လှတာမက်ရင် ညစာခက်မယ် ဆိုပေမယ့်လည်း လူ့သဘာဝက အလှအပ မက်ကြတာပါပဲ။ စိတ်အလှက တန်ဖိုးရှိ တယ် ပြောရင်းကနေပဲ ခေါင်းလေးဖြီး၊ မိတ်ကပ်လေးလိမ်း၊ နှုတ်ခမ်းလေး ဆိုးကြရပြန်တာပါပဲ။
တခါတလေတော့ လည်း သာမာန်အယူအဆနဲ့ဆို ကံအကျိုး၊ ဘုရားပေးလို့ သတ်မှတ်ရမယ့် အဆီအငေါ်မ တည့် တာလေးတွေ ခန္ဓာကိုယ်မှာ ရှိလာရင် စိတ်ထဲ စနောင့်စနင်း ဖြစ်ကြရပြန်ပါတယ်။ အဲဒီလို မြင်တွေ့ရတတ်ပြီး အလှပြယ်ရချည့်လို့ ယူဆနေကြတာ လေးတွေထဲက တချို့အကြောင်း ဒီတပတ် ပြောချင်ပါတယ်။
မျက်ခုံးတံတား
မြင်ဖူးကြမှာ ပါ။ မျက်ခုံး နှစ်ခုအကြား နှာခေါင်းပေါ်မှာ မျက်ခုံးချင်း ဆက်နေသလို ဖြစ်နေတဲ့ မျက်ခုံးမွေး တန်းလေး တွေပေါ့။ မျက်နှာပေါ်ပေါက်တဲ့ အမွေးအမှင်တွေက အမှန်တော့ မျိုးရိုးဗီဇနဲ့ဆိုင်ပြီး အန္တရာယ်ရှိ တာမျိုး မဟုတ်ပါဘူး။ နှုတ်ပစ်၊ ရိတ်ပစ်တာမျိုးနဲ့ ကာလတို ဖြေရှင်းနိုင်ပါတယ်။ နှုတ်ခမ်းမွေး၊ ပါးသိုင်းမွေး တွေ လိုမျိုးကတော့ အမွေး ဖယ်ရှားတဲ့ ခရင်မ် လိမ်းနိုင်ပါတယ်။ လေဆာနဲ့ဖယ်ရှားတာ၊ လျှပ်စစ်ဓာတ်သုံးပြီး ဖယ်ရှားတာတွေကတော့ ရေရှည် ပျောက်ကင်းနိုင်ပါ သတဲ့။
အဆီလွှာ
အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အရေပြားအောက်က အဆီလွှာကြောင့် ပေါင်လိုမျိုး နေရာတွေမှာ ညှစ်လိုက်ရင် အထစ်အထစ် ဖြစ်နေတာမျိုးပေါ့။ အသားမည်းသူတွေမှာ မသိသာပေမယ့် အသားရောင်ဖျော့ လေ သိသာလေပါပဲ။ ကြွက်သားတွေ ကြံ့ခိုင်အောင် လေ့ကျင့်ပေးရင်တော့ အဆီပြင် လျော့သွားတတ် ပါ တယ်။ တချို့ လိမ်းဆေးတွေ ကလည်း ပြောသလောက် မဟုတ်ကြပါဘူး။ သိပ်ရုပ်ပျက် ဆင်းပျက် ဆိုရင်တော့ တချို့လည်း ခွဲစိတ်ပြုပြင်ကြတာ ရှိပါတယ်။
မျက်နှာနီ
လူအများစု ကတော့ တခါတရံ ဖြစ်တတ်ပါတယ်။ ရှက်တာ၊ စိတ်အလို မကျတာ ဆိုရင် မျက်နှာကြီး နီလာ တာပေါ့။ ဒါပေမယ့် မျက်နှာက ပါးပြင်၊ နဖူး၊ မေးစေ့တွေမှာ အနီပြင်တွေ ထလာတာမျိုးကတော့ Rosacea ခေါ်တဲ့ အရေပြား ပြဿနာမျိုး ဖြစ်တတ်ပါတယ်။ ဒီအတွက် အရေပြားဆရာဝန်နဲ့ ပြပြီး ကုသမှု ခံရမှာပါ။ စားဆေး၊ လိမ်းဆေးတွေနဲ့ ကုလို့ ရပါတယ်။ မျက်နှာနီပြီး နှလုံးခုန်မြန်တာနဲ့ တွဲဖြစ်ရင်တော့ စိုးရိမ်သောက ပြဿနာပါပဲ။ အလုပ် လုပ်မရအောင် ဖြစ်လာတာမျိုး ဆိုရင်တော့ ဆရာဝန်နဲ့ပြဖို့လိုပါတယ်။
ငယ်ဖြူ
အသက် ၄၀ မကျော်သေးခင် ဆံပင်တဝက်လောက် ဖြူတာမျိုး ကြုံဖူး၊ မြင်ဖူးမယ်ထင်ပါရဲ့။ ရှားရှားပါးပါး သိုင်းရွိုက်ဂလင်း ဒါမှမဟုတ် အရောင်နဲ့ပတ်သက်တဲ့ ချို့ယွင်းချက် ဖြစ်နိုင်ပေမယ့် အဖြစ်နိုင်ဆုံးကတော့ မျိုးရိုးလိုက်တာပါ။ ဆေးဆိုးဖို့ကလွဲပြီး တခြားနည်း မရှိပါဘူး။ ဆံပင်ဖြူတာက ပုံမှန်ထက်စောပြီး အိုမင်းသွား တာ မဟုတ်ဘူး ဆိုတာတော့ သိစေချင်ပါတယ်။
ဝက်ခြံလို အဖုတွေ
