နိုင်ငံတနိုင်ငံရဲ့ သမိုင်းအမှန်ကိုသိရဖို့ သမိုင်းပညာရှင်တွေရဲ့ အခန်းကဏ္ဍဟာ အထူးပဲ အရေးကြီးပါတယ်။ သမိုင်းကို မှန်မှန်ကန်ကန် သိမြင်နိုင်မှသာ အတိတ်မှာ ဘာတွေဖြစ်ခဲ့ တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သုံးသပ်နိုင်ပြီး အနာဂတ်အတွက် ပြင်ဆင်နိုင်မှာပါ။ အဲဒီလို သမိုင်းအမှန်တွေသိရဖို့ ကြိုးစားအားထုတ်ပြီး သုတေသနတွေပြုလုပ်၊ ဆောင်းပါးတွေ ရေးသားခဲ့တဲ့ ကမ္ဘာသိ မြန်မာ့သမိုင်းပညာရှင် တယောက်ကတော့ “ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင်” ပါပဲ။
ဗိုလ်မှူး ဘရှင်ကို ၁၉၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ မွေးဖွားခဲ့တာမို့ ၂၀၁၅ ခုနှစ်ဟာ နှစ်တရာပြည့်တဲ့နှစ် ဖြစ်ပါတယ်။ လက်ရှိ မျိုးဆက် တွေအနေနဲ့ ဗိုလ်မှူး ဘရှင် ဘာတွေလုပ်ခဲ့သလဲ၊ ဘာကြောင့် ကမ္ဘာကပါ လေးစား အသိအမှတ်ပြုရတဲ့ သမိုင်းပညာရှင်တယောက် ဖြစ်ရတာလဲဆိုတာ သိဖို့ လိုပါတယ်။ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ က ဗဟန်းမြို့နယ် “တော်ဝင်နှင်းဆီ (သီရိခန်းမ)” မှာ ကျင်းပခဲ့တဲ့ “ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင် ရာပြည့်အကြို အခမ်းအနား” က ကျမတို့ သိချင်နေ တဲ့ အဖြေကို ပေးစွမ်းနိုင်ခဲ့ပါတယ်။
ခန်းမထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ ဗိုလ်မှူး ဘရှင်ရဲ့ ခန့်ညားတဲ့ ဓာတ်ပုံဒီဇိုင်းကို တွေ့လိုက်ရလေရဲ့။ အခမ်းအနားကိုတက်ရောက်လာကြသူ အတော် လေးများပြားသလို နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေ တက်ရောက်လာတာဟာ အားတက်စရာ ကောင်းပါ တယ်။ ဗိုလ်မှူး ဘရှင်ဟာ တပ်မတော်မှာ စစ်အရာရှိ အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး လူထုက ချစ်ခင်ရတဲ့ တပ်မတော်အရာရှိတယောက် ဖြစ်ခဲ့တာကလည်း ထူးခြားမှုပါ။
ဗိုလ်မှူး ဘရှင်ရဲ့ ဘဝကောက်ကြောင်းတွေဟာ စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်တွေ၊ လုပ်ဆောင်ချက်တွေနဲ့ ပြည့်နှက်နေပါတယ်။ သူဟာ ပျဉ်းမနားဇာတိဖြစ်ပြီး ၁၉၃၃ ခုနှစ်ကနေ ၁၉၃၈ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်၊ ယုဒသန်ကောလိပ်မှာ ပညာသင်ကြားခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်မှာတော့ အရှေ့တိုင်းရာဇဝင် ဂုဏ်ထူးတန်းနဲ့ ဝိဇ္ဇာဘွဲ့ရခဲ့တာ ပါ။ ၁၉၃၈ ခုနှစ်ကနေ ၁၉၄၁ ခုနှစ်အထိ ရန်ကုန် တက္ကသိုလ်မှာ အရှေ့တိုင်းရာဇဝင်နည်းပြ၊ အဲဒီက နေ လက်ထောက်ကထိကအဖြစ်နဲ့ တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။
