နည်းပညာတွေ၊ နည်းပညာပစ္စည်း အသစ်တွေဟာ လောကကြီးအတွက် အကျိုးပြုတာမျိုး ရှိသလို တချို့တွေ အတွက် ကတော့ အဲဒီနည်း ပညာတွေကြောင့် ဒုက္ခရောက်သွားစေတတ် ပါတယ်။
အရင်က မြင်းလှည်းတွေ နေရာမှာ သုံးဘီးကားတွေ အစားထိုး ဝင်ရောက်လာတဲ့ အချိန်က မြင်းလှည်း ဆရာ တွေနဲ့ သုံးဘီးကား ဆရာတွေ ရိုက်ကြ၊ နှက်ကြအထိ ဖြစ် ခဲ့တယ်လို့ ကြားဖူးပါတယ်။
ဥရောပမှာလည်း စက်ယက္ကန်းတွေ ပေါ်လာတော့ လက်ယက္ကန်း သမားတွေက ပြဿနာရှာ၊ ဖျက်ဆီးပစ်ကြ၊ ရန်ဖြစ်ကြတယ်လို့ လည်း ကြားဖူးပါတယ်။ တကယ် စဉ်းစားကြည့်ရင် မြင်းလှည်းဆရာတွေသာမက မြင်း မွေးမြူကုသရေး၊ မြင်းလှည်း ထုတ်လုပ်တဲ့ လုပ်ငန်းတွေပါ ထိခိုက်စေတာ ဖြစ်ပါတယ်။
ပါစင်နယ် ကွန်ပျူတာ (ပီစီ) တွေ ပေါ်လာခဲ့တဲ့ အချိန်မှာတော့ ဧရာမ မိန်းဖရိန် ဒိုင်နိုဆောကြီးတွေ မျိုးသုန်း သွားခဲ့ပါတယ်။ မိန်းဖရိန်နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေ ရပ်တန့် ကုန်ပါတယ်။
အလားတူပဲ ကက်ဆက်တိတ် ခွေတွေ၊ တိတ်ရီကော်ဒါတွေ၊ နေရာမှာ စီဒီတွေ၊ ဒီဗွီဒီတွေက အလဲ ထိုးသွား ခဲ့ပြီး၊ အခုအချိန်မှာစီဒီတွေ၊ ဒီဗွီဒီ တွေပါ အသက်ငင် နေပြီး၊ flash memory တွေက အစားထိုးနေပါပြီ။
မိန်းဖရိန်တွေကို အလဲထိုးခဲ့တဲ့ ပီစီတွေ ဟာလည်း အခု မိုဘိုင်းလ် ပစ္စည်းတွေက အစားထိုး နေရာယူပါတော့ မယ်။
နည်းပညာအသစ်၊ နည်းပညာ ပစ္စည်းအသစ်တွေဟာ အမြဲပိုကောင်းတာ၊ ပိုစွမ်းဆောင်ရည် မြင့်တာမျိုး မဟုတ် ပါဘူး။ ဈေးသက်သာတာ၊ ပို လွယ်ကူ တာတွေကြောင့် အပြင်အများက လက်ခံသုံးစွဲမှု အခြေ အနေတွေ ကြောင့်လည်း အဓိကကျနေ ပါတယ်။
အခု ရေးသားမှာကတော့ ဒီနေ့ခေတ် လူတွေနေ့စဉ် သုံးစွဲလုပ်ဆောင်နေကြတဲ့ နည်းပညာဟာ သင့်ရဲ့ လူနေမှု ဘဝကို ဘယ်လောက်အထိ သက်ရောက်စေသလဲ ဆိုတာ ရေးထားပါတယ်။
အီးမေးလ် (E-mail)
တခါတလေ အဲဒီ နည်းပညာတွေ မသုံးခင်က သင်ဘာတွေ လုပ်ခဲ့သလဲ၊ ဘယ်လို နည်းပညာပစ္စည်းတွေ သုံးစွဲခဲ့သလဲ သင့် မိတ်ဆွေ၊ အပေါင်း အသင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အီးမေးလ်တွေပို့ဆောင်၊ လက်ခံ ဆောင် ရွက်မှုတွေ မလုပ်ခင်က ဘာတွေလုပ်ခဲ့ သလဲ၊ ဆိုတာကော စဉ်းစား မိကြရဲ့လား ဆိုတာလည်း တွေးစရာပါ။
