ကိုယ့်မျက်နှာကိုယ် မှန်ထဲ သိပ်မကြည့်ဖြစ် ပေမယ့် ကြည့်ဖြစ်တဲ့ အခါတွေမှာ ပါးရေတွန့့်တာက တခါထက် တခါ ပိုပိုလာသလို ခံစားရတယ်။ ဘာကြောင့်များ ပါလိမ့်။ သြော် လူဆိုတာကလည်း ကိုယ့်အသက်အရွယ်ကို မေ့နေတတ် တာကလား။ ဒါမှမဟုတ် မေ့အောင် ကြိုးစားနေတာလည်း ပါမှာပေါ့။
ကိုယ်က အသက်အစိတ်လောက်ပဲ ကိုယ့်ဖာသာ ယူဆထားပြီး အဲဒီ အရွယ်တွေနဲ့ပေါင်း၊ ဟေးလားဝါးလား လုပ်ပေနေပေမယ့် သူတို့က ဦးလေး၊ ဘဘ၊ ဒယ်ဒီ ခေါ်ပြီး အတူ ပျော်ကြတော့မှ အခြေအနေ မကောင်းဘူး လို့ ကိုယ့်စိတ်က ကိုယ့်ကိုယ်ကို ဆုံးမရပေသကိုး။
ဒါပေမယ့် မျက်နှာပေါ်က တွန့့်ခေါက်တောင်တန်းတွေက အသက်အရွယ် တခုတည်းကြောင့် မဟုတ်သလို မရင့်ရော်အောင် ထိန်းလို့ ရတဲ့ နည်းနာလေးတွေလည်း ရှိနေပါကလား ဆိုတာ ကိုယ်လို ဇရာစိတ်ကျတွေ အတွက် ပြောပြချင်လာပြန်ပါရော။
အရေပြားစိုပြေနေပါစေ
အရေပြား အထူးကုတွေကတော့ အရေပြား စိုပြေနေစေတဲ့ Moisturizer တွေ အသုံးပြုတာကို အထူး ထောက်ခံကြ ပါတယ်။ အသားအရေ နုပျိုစေတဲ့ နည်းလမ်းလို့ ဆိုကြပါတယ်။ အရေပြား သေ့ွခြောက်မှု နည်းလေ အရေးအကြောင်း တွေ ဖြစ်တာ နည်းလေမို့ ပါ။ ပါးရေတွန့့်တာတွေ မဖြစ်ဖို့ အာမခံတဲ့ ပစ္စည်း အားလုံးမှာ အဓိက ပါဝင်နေတာကလည်း အဲဒီ moisturizer တွေ ပါပဲ။
နေထိလေ ပါးရေတွန့်လေ
အရေပြားတွေ တွန့့်စေတဲ့၊ အရေးအကြောင်းတွေ ဖြစ်စေတဲ့ အကြောင်းရင်းကို ရှာဖွေတော့ နေရောင်ခြည် တိုက်ရိုက် ထိတွေ့တာက တရားခံ ဖြစ်နေပါတယ်။ နေရောင် အချိန်ကြာ တိုက်ရိုက်ထိတွေ့တာက ခရမ်းလွန် ရောင်ခြည်တွေ သင့်ပြီး အလင်းကြောင့် အိုစာတဲ့ photo-aging ဖြစ်စေပါ သတဲ့။
အဲဒီကနေ ပါးရေတွန့်တာ သာမက တခြား အရေပြား အတွက် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်စေပါတယ်။ နေရောင်ခြည် တိုက်ရိုက်မထိအောင် ကာကွယ်တာ တွေက ပါးရေတွန့့်တာ၊ အရေးအကြောင်း ဖြစ်တာ တွေ ကို ကာကွယ်တာပါပဲ။ sunscreen တွေ လိမ်းတာကလည်း ခရမ်းလွန် ရောင်ခြည် အတွက် ထိရောက်တဲ့ ကာကွယ်ဆေးပါပဲ။ SPF 30 ကျော်တာတွေဆို ပိုကောင်းပါတယ်။ လက်လှမ်း မမီရင်လည်း မြန်မာပီပီ သနပ် ခါးပဲ လိမ်းကြတာပေါ့။
နေရောင်ခြည် ကာကွယ်တာက ရင့်ရော်မှုရော အရေပြား ကင်ဆာကိုပါ ကာကွယ်ရာ ရောက်လို့ ပါ။ နေရောင်ခြည် နည်းနည်းလေး ထိတာကကိုပဲ အရေပြားကို ရင့်ရော်စေ၊ ကင်ဆာဖြစ်နိုင်ခြေကို ပိုစေပါတယ်။
ကားမောင်းနေချိန် လိုမျိုးနဲ့၊ အိမ်ထဲမှာ ပြတင်းပေါက်နား နေချိန်မျိုး အထိ ခရမ်းလွန်ရောင်ခြည်က သာမန်မှန် တွေကို ထွင်းဖောက်သက်ရောက်စေတတ်တာမျိုးပါ။ အဲဒါကြောင့် နေ့ဘက်တွေမှာ အသားအရေကို နေ ရောင် ကာကွယ်တာ တခုခု စီမံထားတာ အကောင်းဆုံးပါ။
