ခပ်ဝေးဝေးက လှမ်းကြည့်လိုက်ရင် တောင်ကုန်းငယ်တွေ မြေလွတ်မြေရိုင်း ကွက်လပ်တွေကြားမှာ အစီအရီ တည်ရှိနေတဲ့ ခေါင်မိုး ချွန်ချွန် တဲအိမ်ငယ်လေးတွေကို မြင်တွေ့ရတာဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။
အဲဒီတဲအိမ်ငယ်လေးတွေရဲ့ အမိုးအောက်မှာတော့ မြေကြီးကို မီးစက်နဲ့ စုပ်တင် ယူနေတဲ့ လူ ၂ ယောက်စ ၃ ယောက်စကို တွေ့ရတတ်ပါတယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ထဲက ရေနံတောင်၊ သရက်တော၊ မင်းပြင် စတဲ့ ကျေးရွာတွေမှာ ရွာတွင်းရွာပြင် အခုလို တနိုင်တပိုင် ရေနံ တူးဖော်နေတဲ့ ရခိုင်ဒေသခံတွေကို တွေ့ရတတ်ပါတယ်။
အဲဒီကျေးရွာ ၃ ရွာဆီကို ကျောက်ဖြူမြို့ကနေ ဆိုင်ကယ်နဲ့သွားမယ်ဆိုရင် ၁ နာရီနီးပါးလောက်သွားရပြီး ရေနံတောင် ရွာကတော့ ရန်ကုန်-ကျောက်ဖြူ ကားလမ်းမပေါ်မှာ ရှိပါတယ်။ ရေနံတောင်ရွာမှာဆိုရင် အိမ်ခြံဝင်းထဲတွေမှာလည်း ရေနံတူးဖော်သူတွေရှိပါတယ်။ စီးပွားဖြစ် ရေနံတွင်းကြီးတွေ မဟုတ်ပေမယ့် မိသားစု စားဝတ်နေရေးကို ဖြေရှင်းပေးနိုင်တယ်လို့ ရေနံတူးသူတွေ က ရှင်းပြကြပါတယ်။
“ရေနံစတွေ့ပြီ ဆိုတာနဲ့ တရက်ကို တစည်လောက် အနည်းဆုံး ရတယ်၊ တချို့တွင်းတွေက ပေ ၂၀၀ လောက်ဆိုရင် ရေနံတွေ့တယ်၊ တချို့တွင်းတွေကတော့ ၃၀၀ ကျော်၊ ၄၀၀ လောက်မှာမှ ရေနံတွေ့တယ်”လို့ ရေနံတောင်ဒေသခံ ကိုကျော်သန်းက ပြောပါတယ်။
ရေနံတွင်း တူးဖော်တဲ့အခါမှာ မြေသားပျော့ရင် တလလောက်တူးရင် ရေနံတွေ့တတ်ပါတယ်။ မြေသားမာပြီး ကျောက်နဲ့တွေ့ ရင် တော့ ပေ ၂၀၀ ကျော်ကို ၂ လ ဝန်းကျင်အထိ တူးဖော်ရပါတယ်။ ရေနံတွင်းတခု တူးဖော်တဲ့အခါမှာ မြေကြီးတွေကို စုပ် တင်ယူနိုင်ဖို့ မီးစက်ကို အသုံးပြုရပြီး အလုပ်သမားကတော့ အနည်းဆုံး ၂ ဦး လိုအပ်ပါတယ်။ အရင်တုန်းကတော့ လက်နဲ့ တူးဖော်ရတဲ့ အတွက် အချိန်ကြာပြီး အလုပ်သမားဦးရေ ပိုမို အသုံးပြုခဲ့ကြရပါတယ်။
