ဦးသန့်ပြတိုက်သို့ အလည်တခေါက်
This article has been converted from Zawgyi One to Unicode
ရန်ကုန်မြို့ အင်းလျားလမ်း၏ လူသွားလူလာနည်းသော လမ်းသွယ်လေး တခုထဲတွင် မြန်မာ့ ခေတ်သစ် သမိုင်း၌် ထင်ရှားကျော်ကြား လှသည့် ပုဂ္ဂိုလ်တဦး နေထိုင်သွားခဲ့ဖူးပါသည်။
ထို လမ်းသွယ်ကလေးထဲသို့ အနည်းငယ် လမ်းလျှောက်ဝင်သွားလျှင် တနေရာအရောက်တွင် “ဦးသန့်အိမ်” ဟု အင်္ဂလိပ်ဘာသာ ဖြင့် ရေး ထားသည့် ဆိုင်းဘုတ်တခုကို တွေ့ရပြီး ယင်းဆိုင်းဘုတ်ညွှန်ရာဘက်သို့ ဝင်သွားလျှင် ခြံဝင်းကျယ်ကြီး ထဲ မှ သစ်ပင်များ အရိပ် ခပ်အုပ်အုပ်အောက်က အိမ်တလုံးကို တွေ့မြင်လိုက်ရသည်။
အိမ်ပုံစံက ဒီဘက်ခေတ်၏ မြင်နေကျ အိမ်ပုံစံမျိုး မဟုတ်ဘဲ အဝါရောင် ဆေးသုတ်ထားသော ရိုးရှင်းသပ်ရပ်လွန်းလှသည့် ကိုလိုနီ ခေတ် နှစ်ထပ် အဆောက်အအုံ တခုဖြစ်ပြီး ၁၉၂၀ ပြည့်နှစ်များက ဗိသုကာ လက်ရာဖြစ်ကြောင်း သိရှိရသည်။
ယင်းအိမ်တွင် အာရှတိုက်၏ ပထမဦးဆုံးသော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးသန့် နေထိုင်သွားခဲ့ပါသည်။ ဦးသန့်သည် ကုလသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ တာဝန်သက်တမ်း နှစ်ကြိမ်ဆက်တိုက် ထမ်းဆောင်ခွင့်ရသူ ဖြစ်သည်။
ကုလသမဂ္ဂတွင် တာဝန်ထမ်းဆောင်စဉ် ဦးသန့်သည် အမေရိကတိုက်နှင့် နီးကပ်သော ကျူးဘားကျွန်းပေါ်တွင် ဆိုဗီယက်က ဒုံးပျံပစ်စင်များ လာရောက်ချထားမှုအပေါ်မူတည်ကာ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံဖြစ်သည့် ဆိုဗီယက်နှင့် အမေရိကန် ထိပ်တိုက်တင်း မာ မှု ဖြစ်လာခဲ့ရ၏။ အမေရိကန်တို့က ကျူးဘားနိုင်ငံအားရေတပ်ဖြင့် ပိတ်ဆို့ထားစဉ် ဆိုဗီယက်တို့ကလည်း သူတို့၏ သဘောၤများကို ကျူးဘားသို့ ဦးတည်စေလွှတ်လိုက်သဖြင့် နှစ်နိုင်ငံ စစ်ရေးအရ ထိပ်တိုက်တွေ့မည်ကဲ့သို့ဖြစ်လာ၏။
ထိုအခါ ဦးသန့်သည် ယင်းနှစ်နိုင်ငံ တင်းမာမှု ပြေအေးသွားစေရေးအတွက် စွမ်းစွမ်းတမံ ကြားဝင်စေ့စပ် ညှိနှိုင်းပေးခဲ့ရ၏။ ဦးသန့်၏ ကြိုးပမ်းမှုကြောင့် ဆိုဗီယက် နှင့် အမေရိကန်နှစ်နိုင်ငံ တင်းမာမှုပြေလျော့ကာ ကမ္ဘာကြီးတွင် နျူကလီးယားစစ်ပွဲဘေးရန်မှ ပွတ်ကာ သီကာ လွတ်မြောက်သွားခဲ့ရ၏။
ထို့ကြောင့် ကမ္ဘာကြီးကို နျူကလီးယားစစ်ပွဲဘေးရန်မှ ကယ်တင်နိုင်ခဲ့သူအဖြစ် ဦးသန့်ကို လေးစား ခဲ့ကြရပါသည်။ ထို့ပြင်၊ ကွန်ဂိုပြည်တွင်းစစ်ကို ငြှိမ်းသတ်ရန် ကူညီစေ့စပ်ပေးနိုင်ခဲ့ခြင်းတို့ကြောင့်လည်း ကမ္ဘာ့နိုင်ငံများ၏ လေးစားမှုကို ရရှိခဲ့သူ ဖြစ်သည်။