ခပ်သေးသေးနဲ့ အဖြူ၊ ဒါမှမဟုတ် အနီရောင် ဝက်ခြံဖုလို အဖုလေးတွေ ခန္ဓာကိုယ်မှာ ပေါ်လာ တတ်ပါ တယ်။ ဒါကို Keratosis Pilaris လို့လည်း ခေါ်ပါတယ်။ တင်ပါး ၊ ပါးပြင်၊ လက်မောင်းပေါ် နဲ့ ပေါင်ပေါ် တွေမှာ တွေ့ရတတ်ပါတယ်။ အန္တရာယ်တော့ မရှိပါဘူး။ နှစ်နဲ့ချီ ကြာမြင့်တတ်ပြီး တချို့လည်း အသက် ၃၀ လောက် ဆိုရင် တဖြည်းဖြည်း ပျောက်သွားတတ်ပါတယ်။ အစိုဓာတ် ထိန်းစရာ moisturizer လေး လိမ်းပေးရင်လည်း သက်သာနိုင်ပါတယ်။
အကြောပြတ်ရာတွေ
ကိုယ်ဝန်ဆောင်ချိန်ဖြစ်စေ၊ ဝလွန်းလာရင် ဖြစ်စေ၊ ဒါမှမဟုတ် ပုံမှန် ဖွံ့ဖြိုးမှုကြောင့်ဖြစ်စေ အကြောပြတ်ရာ လေးတွေ ပေါ်လာတတ်တာ တွေ့ဖူးကြမှာပါ။ တကယ်တော့ အဲဒါ အမာရွတ်တွေပါပဲ။ အစမှာ နီနီ၊ ဒါမှ မဟုတ် ခရမ်းရောင် ဖြစ်ပြီး နောက်တော့ ဖြူဖြူအစင်းလေးတွေ ကျန်ခဲ့တာပေါ့။ အများအားဖြင့် ဗိုက်မှာ၊ ပေါင်မှာ၊ တင်ပါးမှာ၊ ရင်သားမှာ နဲ့ ခါးပေါ်မှာ တွေ့ရတတ်ပါတယ်။ အဲဒီအတွက် လိမ်းဆေးတွေက အလုပ်မဖြစ်ပါဘူး။ တချို့ ဓာတုပစ္စည်းတွေ၊ ဒါမှမဟုတ် လေဆာသုံး ခွဲစိတ်တာတွေနဲ့ လျော့နည်း အောင်လုပ်လို့ ရနိုင်ပါသတဲ့။
ခံတွင်းအနံ့ဆိုး
တနေ့မှာ အကြိမ်ကြိမ် သွားတိုက်၊ သွားကြားထိုးပေမယ့် ခံတွင်းအနံ့ ဆိုးနေတာမျိုးကို ခံစားရဖူးမယ် ထင်ပါ ရဲ့၊ သွားဖုံးရောဂါတွေ၊ အစာအိမ်က စားချဥ့်ပြန်တာတွေ၊ အာခေါင်ချောက်နေတာတွေနဲ့ ထိပ်ကပ်နာက အစ ခံတွင်းအနံ့ဆိုးစေပါတယ်။
အများအားဖြင့်တော့ အနံ့က အစားအသောက်နဲ့ ပတ်သက်တယ်လ့ို ယူဆကြပါတယ်။ ဘယ်လို သွားတိုက် ဆေး ကမှ ကြက်သွန်နီ၊ ကြက်သွန်ဖြူ အနံ့ကို မနိုင်ကြရှာပါဘူး။ အဲဒီလို ခံတွင်းနံ့ဆိုးစေတဲ့ အစာတွေရှောင် တာကသာ အထောက်အကူ ဖြစ်မှာပါ။ ဘယ်လိုမှ လုပ်မရရင်တော့ သွားဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါပြီ။
ပုလဲလို မဖြူတဲ့ သွားတွေ
သွားလေးတွေ အရောင်အဆင်းက မဝင်းပဘူးဆိုရင်လည်း စိတ်ကသိကအောက် ဖြစ်ရပြန်တာပါပဲ။
တကယ်လို့ ကော်ဖီ၊ လက်ဖက်ရည်၊ ဝိုင်နီ စတာတွေ စွဲစွဲမြဲမြဲ သောက်နေသူဆိုရင်တော့ ဘာကြောင့် သွားတွေ မဖြူစင်လဲဆိုတာ အဖြေရပြီးသားလို့သာ မှတ်လိုက်ပါ။ ဆေးလိပ်နဲ့ တချို့ဆေးဝါးတွေကလည်း သွားအရောင် ပြယ်စေပါတယ်။
အကောင်းဆုံး ဖြေရှင်းနည်းကတော့ သွားမှန်မှန်တိုက်တာ၊ သွားကြားထိုးတာ တွေပါပဲ။ တချို့လည်း သွားဖြူစေဖို့ အထူးစီမံထားတဲ့ ဆေးဝါးတွေပါတဲ့ သွားတိုက်ဆေးတွေ သုံးကြည့်နိုင်ပါတယ်။
ကျန်းမာရေး၊ အလှအပနဲ့ ဆက်စပ်နေတဲ့ စိတ်အခန့်မသင့်စရာ တချို့ အချက်ကလေးတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းစရာ လက်ဆောင်လေးတွေ အကြံပေးထားတာပါ။
ဒီလိုပဲ နောက်လည်း အလျဉ်းသင့်သလို သဘာဝနဲ့ အလှအပဆိုင်ရာ သတိပြုစရာလေးတွေကို ဆက်ပြီး မျှဝေသွားပါဦးမယ်။ ။