မတ်လ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်၊ ပူပြင်းတဲ့ ရာသီအောက်မှာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်က လူတံတိုင်း ၃ ထပ် ကာပြီး ရပ်နေရလို့ ပင်ပန်းနေကြသလို၊ ထိုးဖောက်ထွက်ဖို့ ကြိုးစားနေတဲ့ ပင်မ သပိတ်စစ်ကြောင်းက ကျောင်းသား ၄၀ ကျော်နဲ့ ဝန်းရံသူအင်အား ၄၀ လောက်ဟာလည်း ချွေးဒီးဒီးကျပြီး မောပန်းနေကြပြီ။ လူကပင်ပန်း၊ နေကပူနဲ့ တဘက်နဲ့ တဘက် ဒေါသမျက်လုံးတွေနဲ့ ကြည့်နေကြပါတယ်။
လက်ပံတန်းတာဆုံ လမ်းဆုံကနေ လက်ပံတန်းမြို့ထဲကို ဝင်တဲ့ လမ်းမှာလည်း အပြင်ဘက်က ပင်မသပိတ်စစ်ကြောင်းကို လာဝန်းရံတဲ့ ပြည်တက္ကသိုလ်က ကျောင်းသားတွေနဲ့ ဒေသခံလူထုကို စတင်အကြမ်းဖက် ရိုက်နှက်နေပြီ ဆိုတဲ့သတင်းက ပင်မ သပိတ်စစ်ကြောင်းထဲကို ရောက်လာတော့ သပိတ်စစ်ကြောင်းက ကျောင်းသားတွေအတွက် ပိုမိုလှုပ်လှုပ်ရှားရှား ဖြစ်လာစေပါတယ်။
တွန်းတိုက်မှုတွေကြောင့် ရဲတံတိုင်းထဲက အခြေအနေ မကောင်းတော့တဲ့ ရဲတဦးကို ဆွဲထုတ်ပြီး နောက်တန်းပို့နေတာ လှမ်းမြင်လိုက်တဲ့ အချိန်မှာပဲ သပိတ်ကျောင်းသားတွေကို အကူအညီပေးတဲ့ နာရေးကူညီမှုအသင်းက လူနာတင်ကားဟာ ဥသြ သံဆွဲပြီး ကျောင်းသားတဦးကို ဆေးရုံပို့ဖို့ သပိတ်စစ်ကြောင်းရဲ့ အနောက်ကလမ်းကနေ ထွက်ခွာသွားတာကို မြင်တွေ့ရတယ်။
မိနစ်ပိုင်းအတွင်းမှာပဲ လူနာတင်ကားဟာ အနောက်ဘက်က ရဲတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့ခြင်းခံနေရတယ် ဆိုတဲ့ သတင်းက ရောက်လာတဲ့ အတွက်ကြောင့် သတင်းထောက်တွေနဲ့ ကျောင်းသားတချို့ဟာ အပြေးအလွှားနဲ့ လူနာတင်ကား ရှိရာကို ပြေးထွက်လာခဲ့ကြတယ်။ ဒါပေမယ့် ကျောင်းသားတချို့က သတင်းထောက်တွေပဲ သွားသင့်တယ်ဆိုပြီး ကိုယ့်လူ အချင်းချင်း ပြန်တားတာကြောင့် လူနာတင်ကားဆီကို သတင်းသမားတွေပဲ ရောက်သွားကြပါတယ်။