ဦးသန့်သည် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ရန် အမေရိကန်နိုင်ငံ၊ နယူး ယောက်မြို့သို့ မထွက်ခွာခင် ၁၉၅၁ မှ ၁၉၅၇ ခုနှစ်အထိ ယင်း လမ်းသွယ်လေးထဲက အိမ်တွင် မိသားစုနှင့်အတူ နေထိုင်ခဲ့သည်။
အိမ်ထဲသို့ဝင်လိုက်သည်နှင့် ဦးသန့်၏ အတ္ထုပ္ပတ္တိအကျဉ်းကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားသော နံရံကပ်ဘုတ်နှစ် ခုကို ဦးသန့်ရုပ်ပုံနှင့်တွဲလျက် တွေ့ရသည်။ အိမ်၏ အောက်ဘက်တွင် ဧည့်ခန်းနှင့် ထမင်းစာခန်း ရှိသည်။
ဧည့်ခန်းထဲတွင် ပန်းချီနေမျိုးဆေး ရေးဆွဲပေးထားသည့် ဦးသန့်၏ ဆီဆေးပန်းချီ ရုပ်ပုံကားကြီးက ဝင့်ဝင့်ထည်ထည်ကြီး ရှိနေ သည်။ ပန်းချီကားအောက်တွင် ဦးသန့်၏ တဦးတည်းသောသား ဦးတင်မောင်သန့်၏ ဓာတ်ပုံနှင့် မြေးဖြစ်သူ ဦးသန့်မြင့်ဦးအား ချီပွေ့ထားသည့် ဦးသန့်၏ ဓာတ်ပုံအပါအဝင် ကုလသမဂ္ဂတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလက မှတ်တမ်းဓာတ်ပုံတချို့ကို တွေ့ရသည်။
ဧည့်ခန်းအနောက်ဘက်မှတဆင့် ခြံထဲသို့ဆင်းသွားနိုင်ပြီး သစ်ပင်ရိပ်အောက်တွင် ခုံတန်းလျားလေးတခု ရှိသည်။ ယင်းခုံတန်းလျားလေးပေါ်တွင် ထိုင်၍ တစာစာကြားနေရသည့် ကျေးငှက်မြည်သံများကို နားထောင်ရသည်မှာ ရန်ကုန်မြို့ပြမှ ဝေးကွာသည့် ကျေးလက်တနေရာရာသို့ ရောက်သွားသလို ခံစားရသည်။
ခြံထဲ၌ ကမ္ဘာပေါ်ရှိ လူသားတိုင်းသည် မည်မျှပင် မတူကွဲပြားနေကြပါစေ၊ ကမ္ဘာကြီးတခုတည်းပေါ်တွင် အတူမှီတင်းနေထိုင်ကြ သော ကမ္ဘာသူ ကမ္ဘာသားများသာ ဖြစ်သည်ဟူသည့် ဦးသန့်၏ “One World”အယူအဆကို မှတ်တမ်းတင်ထားသော အဖြူရောင် ငြိမ်းချမ်း ရေး ကျောက်တိုင်တခုကို တွေ့ရသည်။
ခြံ၏ဘေးဘက် တနေရာတွင်လည်း ပြန်လည် မွမ်းမံထားသော ရေတွင်းတတွင်းကို တွေ့ရသေးသည်။
အိမ်အပေါ်ထပ်တွင် စာကြည့်ခန်း၊ ကလေးများအခန်းနှင့် အိပ်ခန်းဟူ၍ အခန်း သုံးခန်းရှိသည်။
အိပ်ခန်းထဲတွင် ဦးသန့်၏ ငယ်စဉ်ဘဝ ဖြစ်စဉ်တချို့အား ရေးသားထားသည့် နံရံကပ်ဘုတ်ချပ်များကို တွေ့ရသည်။ ဧရာဝတီတိုင်း ပန်းတနော်မြို့ကလေးတွင် မွေးဖွားခဲ့သော မောင်သန့်သည် ငယ်စဉ်က သတင်းထောက်တယောက် ဖြစ်ချင်ခဲ့ဖူးကြောင်း ရေးသား ထားသည်ကို တွေ့ရသဖြင့် သတင်းထောက်တဦးဖြစ်သူ မိမိအဖို့ အံ့သြ ဂုဏ်ယူခဲ့ရသေးသည်။
