ကျနော်တို့ ဖြူး အထက ၁ ကျောင်းတွင် ၁၉၂၀ ကတည်းက တည်ဆောက်ခဲ့သော အမျိုးသား ကျောင်းဆောင်ကြီး ရှိပါသည်။ ထိုကျောင်းကြီးကို တန်ဖိုးထား ဂုဏ်ယူစွာ အမျိုးသားကျောင်း ၁၉၂၀ ဟု အမည်တွင်ကာ မြတ်ဆရာ ပူဇော်ပွဲကို အမျိုးသား ကျောင်းဆောင်ပေါ်တွင် အမြဲပြုလုပ်ပါသည်။ ဤကျောင်းသည် ဒီမိုကရေစီ ကျောင်းမဟုတ်ပါ။
အမျိုးသားကျောင်း စိန်ရတု အခမ်းအနားကို ၁၉၉၅ ခုနှစ်တွင် ကျင်းပခဲ့ပါသည်။ စိန်ရတု အခမ်းအနားနှင့်အတူ ပထမအကြိမ် မြတ်ဆရာ ပူဇော်ပွဲကို ပူးတွဲ ကျင်းပခဲ့ပါသည်။
ဖြူး အထက ၁ ကျောင်းထွက် ကျောင်းသူ၊ ကျောင်းသား အားလုံးကို အလှူခံပါသည်။ အလှူခံ ဖြတ်ပိုင်းစာရွက် နောက်ကျောတွင် ပူဇော်ပွဲသို့ တက်ရောက်ပါရန် ဖိတ်ကြားလွှာရိုက်ထားပြီး ဖြစ်ပါသည်။ သီးခြားဖိတ်စာဖြင့် ဖိတ်ကြားခြင်း မရှိပါ။
ကိုစောဝေကို အလှူရှင်အဖြစ်သာ ဖိတ်ကြားခြင်း ဖြစ်ပါသည်။
ဆရာတဦးကို တသိန်းကျပ် ကန်တော့ခြင်းသည် ကော်မတီ၏ ဆုံးဖြတ်ချက် ဖြစ်ပါသည်။ ညွှန်ချုပ်တဦးကို သိန်း ၅၀၀ ချေးထားသည်မှာ လုံးဝမဟုတ်ပါ။ ကန်တော့ခံ ဖိတ်ကြားဆရာကြီး၊ ဆရာမကြီး ၁၄၃ ဦး၊ တက်ရောက်သူ ၁၁၅ ဦး ဖြစ်ပါသည်။
သူရဦးရွှေမန်းကို ဝမ်းမြောက်စွာ ကြိုဆိုကြပါသည်။ သူရဦးရွှေမန်း၏ ကားတံခါးကို ဖွင့်သူမှာ ညီတော် ဦးအောင်မြင့်သာ ဖြစ်ပါသည်။ လုံခြုံရေး အထူးဆောင်ရွက် ထားခြင်း မရှိပါ။
သူရဦးရွှေမန်းသည် ဆရာကြီး၊ ဆရာမကြီး ၇ ဦးစလုံးကို ကန်တော့သွားပါသည်။ သူရ ဦးရွှေမန်း၏ ဆရာ ၂ ဦး၊ ဇနီး ဒေါ်ခင်လေးသက်၏ ဆရာ ၅ ဦး၊ ချစ်သောဇနီး၏ ကိုယ်စား ၇ ဦးစလုံးကို ထိုင်ကန်တော့သွားပါသည်။ မှတ်တမ်း ဓာတ်ပုံ ရှိပါသည်။
မွတ်စလင်ဆရာကြီး ဦးလှမောင်သည် ကန်တော့ခံရန် သိပ္ပံဆောင်သို့ စောစွာ ရောက်ရှိနေပြီး ဖြစ်ပါသည်။ ကညွတ်ကွင်း ပူဇော်ပွဲတွင် ကန်တော့ခံပြီးလည်း ဖြစ်ပါသည်။ ယခု ဒုတိယအကြိမ်ဖြစ်ပါသည်။ ပူဇော်ပွဲ အခမ်းအနားတွင် ဖြူး အထက ၁ ၏ ကျောင်းသားဟောင်း တဦး၏ ရင်တွင်းစကားကို သူရဦးရွှေမန်း ပြောကြားပါသည်။ ဆန္ဒပြ ထွက်ခွာသွားသူ မရှိပါ။
ဆရာကြီး၊ ဆရာမကြီးများကို ကြို၊ ပို့ ရွှေကြိုအဖွဲ့တွင် လူလတ်၊ လူငယ် ကျား/ မ ၄၀ ဦး၊ ကြက်ခြေနီအဖွဲ့ ၁၀ ဦးတို့အား တာဝန်ပေးထားပါသည်။
