ပြည်တွင်း အားကစား အကြောင်းရေးရန် စဉ်းစားသည့်အခါ ခေါင်းမှာ ချာချာလည်နေသည်။ အရေးအကြီးဆုံး ရေးစရာ ရှိသည်မှာ ကျင်းပပြီးစီးသွားသည့် နေပြည်တော် အမျိုးသား အားကစားပွဲတော် အကြောင်း ဖြစ်သည်။ ထိုစဉ်က နေပြည်တော်နှင့် ရန်ကုန် အလှမ်းကွာ သဖြင့် သတင်းပြည့်ပြည့်စုံစုံ ရရှိရေး နှေးကွေးသည်။
တချိန်က မြန်မာ့ အားကစားကို ဦးဆောင်ခဲ့ကြသည့် ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ စသည့် စံချိန်များဖြင့် အရှုံးအနိုင် ဆုံးဖြတ်သည့် ပြိုင်ပွဲများ၊ ဘေ့စ်ဘော၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း စသည့် အမှတ်များ၊ ဂိုးများဖြင့် ဆုံးဖြတ်သည့် ပြိုင်ပွဲ အရှုံး အနိုင်များကို သိလိုသည်။ သို့သော် မသိရ တချက်၊ သိရတချက် ဖြစ်နေခဲ့သည်။
အစိုးရပိုင် သတင်းစာများဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာတို့တွင် နေပြည်တော် အမျိုးသား အားကစား ပွဲတော်ကို ဖော်ပြကြပါသည်။ သို့သော် မပြည့်မစုံ ဖော်ပြခဲ့ကြပါသည်။ ပြေးခုန်ပစ် အားကစားနည်းကို အစောပိုင်းက စံချိန်များနှင့် တကွ အရှုံး အနိုင် ဖော်ပြခဲ့ကြ ပါသည်။ နောက်ပိုင်းတွင် စံချိန်များ မပါတော့ပါ။ ဘာကြောင့်ဟူ၍ မသိရပါ။
ဖော်ပြခဲ့သမျှ စံချိန်များ အရ အမျိုးသား ပြေးခုန်ပစ် သမားများက တိုးတက်လာကြသည်ကို သတိပြုမိသည်။ မီတာ ၁၅၀၀ ကို ၄ မိနစ် စက္ကန့်စွန်း မျှဖြင့် ပြေးသွားကြသည်။ မာရသွန် ပြိုင်ပွဲတွင်လည်း ၂ နာရီ မိနစ် ၃၀ ဝန်းကျင်ဖြင့် ပြေးကြသည်။ အမျိုးသား အမြင့်ခုန်တွင်မူ ၁ ဒသမ ၉၈ မီတာခုန်ပြီး မြန်မာပြည် စံချိန်သစ် တင်ခဲ့သည်။ သို့သော် ယင်း မြန်မာအမျိုးသား အားကစား ပွဲတော်မှ စံချိန်များသည် လာမည့် စင်ကာပူ ဆီးဂိမ်းတွင် ရွှေတံဆိပ်ရဖို့ မလွယ်ဟု ထင်ပါသည်။ ငွေနှင့် ကြေးတံဆိပ် ဆွတ်ခူးလျှင် ဆုလက်မဲ့ ဖြစ်ရခြင်း ထက်တော့ ကောင်းပါသည်။
အမျိုးသမီး
ယခင် မြန်မာအားကစား လောက ရွှေခေတ်ကို ပြေးခုန်ပစ်က ဦးဆောင်ပါသည်။ ပြေးခုန်ပစ်တွင် အမျိုးသမီး ပြေးခုန်ပစ် သမားတို့က ဦးဆောင်ပါသည်။