ရေနံတွင်းတခု ရေနံတွက်တဲ့အချိန်ထိ ကုန်ကျစရိတ်ကတော့ မီးစက် အပါအဝင် ကျပ် ၁၀ သိန်းဝန်းကျင် ရင်းနှီးမြှုပ်နှံရပါတယ်။ သရက်တော၊ ရေနံတောင်၊ မင်းပြင် စတဲ့ ရွာ ၃ ရွာဝန်းကျင်မှာ ရေနံတွင်း ထောင်ချီရှိပါတယ်။ နှစ်တွေကြာလာပြီး ရေနံအထွက်နှုန်း လျော့ကျ လာရင်တော့ နောက် တနေရာကို ပြောင်းရွှေ့ တူးဖော်ကြပါတယ်။ ရေနံတွင်း တခုနဲ့ တခု ၅ ပေ က နေ ၁၀ ပေ ဝန်းကျင် လောက်ပဲ အကွာအဝေး ရှိပါတယ်။
သရက်တောင်ရွာခံ ဦးအောင်ကျော်က“တချို့တွင်းတွေဆိုရင် ရေနံတွေ့ပြီဆိုရင်တော့ ခဏလေးနဲ့ သိန်းရာချီရတဲ့သူလည်း ရှိတယ်၊ တရက် ၂ စည်လောက် ခပ်ရတဲ့တွင်းမျိုးပေါ့၊ တွေ့ပြီဆိုတာနဲ့ နွေ၊ မိုး၊ ဆောင်း ၃ ရာသီစလုံး ဆက်တိုက်ရေနံထွက်ပါတယ်”လို့ ပြော ပါတယ်။
တနိုင်တပိုင် ရေနံလုပ်သူတွေထဲမှာ ကိုယ်ပိုင်မြေမဟုတ်သူတွေကတော့ မြေပိုင်ရှင်ကို ရရှိလာတဲ့ ရေနံရဲ့ ၇ ပုံ ၁ ပုံ ပေးရပါတယ်။ တူးဖော်ရရှိတဲ့ ရေနံတွေကို ဝယ်ယူတဲ့ ဒိုင်တွေရှိပြီး ၅ ဂါလံဆံ့ တစည်ကို ၁၃၀၀၀ ကျပ်ရပါတယ်။ ရေနံတွင်း လုပ်သူတွေထက် ရေနံစိမ်း ဝယ်ယူတဲ့ ဒိုင်တွေက ပိုမို အကျိုးအမြတ် ခံစားရတယ်လို့လည်း သိရတယ်။
ရေနံတွင်း လုပ်ငန်းနဲ့ပဲ အသက်မွေးလာတဲ့သူတွေဟာ ဘိုးဘေး အစဉ်အဆက် လုပ်ကိုင်လာကြတာပါ။ ရေနံစိမ်းတွေကို အရင် တုန်း ကတော့ မီးခွက်ထွန်းဆီ အဖြစ်ပဲ အသုံးပြုခဲ့ကြပါတယ်။ အခုအချိန်မှာတော့ ရေနံစိမ်းတွေကို မီးခွက်ထွန်းတာ အပြင် ဓာတ်ဆီ၊ ဒီဇယ်၊ ကြက်ချေးရေနံ ဆိုပြီး ၃ မျိုး ထုတ်လုပ် အသုံးပြုနေကြပါပြီ။
အဲဒီလို အမျိုးအစား ၃ ခု ထုတ်လုပ်သူတွေဟာ တနိုင်တပိုင် ရေနံတွင်း ပိုင်ရှင်တွေ မဟုတ်ဘဲ ငွေကြေး တတ်နိုင်တဲ့ အဝယ်ဒိုင် တွေပဲ ဖြစ်ပါတယ်။ ရေနံဝယ်ယူတဲ့ ဒိုင်အများစုဟာ ကျောက်ဖြူမြို့ပေါ်က ဖြစ်ပါတယ်။ အဝယ်ဒိုင်တွေက ရေနံစိမ်းတွေကို ချက်ပြီး ဓာတ်ဆီ၊ ဒီဇယ်၊ ရေနံချေး ဆိုပြီး ၃ မျိုး ထုတ်လုပ်ပြီး ပြန်လည် ရောင်းချတဲ့အတွက် အကျိုးအမြတ် ပိုမိုရရှိကြတာပါ။
မွေးကတည်းက ရေနံတွင်းလုပ်ငန်းနဲ့ အသက်မွေးလာသူ ဦးအောင်ကျော်က“ကျနော့်မိဘ ဘိုးဘွားတွေလည်းပဲ ရေနံတွင်း တူးပြီး တော့ အသက်မွေးခဲ့ကြတယ်၊ ဒါပေမယ့် အဲဒီခေတ်ကတော့ ရေနံစိမ်းကို မီးခွက်ထွန်းတာလောက်ပဲ သုံးကြတယ်၊ အခုတော့ ဓာတ် ဆီ၊ ဒီဇယ်တွေပါ ထုတ်လုပ်လာနိုင်တော့ ပိုပြီး အကျိုးရှိတာပေါ့”လို့ ပြောပါတယ်။
