လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တနှစ်လုံးအတွက် နိုင်ငံတော်ကရရန်ရှိသည့် ရငွေများနှင့် နိုင်ငံတော်က သုံးရန်ရှိသည့် သုံးငွေများကို တစုတစည်းတည်း ခန့်မှန်းဖော်ပြချက်များ ပါဝင်မည့် ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ(ဘတ်ဂျတ်ဥပဒေ) က ယခုလအတွင်း လွှတ်တော်တွင် အတည်ပြု၍ ထွက်ပေါ်လာတော့မည်။
ထိုဥပဒေကို လွှတ်တော်တွင် အတည်ပြုပြီးသည်နှင့် လာမည့်ဧပြီ ၁ ရက်မှစ၍ နိုင်ငံတော်၏ ဘဏ္ဍာများကို ဌာနဆိုင်ရာ အသီးသီးက ၁ နှစ်စာအတွက် စတင်သုံးစွဲ ကြတော့မည်ဖြစ်သည်။
နိုင်ငံတော် ဘတ်ဂျက်တွင် ဌာနဆိုင်ရာအလိုက် အသုံးစရိတ်များ ချပေးရာတွင် တိုးမြှင့်ချပေးခြင်း၊ လျှော့ချပေးခြင်းတို့သည် နှစ် အလိုက် အပြောင်းအလဲရှိရာ မည့်သည့် ဌာနများက ပိုမိုသုံးစွဲသင့်၍ မည်သည့်ဌာနတွင် လျှော့ချသုံးစွဲ သွားမည်ဆိုသည့် အချက်မှာ အရေးပါဆုံး ကဏ္ဍတခု ဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်မှုဆီသို့သွားရန် အရှိန်ယူနေသော ယခုကဲ့သို့အချိန်၌ နိုင်ငံတွင် လူသားအရင်းအမြစ် ရေရှည်မြှုပ်နှံမှု ဖြစ်သော ပညာ ရေး ကဏ္ဍတွင် အသုံးစရိတ် တိုးမြှင့်ရန် လိုအပ်ခြင်းနှင့် နိုင်ငံနေ လူထု၏ အရေးကြီးလှသော ကျန်းမာရေး စောင့်ရှောက်မှု အဆင့် အတန်း မြင့်မားလာရေးအတွက် ကျန်မာရေး ဘတ်ဂျက်ကို တိုးမြှင့်ပေးရန်လိုအပ်ခြင်း စသည့် အသုံးစရိတ်များကို ပိုမိုသုံးစွဲ စေလိုကြ သည်။
နိုင်ငံ၏ မဖွံ့ဖြိုးသေးသော စက်မှုလက်မှု လုပ်ငန်းများကို မြှင့်တင်နိုင်ရန်နှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ခရီးနှင်နိုင်ရန် အထောက်အကူဖြစ်မည့် စက်မှုဘတ်ဂျက်ကို အသုံးစရိတ် တိုးမြှင့်ရန် လိုအပ်ခြင်း၊ စိုက်ပျိုးရေး အခြေခံ နိုင်ငံတနိုင်ငံ ဖြစ်သည့် အတွက် စိုက်ပျိုးရေး ထုတ်ကုန်များ အားကောင်းလာပြီး ပို့ကုန်တင်ပို့မှု အရှိန်ကို တွန်းတင်နိုင်ရန် အထောက်အကူဖြစ်မည့် လယ် ယာ စိုက်ပျိုးရေးကဏ္ဍ ဘတ်ဂျက်တို့ကို တိုးမြှင့်ခြင်းတို့လည်း လိုအပ်နေသည်။
ထို့အတူ ဖွံ့ဖြိုးမှု ကွာဟချက်နှင့်အတူ လိုအပ်လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထောက်ပံ့ကြေးနှင့် ချေးငွေခွဲတမ်း အသုံးစရိတ် ပမာဏသည်လည်း မြှင့်တင်ရန် လိုအပ်ပေသည်။
သို့သော် လက်ရှိအခြေအနေတွင် နိုင်ငံ၏ ဖွံ့ဖြိုးမှု ဖြစ်စဉ်ကို မြှင့်တင်ရာ၌ အရေးပါသော အဆိုပါ လိုအပ်သည့် အသုံးစရိတ်များမှာ ထင်သလောက် တိုးမြှင့်မှု မရှိသည့်အပြင် တချို့ကဏ္ဍများတွင် သိသာစွာ နည်းပါးနေသည်ကို တွေ့ရသည်။