ဒစ်ဂျစ်တယ် မက်ဆေ့ချ်တွေကို ကွန်ပျူတာတလုံးကနေ တလုံးပို့ယူခဲ့တာ ၁၉၇၀ ခုနှစ်မတိုင်ခင် မိုဒင်းတွေနဲ့ အင်တာနက် ချိတ်သုံးခဲ့တဲ့ Arpanet ခေတ်ကတည်းက စခဲ့တာဖြစ်ပါတယ်။ လူအများ လက်ခံသုံးစွဲခဲ့တဲ့ အချိန်ကတော့ ၁၉၉၀ နဲ့ နောက်ပိုင်းမှာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ လူတိုင်း နီးပါး သုံးစွဲနေပြီး မိုဘိုင်းလ်ဖုန်း ကနေ တောင်မှ အီးမေးလ်တွေ သုံးစွဲနိုင်နေပြီ ဖြစ်ပါတယ်။
အဲဒီဆက်သွယ်မှု နည်းလမ်းဟာ စာတွေရေး၊ စာတိုက်က စာပို့ ဆက်သွယ်ခဲ့တဲ့ နည်းလမ်း၊ ဖုန်းဆက် စကား ပြောတာ၊ လူချင်းတွေ့ဆုံစကား ပြောတာ စတဲ့နည်းလမ်း တွေထက်ပို လျှင်မြန်၊ လွယ်ကူလာတဲ့ အတွက် အဲဒီ အီးမေးလ်တွေဟာ ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။
အမေရိကမှာ ၁၉၈၇ ခုနှစ်တုန်းက အိမ်တိုင်း၊ အိမ်တိုင်းဟာ နှစ်ပတ်ကို စာတစောင် လက်ခံရခဲ့ကြပေမယ့် ၂၀၁၀ လောက်မှာတော့ ၇ ပတ်မှ တစောင်နှုန်း လောက်ပဲ လက်ခံရတဲ့ အထိ စာပို့တာ ကျဆင်းခဲ့တယ် လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ်မှာ အမေရိက က အရွယ်ရောက်ပြီးသူ အားလုံးရဲ့ ၉၂ ရာခိုင်နှုန်းဟာ အီးမေးလ် သုံးစွဲ နေကြပြီ၊ အဲဒီထဲက ၆၁ ရာခိုင်နှုန်းက နေ့တိုင်း သုံးစွဲနေ ကြတယ် လို့ သိရပါတယ်။
အီးမေးလ်တွေရဲ့ အားသာချက်က မြန်ဆန်လွယ်ကူတာ တင်မက ပုံတွေ၊ အသံတွေ၊ ဗွီဒီယို စတာတွေ ကိုပါ တွဲပို့နိုင် ပြီး၊ အချိန်မရွေး၊ နေရာ မရွေး၊ အလွယ်တကူပို့တာ လက်ခံတာတွေ လုပ်နိုင်ပါတယ်။ အဲဒီ အီးမေးလ် တွေကိုတောင်မှ သူ့ထက်ပို မြန်တဲ့၊ ပိုလွယ်ကူတဲ့ ဖုန်းကနေ စာသား မက်ဆေ့ချ်တွေ ရိုက်ပို့တာ၊ ချက်ချင်းပို့ လက်ခံနိုင်တဲ့ Instant Messaging နဲ့ဆိုရှယ်မီဒီယာတွေက အစားထိုး နေရာယူနေပြီ ဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာ
ဒီနေ့ ဆိုရှယ်မီဒီယာ သုံးနေကြတဲ့ သူတွေဟာ သူတို့ရဲ့ အစားအသောက်ပုံတွေ၊ အချစ်တော် တိရိစ္ဆာန်တွေရဲ့ ပုံတွေ မတင်ဘဲ အသက်ရှင်နေ နိုင်ကြပါ့မလား ဆိုတာ မေးရမလောက် ဆိုရှယ်မီဒီယာကို စွဲစွဲလမ်းလမ်း သုံး နေ ကြပါတယ်။