ဓာတ်ပုံဆရာတွေက ဓာတ်ပုံရိုက်ပြီးတဲ့ အချိန်မှာ ကားကို ထွက်ခွင့် မပေးသေးတာကြောင့် သတင်းသမားတွေကိုယ်တိုင် ရဲတပ်ဖွဲ့ကို လူသားချင်းစာနာဖို့၊ အမိန့်စောင့်ရင်း လူနာသေခဲ့ရင် တာဝန် ဘယ်လိုယူမလဲဆိုတဲ့ မေးခွန်းတွေနဲ့ ဝိုင်းပြောကြတာကြောင့် တာဝန်ကျအရာရှိက ဖုန်းအမြန်ဆက်ပြီး ထွက်ခွင့်ပေးလိုက်ပါတယ်။
ဒါနဲ့ ပင်မ သပိတ်စစ်ကြောင်းကလည်း တံတိုင်းအဖြစ်ကာထားတဲ့ ရဲတပ်ဖွဲ့တွေကို အတင်းထိုးဖောက်နေဆဲ၊ ရဲတပ်ဖွဲ့ဘက်ကလည်း အသံချဲ့စက်နဲ့ လူစုခွဲဖို့၊ မခွဲရင် ဥပဒေနဲ့အညီ လုပ်မယ်ဆိုတဲ့ ကြေညာချက်ကို အဆက်မပြတ် ကြေညာနေသလို၊ ကျောင်းသားတွေ ဘက်ကလည်း ဆဲရေးတိုင်းထွာတာတွေ မလုပ်ဖို့၊ ခဲတွေ၊ ပလက်စတစ်အိတ်ထဲ သဲထည့်ထားတဲ့ သဲထုပ်တွေ၊ တုတ်တွေနဲ့ မပစ်ကြဖို့ အသံချဲ့စက်နဲ့ ကိုယ့်အချင်းချင်း အပြန်အလှန် ထိန်းနေကြပါတယ်။
ပင်မသပိတ်ရှိတဲ့ နေရာရဲ့ ဘေးက လျှပ်စစ်ရုံးထဲမှာ ရဲတပ်ဖွဲ့ဝင်တချို့ စောင့်ကြပ်နေတဲ့ကြားက အပြင်လူတချို့ဟာ ပင်မသပိတ် စစ်ကြောင်းထဲကို ဝင်ရောက်လာခဲ့တာ တွေ့လိုက်ရပြီး မကြာခင်မှာပဲ တဘက်နဲ့ တဘက် အပြန်အလှန်တွန်း တိုးနေတဲ့ အခြေအနေကို ဖောက်ခွဲတဲ့ ဖြစ်ရပ်တခု လှမ်းမြင်လိုက်ရတယ်။
ရဲတွေနဲ့ တွန်းတိုးနေတဲ့ ကျောင်းသားထုရဲ့နောက်က ဘယ်သူပစ်လိုက်မှန်းမသိတဲ့ ရေသန့်ဘူးတဘူးဟာ ရဲတွေဘက်ကို ကျလာခဲ့ပါတယ်။ အဲဒီအချိန်မှာ ရဲတွေရဲ့ အနောက်ဘက်မှာ ရှိနေတဲ့ အရပ်ဝတ်နဲ့ လူ ၄ ဦးဟာ ကွမ်းတံတွေးထွေးထားတဲ့ ရေသန့်ဘူးနဲ့ ပြန်ပစ်လိုက်တာကို မြင်လိုက်ရတယ်။
ကျောင်းသားတွေနဲ့ လုံးထွေးနေတဲ့ အရှေ့ဘက်တန်းက ရဲတွေဟာလည်း “ဟာ၊ မပစ်ကြနဲ့။ ထိန်းကြပါဟ” လို့ ကိုယ့်ရဲ အချင်းချင်း ထိန်းကြသလို၊ ကျောင်းသားခေါင်းဆောင် တချို့ကလည်း “မလုပ်ကြနဲ့။ ငါတို့ ကျောင်းသားမှန်ရင် အဲဒီလိုမလုပ်ကြနဲ့” ဆိုပြီး ထိန်းနေတဲ့ကြားထဲက ရဲတွေဘက်က နံပါတ်တုတ် တခုဟာ ကျောင်းသားအုပ်ထဲကို ရောက်သွားတာ မြင်လိုက်ရပါတယ်။