ပညာရေးနှင့်ကျန်းမာရေး အသုံးစရိတ်ကို အစိုးရသစ် တက်စ နှစ်တွင် မြှင့်တင်ခဲ့သည်မှာ မှန်သော်လည်း နောက်နှစ်များတွင် တိုးမြှင့် မှု အရှိန်ပြတ်သွားခြင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ အသုံးစရိတ် လွန်စွာနည်းနေခြင်း၊ စက်မှုကဏ္ဍ အသုံးစရိတ်ဆိုလျှင် ပိုမို နည်းပါးနေခြင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ပြန်လည်ချထားပေးသည့် အသုံးစရိတ် ထပ်မံတိုးရန်လိုအပ်ခြင်းတို့ကို တွေ့ရ သည်။
အစိုးရက ပညာရေး အသုံးစရိတ်ကို စတင်၍ မြှင့်တင်သုံးစွဲခဲ့သည့် အနေဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် နိုင်ငံတော် ဘတ်ဂျက် စုစုပေါင်း အသုံးစရိတ်၏ ၃.၈၄ ရာခိုင်နှုန်း သုံးစွဲခဲ့ရာမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် စုစုပေါင်း အသုံးစရိတ်၏ ၆.၄၄ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့သည်။
သို့သော် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်း အသုံးစရိတ်၏ ၅.၉၉ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်း အသုံး စရိတ်၏ ၅.၉၆ ရာခိုင်နှုန်းသာ သုံးစွဲခွင့်ပြုသည်ကို တွေ့ရသည်။
ထို့အတူ ကျန်မာရေး အသုံးစရိတ်တွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်၌ စုစုပေါင်း အသုံးစရိတ်၏ ၁.၁၇ ရာခိုင်နှုန်းသာ သုံးစွဲခွင့် ရခဲ့ရာမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၃.၂၃ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့သည်။ သို့သော် နောက်နှစ်များဖြစ်သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၃.၂၆ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၃.၆၅ ရာခိုင်နှုန်းကိုသာ သုံးစွဲခဲ့သည်ကို တွေ့ရသည်။
သုံးစွဲခွင့်ရသည့် ဘတ်ဂျက်ရာခိုင်နှုန်းများ အရ အစိုးရသည် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်ကို အစိုးရသစ် စတင် တာဝန်ယူ စချိန်တွင် သိသာစွာ တိုးမြှင့်သုံးစွဲပြခဲ့ပြီး ကျန်နှစ်များတွင် ပုံမှန်အတိုင်းသာ သုံးစွဲခွင့် ပြုခဲ့သည်ကို တွေ့ရသည်။
ပညာရေး၊ ကျန်းမာရေး အသုံးစရိတ် ချထားပေးမှု အခြေအနေနှင့်ပတ်သက်ပြီး လက်ရှိအနေအထားထက် ထပ်မံတိုးမြှင့် သုံးစွဲစေ လိုပြီး လွှတ်တော်တွင် အစိုးရ၏ ဘတ်ဂျက်လျာထားချက်များ အပေါ်၌ ဝေဖန်မှုများရှိနေဆဲ ဖြစ်သည်။ လွှတ်တော်တွင်း ဝေဖန်မှုများက ကာကွယ်ရေး အသုံးစရိတ်နှင့် နှိုင်းယှဉ်ပြီး ဝေဖန်ကြသည်က များသည်။