ပထမဆုံး ဘန်ကောက် ကျွန်းဆွယ် ပြိုင်ပွဲတွင် မြန်မာအားကစား အဖွဲ့က ရွှေတံဆိပ် ၁၁ ဆု ရပါသည်။ ရေကူး ၂၊ လက်ဝှေ့ ၂၊ အလေးမ ၂၊ ပြေးခုန်ပစ် ၅ ဖြစ်ပါသည်။ မြန်မာ ပြေးခုန်ပစ် အဖွဲ့က ရရှိသည့် ရွှေတံဆိပ် ၅ ဆုတွင် ဂရေစီကာ (မီတာ ၈၀ တန်းကျော်ပြေး)၊ မေမေရီ (ဖျာပုံ) အမြင့်ခုန်နှင့် ခင်ခင်ထွေး (သံလုံး) ဖြင့် အမျိုးသမီး အားကစား သမား ၃ ဦးက ရွှေတံဆိပ် ၃ ဆု ဆွတ်ခူးခဲ့သည်။
ပြီးခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတွင်လည်း မြန်မာအမျိုးသမီး ၂ ဦးကသာ ပြေးခုန်ပစ်တွင် လမ်းလျှောက်နှင့် မီတာ ၅၀၀၀ အပြေးတွင်သာ ရွှေတံဆိပ် ဆွတ်ခူးခဲ့သည်။ သို့ရာတွင် တားမြစ် ဆေးဝါး သုံးစွဲမှုကြောင့် လမ်းလျှောက် ရွှေတံဆိပ် ရုပ်သိမ်းခံထားရသည်။
နေပြည်တော် အမျိုးသား အားကစားပွဲတော် အမျိုးသမီး မာရသွန် ပြေးပွဲ စံချိန် ပ ဒု တ မှာ ၃ နာရီနှင့် ၄ နာရီ ကြားထဲတွင် ရှိနေသည်။ အမျိုးသမီး မာရသွန် နိုင်ငံတကာ ပြိုင်ပွဲများတွင် ၂ နာရီ မိနစ် ၄၀ အောက် မရောက်လျှင် ဆုတံဆိပ် ရရှိနိုင်ဖို့ မလွယ်ပါ။
စင်ကာပူ ဆီးဂိမ်း အတွက် ပြေးခုန်ပစ် လက်ရွေးစင်များ ရွေးပြီးပြီ ဟု သတင်းတပုဒ်က ဆိုသည်။ နောက်သတင်း တပုဒ်ကမူ ပြေးခုန်ပစ် တံခွန်စိုက်ပြိုင်ပွဲ ကျင်းပမည် ဟု ဆိုသည်။
နောက် သတင်းတပုဒ်က ပြေးခုန်ပစ်သမားများ တတရုတ်ပြည် ယူနန်ပြည်နယ်တွင်သာ လေ့ကျင့်မည် ဆိုပြန်ပါသည်။
မြန်မာ အားကစား လောကတွင် နေပြည်တော် ဆီးဂိမ်း အကြိုကာလ ကတည်းက ခေတ်စားနေသည့် ဖြစ်ရပ်တခု ရှိသည်။ ယင်းမှာ ပြည်ပထွက်၍ လေ့ကျင့်ကြခြင်း ဖြစ်သည်။ ဘောလုံးက ဦးဆောင်သည်။ ဘောလုံးက တောင်ကိုရီးယား၊ ဂျပန်၊ တူရကီ၊ ဂျာမနီ၊ ချက် စသည့် နိုင်ငံကြီးများသို့ သွားရောက်လေ့ကျင့်ခြင်း ဖြစ်သည်။
တချို့ အားကစားနည်း တို့ကတော့ ကူမင်းတို့၊ ဘန်ကောက်လောက် သွားလေ့ကျင့်ကြသည်။ ထိုင်းနိုင်ငံ ဘန်ကောက် တွင် မလေ့ကျင့်သင့်ပါ။ ထိုင်းနိုင်ငံသည် ဆီးဂိမ်းတွင် မြန်မာနှင့် ပြိုင်ဘက်နိုင်ငံ ဖြစ်ပါသည်။
တရုတ်ပြည် ယူနန်က ပြည်နယ်အဆင့်သာ ရှိသည်။ ယခင်ကမူ အားကစား အဆင့်အတန်းတွင် မြန်မာနိုင်ငံထက် နိမ့်ကျသည်။ တချိန်က မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ယှဉ်ပြိုင်ရန်၊ တရုတ်အားကစားအဖွဲ့ မြန်မာနိုင်ငံသို့ လာဖူးသည်။ ပြေးခုန်ပစ် ပွဲစဉ်များတွင် မီတာ ၅၀၀၀ နှင့် မီတာ ၁၀၀၀၀ ပြေးပွဲများတွင် ယှဉ်ပြိုင်ရန် တရုတ် တာဝေးအပြေးသမား များ မရှိပါသဖြင့် မီတာ ၅၀၀၀ နှင့် မီတာ ၁၀၀၀၀ ပြေးပွဲများ ထည့်သွင်းကျင်းပခြင်း မပြုရန် မေတ္တာရပ်ခံသဖြင့် မြန်မာ ဘက်မှ ယင်းပြိုင်ပွဲ ၂ ပွဲကို ဖျက်ပေးခဲ့ရဖူးသည်။