ကျောင်းသားဘက်က တယောက်ဟာ အဲဒီနံပါတ်တုတ်ကို ပြန်ကောက်ပြီးတော့ ရဲတပ်ဖွဲ့တွေဘက်ကို ကမ်းလိုက်တဲ့အချိန် အချင်းချင်း တိုးဝှေ့နေတာကြောင့် အောက်ကိုပြုတ်ကျသွားချိန်မှာပဲ ရဲတံတိုင်းရဲ့ အနောက်ဘက်ကနေ စတင်ပြီး “ရိုက်ကွာ” ဆိုတဲ့ အသံကိုကြားလိုက်ရပြီးတော့ နံပါတ်တုတ်တွေ ထုတ်ပြီး ရိုက်ကြပါတော့တယ်။
ကျောင်းသားထုကြီးလည်း အနောက်ဘက်ကို ဝရုန်းသုန်းကား ထွက်ပြေးတဲ့သူက ပြေး၊ အရိုက်ခံရပြီး အတင်းဆွဲခေါ်ခံကြရ သူက ခံရတာကို ရဲတံတိုင်းရဲ့ အနောက်ဘက်မှာရှိနေတဲ့ ဒုတိယရဲမှူးကြီး နန္ဒဝင်းက ခေါင်းတခါခါနဲ့ ဘာမှမပြောတော့ဘဲ လှည့်ထွက် သွားတာကို လှမ်းမြင်လိုက်ရတယ်။
အကြမ်းဖက် ဖြိုခွင်းမှုတွေ မဖြစ်ခင်မှာ ကျောင်းသားတွေဘက်က ရဲတံတိုင်းကို ကာထားတဲ့ လေးထောင့်ထီးတွေ၊ သံဆူးကြိုး ဘယ်ရီရာ အတားအဆီးတွေကို လုယူဖယ်ရှားချိန် ကတည်းက အပြင်ဘက်က ရဲတပ်ဖွဲ့ဝင်တွေဟာ ထမင်းစားရာကနေ ရုတ်ချည်းထလာပြီး ကားပေါ်က ဒိုင်းတွေကို စီချကာ တန်းစီ ကြပါတော့တယ်။ ဒါပေမယ့် ကျောင်းသားတွေနဲ့ တွန်းထိုးနေကြတဲ့ ရဲတပ်ဖွဲ့တွေဟာ ခါးမှာရှိနေတဲ့ နံပါတ်တုတ်ကို ဆွဲထုတ်တာမျိုးမလုပ်ကြဘဲ တချို့ရဲတွေဟာ ရယ်မောနေနိုင်သေးတာကို မြင်တွေ့နေရပါတယ်။
သပိတ်မှောက် ကျောင်းသားတွေ ဘက်ကလည်း ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကို မိမိတို့ကို ပိတ်ဆို့ထားရာက လမ်းဖွင့်ပေးဖို့နဲ့ မိမိတို့ ဘက်ကလည်း စနစ်တကျနဲ့ လေးယောက်တတန်းစီ ထွက်မှာဖြစ်ပြီး တကယ်လို့ ဖမ်းဆီးဖို့ တာဝန်ရှိတယ်၊ ရိုက်နှက် ဖို့ တာဝန်ရှိတယ်ဆိုရင် အပြင်ဘက်ရောက်တာနဲ့ တာဝန်အတိုင်း ဆောင်ရွက်ဖို့ အကြိမ်ကြိမ် ပြောကြားခဲ့ပါတယ်။ ဒါပေ မယ့် ရဲတပ်ဖွဲ့တွေဘက်က ဖွင့်ပေးခြင်းမရှိသလို၊ ကျောင်းသားတွေကိုလည်း အမြန်ဆုံး လူစုခွဲဖို့သာ ပြောဆိုနေပါတယ်။
