မတ်လ ၁၃ ရက်က ဖြစ်ပွားခဲ့သော အောင်တံခွန် သင်္ဘော ၃ နစ်မြုပ်မှုသည် ရခိုင်ဒေသအတွင်း ရေယာဉ် မတော်တဆမှု ဖြစ်စဉ်သမိုင်း၌ လူအသေအပျောက် အများဆုံးဖြစ်သည်ဟု ရခိုင်ဒေသခံများက ဧရာဝတီကို ပြောသည်။
ရခိုင်ပြည်နယ် တဝန်းရှိ ပြည်သူများကို အံ့သြထိတ်လန့် တုန်လှုပ်သွားစေခဲ့သော အောင်တံခွန် ၃ သင်္ဘော နစ်မြုပ်မှု၊ ခရီးသွားပြည်သူ အများအပြား သေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ အစိုးရ အာဏာပိုင်များ၏ တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းခြင်းအပေါ် ဒေသခံပြည်သူများက မေးခွန်းအမျိုးမျိုး ထုတ်နေကြသည်ကိုလည်း တွေ့ရသည်။
အောင်တံခွန် ၃ သည် မတ်လ ၁၃ ရက်နေ့ည နေ ၈ နာရီဝန်းကျင်တွင် မြေပုံမြို့နယ်၊ ငပသုန်ကျွန်းနှင့် မြောက်ကျွိန်ကျွန်း အနီး၌ ဝမ်းဗိုက်ပေါက်၊ ရေဝင်ခဲ့ရာမှ နစ်မြှုပ်ခြင်းဖြစ်ပြီး ခရီးသည် ရာချီ၍ သေဆုံးကြောင်း အသက်မသေဘဲ လွတ်မြောက် လာသည့် ခရီးသည်များက ပြောသည်။
သင်္ဘော နစ်မြုပ်ပြီး အချိန်အနည်းငယ်တွင် အနီးအနားရှိ ငါးဖမ်းစက်လှေ ၂ စီးက ကယ်ဆယ်လိုက်ခြင်းကြောင့် လူ ၁၆၉ ဦး အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း၊ အကယ်၍သာ ငါးဖမ်းလှေ အရေအတွက် သည့်ထက်များပါက လူအများအပြားကို ကယ်ဆယ်နိုင်ဦးမည်ဟု ခရီးသည်များအား ကယ်တင်ခဲ့သူ ငါးဖမ်းစက်လှေသမား ဦးကျော်ဆန်းမြင့်က ပြောဆိုသည်။
ဦးကျော်ဆန်းမြင့် အပါအဝင် ငါးဖမ်းသူ ၅ ဦးက စက်လှေ ၂ စီးနှင့် ကယ်ဆယ်ထားသည့် ခရီးသည်များအား နောက်တရက်တွင် ကျောက်ဖြူ အခြေစိုက် ဓညဝတီ ရေတပ်စခန်း အာဏာပိုင်များက ရေတပ်သင်္ဘောများနှင့် တင်ဆောင်၍ ကျောက်ဖြူမြို့ပေါ်သို့ ပို့ဆောင်ပေးခဲ့သည်။
ကျောက်ဖြူ ဒေသတဝိုက်၌ ရေတပ်သင်္ဘော အများအပြား ပင်လယ်ပြင်၌ ချထားပြီး ကျောက်ဖြူဒေသ၌ စစ်တပ်အင်အား အများအပြားရှိသည့်တိုင် ခရီးသည်များအား အချိန်မီ ကယ်ဆယ်ရေး မလုပ်ဆောင်နိုင်သည့် အပေါ်တွင်လည်း ဒေသခံများက ဝေဖန်နေကြသည်။ အာဏာပိုင်များကမူ ၎င်းတို့ အချိန်မီ မသိရှိခြင်းကြောင့်ဟု တုံ့ပြန်သည်။
အစိုးရ အာဏာပိုင်များ၊ ဒေသခံ အဖွဲ့အစည်းများအနေဖြင့် သင်္ဘောနစ်ပြီး ချက်ချင်း သို့မဟုတ် မတ်လ ၁၄၊ ၁၅၊ ၁၆ တို့တွင် စက်လှေအင်အား၊ လူအင်အားများဖြင့် ပင်လယ်ပြင်တွင် ဖြန့်ကျက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ အားစိုက် လုပ်ဆောင်ခဲ့မည် ဆိုပါက အသက်ရှင်သူများ ထပ်မံတွေ့နိုင်သကဲ့သို့ ရုပ်အလောင်းများကိုလည်း ယခုထက် ပိုမို ဆယ်ယူနိုင်မည်ဟု ကယ်ဆယ်ရေး လုပ်ငန်းများ၌ ပါဝင် ကူညီခဲ့သူ မဒေးကျွန်း ဒေသခံ ဦးထွန်းကြည်ကလည်း ပြောသည်။