ပြုံးရခက်ခက်
တက်ကျမ်းတွေ၊ စိတ်ပြေလျော့နည်းတွေမှာ အပြုံးက ထိပ်ဆုံးက ပါ။ ဒါပေမယ့် လောကသဘာဝ အကောင်း အဆိုး ဒွန်တွဲနေလေတော့ မျက်မှောင်ကြုံ့တာလို၊ မဲ့ရွဲ့တာလို မျက်နှာအမူအရာ ပြတဲ့ လှုပ်ရှားမှုတွေနဲ့ ထပ် တူ အရေးအစင်း တွေ ဖြစ်ပေါ်ပြီး ပါးရေတွန့့်တာတွေ ဖြစ်လာစေပါတယ်။ အသက်ကလေး ရလာလို့ အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်း တွေ လျော့ကျလာလေ အရေးအကြောင်းတွေက ထင်ရှားလာလေပေါ့။
တစ်ခုတော့ အဖြေရှိပါတယ်။ မျက်နှာ ကြွက် သားတွေ ကြံ့ခိုင်အောင်လုပ်တဲ့ လေ့ကျင့်ခန်းလေးတွေ လုပ်ပေး ရင်တော့ အဲဒီ ပါးရေတွန့့်တာကို ပြေလျော့စေတယ် လို့ ဆိုပါတယ်။
အရေပြားနုပျိုအောင်
မျက်နှာနုနု ပါးရေ မတွန့့်အောင် လုပ်ပေးနိုင်တာ လေးတွေများ ရှိလေမလား ဆိုရင်တော့ ရှိပါတယ်။ ဗီတာမင်အေ ကနေ ရတဲ့ retinoid လို အက်ဆစ်တွေက အသားအရေ ရင့်ရော်မှုကို ကာကွယ်ပေးနိုင် ပါ တယ်။ Azelaic acid , Alpha-hydroxy acid တွေလို သဘာဝ သစ်သီးဝလံတွေမှာ ပါတာတွေကလည်း အသားအရေ အရောင်ပြောင်းတာ၊ မှေးမှိန်တာတွေ မဖြစ်အောင် ကာကွယ်ပေးပြီး နုနယ်စေပါ သတဲ့။
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေက အဲဒီလို ဓာတ်တွေ ကြွယ်ဝတာမို့ မျက်နှာနုနု အရေ မတွန့့်ရအောင် ဗီတာမင်အေ ကြွယ်ဝတဲ့ အဝါရောင် သီးနှံတွေ စားသောက်ကြတာ ပေါ့။
အသက်ကြီးလို့ပေါ်လာတဲ့ အစက်အပြောက်တွေ
မျက်နှာမှာ အရေတွန့့်တာ သာမက အသက်ရလာသူ တွေမှာ အစက်အပြောက်တွေ ပေါ်လာတတ်တာ သတိပြုမိကြ မှာပါ။ ဒါတွေက အသက်အရွယ်ကြောင့် ဖြစ်လာတာပဲ ရယ်လို့ လစ်လျူ မရှုစေချင်ပါ။
အဲဒီ အသက်အရွယ် ရလာလို့ ပေါ်လာတဲ့ အစက်တွေကနေ အရေပြားကင်ဆာ တမျိုးဆီ ကူးပြောင်းသွား တတ်လို့ ပါပဲ။ ဒါကြောင့် မျက်နှာမှာ အရေးအစင်း သာမက တခြား ထူးခြားတဲ့ အစက်အပျောက်တွေ ပေါ်လာရင်၊ ပုံမှန် မဟုတ်သလို ထင်ရင် အရေပြား ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ အကြံပြုချင်ပါရဲ့။ တချို့တွေကို လိုအပ်ရင် ဖယ်ရှား ပြုပြင်လို့လည်း ရတာပေါ့။
ဆေးလိပ်သမား ပါးရေတွန့်ချိန်
တကယ်တော့ အသက်အတော်ကြီးမှ ပါးရေတွန့့်လာတာ မဟုတ်ပါဘူး။ ဆေးလိပ်သောက်တာက ရုပ်ရင့် စေတယ် ဆိုတာ ကတော့ ဘယ်သူမှ ငြင်းမရတဲ့ အမှန်တရားပါ။ သုတေသန ပြုချက်တွေ အရ ဆေးလိပ် သောက်သူတွေ ဆိုရင် အသက် ၂၀ က စပြီး ပါးရေတွန့့်တယ် လို့ ဆိုပါတယ်။ ဆေးလိပ်သောက်သက် များလေ အရေးအကြောင်းတွေက ပိုပြီး ထင်ရှားလေပါပဲ။