ဘေဂျင်းနှင့် ရှန်ဟိုင်းတို့ အထိ သွားရောက်လေ့ကျင့်ခွင့် ရလျင်တော့ တမျိုးဖြစ်သည်။ ၁၉၆၁ နှင့် ၁၉၆၉ မြန်မာ အားကစား အဖွဲ့က နိုင်ငံအလိုက် ပထမရစဉ်က မြန်မာပြေးခုန်ပစ် အားကစားသမားများကို ၁၉၆၁ တွင် အမေရိကန် နည်းပြဆရာများနှင့် လေ့ကျင့်ခဲ့သည်။ ၁၉၆၉ ခုနှစ်ကျတော့ အရှေ့ဂျာမနီမှ နည်းပြဆရာများက မြန်မာ ပြေးခုန်ပစ် သမားများကို လေ့ကျင့်ပေးခဲ့သည်။ အောင်မြင်မှု ရရှိခဲ့ကြသည်။
ယင်းခေတ် ယင်းအချိန်က နိုင်ငံခြား အားကစား နည်းပြဆရာများနှင့် တွဲ၍ မြန်မာအားကစား သမားများကို လေ့ကျင့် ပေးခဲ့ကြသည့် မြန်မာနည်းပြ ဆရာကြီးများ ရှိခဲ့သည်။ အချို့သော နည်းပြဆရာများမှာ နိုင်ငံရပ်ခြား ဆိုဗီယက်၊ အရှေ့ဂျာမနီ၊ အနောက်ဂျာမနီ၊ ဟန်ဂေရီ၊ အမေရိကန် ပြည်ထောင်စုရှိ အားကစား သိပ္ပံများ၊ အားကစား တက္ကသိုလ်များတွင် စနစ်တကျ ပညာဆည်းပူး တတ်ကျွမ်းခဲ့ကြသည်။
မြန်မာနိုင်ငံ၏ အဓိက အားကစား မဏ္ဍိုင်ကြီး သုံးရပ်ဖြစ်သည့် ကောလိပ်နှင့် တက္ကသိုလ်တို့မှ အားကစား နည်းပြဆရာများ၊ အထက်တန်းကျောင်းများမှ ကာယပညာ ဆရာများကို ရွေးချယ်စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံ သို့မူ ဒေါ်ခင်ကြည်၊ ဦးစိန်လှိုင်နှင့် ဦးလှိုင်တို့က ကိုယ့်စရိတ်ဖြင့်ကိုယ် သွားရောက် သင်ယူခဲ့ခြင်း ဖြစ်သည်။ ဦးစိန်လှိုင်နှင့် ဒေါ်ခင်ကြည်တို့က အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီတွင် ပြန်လည် အမှုထမ်းသည်။ ဦးလှိုင်ကမူ ပညာရေးတက္ကသိုလ်၊ ကာယပညာ ဌာနတွင် လက်ထောက်ကထိက အဖြစ် ပင်စင်ယူသည် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
ဘောလုံး