ဆိုရှယ်မီဒီယာတွေဟာ သတင်း အချက်အလက်တွေကို ပုံစံတမျိုးနဲ့ ဖြည့်ဆည်းပေးနေတာ ဖြစ်ပြီး၊ မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေ ကြားထဲမှာ တဦး တယောက်တည်း၊ အဖွဲ့အစည်း တခု တည်းကို ရည်ရွယ် ပေးပို့တာမျိုး မဟုတ်ဘဲ သုံးစွဲသူ ချိတ်ဆက် ဆက်သွယ်ထားတဲ့ သူတွေ အားလုံးက အလွယ်တကူ သိရှိ သုံးစွဲ နိုင်တဲ့ အတွက် ရေပန်းစားလာတာ ဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာတွေမှာ ပုံတွေ၊ ဗွီဒီယိုတွေ အဓိက ထားသုံးနေကြပေမယ့် မီဒီယာစုသုံးနိုင်ပြီး Instant message တွေကိုပါ သုံးနိုင်လို့ အခုလောက် အထိ အသုံး များလာတာဖြစ်ပါတယ်။
ကိုယ်ရေးကိုယ်တာ ကိစ္စတွေ သာမက လုပ်ငန်း၊ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ မက်ဆေ့ချ်တွေကိုပါ သုံးလာ ကြ ပါတယ်။
၂၀၁၃ ခုနှစ် အစောပိုင်းက စစ်တမ်းကောက်ရာမှာ တကမ္ဘာလုံးက အင်တာနက်သုံးစွဲသူတွေ အား လုံးရဲ့ တဝက်လောက်က ဆိုရှယ်မီဒီယာကို သုံးစွဲနေကြပြီး အမေရိက မှာတော့ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ က စစ် တမ်းအရ အင်တာနက် သုံးစွဲသူတွေရဲ့ ၇၄ ရာခိုင်နှုန်းက ဆိုရှယ်မီဒီယာတွေကို သုံးနေကြ ပါတယ်။
ဆိုရှယ်မီဒီယာဟာ ဂျာနယ်လစ်တွေရဲ့ သတင်းပေးတဲ့ ပုံစံကိုပါ ပြောင်းသွားစေ ပါတယ်။ ဒီနေ့မှာ ဆိုရှယ် မီဒီယာကို သုံးပြီး သတင်းပေးပို့ နေတဲ့သူတွေ များသထက် များလာပြီး၊ သတင်းတခုကို လက်ထဲရှိတဲ့ စမတ်ဖုန်း နဲ့တင် အခုပဲ မှတ်တမ်းတင် အခုပဲ ဆိုရှယ်မီဒီယာတွေပေါ် တင်ပေးလိုက် နိုင်ပါတယ်။
တချို့သတင်းတွေဟာ အွန်လိုင်းမှာထက်တောင် ပိုမြန်နေတတ် ပါတယ်။ နည်းပညာတွေနဲ့ ပတ်သက်ပြီး ဘာမှ အထူးတလည် လေ့ကျင့် သင်ယူစရာ မလိုဘဲ အလွယ်တကူသုံးစွဲနိုင်တဲ့ အချက်ကလည်း ဆိုရှယ် မီဒီယာတွေ အသုံးများလာ စေတဲ့ အချက် ဖြစ်စေပါတယ်။
ဆိုရှယ်မီဒီယာတွေဟာ နှစ်ပေါင်း များစွာ ကွဲကွာနေတဲ့ မိတ်ဆွေတွေ ပြန်တွေ့နိုင်စေသလို၊ အလှူအတန်း ကိစ္စတွေ၊ ဘာသာရေး၊ နိုင်ငံရေး ကိစ္စတွေ စည်းရုံးလှုံ့ဆော် သတင်းပေးတာ တွေကိုပါ လုပ်ဆောင်နိုင်စေ ပါတယ်။
