မင်္ဂလာ စင်မြင့်ထက်ပေါ်တွင် သတို့သားက သတို့သမီးလေးကို ရေခဲမုန့် ခွံ့ကျွေးရန် ပြင်ဆင်နေသည်။
သတို့သားလေး သည် ရေခဲမုန့်ခွက်ကို လက်တဖက်က အသေအချာ ဆုပ်ကိုင်ထားပြီး ကျန်လက်တဖက်က ရေခဲမုန့် ဇွန်းလေးကို ကိုင်ထားသည်။ သတို့သမီးလေးကလည်း သူ့နှုတ်ခမ်းသို့ ရောက်ရှိလာမည့် ရေခဲမုန့် ဇွန်းလေးအတွက် ပါးစပ်ကလေး တပြင်ပြင်နှင့် စောင့်နေပါသည်။
မင်္ဂလာ ဧည့်ခံပွဲလာ ပရိသတ်များသည်လည်း သတို့သား၊ သတို့သမီးတို့ တဦးနှင့်တဦး ရေခဲမုန့် ခွံ့ကျွေးကြဖို့ ပြင်ဆင် နေကြသည်ကို မင်္ဂလာခန်းမ အတွင်း အပ်ကျသံပင် ကြားရလောက်သည် အထိ ငြိမ်သက် တိတ် ဆိတ်ကာ စိတ်ဝင်တစား စောင့်ကြည့် နေကြသည်။
သတို့သားက ဇွန်းဖြင့် ရေခဲမုန့်ကို အသာအယာ ခပ် ယူကာ သတို့သမီးလေး၏ မျက်နှာဘက် ဆီသို့ လှမ်း လိုက်သည်။
မြောက်တက်လာသည့် ရေခဲမုန့်ဇွန်းလေးသည် သတို့သမီးလေး၏ နှုတ်ခမ်းဖျားသို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိခဲ့ပြီး အေးစက်ချိုမြနေသော မင်္ဂလာရေခဲမုန့်အား သတို့သမီးလေး စားသုံးခွင့် ရရှိ စေခဲ့ပါသည်။ ကြည့်ရှုနေကြသည့် ဧည့်ပရိသတ်များက ဟေးခနဲ ထအော်ကြသည်။
အားရဝမ်းသာ လက်ခုပ်လက်ဝါး တီးခဲ့ကြသည်။ သတို့သမီးလေး ကလည်း သတို့သားလေးကို အလွယ် တကူပင် ရေခဲမုန့် ပြန်ခွံ့ကျွေးနိုင်ခဲ့သည်။
သာမန် မင်္ဂလာပွဲများတွင်တော့ သတို့သားနှင့် သတို့သမီး အပြန်အလှန် ရေခဲမုန့်ခွံ့ကျွေးကြခြင်းမှာ အထူး အဆန်း မဟုတ်ပါ။ လာသည့် ဧည့်ပရိသတ်ကလည်း ထိုမျှလောက် စိတ်ဝင်စားမည် မဟုတ်ပါ။
ဤမင်္ဂလာပွဲမှာ လူတွေက အဘယ့်ကြောင့် ဤမျှ စိတ်ဝင်စားနေကြ ပါသနည်း။ ရေခဲမုန့်ခွက်တွေ ရေခဲမုန့် ဇွန်းတွေကို မဆိုထားဘိ၊ ကိုယ်နဲ့ မင်္ဂလာပွဲ ဆင်ကာ လက်ထပ်နေသည့် သူကိုပင် အပြန်အလှန် မမြင်ရနိုင် သော မျက်စိအလင်း ကင်းမဲ့နေသူ အမျိုးသားနှင့် အမျိုးသမီးတို့၏ မင်္ဂလာ ဧည့်ခံပွဲလေးတခု ဖြစ်နေသော ကြောင့်ပင် ဖြစ်ပါသည်။
လွန်ခဲ့သည့် သုံးနှစ်ခန့်က ကျင်းပခဲ့သော ထိုမင်္ဂလာပွဲလေးသည် မြစ်ငယ်မြို့လေးမှာတော့ သာမန်လူများ၏ မင်္ဂလာပွဲများ ထက်ပင် ပိုမိုစည်ကားခဲ့သည်ဟု မင်္ဂလာမောင်နှံ နှစ်ဦးဖြစ်သူ ကိုကျော်ဆန်းဦးနှင့် မချောစုအေး က သတိတရ ပြောပြသည်။
“မျက်စိ မြင်တဲ့သူတွေနဲ့ တန်းတူလုပ်နိုင်တဲ့ အတွက် ပျော်တယ်၊ ပီတိလည်း ဖြစ်ခဲ့ပါတယ်” ဟု ကိုကျော်ဆန်း ဦးက ကွမ်းစားထားသည့် အတွက် ရဲတောက်နေသည့် သွားများ ပေါ်အောင် ရယ်မောရင်း ပြောပြသည်။
ကိုကျော်ဆန်းဦးက ထိုသို့ပြောသည့် အခါ မချောစုအေးကလည်း ပါးစပ်ကို လက်ကလေးအုပ်ကာ လိုက်ပါ ရယ်မောနေသည်။