ဘောလုံး အားကစားနည်းနှင့် ပတ်သက်၍လည်း ပြည်ပသို့ ပညာသင်များ စေလွှတ်ခဲ့ဖူးသည်။ ဟန်ဂေရီနိုင်ငံသို့ ဖြစ်သည်။ ဦးစိန်ဖေနှင့် ဦးတင်ကြည်တို့က တသုတ်၊ စတိုင် (တင်ထွန်း) နှင့် ဗဟာဒူးတို့က တသုတ်ဖြစ်သည်။ ထိုစဉ်က အနောက်ဂျာမနီ နိုင်ငံမှ ကမ္ဘာကျော် အားကစားသိပ္ပံကြီးသို့ ဦးတင်မောင်ဆွေ (ကျောက်ဘီလူး တင်မောင်ဆွေ) နှင့် ဦးတိုးရွှေ (ဗန်းမော်) တို့လည်း တက်ရောက်၍ အားကစား ပညာရပ်များ ဆည်းပူးခဲ့ကြသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ ကြသည့် နိုင်ငံခြား နည်းပြဆရာများနှင့် မြန်မာ နည်းပြဆရာတို့ အပြန်အလှန် လေးစားမှုဖြင့် အားကစား လေ့ကျင့်မှုများကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။ အောင်မြင်မှုများလည်း ရရှိခဲ့ကြသည်။ ၁၉၆၁ နှင့် ၁၉၆၉ ဆီးဂိမ်းကို မြန်မာနိုင်ငံတွင် ကျင်းပစဉ်ကပင် မြန်မာအားကစား သမားများသည် ပြည်တွင်းမှာပင် အခြေစိုက် လေ့ကျင့်ခဲ့ကြသည်။ ပြည်ပသို့ ချစ်ကြည်ရေးပွဲများ သွားရောက်ကစားခဲ့ကြသည်။ ပြည်ပ၌ မည်သည့် အားကစားနည်းမှ အခြေစိုက် လေ့ကျင့်ခြင်းမျိုး မရှိခဲ့ပါ။
ပြည်ပထွက်၍ လေ့ကျင့်သည် ဆိုရာဝယ် ကိုယ့်နိုင်ငံ အတွင်း၌ အားကစား လေ့ကျင့်ရန် အားကစား အထောက်အကူ ပစ္စည်းများ မရှိသဖြင့် သွားရောက်လေ့ကျင့်ကြရသည့်သဘော သက်ရောက်နေသည်။
ဒုတိယ တချက်မှာ မြန်မာနိုင်ငံတွင် နိုင်ငံတကာ အဆင့်ရှိ မြန်မာအားကစား နည်းပြဆရာများ မရှိသည့်သဘော သက်ရောက် နေသည်။ အကယ်၍ တရုတ် နည်းပြဆရာများဖြင့် လေ့ကျင့်မှ ဖြစ်မည် ဆိုလျှင်လည်း ယခုလို တအုပ်တမကြီး သွားစရာ မလိုပါ။ တရုတ်နည်းပြဆရာများကို ခေါ်ယူ လေ့ကျင့်နိုင်ပါသည်။
အားကစား အထောက်အကူ လေ့ကျင့်သည့် ပစ္စည်းများ မြန်မာနိုင်ငံတွင် ရှိနေပါသည်။ ၂၇ ဆီးဂိမ်း လက်ကျန် ပစ္စည်းများ ရှိနေပါလိမ့်မည်။ နိုင်ငံတကာ အဆင့်ရှိ အားကစား နည်းပြဆရာများ ရှိ မရှိမူကား မပြောနိုင်ပါ။
ဥရောပ တိုက်ရှိ အားကစား သိပ္ပံများသို့ မြန်မာနိုင်ငံက အားကစား ပညာတော်သင်များ စေလွှတ်ခြင်း မရှိတော့သည် ကတော့ ကြာပြီ ဖြစ်ပါသည်။
အားကစား နည်းပြဆရာကောင်းများ မရှိဘဲနှင့် အားကစားသမားကောင်းများ မပေါ်ထွက်နိုင်ပါ။ ထို့ကြောင့် အားကစား နည်းပြကောင်းများ မွေးထုတ်နိုင်ရေး သည်လည်း အားကစား လောက အောင်မြင်ရေး အတွက် ရေရှည်မြော်မြင် လုပ်ဆောင်ရမည့် လုပ်ငန်းဖြစ်ကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။ ။