သတင်းသမားတွေဟာ လူအုပ်နှစ်ခု ကြားထဲက ဖယ်ခွာပြီးတော့ သပိတ်ကျောင်းသားတွေရဲ့ ဘေး ၂ ဘက် အိမ်တွေနားကို ရွှေ့ပြီး မှတ်တမ်း ရိုက်ကူးကြပါတော့တယ်။ သပိတ်စခန်းမှာ လုပ်ထားတဲ့ မီဒီယာကော်နာဘက် အခြမ်းမှာ သတင်းသမား အများစုရှိနေပြီး တဘက်အခြမ်းမှာ ကျနော်နဲ့ သတင်းသမား ၈ ဦးလောက်သာ ရှိနေခဲ့ပါတယ်။
ရိုက်ပြီဆိုကတည်းက တချို့ရဲတပ်ဖွဲ့ဝင်တွေဟာ မဲမဲမြင်သမျှ လိုက်ရိုက်၊ ကျောင်းသားတွေရဲ့ အသံချဲ့စက်နဲ့ ကြွေးကြော် စာတွေ ကပ်ထားတဲ့ကားကို ဖျက်ဆီးနေတာကြောင့် မီဒီယာကော်နာဘက်က သတင်းသမားတွေဟာ ဘေးက လျှပ်စစ်ရုံး ဝင်းထဲကို အုတ်တံတိုင်းကျော်ပြီး ထွက်ပြေးရသလို၊ တချို့ကျောင်းသားတွေက အောင်မြေဗိမာန် ကျောင်းတိုက် ထဲကို ဝင်ပြေးကြတယ်။
ကျနော်တို့ရပ်နေတဲ့ နေရာအနီးမှာ ရဲတပ်ဖွဲ့ဝင် တချို့ရှိနေပေမယ့် အဲဒီအချိန်အထိ ကျနော်တို့ကို တစုံတရာ ပြောဆိုတာမျိုး မရှိသေးပါဘူး။ ကျောင်းသားတွေ၊ ဝန်းရံသူတွေလို့ မခွဲခြားတော့ဘဲ ရဲယူနီဖောင်းမဝတ်တဲ့သူတွေ ဘယ်သူ့ကိုမဆို ရိုက်တဲ့ သူက ရိုက်နေကြပေမယ့် တချို့ရဲတပ်ဖွဲ့ဝင်တွေကတော့ ရိုက်နေသမျှကို လိုက်တား၊ ရိုက်နေတဲ့ကြားထဲကို လက်တွေ၊ လူ တွေနဲ့ဝင်ခံပြီး ကိုယ့်ရဲတပ်ဖွဲ့ဝင်အချင်းချင်း တားဆီနေပြီး ဒိုင်းတွေ၊ လက်တွေနဲ့ ကာကွယ် ခေါ်ထုတ်နေတာကိုလည်း လှမ်းမြင်ရတယ်။
ကိုယ့်တပ်ဖွဲ့ဝင်အချင်းချင်း ထိခိုက်ခံပြီးတော့ အဖမ်းခံရတဲ့ ကျောင်းသားတွေကို ဝင်ဆွဲပြီး ကာကွယ်ပေးတဲ့ ရဲတွေလည်း ရှိ သလို ဒေါသတကြီးနဲ့ တွေ့သမျှ၊ ဖမ်းမိသမျှ ဘယ်သူ့ကိုမဆို အပြေးလာရိုက်တဲ့ ရဲတွေလည်း ရှိတာကို မြင်ခဲ့ရပါတယ်။
အဲဒီလို ရုံးရင်းဆန်ခတ်ဖြစ်ကြပြီး နောက်ဆုံး သတင်းသမားတွေရှိတဲ့ လျှပ်စစ်ဝင်းထဲကို ရဲတပ်ဖွဲ့ဝင်တွေ ဝင်ပြီး ရှင်းလင်း သလို ဘုန်းကြီးကျောင်းထဲကို ဝင်ရောက်စီးနင်းတဲ့ အချိန်မှာ သတင်းသမားတွေရဲ့ လုံခြုံရေးလည်း အာမခံလို့ မရတဲ့ အတွက် ကျနော်တို့က ရပ်နေတဲ့နေရာကနေ ခွာဖို့ကြိုးစားပါတယ်။
ဒါပေမယ့် ကျနော်တို့ ထွက်ခွာဖို့ဆိုတာ အပြင်ဘက်မှာလည်း တုတ်တဝင်းဝင်းနဲ့ ရဲတွေရှိသလို အရပ်ဝတ်မှန်သမျှ ရိုက်ကြ တဲ့အတွက် ခွာလို့မရပါဘူး။