ကိုကျော်ဆန်းဦးသည် အသက် ၃၁ နှစ် ရှိပြီး သူ၏ အမျိုးသမီး မချောစုအေးက သူ့ထက် ၄ နှစ်ခန့် ငယ်ပါ သည်။ ကိုကျော်ဆန်းဦးမှာ ကွမ်းအင်မတန် ကြိုက်သောကြောင့် သွားများ ရဲပတောင်းခတ်နေသည်မှ လွဲ၍ ထူထဲသောမျက်ခုံး၊ ပေါ်လွင်သော နှာတံ၊ ကြည်လင်သော အသားအရည်တို့ ပိုင်ဆိုင်သော လူရည်သန့်တဦး ဖြစ်ပါသည်။
မချောစုအေးမှာလည်း ရှမ်းအမျိုးသမီးလေး တဦးပီပီ အသားအရည်က ပန်းနုရောင်ပြေးနေသည်။
ခြေတံလက်တံလေးများ ကလည်း သေးသွယ်လှပ နေပြီး တင်းတင်းစေ့ထားသော နှုတ်ခမ်းတစုံက မိန်းမချောတဦး ဖြစ်အောင် ပံ့ပိုးပေးထားသည်။
ကိုကျော်ဆန်းဦးက မြစ်ငယ်ဇာတိ ဖြစ်သည်။ သူ ၂ နှစ်သားအရွယ် နွေရာသီတွင် သူ့တကိုယ်လုံး ကျောက် တွေ၊ ဝက်သက်တွေ ပေါက်ကာ မျက်စိအမြင် ဝေဝါးလာခဲ့သည်။ ဖခင်က မီးရထားစက်ရုံဝန်ထမ်း၊ မိခင်က မုန့်ပျားသလက် ရောင်းကာ သားသမီး ဆယ်ယောက်ကို ရှာဖွေကျွေးမွေး ရုန်းကန်နေရသော်လည်း အခက်အခဲတွေ ကြားက အိမ်ဝိုင်းနှစ်ဝိုင်း ကုန်သည်အထိ ဆေးကုပေးခဲ့ပါသည်။
သို့သော် ကံတရားကို မတွန်းလှန်နိုင်တော့တာကြောင့် ကိုကျော်ဆန်းဦးလေး အသက် ၃ နှစ် ပြည့်သည့်နေ့ ညနေ ၆ နာရီတွင် မျက်စိနှစ်လုံးစလုံး အလင်းကွယ်ပျောက်ကာ မျက်မမြင်ဘဝသို့ ရောက်ရှိသွားပါတော့ သည်။
မျက်မမြင်ဘဝသို့ ရောက်ခဲ့ပြီးနောက် ဖခင်၏ ဆရာ မီးရထားစက်ရုံမှူး ဦးထွန်းဦးနှင့် မီးရထား ဒုဝန်ကြီး ဦးသောင်းလွင်တို့၏ ပံ့ပိုးမှုတို့ကြောင့် ၅ နှစ်သား အရွယ်မှ စတင်ကာ ရန်ကုန်၊ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းတွင် ပညာသင်ကြားခွင့် ရခဲ့သည်။
ကိုကျော်ဆန်းဦးက ဆရာဝန်တဦးကဲ့သို့ ဆေးဝါးကုသခြင်းမျိုးကို ဝါသနာပါသည်မို့ အနှိပ်အကြောပြင် ပညာ ကို သင်ယူခဲ့သည်။ ထိုမှတဆင့် စစ်ကိုင်း၊ မျက်မမြင်ကျောင်းတွင်လည်း နှစ်နှစ်ခန့် တက်ရောက် ပညာသင် ကြားခဲ့ပြီး အသိမိတ်ဆွေ တဦးနှင့် ချိတ်မိကာ မန္တလေးမြို့ရှိ ဂျပန် အနှိပ်အကြောပြင်ဆိုင်တွင် တဆင့်ပြန် လည် ပညာသင်ကြား ပေးသည့် အလုပ်ကို လက်ခံခဲ့သည်။
မချောစုအေးကတော့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ဇာတိဖြစ်သည်။ ကိုကျော်ဆန်းဦးကဲ့သို့ပင် ငယ်စဉ် နှစ်နှစ်ခွဲ သမီးအရွယ်တွင် အဖျားကြီးဖျားကာ မျက်လုံးထဲတွင် ပြောင်းဖူးစေ့တွေလို အဖုတွေ ပေါက်လာ ခဲ့သည်။
ရက်သတ္တပတ် လုံးလည်း အကြီးအကျယ် ဖျားသည်။ မျက်စိကလည်း ခပ်ဝါးဝါးသာ မြင်ရတော့သည်။
