊ ၂၀၁၅ တွင် နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ မင်းသားကြီး ကျော်သူ၊ ကျနော်နှင့် ညီညီအောင်တို့ ဟောပြောမည် ဖြစ်သည်။
ကျောက်ဆည်မြို့ကို ရောက်ကတည်းက စာပေဟောပြောပွဲ မတိုင်ခင် အချိန်ဆိုလျင် ကျောက်ဆည်မြို့ အထင်ကရ နေရာဒေသ တချို့ကို အချိန်လုပြီး သွားရောက် လေ့လာဖို့ကိုသာ စိတ်အာရုံ ညွှတ်နေခဲ့မိသည်။ သို့သော် ကိုယ် တယောက်တည်း မဟုတ်ဘဲ ကျင်းပရေး ကော်မတီရဲ့ အကူအညီဖြင့် သွားရလာရခြင်း ဖြစ်သဖြင့် ကိုယ် လိုချင် သလောက်တော့ အချိန်ယူလို့ မဖြစ်။ အများနှင့်သွားရသည်မို့ သွားသုတ်သုတ် လာသုတ်သုတ် ဖြစ်သည်။
စာပေဟောပြောပွဲ ကျင်းပရေး ကော်မတီ အတွင်းရေးမှူး ကာတွန်းဆရာ ကိုဖောင်းဖောင်း (ဖောင်းဖောင်း- ကျောက်ဆည်) က ဘုရားပွဲတခု လိုက်ပို့မည် ဟု ပြောပြီး ခေါ်လာခဲ့သည့်တိုင် အညာဘုရားပွဲ တခုဆီ သွားနေခြင်း ဖြစ်သည်ကို မတွေးခဲ့၊ သတိမပြုမိခဲ့။ သာမာန်ဘုရားပွဲတော် တခုဆီ သွားနေခြင်းသာ ဖြစ်သည်ဟု တွေးခဲ့မိသည်။ ယခုတော့ မမျှော်လင့်ဘဲ အညာဘုရားပွဲတော် ဈေးခင်းတခုထဲ ကျနော် ရောက်လာခဲ့ပြီ။ သို့သော် ပွဲတော်အတွင်း အချိန်ကြာကြာ လှည့်လည် လေ့လာဖို့ကျပြန်တော့လည်း အချိန်က သိပ်မရ။
ပွဲဈေးခင်း အတွင်း စတင်ဝင်လာ ကတည်းက ကျနော့်စိတ်က လှည်းစခန်း ရှိမယ် ထင်ရာဘက်သို့သာ ရောက်နေ သည်။ ထို့ကြောင့် လှည်းများ စခန်းချသည့်နေရာသို့သာ ဦးစွာပထမ လိုက်ပို့ပါရန် ကိုဖောင်းဖောင်းကို အကူအညီ တောင်းရသည်။
ပွဲဈေးတန်းနှစ်ခု အကျော်တွင် ကျနော်တို့ လူအုပ် လှည်းစခန်းဟု ယူဆရသည့် နေရာဘက် ရောက်လာခဲ့ကြသည်။ ဘုရားပရဝုဏ် အုတ်တံတိုင်း အပြင်ဘက် လယ်ကွက်များ ပေါ်တွင် ဈေးဆိုင်တန်းများ ထိုးထားသဖြင့် ပက်ကြားအက် နေသော လယ်မြေနှင့် ရိုးပြတ်လက်ကျန် တချို့တလေကို နင်းကျော်လာခဲ့ကြရသည်။ ဘုရားကျောင်းဝင်းထဲက ထွက်လိုက်သည်နှင့် ဈေးခင်းထဲ တန်းရောက်သွားကြသည်။