အဲဒီအချိန်မှာ ကျနော်နဲ့အတူရှိနေတဲ့ သတင်းသမားတဦးက ကျောင်းသားတဦးကို ရိုက်နှက်ဖမ်းဆီးနေတာကို ဓာတ်ပုံသွား ရိုက်တဲ့အခါ “အဲဒီကောင်ပါရိုက်၊ အဲဒီကောင်ပါ မိအောင်ဖမ်း” ဆိုတဲ့ အော်ဟစ်သံကိုကြားလိုက်ရပြီး ဓာတ်ပုံရိုက်တဲ့ သူက ကျနော်တို့ဘေးက ဖြတ်ပြီး ပြေးထွက်သွားပါတယ်။
သူရဲ့နောက်ကို တုတ်တွေကိုင်ထားတဲ့ ရဲတပ်ဖွဲ့တွေက ပြေးလိုက်သလို အရှေ့ကနေ ဆီးပြီး နံပါတ်တုတ်နဲ့ ရိုက်လိုက်တာ ကိုမြင်လိုက်ရတော့ နောက်သတင်းသမား တဦးကလည်း ထွက်ပြေးပါတယ်။ သူ့နောက်ကိုလည်း ရဲတွေက လိုက်ရိုက် တော့တယ်။
အဲဒီအချိန်မှာ ကျနော့်ပုခုံးကို နံပါတ်တုတ်နဲ့ ခပ်ဆတ်ဆတ်လေးပုတ်ပြီး “မင်းတို့သတင်းသမားတွေက ငါတို့ကို ဘယ်တော့ ကမှ ကောင်းကျိုးပေးတဲ့ သူတွေမဟုတ်ဘူး။ ငါတို့လုပ်တာဆိုရင် ဘယ်တော့မှ အကောင်း ဖော်ပြတဲ့ကောင်တွေ မဟုတ်ဘူး။ မင်းတို့ကိုလည်း xxxx ပဲ။ ဒီကနေမင်းတို့ပါ ထွက်သွား” ဆိုပြီး ဆဲရေးတိုင်းထွာတာကြောင့် ကျနော်နဲ့အတူ တခြား သတင်းသမား ၃ ဦးက ခပ်မြန်မြန်လေး အပြင်ဘက်ကို လမ်းလျှောက်သွားလိုက်တယ်။
ကျနော်တို့ လမ်းလျှောက်နေတဲ့ တလျှောက်လုံး ပုခုံးကို နံပါတ်တုတ်နဲ့ ခပ်ဆတ်ဆတ်ပုတ်ပြီး ဆဲရေးကြပါတယ်။ ခုနက ပြေးသွားတဲ့ သတင်းသမား ၂ ဦးကို ရဲ ၅ ဦးလောက်က ဝိုင်းရိုက်ပြီး ကုတ်ကနေ ဆွဲခေါ်နေသလို၊ ရဲအရာရှိတဦးကလည်း “သူ့ကို မလွှတ်နဲ့၊ အဲဒီကောင်ကို ဆက်ဖမ်းထား။ လုံးဝမလွှတ်နဲ့” လို့ အမိန့်ပေးနေတာကို မြင်လိုက်ရတယ်။
အရိုက်ခံလိုက်ရတဲ့သူ ၂ ဦးဟာ ပြည်ထောင်စုနေ့စဉ် သတင်းစာက မောင်မျိုးနဲ့ Reporter ဂျာနယ်က ကိုဖြိုးအောင်မြင့်တို့ ဖြစ်တယ်ဆိုတာကို နောက်မှ သိခဲ့ရပါတယ်။
ကျနော်တို့ လမ်းလျှောက်ထွက်လာရင်း ရဲတပ်ဖွဲ့အလွန် လက်ပံတန်းမြို့ထဲကို ဝင်တဲ့ ချောင်းကူးတံတားနား ရောက်တော့ အိမ်ထဲက အမျိုးသမီးတချို့ဟာ တုတ်တွေကိုကိုင်ရင်း ထွက်လာပြီး ကျနော်တို့ သတင်းသမားတွေကို ရိုက်ခဲ့ရင် ပြန်ရိုက်ဖို့ ပြင်နေတဲ့အတွက် ရဲတွေက နောက်ဆုတ်သွားပြီး ကျနော်တို့လည်း အဲဒီခြံထဲကို ဝင်လိုက်တဲ့အတွက် လုံခြုံခဲ့ပါတယ်။