မအေမုဆိုးမကတော့ သည်သမီးလေး တယောက်တည်း ရှိသည်မို့ ရှိတာရောင်းချပြီး ကုရှာပါသည်။ သို့သော် မျက်စိကတော့ တဖြည်းဖြည်း ဝါးသထက်ဝါးလာခဲ့သည်။
မချောစုအေးကတော့ အိမ်နဲ့ကျောင်းနဲ့ကလည်း နီးသည်မို့ မျက်စိမမြင်ရလည်း နားနဲ့နားထောင်မည် ဆိုကာ ရွယ်တူ သူငယ်ချင်းတွေနဲ့ ကျောင်းကို ဇွတ်လိုက်တက်သည်။
မချောစုအေး ၇ နှစ်သမီးအရွယ်တွင် အရပ်ကုဆရာတဦးနှင့် ၎င်းမျက်စိကို ကုသရာ အစိမ်းခွဲ ကုသလိုက်ခြင်း ကြောင့် နဂိုခပ်ဝါးဝါးမှ လုံးဝမမြင်ရတော့သည့် အခြေအနေသို့ ရောက်ရှိ သွားပါတော့သည်။
သမီး၏ အခြေအနေက သာမန်ကျောင်းတွင် တက်ရောက်ဖို့ မဖြစ်နိုင်တော့သည်မို့ မိခင်မုဆိုးမကြီးမှာ အိမ် ဝိုင်းကလေး ရောင်းချကာ မိတ္ထီလာရှိ မျက်မမြင်ကျောင်းသို့ ပို့ပေးခဲ့ပါသည်။ မိတ္ထီလာ မျက်မမြင်ကျောင်းတွင် ဆယ်တန်းအထိ ပညာသင်ကြားနိုင်ခဲ့သည်။
မချောစုအေးမှာ အနုပညာလည်း ဝါသနာပါသည်မို့ ကျောင်းမှာ ထောင်ထားသည့် တီးဝိုင်းတွင် သီချင်းဆို သည်။ အစီအစဉ် တင်ဆက်သူလည်း လုပ်ခဲ့သည်။ ထိုကျောင်းမှ တဆင့် စစ်ကိုင်း မျက်မမြင်ကျောင်းတွင် အနှိပ်အကြောပြင်ပညာ သင်ယူကာ မန္တလေးမြို့ရှိ ဂျပန် မျက်မမြင် အနှိပ်အကြောပြင်ဆိုင်တွင် စတင်အလုပ်ဝင်ခဲ့သည်။
ကိုကျော်ဆန်းဦးနှင့် မချောစုအေးတို့ စတင် ဆုံစည်းရာကတော့ မန္တလေးမြို့ပေါ် ၃၂ လမ်းရှိ မျက်မမြင်များ၏ ဂျပန် အနှိပ် အကြောပြင်ဆိုင်ပဲ ဖြစ်သည်။ တနေ့တွင် ကိုကျော်ဆန်းဦးသည် ဆိုင်ရှိ မိတ်ဆွေ မျက်မမြင် အနှိပ်ဆရာတဦးနှင့် နားနေခန်းအတွင်း စကားပြောနေစဉ် အမျိုးသမီးငယ်တဦး ခွင့်တောင်းဝင်လာပြီး စကားပြောသည်နှင့် ကြုံခဲ့ရသည်။
ထိုမိန်းကလေးက မိမိမိတ်ဆွေအား ၎င်း စုဆောင်းထားသည့် လုပ်အားခငွေများနှင့် ပတ်သက်ပြီး လာတိုင် ပင်တာ ဖြစ်သည်။ မိန်းကလေးက ငွေသားသက်သက် စုထားချင်သည်။ မိတ်ဆွေဖြစ်သူက ရွှေတိုရွှေစလေး လုပ်ထားဖို့ အကြံပေးသည်။ သို့သော် ထိုမိန်းကလေးက ရွှေလုပ်ဖို့ကို စိတ်ဝင်စားပုံမပေါ်။
ဒါကို ကိုကျော်ဆန်းဦး စိတ်ဝင်စားမိသွားတာ ဖြစ်သည်။ ဘယ့်နှယ် မိန်းကလေးဖြစ်ပြီး ရွှေကို စိတ်မဝင်စား ရသလဲ။
မျက်မမြင်များသည် အသံကို နားထောင်ပြီး ဆုံးဖြတ်ရသည်မို့ ကိုကျော်ဆန်းဦးမှာ ထိုမိန်းကလေး၏ အသံ အနေအထားကို နားထောင်ပြီး ပညာတတ် တယောက် ဖြစ်ရမည်ဟု ခန့်မှန်းလိုက်မိသည်။ နောက်ပြီး ထိုမိန်း ကလေးအသံက နားဝင်ချိုလွန်း လှသည်။
“အဲဒီအသံလေး စကြားကတည်းက စွဲလမ်းသွားတာ” ဟု ပြောရင်း ကိုကျော်ဆန်းဦးက အားရပါးရ ရယ်ပါ သည်။