ဆိုရှယ်မီဒီယာတွေရဲ့ အဆိုးဆုံး အချက်ကတော့ တယောက်နဲ့ တယောက် မျက်နှာချင်းဆိုင် ပြောတာမျိုး မဟုတ်တဲ့ အတွက် နားလည်မှု လွဲတာ၊ အဓိပ္ပာယ် ကောက်မှားတာမျိုးတွေ ဖြစ်နိုင်ပြီး မိတ်ဆွေ အပေါင်း အသင်းတွေ မိတ်ပျက်သွားနိုင်ပါတယ်။
E-Reader နဲ့ E-Reader App တွေ
E-Reader ဆိုတာက အမေဇုန်ရဲ့ ကင်းဒဲလ်၊ Barnes & Noble ရဲ့ Nook နဲ့ kobo Glo စတာတွေဟာ စာ အုပ် တွေကို အစားထိုး သုံးလာတဲ့ E-Reader တွေ ဖြစ်ပါတယ်။ အဲဒီ အီးဘွတ်တွေ အားလုံး ရီဆိုလူးရှင်း မြင့်တဲ့ အဖြူအမည်း ဒါမှမဟုတ် နည်းနည်းလေး မီးခိုးရောင်သန်းနေတဲ့ စာမျက်နှာတွေကို အထူးပြုလုပ် ထားပြီး E-Reader တွေ ဖတ်ရတာ အဆင်ပြေအောင် လုပ်ပေးထားပါတယ်။
အလင်းရောင် အခြေအနေကိုပါ ချိန်ညှိ ပေးနိုင် ပြီး၊ နေ့ခင်းဘက် နေရောင် တောက်ပ နေတဲ့ အချိန်မှာ ဖတ် မှာလား၊ ဒါမှမဟုတ် ညဖက်မီးရောင်မှာ ဖတ်မှာလား ဆိုတာချိန်ပေးပြီး ဖတ်တဲ့သူတွေ အဆင်ပြေအောင် လုပ်ပေးထားပါတယ်။ E-Reader ထဲမှာ အီးဘွတ်စာအုပ်တွေ ရာနဲ့ထောင်နဲ့ ချီပြီး သိမ်းထားနိုင်ပါတယ်။
စာကြည့်တိုက်တွေကလည်း အီးဘွတ်တွေ သုံးစွဲဖို့ လုပ်ထားပေးပြီး၊ နေ့စဉ်သတင်းစာ၊ မဂ္ဂဇင်း၊ ကာတွန်း စတာတွေကိုလည်း အင်တာနက်နဲ့ ချိတ်၊ ဒေါင်းလုတ် လုပ်ဖတ် နိုင်ပါတယ်။
တချို့အီးဘွတ် တွေက သင်အီးဘွတ်ဖတ်နေတဲ့အချိန်မှာ အသံထွက် ဗားရှင်းကိုပါ နားထောင် နေနိုင်ပါ တယ်။
အခုချိန်မှာတော့ အီးဘွတ် သီးသန့်ထက်စာရင် အီးဘွတ် App တွေက ပိုခောတ်စားလာပါတယ်။ စမတ်ဖုန်းနဲ့ တက်ဘလက်တွေကို အသုံးများလာတဲ့ အတွက် စမတ်ဖုန်းနဲ့ တက်ဘလက်ထဲမှာပဲ အီးဘွတ် App တွေ install လုပ်ပြီး ဖတ်နိုင်လာပါတယ်။
အဲဒီအတွက် ကင်းဒဲလ် (kindle) စတန်နာ (stanna) နဲ့ အက်ပဲလ် အိုင်ဘွတ် (Apple’s iBook) လို App တွေ ပေါ်ထွက်လာပြီး သင့်ရဲ့ မိုဘိုင်းလ် ပစ္စည်းတွေမှာ ကွန်ပျူတာမှာ ဖတ်ရှုနိုင်စေ ပါတယ်။
အလားတူပဲ E-book Reader တွေ ဖြစ်တဲ့ kindle ဟာ သူ့ရဲ့ kindle fire E-Reader ကို အရောင်စုံ လုပ် ဆောင်နိုင်အောင် တခြားလုပ်ဆောင်ချက်တွေ ဖြစ်တဲ့ အင်တာနက်နဲ့ ချိတ်ဆက်တာ စတဲ့တခြား