ထပ်ပြီး သုတေသန ပြုကြည့်တော့ ဆေးလိပ် ဖြတ်လိုက်သူတွေမှာ မျက်နှာ အရေးအစင်းတွေ၊ တွန့်နေတာ တွေ နည်းပါးသွားတာ၊ မျက်နှာကြွက်သားတွေ ပြန်ပြီး တင်းရင်းလာတာ တွေ့ရပါသတဲ့။ ဆေးလိပ်ဖြတ်တာလည်း ပါးရေတွန့့် သက်သာဖို့ နည်းပါပဲ။
အမျိုးသမီးတွေ အတွက်
အမျိုးသမီးတွေက အမျိုးသားတွေနဲ့ ယှဉ်ရင် နှုတ်ခမ်းပတ်လည် အရေးအစင်း အတွန့့်တွေ ပိုပြီး ဖြစ်တာ တွေ့ ရတယ် လို့ နယ်သာလန်နိုင်ငံက သုတေသနတခုက အတည်ပြုပါတယ်။ ယောက်ျားတွေမှာက ပါးစပ်တဝိုက် မှာ သွေးလှည့် ပတ်မှု ပိုကောင်းပြီး ချွေးဂလင်းတွေ ပိုများလို့ အရေပြားတွန့် သက်သာတယ် လို့ ဆိုပါတယ်။
တခု ဖြေသာစရာ ရှိတာက အဲဒီလို ဖြစ်နေတဲ့ အမျိုးသမီးတွေ အနေနဲ့ ကင်မရာမှာ လှချင်ရင် အနီရောင် ဝတ်စုံဝတ်လို့ နှုတ်ခမ်းနီ အနီလေးနဲ့ဆို အဆင်ပြေတယ် လို့ ပြောပါတယ်။ အရေပြား တွန့်နေတာတွေကို အရောင်နဲ့ လှည့်စားပြီး တဒင်္ဂ လှပနိုင်တဲ့ သဘောပေါ့။
လက်စနဲ့ လက်ဆောင်တခု ပေးပါရစေ။ မျက်နှာတဝိုက်က မိတ်ကပ်တွေ ဖျက်လိုက်ရင် အရေးအစင်းတွေ ပိုထင်လာ သလိုပဲ လို့ တချို့က ထင်တတ်ကြပါတယ်။ တကယ်တော့ ညင်ညင်သာသာ မဖျက်တဲ့ အခါ အရေပြားက ခေတ္တ ထိခိုက် သလိုဖြစ်ပြီး တွန့့်နေသလို ဖြစ်တာပါ။ အိုင်းရှဲဒိုးတွေ၊ မိတ်ကပ်တွေကို ဖျက် ချင်ရင် ဂွမ်းစလေး ရေဆွတ်ပြီး ညင်ညင်သာသာ ပွတ်ပြီး ဖယ်ရှားလို့ ရပါတယ်။
ငယ်ငယ်ကတည်းက ဂရုစိုက်
မျက်နှာကို ရင့်ရော်မှု မရှိအောင် ကာကွယ်ရာမှာ အကောင်းဆုံးကတော့ sunscreen လို့ ဆိုပါတယ်။ အဲဒီ sunscreen ကို အသက် ၂၀ လောက် ကတည်းက မျက်နှာ မရင့်အောင် စတင်လုပ်သင့်တယ် လို့ ဆိုပါတယ်။ retinoid ပါတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေနဲ့လည်း လိမ်းချယ်နိုင်ပါ သတဲ့။ နုပျိုကျန်းမာတဲ့ မျက်နှာ ဖြစ်ဖို့ အရွယ်ငယ်ငယ် ကတည်းက အန္တရာယ်မဖြစ်စေတဲ့ နည်းလမ်းတွေ သုံးပြီး ကာကွယ်နိုင်တယ်လို့ ဆိုချင်တာပါ။
မိတ်ကပ်က ပါးရေ မတွန့့်အောင် ကာကွယ်လား
မိတ်ကပ် လိမ်းတာက တစိတ်တပိုင်း ကာကွယ်ရာ ရောက်သလို တစိတ်တပိုင်းလည်း အဆင်မပြေပါဘူး။ ချွေးပေါက် လေးတွေ ပိတ်နေ စေတာမို့ အရေပြား ထိခိုက်စေ ပြန်ပါတယ်။ အထူးသဖြင့် သတိထားရမှာက အချိန်ရှည်ကြာ မိတ်ကပ် လူးထားတာက မကောင်းလှဘူး ဆိုတာပါ။
ညအိပ်ရာဝင်ချိန်မျိုးမှာ ပင်ပန်းချင်လည်း ပင်ပန်းပါစေ၊ မိတ်ကပ် တွေ ဖယ်ပစ်ဖို့ အချိန်ပေးစေချင်ပါတယ်။ ဒီလောက် ဆိုရင်ဖြင့် အကြောင်း အမျိုးမျိုးကြောင့် ပါးရေတွန့့်နေတဲ့ ကိုယ့်ရုပ်ရည် ကိုယ် ကြည့်ပြီး စိတ်ဓာတ် မကျ၊ တရားသံဝေတွေ ရပြီး မနေရလေအောင် ဘာတွေဆောင်မလဲ၊ ဘာတွေ ရှောင်မလဲ ဆိုတာ ဆင်ခြင်လို့ လုပ်စရာရှိတာ လုပ်ပြီး မျက်နှာကြော တင်းတင်းလေး ဖြစ်အောင် နေထိုင်ကြပါစို့။ ။