မိမိနှလုံးသားကို စတင် လှုပ်ခတ်သွားစေခဲ့သည့် ထိုအသံပိုင်ရှင်ကို ကိုကျော်ဆန်းဦးတယောက် မသိ မသာလေး စတင်စုံစမ်းသည်။ သူက ဆိုင်မှာ နည်းပြတပိုင်း ဖြစ်နေသည်မို့ ခပ်တိတ်တိတ်လေး လေ့လာ ရသည်။
နောက်ပိုင်း သိလာရသည်က မချောစုအေးသည် ယောက်ျားလေးများနှင့် လွယ်လွယ် မခင်တတ်သော၊ မာန မကြီးတတ်သော်လည်း ဣန္ဒြေသိက္ခာနှင့် နေတတ်သော အေးဆေးတည်ငြိမ်သည့် ဘဝတူ မျက်မမြင် အမျိုး သမီးငယ်လေးတဦး ဖြစ်နေမှန်း သိခွင့် ရခဲ့သည်။ ထို့နောက်တော့ ကိုကျော်ဆန်းဦးတယောက် မချောစုအေး အနား စတင်ချဉ်းကပ်ပါတော့သည်။
မချောစုအေးကတော့ ကိုကျော်ဆန်းဦးကို ထမင်းစားခန်းမှာ စတင် သတိထားမိခဲ့တာ ဖြစ်သည်။ ထမင်း စားခန်းထဲတွင် ကိုကျော်ဆန်းဦးက ဘာရယ်မသိ မိမိအား စနောက်လိုက်တာကို စကြုံခဲ့ရခြင်း ဖြစ်သည်။ ထိုအချိန်တုန်းကတော့ မချောစုအေး စကားပြန် မပြောရဲ။ ကိုယ်က မျက်မမြင်တဦး ဖြစ်နေသည်မို့ သူစိမ်း ယောက်ျားလေး တယောက်ကို အလွယ်တကူ မခင်ရဲခဲ့။ သို့သော် ကိုကျော်ဆန်းဦးမှာ မိမိအနား မကြာခဏ ရှိနေတတ်တာကို သတိထားမိလာသည်။
အလုပ်အားလပ်ချိန် တိုက်ခေါင်မိုးပြင်ပေါ်မှာ ထိုင်နေလျှင် သူက လိုက်လိုက်လာ တတ်သည်။ မချောစုအေး မီးကြွေထိုးနေ လျှင်လည်း သူက လိုက်လာတတ်ပြီး မမြင်မစမ်းနှင့် တိုက်မိတာမျိုးလေးတွေ ဖြစ်လာသည်။
နောက်ပိုင်း စကားပြော ကြည့်တော့ ကိုကျော်ဆန်းဦးမှာ တည်ငြိမ်အေးဆေးသူ၊ ခင်မင်စရာ ကောင်းသူအဖြစ် သိလာရသည်။ ထို့နောက်မှာတော့ ကိုကျော်ဆန်းဦးနှင့် ရင်းနှီးလာခဲ့ပြီး အစ်ကို တယောက်သဖွယ် ဖြစ်လာခဲ့ပါသည်။
ခင်မင်မှု သက်တမ်း ၄ လခန့် အကြာ တခုသော ဆောင်းနံနက်ခင်းတွင် ဆိုင်အပေါ် အမိုးပြင်တွင် ကိုကျော်ဆန်းဦးနှင့် မချောစုအေးမှာ နေစာလှုံနေခဲ့ကြသည်။ အတူ နေစာလှုံနေကြရင်း ကိုကျော်ဆန်းဦးက မချောစုအေးကို မေတ္တာရှိနေသည့် အကြောင်း ဖွင့်ပြောလိုက်တော့သည်။
မချောစုအေးကတော့ နဂိုကတည်းက ရိပ်မိပြီးသားမို့ ထူးပြီးတော့ အံ့သြမနေ။ သို့သော် မိန်းကလေးတို့ ထုံးစံ အတိုင်း စဉ်းစားပါရစေဟု ပြန်ပြောခဲ့သည်။အဖြေမပေးခင် စပ်ကြား မချောစုအေး တယောက် ကိုကျော်ဆန်းဦး အနေအထားကို လေ့လာရသည်။
ကိုကျော်ဆန်းဦးက အနေအေးရုံသာ မက လုပ်ဖေါ်ကိုင်ဖက်များကိုလည်း ကူညီတတ်သူ ဖြစ်သည်။ အငယ်များကို နိုင်ထက်စီးနင်းလည်း မပြုတတ်။ ပြီးတော့ အခြား မျက်မမြင်တွေ အလုပ်ပြီးချိန် အပြင်ထွက် လက်ဖက်ရည်ဆိုင် ထိုင်တာမျိုးတွေ ရှိပေမယ့် ကိုကျော်ဆန်းဦး ကတော့ ထိုအချိန် အိပ်ရာထဲမှာပဲ ရှိနေတတ်သည်။