မြန်မာနိုင်ငံ သမိုင်းကော်မရှင်တယောက်ဖြစ်ခဲ့ တဲ့ ဗိုလ်မှူး ဘရှင်ဟာ မြန်မာနိုင်ငံအပေါ် သစ္စာ စောင့်သိတဲ့ အစ္စလာမ်ဘာသာဝင်တယောက် ဖြစ် တယ်ဆိုတာကိုတော့ မမေ့မလျော့ ထည့်ပြောရပါ လိမ့်မယ်။ အစ္စလာမ် ဘာသာဝင်တယောက် ဖြစ်ပေမယ့် ဗမာစာ၊ ဗမာစကားမှာ ကျွမ်းကျင်ခဲ့သလို ပါဠိမှာလည်း အထူးကျွမ်းကျင် ခဲ့တာပါ။ သမိုင်းနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကို နိုင်ငံအကျိုးကိုပဲ ရည်မျှော်ပြီး ရေးသားခဲ့သလို တိုင်းရင်း သားတွေနဲ့ တသားတည်းရှိတဲ့ ပညာရှင်တယောက်ရဲ့ စိတ်ဓာတ် ကို ချီးကျူးလေးစားရပါလိမ့်မယ်။
၁၉၄၂ ခုနှစ်ကနေ ၁၉၄၃ အထိ ဗိုလ်မှူးဘရှင်ဟာ ဂျပန်ခေတ် အာရှလူငယ်အစည်းအရုံး ဉာဏ ဗလ တာဝန်ခံ၊ ၁၉၄၃ ခုနှစ်မှာ ဗမာ့ကာကွယ်ရေး တပ်မတော်မှာ ဗိုလ်ကြီး၊ တပ်မတော်ပညာရေး ပညာရှင်ဖြစ်ခဲ့သလို ဂျပန် တော်လှန်ရေးမှာ တိုင်း ၄ ကနေ ပါဝင်ခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်ကနေ ၁၉၅၆ ခုနှစ်အထိ တပ်မတော်မှာ ဗိုလ်မှူး၊ အင်္ဂလန်မှာ စစ်သံမှူး ဒုတိယ ဗိုလ်မှူးကြီး၊ ၁၉၆၀ ခုနှစ်ကနေ ၁၉၇၀ ခုနှစ်မှာ မြန်မာနိုင်ငံ သမိုင်းကော်မရှင် ကျမ်းပြုအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။
တိုင်းရင်းသား ဘာသာစကားတွေ သင်ကြား နိုင်ဖို့ကြိုးစားနေတဲ့ အခုအချိန်နဲ့ နှိုင်းယှဉ်စဉ်းစား ကြည့်ရင် ဗိုလ်မှူးဘရှင်ကို ခေတ်ရှေ့ပြေးသူတယောက် လို့သတ်မှတ်ရမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ မွန်၊ ခမာ၊ တိဘက်၊ မြန်မာ၊ ရှမ်း၊ တရုတ်နဲ့ အိန္ဒိယ ဘာသာစကားတွေကို လေ့လာလိုက်စားခဲ့လို့ပါ။ ကျောက်စာဖတ်ရာမှာ ကျွမ်းကျင်ခဲ့သလို ခေတ် ဟောင်း မွန်မြန်မာ ကျောက်စာ၊ မင်စာနဲ့ မြန်မာ့ တိုင်းရင်းသား လူမျိုးစုရေးရာတွေမှာ အဆုံးအဖြတ် ပေးနိုင်တဲ့ ပညာရှင်တဦးအဖြစ် သတ်မှတ်ခံခဲ့ရပါ တယ်။
ရာပြည့်အကြို အခမ်းအနားကို တက်ရောက် လာသူတွေထဲက သမိုင်းပါမောက္ခဟောင်း ဒေါက်တာ ခင်မောင် ညွန့်၊ NLD နာယက သူရဦးတင်ဦး၊ ရွှေဝါ ရောင် သံဃာ့တပ်ပေါင်းစု ဆရာတော် ဦးဩဘာသ၊ ရခိုင်တိုင်းရင်း သား ခေါင်းဆောင် ဦးအေးသာ အောင်၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့က အစ္စလာမ် ဘာသာရေး ခေါင်းဆောင် ဦးအေးလွင်၊ ခရစ်ယာန်ဝတ်ကျောင်းတော်များ ကော်မတီအတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် ဦးစောရွှေလင်း၊ ဟိန္ဒူဘာသာရေး ခေါင်းဆောင်ဖြစ်တဲ့ ဦးစန်းမင်းနိုင်၊ Pen Myanmar က စာရေးဆရာမ မသီတာ (စမ်းချောင်း)၊ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) က ကိုမင်းဇေယျာ၊ ကချင်အမျိုးသမီး ငြိမ်းချမ်းရေးအဖွဲ့က ဒေါ်ခွန်ဂျာ တို့က ဗိုလ်မှူး ဘရှင်နဲ့ ပတ်သက်ပြီး အမှတ်တရ စကားတွေ ပြောကြားခဲ့ကြ ရာမှာ လက်ရှိ နိုင်ငံအခြေ အနေနဲ့ ဆက်စပ်ပြောသွားတာကလည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်။