တက်ဘလက်တွေမှာ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်တွေကို ထည့်သွင်း ပေးလာပါတယ်။
စာအုပ်တွေနဲ့ ကြီးပြင်းခဲ့ရတဲ့သူတွေ အတွက်ကတော့ စာအုပ်တွေကိုပဲ စွဲလမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် အစမှာ စစ်တမ်းကောက်ခဲ့တဲ့ ပရင့်စ်တန် နိုင်ငံတကာ ဆာဗေး သုတေသနအဖွဲ့ (Princeton Survey Research Associates International) ရဲ့ စစ်တမ်းအရ အရွယ်ရောက်ပြီး သူတွေရဲ့ ၆၉ ရာခိုင်နှုန်းဟာ ပြီးခဲ့တဲ့နှစ်က အနည်းဆုံး စာအုပ် တအုပ်တော့ ဝယ်ခဲ့တယ်၊ ၂၈ ရာခိုင်နှုန်းကတော့ အီးဘွတ် တအုပ်တော့ အနည်းဆုံး ဖတ်တယ်၊ ၁၄ ရာခိုင်နှုန်းက အသံထွက် အီးဘွတ် တအုပ်တော့ နားထောင်တယ်လို့ သိရပါတယ်။
သူ့ရဲ့ စစ်တမ်းအရ စာအုပ်တွေကို လူအများ နှစ်ခြိုက်နေဆဲ ဆိုတာ သိနိုင်ပါတယ်။ ဒါပေမယ့် သိပ်မကြာခင် ကာလမှာတော့ စာအုပ်ဆိုတာ ပျောက်ကွယ် သွားဖို့ များပါတယ်။
Netflix (Online Movies)
၂၀၁၃ မှာ အမေရိက အမျိုးသား ကေဗယ်နဲ့ ဆက်သွယ်ရေး ဆိုင်ရာ အဖွဲ့အစည်း ကနေ ဆီးနိတ်လွှတ်တော် မှာ တင်ပြခဲ့တာက အမေရိက တနိုင်ငံလုံး ကနေ Netflix ကိုသုံး၊ ဗွီဒီယိုတွေ subscribe လုပ် ကြည့်ရှုတဲ့သူ တွေက အများဆုံး ဖြစ်ပြီး၊ ကေဗယ်တီဗွီနဲ့ ဆက်တယ်လိုက် တီဗွီတွေ မဟုတ်ပါဘူး။
ဒီနေ့ခေတ်မှာ လှုပ်ရှားလုပ်ကိုင် နေရတဲ့ လူသားတွေဟာ ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်ကြည့်ဖို့ မပြောနဲ့ တီဗွီရှေ့မှာ ထိုင်ပြီး တီဗွီ ကြည့်ဖို့တောင်မှ အချိန် မရှိတော့ပါဘူး။ တီဗွီက ထုတ်လွှင့်တာကို မကြိုက်တာ၊ ကိုယ်အားတဲ့ အချိန်မှာ မကြိုက်တာတွေ ထုတ်လွှင့်နေတာ၊ ကြိုက်တဲ့ရုပ်ရှင်မျိုးတွေ လာတဲ့ အချိန်မှာ ကိုယ်ကအားမ နေ တာတွေကြောင့် အချိန်မရွေး ကြိုက်တာရွေးကြည့်လို့ရတဲ့ အတွက် Netflix လို အွန်လိုင်းရုပ်ရှင်တွေ ခေတ် စားလာတာပါ။
ရုပ်ရှင်တွေ သာမက၊ တီဗွီလိုင်းတွေက ထုတ်လွင့်တာကိုပါ အချိန်မရွေး ပြန်ကြည့်နိုင်တဲ့ site တွေလည်း ရှိနေ ပါပြီ။ netflix ဟာ ဒီဗွီဒီငှားတဲ့ လုပ်ငန်းက စခဲ့ပြီး အွန်လိုင်းဗွီဒီယို site တွေထဲမှာ အကြီးဆုံး ဖြစ်နေ ပါပြီ။