ကိုစောဝေ၏ ရေးသားချက် အမှားများကို တုန့်ပြန်ရန် အဓိက တာဝန်ရှိသူမှာ ကျနော်ဖြစ်ပါသည်။ ပူဇော်ပွဲ ပထမအကြိမ်မှ စတင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ မြတ်ဆရာ ပူဇော်ပွဲ၏ တတိယမြောက် ဥက္ကဋ္ဌလည်း ဖြစ်ပါသည်။ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သည်မှာ ၅ နှစ် ရှိပါပြီ။
ကျနော်တို့ ကော်မတီတွင် ဒုဥက္ကဋ္ဌနှင့် အထက်သည် ၅၅ နှစ်ပြည့်ပြီးသူများ ဖြစ်ပါသည်။ ဆပ်ကော်မတီ ခေါင်းဆောင် များသည် ၄၅ နှစ် ဝန်းကျင်ဖြစ်ပါသည်။ မျိုးဆက်သစ်များကိုလည်း တာဝန်ပေးထားပါသည်။ ကျနော် ဥက္ကဋ္ဌ ဖြစ်စမှ ယခုအထိ စုဆောင်းငွေသည် ၃ ဆတိုးလာပြီ ဖြစ်ပါသည်။ အားလုံး၏ ကြိုးစားမှုပင် ဖြစ်ပါသည်။ မိဘတို့သည် သားသမီးများကို ပညာအမွေအနှစ်၊ နေစရာ၊ ဥစ္စာဓန တို့ကို ဖန်တီးပေးခဲ့ကြရပါသည်။ ထို့အတူ ကျနော်တို့ ကြီးသူများသည် ကမ္ဘာတည်သရွေ့ ဖြူး အထက ၁ ၏ မြတ်ဆရာ ပူဇော်ပွဲကို နှစ်စဉ် ကျင်းပနိုင်ရန် ရည်ရွယ်၍ ရှာလည်းရှာ၊ စုလည်း စုရပါသည်။
အသက် ၆၀ ကျော်လျှင် လုပ်ငန်းကော်မတီမှ အနားယူ၍ နာယကစာရင်းသို့ ကူးပြောင်းရပါသည်။ ယခုနှစ် ကော်မတီ၏ စုစုပေါင်း အသုံးပြုငွေမှာ သိန်း ၂၆၀ ဖြစ်ပါသည်။ သီးခြားငွေနှင့် ပစ္စည်းလှူဒါန်းမှုမှာ ၅၄ သိန်း ဖြစ်ပါသည်။ ကျောင်းသား ဟောင်းများမှ ကူညီဆက်သွယ်ပေးမှုများ ပြုလုပ်ပေးကြပါသည်။ Sky Net ရုပ်သံအဖွဲ့မှ ရိုက်ကူးထုတ်လွှင့် အခမဲ့နှင့် ဆရာတဦးလျှင် Sky Net ၁ စုံစီ လှူဒါန်းပါသည်။
ကျနော်တို့မြို့နယ်သား ဖြူး အထက ၁ ၏ ကျောင်းသားဟောင်း သူရဦးရွှေမန်း၏ ကျေးဇူးကြောင့် ဖြူးနယ်တခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍများ ကြီးစွာ အထောက်အပံ့ ရရှိနေပြီ ဖြစ်ပါသည်။
ကိုစောဝေသည် ဖြူးသားလည်းမဟုတ်၊ ဖြူး အထက ၁ ကျောင်းထွက်လည်း မဟုတ်ပါ။ ကျနော်တို့ အလှူခံအဖွဲ့ဆိုတာ သည်းခံရပါသည်။ ကိုစောဝေကို ကျနော်မှတ်ထားသော စာစုကို ရေးပြရင်း နိဂုံးချုပ်ပါမည်။
“မင်းတို့ လူရိုးလူကောင်းတွေကို မစော်ကားနှင့် စော်ကားလိုက်လျှင် မင်းကို သူတို့ တသက်လုံး ခွင့်မလွှတ်တော့ဘူး”
ဦးညွန့်ဝေသည် ဖြူးမြို့ အမျိုးသားကျောင်း မြတ်ဆရာပူဇော်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ၅ နှစ်တိုင်တိုင် တာဝန်ယူထားသူဖြစ်သည်။ ယခုနှစ်တွင် ဖြူးမြိုး အမျိုးသားကျောင်းသည် ၉၅ နှစ်ပြည့်ပြီဖြစ်ပြီး မြတ်ဆရာပူဇော်ပွဲမှာ ၁၅ ကြိမ်မြောက် ဖြစ်သည်။
စာရေးဆရာစောဝေ၏ “ဖြောင့်ဖြောင့်ဖြူးဖြူး ဒီမိုကရေစီ ကျောင်း” ဆောင်းပါးကို ဤနေရာ တွင်ဖတ်ပါ။