သိပ်မကြာခင်ကပဲ ရှမ်းပြည်နယ် ပန်ဆိုင်းမြို့ နယ် ကောင်းခါးရွာမှာ ကချင်ခရစ်ယာန် သာသနာပြု လုပ်အားပေး ဆရာမနှစ်ယောက် အဓမ္မပြုကျင့်သတ် ဖြတ်ခံခဲ့ရတဲ့ အဖြစ်အပျက်က တိုင်းရင်းသားတွေ ကြားမှာ တုန်လှုပ် ချောက်ချားခဲ့ရပါတယ်။ တိုင်းရင်း သား လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံတာ၊ အနိုင်အထက်ပြုကျင့်တာတွေ ရပ်တန့်ဖို့ လိုအပ်နေတဲ့အကြောင်း ထောက်ပြပြောဆိုခဲ့ကြသလို လူမျိုး ရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖန်တီး နေသူတွေရဲ့ ထောင်ချောက်တွေကို ရှောင်ရှားဖို့ လိုတယ်ဆိုတာ ကိုပါ ထည့်သွင်းပြောကြားသွားခဲ့ကြပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်း တယောက်ဖြစ် သလို ရာပြည့်အခမ်းအနား ကျင်းပရေးကော်မတီရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးထွန်းကြည်က ဘာသာပေါင်းစုံ လေးစားချစ်ကြည်ရေးနဲ့ သဟဇာတဖြစ်ရေး၊ လူနည်းစု တိုင်းရင်း သားတွေ၊ ဘာသာဝင်တွေအပေါ် ဖိနှိပ်ခွဲခြားဆက်ဆံမှု ပပျောက်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရရှိရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာဖြစ် တယ်လို့ ရှင်းပြပါတယ်။ ဒါ့အပြင် ဗိုလ်မှူး ဘရှင်ဟာ တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်က တာဝန် ကျေခဲ့သလို သမိုင်းပညာရှင် တယောက်အနေနဲ့ တာဝန်ကျေခဲ့သူဖြစ်လို့ လေးစားခံထိုက်တဲ့ တန်ဖိုး ထားထိုက်တဲ့ ပုဂ္ဂိုလ်ဆိုတာ ပိုပြီး ပေါ်လွင်ထင်ရှား လာရပါတယ်။
“သမိုင်းဆိုတာ ဆရာပြောတာလိုက်ရေး လိုက် မှတ်နေတာ သမိုင်းမဟုတ်ဘူး၊ တူးကြည့်မှ သမိုင်း မှန်တယ်” ဆိုတဲ့ ဒေါက်တာ ခင်မောင်ညွန့်ရဲ့ စကား ဟာ မှတ်သားစရာ ကောင်းနေပါတယ်။ ဘယ်ဘာသာကိုပဲ ကိုးကွယ် ကိုးကွယ် နိုင်ငံအပေါ်၊ ပြည်သူ အပေါ် အကျိုးပြုခဲ့သူကိုသာ လေးစားကြမှာပဲလို့ ကျမ တွေးမိပါရဲ့။ ရခိုင် တိုင်းရင်းသား ခေါင်းဆောင် ဦးအေးသာအောင်ကတော့ “ဗိုလ်မှူးကြီး ဘရှင်ဟာ ၁၉၅၆ ခုနှစ်မှာ တပ်မတော်က အငြိမ်းစားယူပြီး အာဏာသိမ်းတပ်မတော်မှာမပါဝင်တော့လို့ ကျနော် လေးစားတယ်” ဆိုတဲ့စကားကလည်း မှတ်သားစရာ ပါပဲ။