အလားတူ ဆိုက်တွေက You Tube, တီဗွီချန်နယ်တွေပြ သတဲ့ HBO Go , Watch ABC, စတာတွေ၊ Google Play, iTune, Vudu, Red box စတာတွေ လည်းရှိနေ ပါတယ်။ အင်တာနက်တီဗွီတွေ၊ အင်တာနက် ရုပ်ရှင် တွေက အိမ်က ကွန်ပျူတာရှေ့မှာ ထိုင်ကြည့်စရာ မလိုဘဲ ရောက်တဲ့နေရာမှာ အင်တာနက်ဆက်လို့ရတဲ့ ပစ္စည်းတွေ ကနေ သွားရင်းလာရင်း ကြည့်ရှုနိုင်တဲ့ အချက်ကလည်း ရေပန်းစားလာတဲ့ အချက်ဖြစ်ပါတယ်။
စမတ်မိုဘိုင်းလ်ပစ္စည်းတွေ
စမတ်ဖုန်းတွေနဲ့ တက်ဘလက် တွေဟာ အင်တာနက်နဲ့ ချိတ်ဆက်နိုင်ပြီး၊ နေရာမရွေး၊ အချိန်မရွေး အလွယ် တကူ သယ်သွားနိုင်ပါတယ်။ သင့်ရဲ့ အိတ်ကပ်ထဲမှာ စွယ်စုံရပညာရှိ တယောက်ကို ထည့်ပြီး သွားလာနေ တယ် လို့ ပြောရလောက်အောင် ပြီးပြည့်စံ ုနေပါတယ်။ သင်မသုံးတာ၊ မသုံးတတ်တာကြောင့်သာ ရှိရမယ်၊ လုပ်ချင်တဲ့ အလုပ်တွေ အားလုံး၊ သိချင်တာတွေ အားလုံး အဲဒီ အိတ်ကတ်ထဲက စမတ်ဖုန်းတွေ တက်ဘလက်တွေက လုပ်ပေးနိုင်နေပါပြီ။
ကွန်ပျူတာ၊ Laptop တွေမှာ လုပ်ဆောင်တဲ့ လုပ်ဆောင်ချက်တွေ၊ ကင်မရာ၊ ဂီတ၊ ဗွီဒီယို၊ GPS (Global Positioning System) မြေပုံအညွှန်း၊ ခရီးလမ်းကြောင်း ရှာဖို့၊ အင်တာနက်ရဲ့ လုပ်ဆောင်ချက်တွေ၊ အသံ ဖမ်းတာ၊ ဓာတ်ပုံရိုက်တာ၊ ဗွီဒီယို ရိုက်တာတွေ အပြင် ဖုန်းတလုံးရဲ့ လုပ်ဆောင်ချက်၊ ငွေခြေပေးနိုင်မယ့် ပစ္စည်း တခုအနေနဲ့ပါ လုပ်ပေးပါတယ်။
စမတ်ဖုန်းရဲ့ ကင်မရာတွေရဲ့ အရည်အသွေးက လက်ခံနိုင်လောက်တဲ့ အရည်အသွေး၊ တချို့ စမတ်ဖုန်းတွေ ဆိုရင် တော်ရုံဒစ်ဂျစ်တယ် ကင်မရာ တလုံးလောက် စွမ်းဆောင်ပေးနိုင်လို့ point and shot ဒစ်ဂျစ်တယ် ကင်မရာ ဈေးကွက်ကိုပါ ထိခိုက်သွားစေပါတယ်။
ဒစ်ဂျစ်တယ် ကင်မရာတလုံးမှာ ဘယ်လိုမှ လုပ်ဆောင် မပေးနိုင်တဲ့ ဆိုရှယ် မီဒီယာတခုခုကို သွားလာရင်း ဖွင့်ကြည့်တာ၊ ဓာတ်ပုံရိုက်ပြီး ချက်ချင်း အွန်လိုင်းပေါ် တင်တာမျိုး တွေကို ဒစ်ဂျစ်တယ် ကင်မရာ သုံးစရာမလို လောက်အောင်ကို ပြည့်စုံနေပါတယ်။
ဒစ်ဂျစ်တယ် ကင်မရာ သုံးစွဲသူတွေ တော်တော်များများ ကလည်း၊ ခရီးထွက်တာ၊ ပျော်ပွဲစား ထွက်တာ လောက်ပဲ သုံးကြပြီးကျန်တဲ့ အချိန်တွေမှာစမတ် ဖုန်းကိုပဲ သုံးပြီး ဓာတ်ပုံ ရိုက်နေကြပါပြီ။