ကျနော်တို့ ရောက်သွားသည့် အချိန်က နေမွန်းတည့်ချိန် ဖြစ်သည်။ နေရောင်ကလည်း အတော်ပြင်းသည်။ လှည်း တချို့မှာ ဖင်မြီးချင်းဆိုင်ကာ ဝိုင်းပတ်ပြီး လှည်းဖြုတ်ထားကြသည်။ လှည်းပေါင်းမိုးများ၊ လှည်းလက်တံများ ပေါ်တွင် စောင်များ၊ ဖျာများ တင်ထားသည်။ လူများ၊ အိုးခွက်ပန်းကန်များနှင့် အခြား အသုံးအဆောင်များမှာ လှည်းအောက်နှင့် လှည်းဘေးတွင် ရှိနေသည်။ လူတချို့က လှည်းအောက်တွင် အိပ်လျက်။ လှည်းတစီးအောက်တွင် ဆယ်ကျော်သက် အရွယ် မိန်းကလေးတဦး ထမီရင်လျားနှင့်ပင် ထိုင်လျက် သနပ်ခါးလူး အလှပြင်နေသည်ကို တွေ့ရသည်။
တချို့ လှည်းနှင့် မလှမ်းမကမ်းတွင် ချက်ကြ ပြုတ်ကြလျက်။ မနီးမဝေး ကွက်လပ်ထဲ နွားများကို ငုတ်စိုက်ပြီး ကြိုးဖြင့် လှန်ထားကြ၏။ ကလေးတချို့က လှည်းများကြား ပြေးတမ်းလိုက်တမ်း ကစားနေကြသည်။ ဘုရားပွဲလာသည့် လှည်းများ နောက်က လိုက်လာသည့် ခွေးများလော၊ ဘုရားဝန်းကျင်က ခွေးများလော၊ ဝေခွဲမရနိုင်သည့် ခွေးတခိျို့က ဟိုဟိုသည်သည် သွားလျက်။
လှည်းဝိုင်းကြီးဘေးက သစ်ခြောက်ပင်ကြီးကို အလယ်မှာထားကာ လှည်းစခန်းကို ကျနော် ဓာတ်ပုံရိုက်သည်။ လှည်းများ၊ လူများကို ဓာတ်ပုံရိုက်သည်။ ပက်ကြားအက် လယ်ကွက်ပေါ် သတိနှင့်လှမ်းကာ၊ နွားချေးပုံတချို့နှင့် ရေစီးကြောင်း တချို့ကို ကွေ့ရှောင်ကျော်ခွကာ ရသည့်အချိန်ကလေးအတွင်း နှံ့စပ်နိုင်သမျှ နှံ့စပ်အောင် လိုက်ကြည့်သည်။ နှစ်ပေါင်းများစွာ အိပ်မက်ထဲတွင်သာ ပုံဖေါ်တမ်းတခဲ့ရသည့် အညာ ပွဲဈေးခင်းတခုရဲ့ လှည်းစခန်းကို ပီတိစိတ်ဖြင့် ဓာတ်ပုံရိုက်သည်။
ဘုရားပွဲဈေးခင်းထဲ လျှောက်ကြည့် နေစဉ် ဈေးဆိုင်တချို့ကို စိတ်ဝင်စားလွန်းသဖြင့် မကြာခဏ ဆိုသလို အဖေါ်များ နောက်မှာ ပြတ်ပြတ်ကျန်နေခဲ့ရသည်။ ကိုဖောင်းဖောင်း ဦးဆောင်ရာနောက် ကျိတ်ကျိတ်တိုး နေသည့်လူအုပ်ထဲ လူချင်း မကွဲအောင် သတိထားရင်းဖြင့်သာ ပွဲဈေးခင်းထဲ လျှောက်နေမိသည်။ ကျနော်တို့ လူအုပ်တွင် စာပေဟောပြောပွဲ ကျင်းပရေး ကော်မတီက ကော်မတီဝင်ဟု ထင်ရသူ နှစ်ယောက်လည်း ပါလာသည်။ ပြီးတော့ မှတ်မှတ်ရရ ဘလော်ဂါ နေဘုန်းလတ်လည်း ပါလာသည်။