ဒါပေမယ့် ကျနော်တို့နောက်ကို လိုက်ရှာနေတဲ့ ရဲတချို့ရှိတာကြောင့် အဲဒီခြံထဲကနေ အနောက်ဘက်က ခြံစည်းရိုးကို ကျော်ပြီး အတွင်း ရပ်ကွက်ထဲကိုဝင်၊ ရပ်ကွက်ထဲကနေ ဒေသခံတချို့က လမ်းပြတဲ့အတွက် ချောင်းကိုဖြတ်ပြီး တာလမ်းအတိုင်း ထွက်ကာ လက်ပံတန်းမြို့၊ ကျွန်းကလေးရွာဘက်ကနေ ရန်ကုန်ပြန်တဲ့လမ်းမကို ရောက်ခဲ့ပါတယ်။
အဲဒီအချိန်မှာ ကိုယ်နဲ့ အဆက်အသွယ်ရှိတဲ့ သတင်းသမားတွေဆီ ဖုန်းဆက်တဲ့အခါ တချို့က အဆက်အသွယ် မရခဲ့သလို တချို့ကတော့ လုံခြုံတဲ့ တည်းခိုခန်းတွေကို ပြန်ရောက်နေကြပါပြီ။ ဒါပေမယ့် ကားလမ်းမမှာလည်း တချို့ဒေသခံတွေဟာ အကျႌအပြာဝတ်တွေကို မြင်တွေ့ရတဲ့အတွက် လမ်းမမှာလည်း ကြာရှည်နေလို့မရတာကြောင့် ကြုံတဲ့ကားနဲ့ ရန်ကုန်ကို ထွက်လာခဲ့ရပါတယ်။
ကျနော်တို့ ထွက်လာတဲ့အချိန်မှာ အခင်းဖြစ်တဲ့နေရာမှာ ကျန်ရှိနေသူတဦးနဲ့ ဖုန်းဆက်သွယ်မိတော့ ဒေသခံပြည်သူတွေက ကျောင်းသားတွေကို ရိုက်နှက်တာကို မခံနိုင်တော့တဲ့အတွက် ရဲတပ်ဖွဲ့တွေကို ခဲတွေ၊ တုတ်တွေနဲ့ ပစ်ခတ်နေတယ်၊ ရဲတွေ ဘက်က ပြန်မရိုက်သေးဘူးလို့ ပြောပါတယ်။
ဒါပေမယ့် ဖုန်းနဲ့စကားပြောမပြီးခင်မှာပဲ သူက “ဟာ၊ လူတွေကိုလည်း လိုက်ရိုက်ကုန်ပြီ။ ဖမ်းကုန်ပြီ။ အိမ်တွေထဲပါ လိုက် ရိုက်တာ၊ ဝင်ရှာနေပြီ။ အိမ်ထဲမှာ ပုန်းနေတဲ့ သပိတ်ကျောင်းသားတွေကို တွေ့သွားပြီ။ ရိုက်ကုန်ပြီ” ဆိုတဲ့ စကားကို ထပ် ပြောပါတယ်။
ကျနော့်အတွေ့အကြုံအရ ဒီအဖြစ်အပျက်ဟာ ၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းပြီးရင် လက်နက်မပါတဲ့ လူထုကို ရဲတပ်ဖွဲ့က တုတ်နဲ့ဝင်ရိုက်၊ လူအုပ်ကြီးကို အကြမ်းဖက်ဖြိုခွဲတဲ့ ဖြစ်ရပ်တွေထဲမှာ အကြီးဆုံး ဖြစ်ရပ်တခုလို့ မှတ်တမ်းတင်မိ ပါတယ်။