စမတ်ဖုန်းတွေကြောင့် ဒစ်ဂျစ်တယ် ကင်မရာတွေရဲ့ ဈေးကွက်ကို ထိခိုက်စေတာ အပြင် လွန်ခဲ့တဲ့ ရာစုနှစ် ကတည်းက သုံးလာခဲ့တဲ့ ကြိုးဖုန်းတွေ သုံးစွဲမှုကလည်း သိသိသသာ ကျသွားပါတယ်။ စမတ်ဖုန်းတွေရဲ့ ဆက်သွယ်မှု နည်းပညာတွေ ကလည်း 3G, 4G စသဖြင့် မြန်နှုန်းမြင့် ဆက်သွယ်လာ နိုင်တဲ့ အတွက် အင်တာနက်နဲ့ ဆက်သွယ်ရာမှာပါ ပိုအဆင် ပြေလာတဲ့ အတွက် စမတ်ဖုန်းတွေ ရေပန်းစားလာတာ ဖြစ်ပါတယ်။
စမတ်ဖုန်းတွေမှာ IR (Infra-Red) လုပ်ဆောင်ချက် ပါခဲ့ရင် ရီမုတ်ကွန်ထရိုလိုပါ လုပ်နိုင်လာတဲ့ အတွက် တီဗွီအောက်စက် ရီမုတ်တွေ သီးခြား မသုံးကြဖို့ များပါတယ်။
သိပ်ပြီး တွင်တွင်ကျယ်ကျယ် မသုံးသေး ပေမယ့် စမတ်ဟုမ်း (စမတ်အိမ်) တွေကို ထိန်းကျောင်း လုပ် ဆောင်ဖို့ မီးခလုပ်ဖွင့်တာ၊ ရေပူစက်ဖွင့်တာ၊ ရေချိုးကန် ရေဖြည့်တာမျိုးတွေ အထိလုပ်နေကြပါပြီ။
သီးခြားကီးဘုတ်၊ မောက်စ်တွေ တွဲသုံးရင် ခရီးဆောင် ကွန်ပျူတာ လို သုံးနိုင်နေပြီ ဖြစ်လို့ အလားအလာ အကောင်းဆုံး နည်းပညာ ဖြစ်နေပါတယ်။
မိုဘိုင်းလ်ငွေချေဖို့
မိုဘိုင်းလ် App တွေနဲ့ ဝန်ဆောင်မှုတွေဟာ သာမန်သုံးစွဲနေကျ ပိုက်ဆံ ရေတွက်လက်ခံတဲ့ စက်တွေကို အစားထိုးဖို့ အခြေအနေ ဖြစ်နေပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ငွေသားနဲ့ ပေးချေတာ၊ ခရက်ဒစ်ကဒ်နဲ့ ငွေ ချေတာတွေကို လူအများ မနှစ် သက် တော့ဘဲ အွန်လိုင်းက ဈေးဝယ်တာနဲ့ ဖုန်းနဲ့ ငွေချေတာမျိုးတွေကို သုံးချင် နေကြပါတယ်။
စူပါမားကတ်တွေမှာ ကိုယ်တိုင်သွားဈေးဝယ်၊ ငွေသားနဲ့ချေ ဒါမှမဟုတ်ဘဏ်ကတ်၊ ခရက်ဒစ် ကတ်နဲ့ ငွေချေတာတွေဟာ အချိန်ကုန်၊ အလုပ်တခု သီးသန့် လုပ်နေရလို့ ဖြစ်ပါတယ်။
သွားလာရင်း မိုဘိုင်းလ်ဖုန်း ကနေ ဈေးဝယ်၊ မိုဘိုင်းလ်ဖုန်း ကနေပဲ ငွေချေမယ် ပစ္စည်းတွေကို အိမ်တိုင် အရောက် ပို့မယ်ဆိုတဲ့ စီမံကိန်းပါ။ ဈေးဝယ်တာတွေတင် သာမက ခရီးသွား လာတာ၊ ရုံးတက်ရုံးဆင်း သွားတာတွေ အတွက် ကား၊ ရထား၊ တက္ကစီ စီးတာ မနက်စာ၊ ညစာစားတာတွေကိုပါ မိုလ် ဘိုင်းဖုန်းနဲ့ ငွေချေဖို့ လုပ်နေပါတယ်။