တချို့ဆိုရင်လည်းပဲ စမ်းသပ်တူးဖော်တာ ၁ တွင်း၊ ၂ တွင်းအထိ ရှိပေမယ့် ရေနံမတွေ့ဘဲ အရင်းအနှီးတွေပဲ ဆုံးရှုံးသွားတာ ရှိပါတယ်။ ရေနံတွင်းတွေဟာ များသောအားဖြင့် ၁၀ နှစ်ဝန်းကျင်အထိ ရေနံထုတ်ယူနိုင်ပြီး၊ ကြာလာတာနဲ့အမျှ ရေနံအထွက်နှုန်း လျော့ကျသွားတတ်ပါတယ်။ တချို့ရေနံတွင်းတွေက ပေ ၂၀၀ ကျော်လောက်မှာ ရေနံစထွက်တတ်ပေမယ့် တချို့တွင်းတွေကတော့ ပေ ၄၀၀ ကျော်တာတောင်မှ ရေနံမထွက်လို့ တူးဖော်မှု ရပ်ဆိုင်းလိုက်ရပြီး ကုန်ကျစရိတ်တွေ ဆုံးရှုံးသွားတာ မျိုးတွေလည်း ရှိတတ်ကြ ပါတယ်။ ကိုယ်ပိုင် ရေနံတွင်း တူးဖော်နေတာ ၂ နှစ်ကျော်ပြီ ဖြစ်ပေမယ့် အကျိုးခံစားခွင့်မရှိတဲ့သူတွေလည်း ရှိပါတယ်။
ရေနံ စမ်းသပ်တူးဖော်နေသူ သရက်တောင် ရွာခံ ကိုကျော်စိန်ဝင်း က“ကျနော်ရေနံတူးဖော်နေတာ ၂ နှစ် ကျော်ပြီ၊ ဒါပေမယ့် ရေနံ က မတွေ့သေးတော့ အရင်းအနှီးတွေ ရှုံးနေတာပေါ့။ အတူတူ တွဲလုပ်ဖို့ လူခေါ်ရတဲ့အတွက် အလုပ်သမား စရိတ်ကလည်း ရှုံးနေပါတယ်၊ ဒါပေမယ့် တရက်ရက်တော့ တွေ့ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆက်တူးနေတာပါ”လို့ ပြောပါတယ်။
မီးစက်နဲ့ တူးဖော်ရင်တော့ ကျွမ်းကျင်သူ မြေတူးဆရာ တဦးအပြင် နောက်ထပ် လူ ၂ ဦး သို့မဟုတ် ၃ ဦးဆိုရင် အဆင်ပြေ ကြပါတယ်။ ဒါပေမယ့် လက်နဲ့ တူးဖော်မယ်ဆိုရင်တော့ လူဦးရေ လေးငါးယောက်အထိ လိုအပ်ပါတယ်။ အလုပ်သမား တယောက်ကို တော့ ကျပ် ၂၅၀၀ ကနေ ၃၀၀၀ ကျပ်၊ ၅၀၀၀ ကျပ် အထိ ပေးရပါတယ်။ ဒါပေမယ့် လက်နဲ့တူးဖော်တဲ့ ခေတ်က ကုန်သလောက်ဖြစ် နေပါပြီ။ အများစုက မီးစက်နဲ့ပဲ တူးဖော်နေကြပါပြီ။ မီးစက်ဖိုး မတတ်နိုင်ရင်လည်း စုပေါင်း ဝယ်ယူ အသုံးပြုကြပါတယ်။
အဲဒီဒေသက ဒေသခံတွေရဲ့ ၅၀ ရာခိုင်နှုန်းနဲ့အထက်ဟာ ရေနံလုပ်ငန်းနဲ့ အသက်မွေးကြပြီး လယ်ယာလုပ်ငန်း၊ ပင်လယ် လုပ်ငန်း နဲ့ အသက်မွေးကြသူတွေလည်း ရှိပါတယ်။