ထို့ပြင် အလုပ်လုပ်သည့် အခါတွင်လည်း အချိန် တိကျမှု ရှိသူဖြစ်ကြောင်း သိလာခဲ့ရသည်။ တလခန့်အကြာ တွင်တော့ ကိုကျော်ဆန်းဦး ဝမ်းသာစေမည့် အဖြေစကား တခွန်းကို မချောစုအေးတယောက် ပေးနိုင်ခဲ့ပြီး နှစ်ဦးသား ချစ်သူဘဝသို့ ရောက်ရှိ သွားကြတော့သည်။
ချစ်သူဘ၀ ရောက်ပြီးတော့လည်း သူတို့ အနေအထိုင်လေးတွေက အရင်အတိုင်းပင် ဖြစ်သည်။ တခါတလေ စနောက်ရင်း လက်ကိုင်မိ သွားတာမျိုး၊ မချောစုအေး ထိုင်နေသည်ကို အသံမကြား၍ ဝင်တိုက်မိပြီး ပခုံးကိုင် မိတာမျိုး လောက်တော့ ရှိသည်။ ပြီးတော့ လုပ်ငန်းခွင်ထဲမှာ မအားရသည်မို့ တယောက်နဲ့တယောက် သိပ်မဆုံဖြစ်ကြ။
သမီးရည်းစား ဘာသာဘာ၀ စိတ်ဆိုးစိတ်ကောက် ကြတာမျိုးတော့ ရှိသည်။ ကိုကျော်ဆန်းဦး တယောက် နေ့ခင်းနေ့လည် အကူတယောက်နှင့် ဆိုင်ပြင်ထွက် ဟင်းဝယ်သည့် အချိန်ဖြစ်သည်။ ဟင်းဆိုင်က ကောင်မလေး ငယ်ငယ်လေးတွေ ရောင်းကြတာကို မချောစုအေးက သိထားသည်မို့ လိုအပ်သည်ထက် ပိုကြာလျှင် စိတ်ကောက်တော့သည်။
အဲလို စိတ်ကောက်ရင် ကိုကျော်ဆန်းဦးက အချိန်ကြာသွားသည့် အကြောင်းရင်းကို တည်တည်ငြိမ်ငြိမ်ပင် ရှင်းပြသည်။
ဟင်းဆိုင်မှာ လူကျနေသည့်အကြောင်း စိတ်ရှည်လက်ရှည် ပြောပြသည်။ အဲသည်နောက်မှာတော့ ဟင်းဆိုင် က တကူးတက ဝယ်လာခဲ့သည့် မချောစုအေးကြိုက်တတ်သော ခရမ်းချဉ်သီးချက် စပ်စပ်၊ ပဲပင်ပေါက်နဲ့ ပဲပြားကြော် စသည့် ဟင်းတွေကို ကျွေးပြီး ချော့သည့် အခါတွင်တော့ မချောစုအေး ကြာကြာ စိတ်မကောက် နိုင်တော့ပါ။
ရည်းစားသက်တမ်း ငါးလခန့် အကြာမှာတော့ ဘဝရှေ့ရေးအတွက် နှစ်ဦးသားကိုယ်စီ စဉ်းစားလာကြပြီ ဖြစ်သည်။ တရက် ညပိုင်း အလုပ်နားချိန်၊ ကိုကျော်ဆန်းဦးနှင့် မချောစုအေးတို့ မြန်မာဗွီဒီယို ဇာတ်ကား တကားကို ဖွင့်ကာ နားထောင်နေကြသည်။ မှတ်မှတ်ရရ အောင်ရဲလင်းနှင့် ချစ်သုဝေတို့၏ အချစ်ဇာတ်ကား တကား ဖြစ်သည်။ တိုက်ဆိုင်ချင်တော့ အိမ်ထောင်ရေး ဇာတ်ကားလေး ဖြစ်နေသည်။ ဇာတ်ကားပြီး သွားတော့ ကိုကျော်ဆန်းဦးက ဆိုင်းမဆင့် ဗုံမဆင့် သူတို့နှစ်ဦး လက်ထပ်ကြဖို့ ပြောတော့သည်။
ကိုကျော်ဆန်းဦး အနေနဲ့ မချောစုအေးကို အတင်းအကြပ် ပြောတာမျိုးတော့ မဟုတ်။ သူ့အနေအထားက အလုပ်လုပ်လို့ ရလာတဲ့ လခကို အိမ်ပို့နေရသည်။ ဧည့်သည်က အပိုပေးသွားလို့ စုထားသည့် မုန့်ဖိုးလေး တွေဖြင့် မချောစုအေးကို လက်ထပ်ရမည် ဖြစ်သည်။
ပြီးတော့ သာမန်လူတွေလို တင့်တောင်းတင့်တယ် ယူနိုင်မည် မဟုတ်။ ရုံးတက် လက်မှတ်ထိုး ပြီးတော့သာ ယူနိုင်မည် ဖြစ်သည်။
ကိုကျော်ဆန်းဦးကတော့ တဖက်မိန်းကလေးက သဘောမတူခဲ့လျှင် ဇွတ်အတင်း မပြောဖို့ တွေးထားသည်။