သေချာတာက ဗိုလ်မှူး ဘရှင်ဟာ တပ်မတော် မှာ အမှုထမ်းခဲ့ပေမယ့် ကိုယ်ကျိုးရှာတဲ့ အရာရှိ တယောက် မဟုတ်ပါဘူး။ “ငါကတော့ အစ္စလာမ် ဘာသာ၊ သူကတော့ ဗုဒ္ဓဘာသာ” လို့ ခွဲခြား အလုပ်လုပ်တတ်သူ မဟုတ်ဘူးဆိုတာ သူ့လုပ်ဆောင်ချက် တွေက သက်သေပြနေပါတယ်။ လက်ရှိအချိန်မှာ ကျမတို့ လိုအပ်နေ တာကလည်း လူမျိုး၊ ဘာသာ ခွဲခြားနေမယ့်အစား ငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီ ရေးအတွက် အတူလက်တွဲ ပြီး ပန်းတိုင်ကို ရောက်အောင်သွားဖို့ပဲ ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ သမိုင်းကို လိမ်ညာ ဖုံးကွယ်မှုတွေကို လူတစုက ပြုလုပ်ခဲ့ကြပေမယ့် သမိုင်းဟာ ရပ်တန့်မနေသလို လိမ်ညာလို့လည်း မရပါဘူး။ နိုင်ငံရဲ့အတိတ်ကို မှန်မှန်ကန်ကန်သုံးသပ်နိုင်ဖို့ သမိုင်းအမှန် တွေ ဖော်ထုတ်ဖို့က သမိုင်းပညာရှင်တွေရဲ့ တာဝန်ဖြစ်ပြီး ဗိုလ်မှူးဘရှင်ဟာ အဲဒီ တာဝန်ကို ကျေပွန်ခဲ့သူပါ။ ပါမောက္ခ လု့စ်ရဲ့ ထင်ရှားတဲ့ စာအုပ်တအုပ်ဖြစ်တဲ့ Old Burma-Early Pagan စာအုပ်မှာ ဗိုလ်မှူး ဘရှင်က ပူးတွဲ ရေးသားသူ (Joint Author) အဖြစ် ပါဝင်ခဲ့ပါသေး တယ်။
သူ့ရဲ့ သုတေသန လက်ရာတွေထဲမှာ မြန်မာနိုင်ငံ သမိုင်းကော်မရှင်က ထုတ်ဝေခဲ့တဲ့ လောက ထိပ်ပန် (Loka Hteik Pan) ဟာ အထင်ရှားဆုံး ဖြစ်ပြီး ပုဂံအနုပညာနဲ့ ဗိသုကာ ပညာတွေကို အကျယ်တဝင့် ရှင်းပြထားတာ ပါ။ ဗိုလ်မှူး ဘရှင် ပြုစုခဲ့တဲ့ စာအုပ်တွေကိုကြည့်ရင် “ခေတ်သစ်မာဃ” (၁၉၃၇)၊ “မြန်မာနိုင်ငံ ကျေးလက်ပြုပြင် ရေး ကော်မတီ” (၁၉၃၉)၊ “မြန်မာနိုင်ငံ သမိုင်း” (၁၉၄၈)၊ “Loka Hteik Pan” (အင်္ဂလိပ်ဘာသာ) (၁၉၆၂)၊ “ပုဂံမင်စာစု” (၁၉၆၄)၊ “စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး ဆိုင်ရာ သမိုင်းစာတမ်း” (၁၉၆၉)၊ “အနော်ရထာ အရင်က မြန်မာနိုင်ငံ” (၁၉၇၀) လို့ တွေ့ရမှာ ဖြစ်ပါ တယ်။
ကွယ်လွန်တဲ့အချိန်အထိ အလုပ်အပေါ်တန်ဖိုး ထားပြီး နေထိုင်သွားခဲ့သူဖြစ်ပြီး ၁၉၇၀ ပြည့်နှစ် ဇန်နဝါရီလ ၇ ရက်နေ့မှာ ကွယ်လွန်ခဲ့တာပါ။ ဗိုလ်မှူးဘရှင် ကွယ်လွန်ခဲ့တာ ၄၅ နှစ်ရှိခဲ့ပြီဖြစ်ပေမယ့် သူ့ဂုဏ်သိက္ခာက ရှင်သန်နေဆဲပါပဲ။ ဒါ့အပြင် သူဟာ သူ့ရဲ့သမိုင်းကိုပါ အလှဆုံး ရေးသားသွားနိုင်ခဲ့ သူဆိုရင် မမှားပါဘူး။
၂၀၁၅ ခုနှစ်အလွန် မြန်မာနိုင်ငံရဲ့ သမိုင်းကို ရော တချိန်ချိန်မှာ မှတ်တမ်းတင်တဲ့အခါ အရုပ်ဆိုး နေမှာလား၊ သမိုင်းကြောင်း ကောင်းမှာလားဆိုတာ ငြိမ်းချမ်းရေး၊ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ၊ တိုင်းရင်းသား တွေ တန်းတူရည်တူရှိရေး၊ လူမျိုး ဘာသာ မခွဲခြားဘဲ မေတ္တာစိတ်နဲ့ ယှဉ်တွဲနေထိုင်ရေး တွေကို ဘယ်လောက် အထိ လက်တွေ့ဖော်ဆောင် နိုင်သလဲအပေါ် မူတည်နေပါတယ်။ သေချာတာက သမိုင်းဆိုတာ အချိန်ဘယ် လောက်ပဲကြာကြာ လိမ် ညာဖုံးကွယ်လို့မရဘဲ မှန်မှန်ကန်ကန် ရပ်တည်ရှင် သန်ခဲ့သူတွေကိုသာ သမိုင်းက “နေရာ” ပေးမှာလို့ ထင်မြင်မိပါကြောင်း။
( သွေး (စစ်ကိုင်း) သည် ရန်ကုန်အခြေစိုက် စာရေးဆရာမဖြစ်သည်။)