ကျောက်ဖြူဒေသတဝိုက်မှာ တနိုင်တပိုင် ရေနံတူးဖော်လုပ်ကိုင် စားသောက်၊ အသက်မွေးနေကြတဲ့ ဒေသခံတွေဟာ စီးပွားရေး သမားတွေ၊ ကုမ္ပဏီတွေက လာရောက်လုပ်ကိုင်မှာကိုလည်း စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံသားတွေဟာ မြန်မာ့ ရေနံနဲ့သဘာ၀ ဓာတ်ငွေ့ လုပ်ငန်း(MOGE)နဲ့ ပူးပေါင်းပြီး ရေနံရှာဖွေရေးတွေကို ၁၉၉၆ ခုနှစ် ဝန်းကျင်က လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေ က ပြောကြပါတယ်။
ဒါပေမယ့် နှစ်အနည်းငယ်သာရှာဖွေခဲ့ပြီး ရပ်တန့်သွားခဲ့ပါတယ်။ အဲဒီလို ရပ်တန့်သွားတာဟာ စီးပွားဖြစ်လောက်တဲ့ ထွက်နိုင်ခြေ မရှိတဲ့အတွက်ဖြစ်ကြောင်း အေးရှားဝေါလ် ကုမ္ပဏီရဲ့ ကျောက်ဖြူ ဒေသ စီမံကိန်းများ တာဝန်ခံက ပြောပါတယ်။ ဒါပေမယ့် တရုတ် တွေ ရှာဖွေ စမ်းသပ်ခဲ့တဲ့ နေရာပတ်ဝန်းကျင် ဧရိယာကိုတော့ ပိတ်ထားပြီး ဒေသခံတွေ ဖြတ်သန်းသွားလာခွင့် မရကြပါဘူး။ တူးဖော်ရေး စက်ကိရိယာတချို့ဟာလည်း ရှိနေဆဲပဲလို့ သိရပါတယ်။

အေးရှားဝေါလ် ကုမ္ပဏီရဲ့ ကျောက်ဖြူဒေသ တာဝန်ခံက“တရုတ် ကုမ္ပဏီတချို့ရယ်၊ ကျနော်တို့ အေးရှားဝေါလ်ရယ်က အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ကျောက်ဖြူ၊ ရမ်းဗြဲဘက်တွေမှာပါ ရှာဖွေမှု တချို့လုပ်ခဲ့ပါတယ်၊ ဒါပေမယ့် စီးပွားဖြစ်လောက်တဲ့ ပမာဏအထိ မရနိုင် ဘူး ထင်လို့ စီမံကိန်းတွေကို ရပ်ဆိုင်းထားခဲ့တာပါ၊ လောလောဆယ်တော့ ပြန်ရှာဖို့ အစီအစဉ် မရှိသေးပါဘူး”လို့ ပြောပါတယ်။
တရုတ်တွေ အပြင် ပြည်တွင်းက စီးပွားရေး ကုမ္ပဏီတွေလည်း လာရောက်ပြီး ရေနံရှာဖွေရေး အတွက် လေ့လာကြတာတွေ ရှိတယ် လို့ သိရပါတယ်။ ဒေသခံတွေကတော့ ကုမ္ပဏီကြီးတွေရောက်လာရင် သူတို့ရဲ့ တနိုင်တပိုင် လုပ်ကိုင်နေတာတွေ ထိခိုက်သွားမှာကို မလိုလားကြပါဘူး။
ကျောက်ဖြူဒေသဟာ ရမ်းဗြဲကျွန်းရဲ့ မြောက်ဘက်စွန်းမှာတည်ရှိပြီး ဘင်္ဂလား ပင်လယ်ဝမှာ တည်ရှိတာကြောင့် အချက်အချာကျတဲ့ ပင်လယ် ထွက်ပေါက်ကြီး ဖြစ်သလို ရေနံနဲ့သဘာ၀ ဓာတ်ငွေ့၊ သဘာ၀ သယံဇာတတွေ ပေါကြွယ်ဝတဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အုပ်ချုပ်ရေး အာဏာပိုင် အဆက်ဆက်တို့ရဲ့ ဖိနှိပ်ချုပ်ချယ်ထားခြင်းကို ခံနေရတဲ့အတွက် ဒေသခံ အများစုဟာ အလုပ်အကိုင် ရှားပါးပြီး ဆင်းရဲချို့တဲ့ကြပါတယ်။