ပညာရေး၊ ကျန်းမာရေး အသုံးစရိတ် ၂ ခုပေါင်း ၉ ရာခိုင်နှုန်းကျော်သာ ရှိနေချိန်တွင် ကာကွယ်ရေး အသုံးစရိတ်မှာ စုစုပေါင်း အသုံး စရိတ်၏ ၁၂ ရာခိုင်နှုန်း အထက်တွင် ရှိနေသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ဘတ်ဂျက်ထုံးစံအရ ထပ်တိုးဘတ်ဂျက်(ခေါ်) နောက် ဆက် တွဲ ဘတ်ဂျက် အသုံးစရိတ်များ ထပ်မံခွင့်ပြုလေ့ရှိရာ အဆိုပါ ထပ်တိုးဘတ်ဂျက်တွင်လည်း ကာကွယ်ရေး အသုံးစရိတ်သည် အများဆုံး ဖြစ်နေသည်ဟု ဘတ်ဂျက်ရေးရာ လေ့လာသူတို့က ထောက်ပြနေကြသည်။
အစိုးရ၏ ထပ်တိုး အသုံးစရိတ်လိုငွေ ကျပ် ၁၀၀၃ ဘီလီယံတွင် ကာကွယ်ရေး အတွက် အသုံးစရိတ်သည် ၃၁.၉၇ ရာခိုင်နှုန်း သုံးစွဲပြီး ပညာရေးအတွက် ၂ ရာခိုင်နှုန်း၊ ကျန်းမာရေး အတွက် ၇.၂၇ ရာခိုင်နှုန်း သုံးစွဲခဲ့သည်ဟု ဘတ်ဂျက်ရေးရာ လေ့လာသူတို့က ဆို သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံ နိုင်ငံတနိုင်ငံ ဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးကဏ္ဍ အားကောင်းပြီး ထုတ်ကုန်တိုးမြှင့်နိုင်ရန် အထူး လိုအပ်နေသည်။ ယခုကဲ့သို့ ပို့ကုန်နည်း၍ သွင်းကုန်များပြီး ကုန်သွယ်ရေး လိုငွေ နှစ်စဉ် ပြနေသော အချိန်တွင် ပို့ကုန် အား ကောင်းစေရေး အတွက် စိုက်ပျိုးရေးကဏ္ဍ ဘတ်ဂျက်ကို တိုးမြှင့် သုံးစွဲသင့်ပါသည်။ သို့သော် လယ်ယာစိုက်ပျိုးရေးကဏ္ဍ သုံးစွဲမှုသည် ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက် စုစုပေါင်း အသုံးစရိတ်၏ ၂.၅ ရာခိုင်နှုန်းသာ လျာထားသုံးစွဲသည်ကို တွေ့ရသည်။
ထို့အတူ ကုန်ထုတ်လုပ်ငန်း တိုးတက်ရေးအတွက် စက်မှုလုပ်ငန်းများ အားကောင်းလာရန် လိုအပ်ပေသည်။ အစိုးရအနေဖြင့် မြန်မာ နိုင်ငံ၏ အသေးစားနှင့် အလတ်စား လုပ်ငန်းများ (SME) ဖွံ့ဖြိုးတိုးတက်ရေးကို မူဝါဒချမှတ် လုပ်ဆောင်နေသည်မှာ ကြာပြီဖြစ်သည်။ တနိုင်ငံလုံး၏ ၉၀ ရာခိုင်နှုန်းကျော်သည် SME လုပ်ငန်းများ ဖြစ်ပြီး SME များ ဖွံ့ဖြိုးရေးအတွက် အစိုးရပံ့ပိုးမှုများစွာ လိုအပ်နေသည်။ SME များတွင် စက်မှုလုပ်ငန်း ရာနှုန်းများစွာ ပါဝင်နေပြီး SME လုပ်ငန်းများနှင့် ပတ်သက်၍ အုပ်ချုပ်ရေးပိုင်းမှ အဓိက မောင်းနှင်နေ သည်မှာလည်း ယခုလက်ရှိ အထိ စက်မှုဝန်ကြီးဌာနက ဖြစ်သည်။
သို့သော် စက်မှုဝန်ကြီးဌာန အသုံးစရိတ်သည် ဘတ်ဂျက်တွင် သိသာစွာ နည်းပါးလွန်းနေသည်။ ပြီးခဲ့သည့်နှစ်က လျာထားသည့် အသုံး စရိတ်သည် ၁ ရာခိုင်နှုန်း ဝန်းကျင်မျှသာရှိရာ အသုံးစရိတ် တိုးမြှင့်ရန် လိုအပ်နေသည့် အခြေအနေပင် ဖြစ်သည်။