နေဘုန်းလတ်သည် စာပေဟောပြောပွဲ တက်ရောက် ဟောပြောရန် ရောက်လာသူ ဖြစ်သည်။ သူက ဒီနေ့ညတွင် ဆရာနေဝင်းမြင့်နှင့် အတူ ဟောပြောရမည် ဖြစ်သည်။ ကျင်းပရေး ကော်မီတီက စီစဉ်ပေးသော အိမ်တွင် ကျနော်နှင့် အတူ တည်းခိုနေသူ ဖြစ်သည်။ ကိုဖောင်းဖောင်းက ကျောက်ဆည်မြို့ရဲ့ အထင်ကရ နေရာတချို့ လိုက်ပို့မည် ဆိုသောအခါ သူလည်း ပါလာခဲ့သည်။
သူက ကျနော့်ထက် အသက်ထက်ဝက်ခန့် ငယ်သည်။ အသားဖြူဖြူ လူပုံ ခပ်ချောချော ခပ်သန့်သန့်။ သူသည် စစ်အစိုးရ လက်ထက်က ငယ်ငယ်ရွယ်ရွယ်နှင့် ဆက်သွယ်ရေး ဥပဒေ အကြောင်းပြကာ ထောင်အနှစ်နှစ်ဆယ် အပြစ်ပေးခံခဲ့ရသူ။ ယခုမှပင် သူနှင့် လူချင်း တွေ့ဖူး သိဖူးခြင်း ဖြစ်သည်။
ကျနော်တို့ လူအုပ် ပွဲဈေးခင်းထဲ နာရီဝက်ကျော်ကျော် တနာရီနီးပါး လျှောက်ကြည့်ကြသည်။ ကျနော် စိတ် အဝင်စားဆုံး ဖြစ်သည့် အညာဒေသ အသုံးအဆောင် ပစ္စည်းများ ဈေးဆိုင်တန်းကို ရောက်တော့ ကျနော့်မှာ အဖေါ်များနှင့် စကားပင် မပြောနိုင်တော့။ အငမ်းမရ ဓာတ်ပုံရိုက်သည်။ အားမလို အားမရဖြင့် ဈေးဆိုင်ပစ္စည်းများကို လိုက်ကြည့်သည်။
တနေရာ အရောက်တွင် ဝါးဖျာများ ရောင်းသည့် ဆိုင်တန်းကို ရောက်လာသည်။ လူတယောက် နောက်တွင် ဖျာလိပ် ကြီးများ အလိပ်လိုက် ထပ်တင်ထားသည်ကို တွေ့ရသည်။ ယင်းဖျာများမှာ အခင်းရော ယာယီ အမိုးအကာပါ လုပ်လို့ ရသည့် ဝါးဖျာကြီးများ ဖြစ်သည်။ ဝါးနှင့် ရက်လုပ်ထားသော တောင်းအမျိုးမျိုး၊ စကော စကာ အမျိုးမျိုး။ ဝါးဖြင့် ပြုလုပ် ထားသည့် ဝါးချိန်ခွင်များကိုပင် တွေ့ရသည်။
ကြေးနှင့် သံထည် ပစ္စည်းဆိုင်များကို တွေ့တော့ ကျနော့်မျက်လုံးများမှာ ပိုပြီး ပြူးကျယ်လာရသည်။ လက်ဖဝါးစာ မျှသာရှိသည့် ကြေးလင်းကွင်းငယ်များ၊ မီးဖိုချောင်သုံး ကြေးသွန်းပစ္စည်းများ၊ အသေးအမွှား မွေးညှပ်မှ အစ ဓားမကြီး များ၊ လင်ဗန်းနှင့် ကပ်ကြေးများ အဆုံး တန်းစီစုပုံ ပြသထားသည်ကို တွေ့ရသည်။ ဝါးနှင့်ပြုလုပ်ထားသည့် ပစ္စည်းများ၊ ကြေးသွန်း ပစ္စည်းများကို ယခုထက်တိုင် အညာတခွင် အသုံးပြုနေကြဆဲ ဖြစ်နေသေးပါလားဆိုသည့် အတွေးနှင့် ကျနော့်မှာ စိတ်လှုပ်ရှား ရင်ခုန်နေသည်။