သင်္ဘောသည် ရေအောက်၌ တစောင်း အနေအထားဖြင့် မှောက်နေခြင်းကြောင့် အောက်ဘက်ခြမ်းရှိ အခန်းများထဲ ပိတ်မိနေသည့် ရုပ်အလောင်းများကို ဆယ်ယူရန် ခက်ခဲနေကြောင်း၊ အစိုးရ အာဏာပိုင်များကလည်း ရေငုပ်သူများကို သင်္ဘောထဲသို့ ဝင်ခွင့်မပေးကြောင်း၊ ရုပ်အလောင်း အများစုမှာ ကိုယ်လက်အင်္ဂါ အစုံ မရှိတော့ကြောင်းလည်း ဦးထွန်းကြည် က ဆက်ပြောသည်။
၎င်းက “သင်္ဘောထဲမှာရှိနေတဲ့ အလောင်းတွေကို ဆယ်ယူဖို့ ကျနော်တို့ကို ခွင့်မပြုဘူးဗျ၊ ရေထဲက ပေါ်လာတဲ့ အလောင်းတွေပဲ ဆယ်ယူရတယ်၊ ဓာတ်ပုံ ရိုက်ယူပြီး မှတ်ထားတဲ့ အလောင်းက ၆၄ လောင်း ရှိပါပြီ၊ အလောင်းတွေ ကျန်နေသေးတဲ့အတွက် အလောင်း တလောင်းရရင် ငွေ ၂ သိန်းခွဲ ပေးမယ်လို့လည်း ဓူဝံ နာရေးအသင်းက ကြေညာထားတယ်” ဟု ဆိုသည်။
သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်၍ ပြည်နယ် အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးသည် တာဝန်အရှိဆုံး ဖြစ်၍ ရာထူးမှ နုတ်ထွက်ပေးရန် ပြစ်တင်စွပ်စွဲသည့်အဆိုအား ကိုယ်စားလှယ် ၁၇ ဦးက လက်မှတ်ရေးထိုးပြီး မတ်လ ၁၈ ရက်နေ့က ပြည်နယ်လွှတ်တော် အစည်းအဝေး၌ အဆိုတင်သွင်းခဲ့ရာ ပယ်ချခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သင်္ဘောနစ်မြုပ်မှုသည် ပြည်နယ်အစိုးရ အဖွဲ့တွင် တာဝန်မရှိကြောင်း၊ ပြည်ထောင်စု အစိုးရတွင်သာ တာဝန်ရှိသည့်အတွက် ပြည်နယ်ဝန်ကြီး နုတ်ထွက်စရာ မလိုကြောင်း၊ သို့ဖြစ်၍ စွပ်စွဲ ပြစ်တင်သည့် အဆိုကိုလည်း ဥပဒေနှင့် မညီ၍ ပြည်နယ်လွှတ်တော်၌ ဆွေးနွေးစရာ မလိုအပ်ဟုဆိုကာ ပယ်ချခြင်း ဖြစ်ကြောင်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားထားသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်း စုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကလည်း “အောင်တံခွန် သင်္ဘောတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပြည်နယ်အစိုးရက ကွပ်ကဲတာ၊ စီမံတာ မဟုတ်ပါဘူး၊ အစစ အရာရာကို ဗဟိုအစိုးရနဲ့ ပြည်တွင်းရေကြောင်းကပဲ စီမံဆောင်ရွက်တာပါ၊ ဒါပေမယ့် ကျနော်တို့ ပြည်နယ်အစိုးရကလည်းပဲ တတ်နိုင်တဲ့ဘက်က ဆောင်ရွက်ပေးနေပါတယ်” ဟု ဆိုသည်။
ပြည်နယ် အစိုးရအနေဖြင့် သေဆုံးသွားသူများအတွက် တဦးလျှင် ကျပ် ၁၁ သိန်း၊ အသက်ရှင်သူများကို ကျပ် ၃ သိန်းစီ ထောက်ပံ့ပေးခဲ့ကြောင်း၊ သင်္ဘောနစ်မြုပ်ရသည့် အကြောင်းရင်းကို သိရှိနိုင်ရန်နှင့် တင်ဆောင်လာသည့် ခရီးသည် အရေအတွက်ကို သိရှိနိုင်ရန် ပြည်နယ်အစိုးရက ဖွဲ့စည်းထားသည့် စုံစမ်းရေးအဖွဲ့က ဆောင်ရွက်နေသည်ဟုလည်း ဦးလှသိန်းက ဆိုသည်။