အဲဒီလိုလုပ်ဆောင်ဖို့ Square, Insuit GoPayment, PayAnywhere, Shop-Keep, Paypal ရဲ့ Paypal Here စတာတွေနဲ့ အရောင်းဆိုင်တွေ ပူးပေါင်း လုပ်ဆောင်နေတာက သင့်ရဲ့ မိုဘိုင်းလ်ဖုန်းရဲ့ အော်ဒီယို ဂျက်ပင် ပေါက်မှာ ကတ်ဖတ်တဲ့ စက်လေးတပ်ပြီး ငွေပေး ချေဖို့ လုပ်နေပါတယ်။ အဲဒီနည်းလမ်းက လမ်းဘေး ဆိုင်လေးတွေ အတွက် ပိုအလုပ်ဖြစ်ပါ လိမ့်မယ်။
စမတ်ဖုန်းမှာ ဘာ ဟာ့ဒ်ဝဲ ပစ္စည်းမှ တပ်စရာမလိုဘဲ ကြိုးမဲ့ လုပ်ဆောင်နိုင်မယ့် နည်းပညာတခု ဖြစ်တဲ့ Near field Communications (NFC) ကတော့ ငွေရှင်းရာမှာ ခရက်ဒစ် ကတ်တွေကို ထုတ်ပေးစရာ မလိုတော့ဘဲ NFC လုပ်ဆောင်ပေး နိုင်တဲ့ ငွေချေတဲ့ နေရာရောက်ရင် Google Wallet, Apple pay, လို ငွေချေ ပေးနိုင်တဲ့ App တခုခုကို သုံးပြီး ငွေချေနိုင်ပါတယ်။
အွန်လိုင်း ကနေ ငွေချေတဲ့ PayPal ကို တချို့ဆိုင်တွေ တော်တော်များများက လုပ်ဆောင် ပေးပါတယ်။ PayPal ကတော့ အွန်လိုင်းကနေ ငွေချေတဲ့ နည်းလမ်းကို သုံးထားပါတယ်။
အခု ရေးထားတဲ့ အထဲမှာ စူပါမားကတ်တွေမှာ ကိုယ်တိုင်ပစ္စည်းယူ၊ ကိုယ်တိုင် ငွေချေဖို့ လုပ်ဆောင်ထား တာတွေ ဝတ်ဆင် သုံးနိုင်တဲ့ ကွန်ပျူတာတွေ၊ အကြံကြီး၊ အကြီးကြီး ကြံထားတဲ့ Cloud Computing ဆိုတာ ရှိပါသေးတယ်။ Cloud Computing က ကမ္ဘာ ပေါ်က စွမ်းဆောင်ရည်မြင့် ဆာဗာတွေကို အုပ်စုဖွဲ့ပြီး တွက်ချက် စစ်ဆေး လုပ်ဆောင်ပေးမယ့် စူပါ ကွန်ပျူတာကြီး အဖြစ် လုပ်ဆောင်ပေးတဲ့ နည်းပညာ ဖြစ် ပါတယ်။
နောက်ဆုံး ကျန်နေတာက အင်တာနက် ဖြစ်ပါတယ်။ အဲဒီနည်း ပညာတွေဟာ သင့်အနေနဲ့ မသုံးချင်ပါဘူး။ မကြုံချင်ပါဘူး။ တို့ကတော့ မကြိုက်ပါဘူး၊ ရှုပ်ရှုပ်ယှက်ယှက်နဲ့ နားလည်း မလည်ပါဘူးလို့ ပြောနေတဲ့ သူတွေ တောင်မှ အနည်းဆုံး ဖုန်းလေးတလုံး သုံးပြီး၊ အဝေးမှာ ရှိနေတဲ့ သားနဲ့ သမီးနဲ့ Skype တော့ပြော ဖြစ်ပါတယ်။ သင် တိုက်ရိုက် မသုံးရင်တောင်မှ သွယ်ဝိုက်သုံးနည်း ဖြစ်နေပါတယ်။
အဲဒီ နည်းပညာတွေကို သင် တိုက်ရိုက် မသုံးခဲ့ရင်တောင်မှ သွယ်ဝိုက် သုံးနေတာမျိုး ဖြစ်နိုင်ပြီး နည်းပညာ အသစ်တွေဟာ နည်းပညာ အဟောင်းတွေကို အလဲထိုး အနိုင်ယူကာ သင် ပုန်းရှောင်ပြေးလို့ မရနိုင်ကြောင်း ရေးသားလိုက်ရပါတယ်။ ။