မိန်းကလေးဘက်က သူ့အား လွတ်လပ်စွာ စဉ်းစားရွေးချယ်ခွင့် ပေးသွားရန် စဉ်းစားထားပြီး ဖြစ်သည်။
မချောစုအေး ကလည်း ပြတ်သားလွန်းလှသည်။ သူ့အတွက် ပကာသနတွေ မလိုဘဲ နှစ်ဦးနှစ်ဘက် နားလည်သည့် အိမ်ထောင်ရေးသာ တည်ဆောက်ချင်သည့် အကြောင်း ပွင့်လင်းစွာ တုံ့ပြန်ခဲ့သည်။
နှစ်ဦးသား သဘောတူညီမှု ရသွားပြီဆိုတော့ တူနှစ်ကိုယ် နီးဖို့အရေး ကြံရတော့သည်။ ကိုကျော်ဆန်းဦးက ဆိုင်မှာ လူကြီးတပိုင်း ဖြစ်နေသည်က တကြောင်း၊ ဆိုင်ပိုင်ရှင်က မချောစုအေးတို့ကို မျက်မမြင်ကျောင်းမှ လက်မှတ်ထိုးကာ ခေါ်ယူ၍ တာဝန်ယူ ခန့်ထားရသည်က တကြောင်းမို့ လက်ထပ်ဖို့အရေးက ထင် သလောက် မလွယ်။ နောက်ဆုံးတော့ အစဉ်အလာတွေ ထဲကအတိုင်း ကိုကျော်ဆန်းဦး တယောက် မချောစုအေးကို ဆိုင်ကနေ ခိုးပြေးဖို့ စီစဉ်ရတော့သည်။
ကိုကျော်ဆန်းဦးက မချောစုအေးကို ခိုးပြေးဖို့ သေသေချာချာ အကွက်ကျကျ စီစဉ်ခဲ့သည်။ မချောစုအေးအား နံနက် ၆ နာရီခွဲတွင် သွားခေါ်ရန် ဆိုင်ကယ် တက္ကစီတစီးကို ညကတည်းက ကြိုငှားပေးထားခဲ့သည်။
သူကတော့ လမ်း ၃၀ ရှိ အာကာစိုး လက်ဖက်ရည်ဆိုင်က စောင့်မည်။ ဆိုင်ကယ်တက္ကစီသမားက မချောစုအေးကို သူ့ဆီလာပို့ပေးမည်။
ပြီးနောက် ဆိုင်နဲ့ဝေးရာကို ခိုးပြေးမည်ဟု ကြိုတွက်ကာ နံနက် ၆ နာရီလောက်ကတည်းက လက်ဖက်ရည် ဆိုင်မှာ ထိုင်စောင့်နေခဲ့သည်။ မချောစုအေး ကလည်း နံနက်တွင် ခိုးရာလိုက်ရမည် ဆိုတော့ ရင်တွေခုန်ကာ ကောင်းကောင်း အိပ်မပျော်။ မှတ်ပုံတင်တွေဘာတွေလည်း အရန်သင့် ထည့်ထားသည် အဝတ်အစား ထုပ်တော့ မယူ။
ဆိုင်ဝန်ထမ်းတွေ ရိပ်မိကုန်မှာ စိုး၍ ဖြစ်သည်။ နံနက်ငါးနာရီ လောက်တွင်တော့ အိပ်ရာကထ ရေချိုးကာ လာခေါ်မည့် ဆိုင်ကယ် တက္ကစီကို စောင့်နေခဲ့သည်။ အဆောင်ရှေ့ ဆိုင်ကယ်သံကြားတိုင်း ကိုယ့်နာမည် ခေါ်မလား လှမ်းပြီး နားစွင့် ရတာ အမော။ သို့သော် ဆိုင်ကယ် တက္ကစီသမားမှာ ဘာကြောင့်ရယ် မသိ ရောက်မလာခဲ့ပါ။
နေအတော်မြင့်ချိန်ကျမှ လုပ်ဖေါ်ကိုင်ဖက် မျက်မမြင်အမျိုးသားတဦး ရောက်လာပြီး ကိုကျော်ဆန်းဦး တယောက် လက်ဖက်ရည်ဆိုင်မှာ ထိုင်စောင့်နေပြီဟု ဆိုကာ အခြား ဆိုင်ကယ် တက္ကစီတစီးကို ငှားပေး လိုက်မှ မချောစုအေး ထွက်လို့ ရခဲ့တော့သည်။
နှစ်ဦးသား လက်ဖက်ရည်ဆိုင်မှာ ဆုံကြတော့ နံနက် ၈ နာရီကျော်ပြီ။ ဆိုင်ကယ် တက္ကစီငှားပြီး ကိုကျော် ဆန်းဦး တယောက် မချောစုအေးကို စစ်ကိုင်းမြို့ ရွာထောင်ရှိ အစ်ကို လင်မယားထံ ခိုးပြေးသွားခဲ့သည်။
ထိုမှတဆင့် မြစ်ငယ်ရှိ မိဘများထံ ဆက်သွားသည်။ မိဘ ညီအစ်ကို မောင်နှမတွေကတော့ မျက်မမြင်အစ်ကို က သူ့လို ဘဝတူအမျိုးသမီးလေးကို ခိုးပြေးလာခဲ့သဖြင့် အံ့သြနေကြသည်။