သင်္ဘောပေါ်၌ တင်ဆောင်လာသည့် ခရီးသည် အရေအတွက်အား အတိအကျ စုံစမ်းဖော်ထုတ်ပေး၍ သေဆုံးသူ အရေအတွက် အတိအကျကို ပြည်သူများ သိရှိနိုင်ရန် ဆောင်ရွက်ပေးရေး၊ သေဆုံးသူများကို ထိုက်တန်စွာ လျော်ကြေးပေးရေး၊ အသက်မသေဘဲ လွတ်မြောက်လာသူများအား စိတ်ပိုင်းဆိုင်ရာ ကူညီပေးရေးနှင့် ဆက်လက် ရပ်တည်နိုင်ရန် ငွေးကြေး ထောက်ပံ့ပေးရေး စသည့်တို့ကို အစိုးရက ဆောင်ရွက်ပေးရန် ပြည်သူ့လွှတ်တော်၌လည်း အရေးကြီး အဆိုတင်ခဲ့ရာတွင် ပယ်ချခံခဲ့ရသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပယ်ချခဲ့သည့်အတွက် အမျိုးသားလွှတ်တော်၌ ထပ်မံတင်သွင်းရာ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က လက်ခံ၍ မတ်လ ၁၉ ရက်နေ့ ဆက်လက် ဆွေးနွေးသွားမည်ဟု ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဧရာဝတီသို့ ပြောသည်။
သင်္ဘောနစ်မြုပ်သည့် ကိစ္စတွင် ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းအောင်နှင့် ဗဟိုအစိုးရတို့တွင် အဓိက တာဝန်ရှိကြောင်း၊ ပြည်နယ်အဆင့်တွင် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်နေသည် ဆိုသော်လည်း လုပ်ပိုင်ခွင့် အပြည့်အ၀ မရှိခြင်းကြောင့် ထိရောက်မှု ရှိမည်မဟုတ်ကြောင်း ဦးဘရှိန်က ဆက်ပြောသည်။
၎င်းက “ဒီလောက်လူတွေ အများအပြား သေဆုံးခဲ့ရတာကို ထိထိရောက်ရောက် ဆောင်ရွက်စေချင်တယ်၊ ဒါကြောင့် ဗဟို အစိုးရက စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းပြီး ဆောင်ရွက်ဖို့ တိုက်တွန်းကြတာပါ၊ အစိုးရအနေနဲ့ ဘယ်လောက် အလေးအနက်ထား ဆောင်ရွက်ပေးမလဲ စောင့်ကြည့်ရမှာပေါ့” ဟု ဆိုသည်။
အစိုးရပိုင် မီဒီယာများ၌ ဖော်ပြရာတွင် သင်္ဘောပေါ်၌ ကုန်တန်ချိန် ၁၂၉ တန်နှင့် ခရီးသည် စုစုပေါင်း ၂၂၅ ဦး ပါသည်ဟု ဖော်ပြထားသည်။ သင်္ဘော၏ အမှန်တကယ် သတ်မှတ် တန်ချိန်မှာ ၁၂၀ နှင့် လူဦးရေ စုစုပေါင်း ၁၇၆ ဦး ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အသက်မသေဘဲ ပြန်လွတ်လာသူများ၏ ပြောဆိုချက်အရ သင်္ဘောပေါ်၌ လူ ၃၀၀ ကျော်ပါကြောင်း၊ သင်္ဘောပေါ်၌ လက်မှတ် မဖြတ်ဘဲ ငွေပေး၍ စီးလာသည့် ခရီးသည် ရာချီရှိကြောင်း၊ ထိုသို့ လက်မှတ် မဖြတ်ဘဲ စီးခြင်းသည် ပြည်တွင်းရေကြောင်း ခရီးစဉ်တိုင်းတွင် ရှိကြောင်းလည်း ခရီးသည်များက ပြောသည်။
သတ်မှတ်ဦးရေထက် ခရီးသည် အများအပြား တင်ဆောင်လာခြင်း၊ ကုန်တန်ချိန် အဆမတန် တင်ဆောင်လာခြင်းတို့သည်လည်း သင်္ဘော နစ်မြုပ်ရသည့် အကြောင်းအရာများအနက် အချက်တခု ဖြစ်သည်။
ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောရာတွင် လက်မှတ်မပါသည့် ခရီးသည်များ ရှိနိုင်ကြောင်း၊ ထို့ကြောင့် ပါရှိသည့် ခရီးသည် အရေအတွက်ကို စုံစမ်းရေးအဖွဲ့က စုံစမ်းနေကြောင်း၊ သင်္ဘောထဲ၌ ကျန်ရှိနိုင်သည့် အလောင်းများကိုလည်း ရေငုပ် ကျွမ်းကျင်သူများနှင့် ရှာဖွေနေဆဲဖြစ်ကြောင်း ပြောဆိုသည်။
ကျောက်ဖြူမြို့မှ လာရောက်၍ ကယ်ဆယ်ရေး လုပ်အားပေးနေကြသည့် လူမှုအဖွဲ့များ၏ ပြောဆိုမှုအရ ရုပ်အလောင်း ၇၀ နီးပါး ရရှိ၍ သင်္ဂြိုလ်ပြီးဖြစ်ကြောင်း၊ ပျောက်ဆုံးနေသည့် ခရီးသည်များနှင့် ရေအောက်ရှိ သင်္ဘောထဲ၌ မည်မျှ ရှိနေသည်ကိုလည်း ပြည်သူများက သိလိုနေကြကြောင်း ပြောသည်။
ယခုကဲ့သို့ အဖြစ်ဆိုးမျိုး နောက်ထပ် မဖြစ်စေရေးအတွက် ရခိုင်ဒေသတွင်း ပြေးဆွဲနေသည့် အိုမင်းဟောင်းနွမ်း သင်္ဘောများအား လုံခြုံစိတ်ချရသည့် သင်္ဘောများဖြင့် အစားထိုးပေးရန် ရခိုင်နိုင်ငံရေး ပါတီများ၊ လူမှုအဖွဲ့အစည်းများက ကြေညာချက် အသီးသီးထုတ်၍ တောင်းဆိုနေကြသည်ကို တွေ့ရသည်။ ယင်း တောင်းဆိုမှုအား အစိုးရ အာဏာပိုင်များ အနေဖြင့် အလေးထားမှု ရှိ၊ မရှိ ဆိုသည်ကိုလည်း စောင့်ကြည့်နေကြသည်။
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က “ရေကြောင်း ခရီးစဉ်တွေကို စနစ်တကျ ဆောင်ရွက်ပေးဖို့ လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းပြီး အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် အစိုးရက ဘာမှ လုပ်ဆောင်တာ မရှိသလို၊ အစိုးရနဲ့ပဲ မဆိုင်သလို လုပ်နေတဲ့အတွက် အခုလို အဖြစ်ဆိုးတွေ ဖြစ်လာရတာပါ” ဟု ဆိုသည်။
အောင်တံခွန် ၃ သင်္ဘော အပါအဝင် ရခိုင်ဒေသတွင်း ပြေးဆွဲနေသည့် အောင်တံခွန် ၁ မှ ၆ အထိ သင်္ဘောများသည် ၁၉၉၆ ခုနှစ်တွင် တရုတ်နိုင်ငံမှ ဝယ်ယူတင်သွင်း၍ ပြေးဆွဲနေခြင်းဖြစ်ကြောင်း ပြည်တွင်းရေကြောင်း အာဏာပိုင်များက ပြောသည်။
အောင်တံခွန် သင်္ဘောများသည် ဟောင်းနွမ်းနေသည့်အတွက် သံချေးများတက်ခြင်း၊ ဝမ်းဗိုက်ပေါက်၍ မကြာခဏ ဖာထေးရခြင်း၊ ဘဏ္ဍာငွေ မလုံလောက်၍ သတ်မှတ်ချိန်အတိုင်း ပုံမှန် ပြန်လည်ပြုပြင်မှု မလုပ်နိုင်ဘဲ တပွဲတိုးနည်းဖြင့် ပြင်ဆင်ကာ ပြေးဆွဲနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ရေကြောင်း ခရီးကိုသာ အဓိထားနေရသည့် ရခိုင်ဒေသ၌ လုံခြုံစိတ်ချရသည့် သင်္ဘောများကို အသုံးမပြုခြင်း၊ ကြံ့ခိုင်မှု ရှိ မရှိ ပုံမှန် စစ်ဆေးမှု မရှိခြင်းတို့ကို သိရှိသော်လည်း ၎င်းတို့တွင် ရွေးချယ်စရာမရှိ၍ ပြည်တွင်း ရေကြောင်း သင်္ဘောများကို စီးနေကြရကြောင်းလည်း ဒေသခံများက ဆိုကြသည်။