ရခိုင်ဒေသခံအများစုဟာ ဒေသတွင်း စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး စတဲ့ လူမှုဘဝတွေ အတွက် အရေးပါတဲ့ အရာ အားလုံးနီးပါး ချွတ်ခြုံကျ နိမ့်ပါးနေတာကြောင့် မိမိတို့ ဒေသကိုစွန့်ခွာပြီး ရေကြည်ရာ မြက်နုရာ ဒေသတွေကို သွားကြတဲ့အတွက် ရခိုင်ဒေသမှာ အလုပ်လုပ်နိုင်တဲ့ အရွယ်ကောင်း အမျိုးသားရော အမျိုးသမီးတွေပါ အတော်နည်းပါး သွားပါပြီ။
ရခိုင်ပြည်နယ်ရဲ့ နေရာဒေသ အများစုမှာ မြေပေါ်မြေအောက် သဘာ၀ သယံဇာတွေ ပေါကြွယ်ဝသလို၊ မြစ် ချောင်း၊ အင်း အိုင်၊ ပင်လယ်၊ တောတောင် ပေါများတဲ့ဒေသ ဖြစ်တဲ့အတွက် ဒေသခံ ပြည်သူတွေရဲ့ စားဝတ်နေရေးကို မပူမပင် ဖြေရှင်းနိုင်ခြေရှိတဲ့ နယ်မြေတခုပါ။ ဒါပေမယ့် အဲဒီလို သဘာဝသယံဇာတ ရေခံမြေခံ ကောင်းမွန်တဲ့ဒေသမှာ ပြည်သူတွေ အလုပ်အကိုင် အခွင့် အလမ်း တွေ ရရှိနိုင်မယ့် စက်ရုံ အလုပ်ရုံတခုမှ မရှိတာဟာလည်း အံ့သြစရာ ကောင်းပါတယ်။
လက်ရှိ ဦးသိန်းစိန် အစိုးရရဲ့ သက်တမ်း ၅ နှစ် အတွင်းမှာတော့ ကျောက်ဖြူ-ယူနန် ရွှေသဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း၊ ရေနံ ပိုက် လိုင်းနဲ့ ရေနံတင်ပို့မယ့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတို့ကို အပြီးသတ် တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ စီမံကိန်းတွေမှာ ဒေသခံတွေ အနေနဲ့ အလုပ်ကြမ်းသမားအဖြစ်နဲ့ အလုပ်လုပ်ကိုင်ခွင့် အနည်းငယ်သာ ရရှိခဲ့ကြပါတယ်။
အဲဒီ စီမံကိန်းကြီးတွေဟာ လက်ရှိမှာတော့ လည်ပတ်နေကြပါပြီ။ မြန်မာ အစိုးရဟာလည်းပဲ အဲဒီ စီမံကိန်းတွေဆီက ဒေါ်လာ သန်း ပေါင်းများစွာ ရရှိသွားတဲ့အပြင် နောက်နှစ်ပေါင်း ၃၀ အထိလည်း အခွန်အခတွေ၊ အကျိုးခံစားခွင့်တွေ ရရှိနေဦးမှာ ဖြစ်ပါတယ်။
ဒါပေမယ့် သဘာဝသယံဇာတတွေ ပေါများတဲ့ မြေကြီးတွေ၊ ပင်လယ်ပြင်တွေရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ဒေသခံ ပြည်သူတွေကတော့ ဆင်းရဲတွင်း နက်သထက် နက်နေကြဆဲပါ။ အဲဒီလို ဆင်းရဲမွဲတေမှု ဒဏ်ကို ရခိုင်ဒေသခံတွေ ဘယ်အချိန်ထိ ခံစားနေကြရဦးမလဲ ဆိုတာတော့ ဘယ်သူမှ ပြောနိုင်သေးမယ် မထင်ပါဘူး။ ။