“တာဝန်” ဆိုတဲ့ အနီရောင် လက်ပတ်စည်းနဲ့ သူတွေကို ခေါ်ယူပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ဖမ်းဆီး တိုက်ခိုက်ခိုင်းတာ ဘယ်သူလဲ။ ဒီလုပ်ရပ်ကို နေပြည်တော်က တိုက်ရိုက် ကိုင်တွယ်ခဲ့တာလား။ သမ္မတရုံးက ညွှန်ကြားခဲ့တာလား။ (သမ္မတရုံးက ဦးဇော်ဌေးကတော့ ကိုလိုနီခေတ် ပုဒ်မ ၁၂၇ /၁၂၈ ကိုးကားပြီး လုပ်သင့်တယ်လို့ ရှင်းပါတယ်။) ဒါမှမဟုတ် ပြည်ထဲရေးက ကိုင်တွယ်ခဲ့တာလား။
နောက်ဆုံး မေးခွန်းကတော့ ရန်ကုန်တိုင်းအစိုးရနဲ့ ဝန်ကြီးချုပ်ရဲ့ အခန်းကဏ္ဍ ဘယ်လောက်ပါ နေသလဲ ဆိုတာပဲ ဖြစ်ပါတယ်။
နေပြည်တော် အစိုးရကနေ ရန်ကုန်တိုင်း ဝန်ကြီးချုပ်အဆုံး၊ ထိပ်ဆုံးက သမ္မတ ဦးသိန်းစိန် ကနေ ဝန်ကြီးချုပ် ဦးမြင့်ဆွေအထိ တာဝန်ယူနေသူတွေဟာ အရင်စစ်အစိုးရ လက်ထက်မှာ တာဝန်အကြီးမားဆုံး ထမ်းဆောင်ခဲ့သူတွေပဲ ဖြစ်ပါတယ်။
အရင်စစ်အစိုးရ လက်ထက်မှာတော့ စွမ်းအားရှင် ဆိုတာကို ထုတ်သုံးခဲ့ဖူးပါတယ်။ အခုလည်း လက်ပတ်နီတွေကို ကြည့်ပြီး စွမ်းအားရှင် တကျော့ပြန်လာပြီလို့ သုံးသပ်ကြပါတယ်။ ဒါဟာ တကယ်ပဲမှန်ပါ သလားဆိုတာ အဖြေရှာရမှာ ဖြစ်ပါတယ်။
ရန်ကုန် စီးပွားရေး၊ နိုင်ငံရေး အသိုင်းအဝိုင်းမှာတော့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဒီလို အရေးအခင်း ဖြိုခွင်းမှုတွေမှာ လျှော့မတွက်သင့်ကြောင်း သုံးသပ်ပြော ဆိုနေကြပါတယ်။
DSA အပတ်စဉ် ၁၅ ကဆင်းခဲ့တဲ့ ဗိုလ်ချုပ်ကြီး မြင့်ဆွေဟာ နာမည်ကြီး တပ်မ (၁၁) မှာ တာဝန်ယူခဲ့ဖူးသူ ဖြစ်ပြီး ရန်ကုန်ရဲ့ လုံခြုံရေးကို အဓိကတာဝန်ယူရတဲ့ ကြီးမားတဲ့ တာဝန်တွေကို ပေးအပ်ခြင်း ခံရသူဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ ယုံကြည်အားကိုးရတဲ့ တပ်မှူးထဲမှာလည်း အပါအဝင် ဖြစ်ပါတယ်။
ကစထ (၅) ရဲ့ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ချိန်မှာ ၂၀၀၄ မှာ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ ထောက်လှမ်းရေးအဖွဲ့ကို တပ်မတော် (ကြည်း) က ရှင်းထုတ်တဲ့ Operation ကို ကိုင်တွယ်ရသူ ဖြစ်ခဲ့သလို ၂၀၀၇ ရွှေဝါရောင် သံဃာအရေး လှုပ်ရှားမှာလည်း သူကိုယ်တိုင် အဓိကရုဏ်း ဖြိုခွင်းရေးဖက်ကနေ ဦးစီးတာဝန်ယူရသူ ဖြစ်ပါတယ်။
တဖက်က သံဃာတော်တွေကို လှူဖွယ်တွေပေးအပ်ပြီး ချဉ်းကပ်တာကို လုပ်ခဲ့သလို လမ်းပေါ်တက်လာတဲ့ ရဟန်း သံဃာတော်တွေကိုလည်း ခပ်ပြင်းပြင်း ကိုင်တွယ်ခဲ့ရတာ ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ် မှာတော့ ဗိုလ်ချုပ်ကြီး မြင့်ဆွေကို တပ်ချုပ်ဖြစ်မလားလို့တောင် ထင်ကြေးပေး ရေးသားမှုတွေ ရှိခဲ့ပါတယ်။ နောက်ဆုံး ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဖြစ်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာ ရုတ်တရက်ဆိုသလို ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး (ရှစ်လုံးလို့လည်း အများက သိကြပါတယ်) ထွက်သွားချိန်မှာ လွတ်တော်ထဲက တပ်မတော် ကိုယ်စားလှယ်တွေက ဦးမြင့်ဆွေကို ဒုတိယသမ္မတ ခန့်ဖို့ အဆိုတင်သွင်းခဲ့ပါတယ်။ သူ ဒုတိယသမ္မတ မဖြစ်ခဲ့ပါဘူး။
သူ့ရဲ့သားတယောက်က သြစတေးလျနိုင်ငံသား အဖြစ်ခံယူထားခဲ့လို့ ဖြစ်ပါတယ်။ အခု မြို့တော်ခန်းမရှေ့က ဖြိုခွင်းမှုမှာ နေပြည်တော်က ဘယ်လောက် အာဏာကို သုံးပြီးဖြိုခွင်းဖို့ အမိန့်ထုတ်ခဲ့သလဲ။ ဒါကို အောက်က ကိုင်တွယ်ရသူ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ဘယ်လို ဖြေရှင်းသလဲဆိုတာ မေးခွန်း ထုတ်စရာ ကောင်းပါတယ်။
ဒီလိုအကြမ်းဖက် ကိုင်တွယ်မှုကို အစိုးရက မှားတယ်လို့ ဝန်ခံပြီး တရားဝင်စုံစမ်းမှုတွေ လုပ်မယ်ဆိုရင် မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးဟာ မျှော်လင့်ချက်တချို့ ရှိမယ်။ အဲဒီလိုမှ မဟုတ်ဘဲ တာဝန်နဲ့ လက်ပတ်နီတွေကို ဆက်သုံးနေမယ် ဆိုရင် မြန်မာပြည်ဟာ ချောက်ထဲက ပြန်တက်လာမယ့် လမ်းမရှိပါဘူး။