အောင်တံခွန် နစ်မြုပ်မှုကြောင့် လူအများအပြား သေဆုံးပြီးမှသာ သင်္ဘောများ ဟောင်းနွမ်းနေသည်မှာ မှန်ကန်ကြောင်း ပြောဆိုသည့် အစိုးရ အာဏာပိုင်များ အပေါ် ပြည်သူများက မေးခွန်း ထုတ်နေကြသည်။ အာဏာပိုင်များ၏ လုပ်ရပ်နှင့် ပြောဆိုမှုသည် တာဝန်မဲ့သလို ဖြစ်နေသည့်အတွက် ရေကြောင်းခရီးသွားမည့် ခရီးသည်များအဖို့ စိုးရိမ်မှု မြင့်မားစေသည်။
ရခိုင်ဒေသ၌ အစိုးရပိုင် အောင်တံခွန် သင်္ဘောများအပြင် ရွှေပြည်တန်၊ မလိခ စသည့် ပုဂ္ဂလိက ရှပ်ပြေး အမြန်ရေယာဉ်များနှင့် တနိုင်တပိုင် စက်လှေ၊ မော်တော်ဘုတ်များဖြင့် ပြေးဆွဲနေကြသည်။ သို့သော် ဒေသခံအများစုမှာ အခြေခံလူတန်းစားများ ဖြစ်၍ ဈေးသက်သာသည့် ပြည်တွင်းရေကြောင်း သင်္ဘောများကိုသာ အားကိုးအားထားပြု၍ သွားလာနေကြရသည်။
အောင်တံခွန် ၃ နစ်မြုပ်၍ လူရာချီသေဆုံးခဲ့ပြီးနောက် ဒေသတွင်း ပြေးဆွဲနေသည့် အောင်တံခွန် ၁ မှ ၆ အထိ သင်္ဘောများကို ယခုအခါ ရပ်ဆိုင်းထားရန် ပို့ဆောင်ရေး ဝန်ကြီး ဦးဉာဏ်ထွန်းအောင်က လမ်းညွှန်ထားကြောင်း ပြည်နယ် အာဏာပိုင်များက ပြောသည်။
ပြည်သူများ ခရီးသွားလာမှု အခက်အခဲ မဖြစ်စေရန် တခြားဒေသ၌ ပြေးဆွဲနေသည့် အောင်တံခွန် ၇ ကို ခေတ္တ အစားထိုး ပြေးဆွဲရန် ဗဟိုအစိုးရက စီစဉ်နေကြောင်း၊ ပြေးဆွဲမှု ရပ်ဆိုင်းထားသည့် အောင်တံခွန် ၁ မှ ၆ အား ကြံ့ခိုင်မှု ရှိ မရှိ စစ်ဆေးပြီးမှသာ ပြန်လည် ပြေးဆွဲမည်ဟုလည်း ဦးလှသိန်းက ပြောသည်
အောင်တံခွန် သင်္ဘောသည် ဝမ်းဗိုက်ပေါက်၍ ရေဝင်ပြီး နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ ဟောင်းနွမ်းနေသည့် သင်္ဘောများကို အသုံးပြုနေသည့်အပြင် သင်္ဘော ဝန်ထမ်းများကလည်း ပြင်ပ ဝင်ငွေ ရရှိရေးအတွက် သတ်မှတ် လူဦးရေ နှင့် ကုန်ပစ္စည်းများ ပိုမိုတင်ဆောင်ခြင်းကို အစိုးရအနေဖြင့် အမြဲ စစ်ဆေး အရေးယူသင့်ကြောင်း၊ ထို့အတူ အသက်ကယ် အကျႌများကိုလည်း အပြည့်အစုံ ထားရန် လိုမည် ဖြစ်ကြောင်း အကြံပြု ပြောဆိုမှုများ ရှိနေသည်။
သင်္ဘောများပေါ်၌ အသယ်ကယ် အကျႌများ ထည့်ပေးထားသည်ဟု အာဏာပိုင်များက ပြောဆိုသော်လည်း အောင်တံခွန် ၃ သင်္ဘော၌ ခရီးသည်များအတွက် အသက်ကယ်အကျႌများ မပါရှိဟု သိရသည်။
အသက်မသေဘဲ ပြန်လည် လွတ်မြောက်လာသူ ဦးမောင်စံဝင်းက “ခရီးသည်တွေ တဦးတယောက်မှ အသက်ကယ် အကျႌ မဝတ်ရပါဘူး၊ သေသွားတဲ့ အလောင်းတွေကို ကြည့်ရင် သိနိုင်ပါတယ်၊ ဘယ်အလောင်းမှာမှ အသက်ကယ် အကျႌမပါဘူး” ဟု ပြောသည်။