ချောချောလှလှ အမျိုးသမီးလေးမို့လည်း ဝမ်းသာကြသည်။ ကိုကျော်ဆန်းဦးက တောင်ကြီးရှိ မချောစုအေး မိခင်ကြီးထံ ဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောပြသည်။ ယောက္ခမ ဖြစ်သူကတော့ သူ့သမီးလေးကို သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းရင် ကျေနပ်ပါပြီဟု ပြောရှာသည်။
နှစ်ဦးသား ပျော်ပျော်ရွှင်ရွှင်ပင် ရပ်ကွက်ရုံးဆီ သွားရောက်အသိပေးပြီး လက်မှတ် ထိုးခဲ့ကြသည်။ မကြာမီ လပိုင်းအတွင်း မိသားစုဝင်များနှင့် မီးရထားစက်ရုံမှူးကြီး ဦးထွန်းဦးတို့၏ ပံ့ပိုးမှုဖြင့် မြစ်ငယ်မြို့ မီးရထား ခန်းမတွင် မင်္ဂလာပွဲလေး ကျင်းပကာ လင်မယားအရာ မြောက်ခဲ့ကြပါသည်။
မြစ်ငယ်မြို့လေးတွင် နေထိုင်ရင်း အနှိပ်အကြောပြင် လုပ်ငန်းကို လုပ်ကိုင်ကာ အေးအတူ ပူအမျှ ဘဝကို ထူထောင် ဖြတ်သန်းခဲ့ ကြသည်။ အိမ်ထောင်သည်ဘ၀ ရောက်တော့လည်း တခါတရံ စိတ်အခန့်မသင့်တာ လောက်က လွဲပြီး ကြီးကြီးမားမား ပြဿနာ မရှိခဲ့ဟု ကိုကျော်ဆန်းဦးတို့ ဇနီးမောင်နှံက ဆိုသည်။
အိမ်ထောင်သက်တမ်း တနှစ်ခွဲခန့် အကြာတွင်တော့ သမီးငယ်လေးတဦးကို လူ့လောက အတွင်းသို့ ခေါ်ဆောင်နိုင်ခဲ့ကြသည်။
သမီးလေး မွေးတော့ တာဝန်ကျ သူနာပြုဆရာမက အလိုက်သိစွာ ကလေးကျန်းမာ ကြောင်း၊ မျက်စိလည်း ကောင်း ကြောင်း၊ ခြေလက်အင်္ဂါလည်း စုံကြောင်း ပြောပြတော့ မချောစုအေး ဝမ်းသာရသည်။
ဆရာမကတော့ ပြောသည်။“ကလေးကို စမ်းချင်စမ်းကြည့်လေ”တဲ့။ သို့သော် သမီးငယ်လေးမှာ မွေးကာစ နုနုထွတ်ထွတ်လေးမို့ မထိရက်မကိုင်ရက်။ ဖြစ်နိုင်ရင်တော့ သမီးငယ်လေးကို မချောစုအေး လွန်စွာမြင်တွေ့ ချင် လှပါသည်။
ရင်နှင့်လွယ်ခဲ့ရသည့် ကိုယ့်သွေးသားလေး ဘယ်လိုဘယ်ပုံ ရှိတယ် ဆိုတာကို မြင်တွေ့ခွင့် မရ၍ ယူကျုံး မရဖြစ်မိခဲ့သည်။
ကိုကျော်ဆန်းဦး ကလည်း မချောစုအေးကဲ့သို့ပင် သမီးငယ်လေးကို မြင်တွေ့ခွင့် မရ၍ စိတ်ထိခိုက်ခဲ့ရပါ သည်။ သို့သော် ယောက်ျားသားက စိတ်ထိခိုက်ပြနေလျှင် မိန်းမသားက ပို၍ ဆိုးရော့မည်။ ဝေဒနာ လူမသိ အောင် ဖုံးဖိရင်း မချောစုအေးကို အားပေးရသည်။
ကလေးကို လာကြည့်သည့် မိတ်ဆွေများက သမီးလေး၏ မျက်နှာပေါက်မှာ ဖအေနှင့် ချွတ်စွတ် တူလှသည် ဟု ပြောတော့ မချောစုအေး ပျော်ခဲ့ရပါသည်။