ထို့အပြင် အသုံးစရိတ်များတွင် ဖွံ့ဖြိုးရေး နောက်ကျနေသေးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် အသုံးစရိတ် မြှင့်တင်ရန် အထူးလိုအပ်နေသည်။ နိုင်ငံတော် ဘတ်ဂျက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ထောက်ပံ့ကြေးနှင့် ချေးငွေဆိုသော ခေါင်း စဉ် အောက်မှ ခွဲဝေချထားပေးသည့် ပမာဏသည် လွန်စွာ နည်းပါးလျက် ရှိသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ချထားပေးသည့် စုစုပေါင်း ပမာဏသည် နိုင်ငံအသုံးစရိတ်၏ ၃.၅ ရာခိုင်နှုန်း ကျော်ကျော်သာ ရှိခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၈ရာခိုင်နှုန်းသို့ တိုးမြှင့်ချထားပေးခဲ့သော်လည်း ထပ်မံ တိုးမြှင့်သွားနိုင်ရန် လိုပါသည်။
ယခုကဲ့သို့ အစိုးရက အသုံးစရိတ် ဘတ်ဂျက်များ တိုးမြှင့်ပေးရမည့်အချိန်တွင် ရငွေများ တိုးလာရန်လည်း လိုအပ်သည်ဟု စီးပွားရေး ပညာရှင်များက ထောက်ပြ ပြောဆိုကြသည်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့(IMF) က မြန်မာအစိုးရ အနေဖြင့် မဖြစ်မနေသုံးစွဲနေရသော အသုံးစရိတ်များ ကာမိရန် အခွန်စနစ်ကို ကျယ်ပြန့်စွာ ကျင့်သုံးနိုင်ရန်နှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေး လုပ်ဆောင်ရန် အရေးကြီးကြောင်း အကြံပြုထားသည်။
မြန်မာနိုင်ငံ၌ လက်ရှိအချိန်တွင် အခွန်အကောက်မှ ရရှိငွေသည် နိုင်ငံတော် ရငွေလျာထားချက်၏ ၃၀ ရာခိုင်နှုန်းကျော်သာ ရှိပြီး ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး(GDP) ၏ ၈.၁၁ ရာခိုင်နှုန်းသာ ရှိနေသေးသည်။
ထို့အပြင် ဘတ်ဂျက်လိုငွေသည် အစိုးရသစ်လက်ထက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ ပြီးခဲ့သည့်နှစ်အထိ ကျပ်ဘီလီယံ ၇၂၀၀ ကျော်နေပြီး ယခုဘဏ္ဍာနှစ် ၂၀၁၅-၂၀၁၆ လျာထားချက် လိုငွေသည်လည်း ကျပ် ၃၈၂၇ ဘီလီယံရှိနေသည်။ ဘတ်ဂျက်လိုငွေ ပမာဏများ ပြားနေပြီဖြစ်သည်။ ထို့အတူ ကုန်သွယ်ရေး လိုငွေသည်လည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ရှိမည်ဟု လျာထားကြသည်။
ထိုအခြေအနေအတိုင်း ဘတ်ဂျက်လိုငွေပြမှုနှင့် ကုန်သွယ်ရေးလိုငွေပြမှု ၂ ခုနှင့်အတူ တိုင်းပြည်စီးပွားရေးအင်အားသည် နည်းလာ လျက်ရှိပြီး နိုင်ငံ၏ စုဆောင်းထားသည့် အရန်ငွေ ပမာဏသည်လည်း သိသာစွာ လျော့ကြလာရာ အမေရိကန် ဒေါ်လာ ၈ ဘီလီယံ ကျော်မှ ၄.၅ ဘီလီယံသာ ရှိတော့သည်။
ထိုသို့ စုငွေလျော့လာသော အချိန်တွင် မြန်မာအစိုးရ အနေဖြင့် အသုံးစရိတ်များ လျှော့သင့်သည်ကို လျှော့ရန် လိုလာပြီ ဖြစ်သည် ဟု ဝေဖန်ပြောဆိုကြသည်။ ဘတ်ဂျက်တွင် မည်သည့်ကဏ္ဍများကို အသုံးစရိတ် လျှော့ချမည်နည်း။ ဘတ်ဂျက် အသုံးစရိတ်တွင် မဖြစ်မနေ တိုးသင့်သည့် ကဏ္ဍများကိုသာ တိုးမြှင့်ပေး၍ မလိုအပ်သော ကဏ္ဍများတွင် အသုံးစရိတ်များ လျှော့ချရန် လိုအပ်နေဆုံး အခြေအနေပင် ဖြစ်နေသည်။ ။