စားသောက်ဆိုင်များ၊ လဘက်ရည်ဆိုင်များကြားတွင် မုန့်ပဲသရေစာမျိုးစုံ ရောင်းသည့် ဆိုင်ငယ်ကလေးများကို တွေ့ရ သည်။ ဆိုင်တခုရှေ့ကိုရောက်တော့ ကျနော့်ခြေလှမ်းများ အနည်းငယ် တန့်သွားရသည်။ ရုတ်တရက် မင်သက်မိ ပြီး ဆိုင်ရှေ့တွင်ပင် ရပ်နေလိုက်မိသည်။ မုန့်ခေါင်းအုံးဆိုင် ဖြစ်သည်။ မုန့်ခေါင်းအုံးများကို တောင်းများပေါ်၊ စကောများ ပေါ် အပုံလိုက်ခင်းထားသည်ကို တွေ့ရသည်။ နီညိုရောင် ထန်းလျက်ရည်များ လောင်းလျက် မုန့်ခေါင်းအုံး မုန့်များမှာ တောင်းများ၊ စကောများပေါ်တွင် ထင်ထင်ရှားရှား မြင် နေရသည်။
ရုတ်တရက် ကောက်ယူပြီး စားချင်စိတ်ပင် ဖြစ်လာရသည်။ ပြီးတော့ မုန့်ကျွဲသဲ၊ ထိုးမုန့်၊ မုန့်စိမ်းပေါင်း၊ ထန်းသီးမုန့်၊ သကြား ထန်းလျက်ဖြင့် လုပ်သည့် အခြားမုန့်မျိုးစုံ၊ ယိုမျိုးစုံ၊ အရောင်မျိုးစုံ၊ ဈေးတန်းတခုလုံး အညာစားသောက်ကုန် မျိုးစုံ။ မျက်စိတဆုံး။ သတိရလို့ နာရီကိုကြည့်တော့ ပွဲဈေးခင်းထဲ လျှောက်သွားနေသည်မှာ တနာရီကျော်ခန့် ကြာသွား ခဲ့ပြီပဲ။ ကိုဖောင်းဖောင်းက ပြန်ကြရန်ပင် နှိုးဆော်နေပြီ။
ရှင်ပင်ရွှေဆပ်သွားဘုရား၏ သက်တမ်းသည် နှယ်နှယ်ရရသက်တမ်း မဟုတ်တော့ချေ။ ပုဂံခေတ်ကို တည်ထောင်သူ အနော်ရထာမင်း တည်ထားခဲ့သည့် ဘုရားဖြစ်သည်။ ဘုရားပွဲတော်ကို တနှစ်မှာ နှစ်ကြိမ်ကျင်းပသည်။ ကျနော်သည် ဘုရားသမိုင်းနှင့် ပတ်ဝန်းကျင်ဒေသ အခြေအနေများကို စိတ်မဝင်စားနိုင်ခဲ့ပါ။ လေ့လာဖို့ရန်လည်း အချိန် မလုံလောက် ခဲ့ပါ။
အထူးသဖြင့် ရသည့်အချိန်ကလေး အတွင်းတွင်လည်း ပွဲဈေးခင်းအတွင်းမှာသာ စိတ်က ရောက်နေသည်။ ပွဲဈေးခင်း ကသာ ကျနော့်ကို တချိန်လုံး ဖမ်းစားထားခဲ့သည်။ သို့နှင့်တိုင် ပွဲဈေးခင်းရဲ့ အခြေအနေကိုလည်း စိတ်ကျေနပ်လောက် သည် အထိ မလေ့လာနိုင်ခဲ့ပါ။ မတတ်နိုင်ပါ။ ရသလောက်ကိုပင် နိုင်သလောက် ခပ်ယူခဲ့ရသည့် သဘောပင်ဖြစ်သည်။
ပွဲဈေးခင်းထဲက ပြန်ထွက်လာတော့ ‘ဒုန်းနွားပြိုင်ပွဲ’ ရပ်နားထားသည့် အချိန်နှင့် တိုက်ဆိုင်နေသည်မို့ ကြည့်ခွင့် မရခဲ့သဖြင့်လည်း မချင့်မရဲစိတ်က တလမ်းလုံး အမျှင်တန်းနေခဲ့ပါသေးသည်။ ။