သမီးလေး တနှစ်ခွဲခန့် ရှိသည့် အချိန်မှာတော့ လင်ရော မယားပါ ဆိုင်ဝန်ထမ်း ပြန်လုပ်နေသည်မို့ ကလေး ကို ဆိုင်ခေါ်ထားဖို့က မဖြစ်နိုင်သည့် အတွက် တောင်ကြီးတွင် တကိုယ်တည်း နေထိုင်နေသော မချောစုအေး မိခင်က ခေါ်ထားခဲ့သည်။ ကိုကျော်ဆန်းဦးရော မချောစုအေးပါ သမီးလေး အတွက် စိတ်ပူရသည့် အချက် တခု ရှိနေသည်။ ထိုအရာကတော့ တခြားမဟုတ်။ သူတို့နှစ်ဦးကဲ့သို့ သမီးငယ်လေးမှာ မျက်စိဝေဒနာခံစား ရမည်ကို လွန်စွာ စိုးရိမ်ကြသည်။
ဒါ့ကြောင့် ကျောက်နဲ့ ဝက်သက်ရောဂါ ကာကွယ်ဆေးတွေ မှန်မှန်ထိုးဖို့ မကြာခဏ ဖုန်းဆက်သတိပေးရ သည်။ သမီးလေးကို သူတို့လို ဘဝမျိုး မဖြတ်သန်းရစေချင်။
ကိုကျော်ဆန်းဦးတို့ ဇနီးမောင်နှံနှစ်ဦးတွင် တူညီသည့် ဆန္ဒတခု ရှိကြသည်။ ထိုဆန္ဒကတော့ တဦးကိုတဦး မြင်ဖူးချင်ကြ ခြင်း ဖြစ်သည်။ ရှေးဘ၀ ရေစက်ကြောင့်သာ အခုလို ဆုံကြတွေ့ကြရသည်မို့ ကိုယ်ရဲ့ အိမ်ထောင်ဖက်အား တွေ့ဖူးလိုကြ ခြင်း ဖြစ်သည်။ သို့သော် ဒီတသက် ပြန်မြင်ရဖို့ မလွယ်တော့သည်မို့ ထိုဆန္ဒက ပြည့်ဝဖို့ မဖြစ်နိုင်တော့ပါ။
ဒါကြောင့် နောက်ဘဝတွင် မျက်စိအလင်းရသည့် အဖြစ်နှင့် ပြန်လည်ဆုံတွေ့ချင်ပါသည် ဟု ဇနီးမောင်နှံ နှစ် ဦးလုံး က တူညီစွာ ဆိုပါသည်။
“မောင်နှမပဲ ဖြစ်ဖြစ် ခုလို အကြင်လင်မယားပဲ ဖြစ်ဖြစ် မြင်နိုင် တွေ့နိုင်တဲ့ဘဝနဲ့ ပြန်ဆုံချင်ပါတယ်” ဟု မချောစုအေးက ဆိုသည်။
မျက်စိအလင်း မရသည့်ဘဝကို ကံ ကံ၏ အကျိုးတရားကြောင့် ရောက်ရှိခဲ့သည် ဆိုခြင်းကိုလည်း နှစ်ဦးလုံး က လက်ခံထားကြသည်။
ထို့ကြောင့် နောက်ဘ၀ မျက်စိအလင်းရရှိရေး အတွက် ရည်စူးပြီး ဘုရားမှာ ဖယောင်းတိုင်၊ လျှပ်စစ်မီးသီး မီးချောင်းတို့ကို ဦးစားပေး လှူဖြစ်ကြသည် ဟု ဆိုသည်။ ရောက်လေရာဘုရားစေတီများတွင် နောက်ဘ၀ အမှောင်ဘဝမှ လွတ်မြောက်ကာ စက္ခုအလင်းရသူ နှစ်ဦးအဖြစ် ပြန်ဆုံကြရန် ဆုတောင်းဖြစ်ကြသည် ဟု ဇနီးမောင်နှံ နှစ်ဦးလုံးက ဆိုကြသည်။
ယခုအခါတွင်တော့ သူတို့ နှစ်ဦးမှာ ကိုကျော်ဆန်းဦး၏ မိဘများနှင့်အတူ မြစ်ငယ်မြို့က မီးရထားဝန်ထမ်း အိမ်ရာတွင် နေထိုင်လျက်ရှိကြသည်။ မန္တလေးရှိ ဂျပန် မျက်မမြင် အနှိပ်အကြောပြင်ဆိုင်တွင် အလုပ် မလုပ်ကြတော့သော်လည်း အကြောပြင် အနှိပ်ပညာနှင့်ပင် အသက်မွေး ဝမ်းကျောင်းနေဆဲ ဖြစ်သည်။
လက်ရှိ သူတို့နေထိုင်ရာ အိမ်ကလေး၏ အိမ်အခန်းနံရံမှာတော့ မင်္ဂလာပွဲတုန်းက ရိုက်ထားခဲ့သည့် ဓာတ်ပုံ ကလေးကို ခန့်ထည်စွာ ချိတ်ထားဆဲ ဖြစ်သည်။ ဓာတ်ပုံထဲတွင် လက်ချင်းချိတ်တွဲထားသည့် သူတို့နှစ်ဦးက ဓာတ်ပုံအပြင်ဘက်တွင် လည်း တဦးကိုတဦးကို ကြင်နာယုယစွာ လက်ချင်းချိတ်ထားဆဲ။ နောင်ကိုလည်း ခုလိုပင် ရွှေလက်တွဲခိုင်မြဲ ချစ်ကြည်နေ ဦးမည် ဟု သူတို့နှစ်ဦးက ယုံကြည်နေကြပါသည်။ ။