ယင်းအခန်းထဲတွင်ပင် ဦးသန့်ငယ်စဉ်က သတင်းစာများတွင် ရေးသားခဲ့သော စာမူတချို့၏ ဓာတ်ပုံကော်ပီများ၊ ကျောင်းဆရာ မောင်သန့်၏ ဘဝတစိတ်တဒေသ၊ ငယ်သူငယ်ချင်း ဝန်ကြီးချုပ်ဦးနု၏ ကူညီဖေးမမှုကြောင့် ပြန်ကြားရေး ဝန်ကြီးဌာန၏ အတွင်းဝန် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရပုံ၊ ဦးနု၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရပုံများနှင့် ကုလသမဂ္ဂတွင် တာဝန် မထမ်း ဆောင်စဉ်ကာလက ဖြစ်စဉ်များ ရေးသားထားသည့် ဘုတ်ချပ်များကို တွေ့နိုင်သည်။
အိပ်ခန်း၏ ဘေးတွင် လေသာဆောင်တခုရှိပြီး ပတ္တလားတခု ချထားသည်ကို တွေ့ရသည်။ လေသာဆောင်မှ လှမ်းကြည့်လိုက်လျှင် ခြံဝန်းကြီး တခုလုံးကို အပေါ်စီးမှ တွေ့နိုင်သည်။
လေသာဆောင်နှင့် တဆက်တည်းရှိ ကလေးများအခန်းတွင် ဦးသန့် ကုလသမဂ္ဂ၌ တာဝန်ထမ်းဆောင်စဉ်က ဖြစ်ရပ်များ၏ မှတ် တမ်း တင် ဓာတ်ပုံများ၊ ကမ္ဘာကျော် မဂ္ဂဇင်း မျက်နှာဖုံးများတွင် ဖော်ပြထားသော ဦးသန့်နှင့် ကမ္ဘာ့ခေါင်းဆောင်တို့၏ ဆွေးနွေးမှု မှတ် တမ်းဓာတ်ပုံများကို တွေ့ရသည်။
ကလေးများအခန်းနှင့် မျက်နှာချင်းဆိုင် စာကြည့်ခန်းတွင် ဦးသန့်နှင့် သက်ဆိုင်သော မှတ်တမ်းတင် ဗီဒီယိုဖိုင်များကို ကြည့်ရှုနိုင် သည့် တီဗီတလုံး ထားရှိသည်။ အဖြူ အမည်း ဗီဒီယိုဖိုင်များကို ကြည့်၍ ဦးသန့်၏ ပင်ကိုဟန်များကို ခန့်မှန်းလေ့လာနိုင်သည်။
ထို့အပြင် ယင်းစာကြည့်ခန်းထဲမှ စားပွဲခုံပေါ်တွင် ဦးသန့်နှင့် နိုင်ငံတကာခေါင်းဆောင်ကြီးများ အပြန်အလှန် ရေးသားကြသည့် ကြေးနန်းစာတချို့၏ မိတ္တူများကို လာရောက်လေ့လာသူများ ဗဟုသုတအဖြစ် ကြည့်ရှုနိုင်ရန် ထားရှိသည်။
စာကြည့်ခန်း ရှေ့တွင် ဦးသန့်၏ နောက်ဆုံးနေ့ရက်များအကြောင်း ရေးသားထားသော ဘုတ်ချပ်များကို တွေ့ရသည်။ ဦးထုပ်ကို ချွတ် ၍ နှုတ်ဆက်ဟန်ပြနေသော ဦးသန့်၏ ဓာတ်ပုံက ဘုတ်ပေါ်တွင် ရေးသားထားသည့် “နောက်ဆုံးအချိန်အထိ” ဟူသော စာသားနှင့် လိုက်ဖက်နေသည်။
ပြခန်းအတွက် အသုံးပြုထားသော မှတ်တမ်းဓာတ်ပုံများနှင့် စာရွက်စာတမ်း မိတ္တူများကို ကုလသမဂ္ဂမှ အဓိက ပံ့ပိုးပေးထားခြင်း ဖြစ်ကြောင်း သိရှိရသည်။ အိမ်အတွင်း လိုက်လံ ရှင်းပြပေးမည့် လမ်းညွှန်တယောက် ရှိပြီး ဓာတ်ပုံအညွှန်း စာရွက်များကိုလည်း အခန်း တိုင်း၏ စားပွဲများပေါ်တွင် ထားရှိပေးထား၍ လာရောက်လေ့လာသူများအတွက် အလွယ်တကူ လေ့လာကြည့်ရှုမှတ်သားစေနိုင်ပါသည်။
အတိတ်မှ ဦးသန့်၏ ပုံရိပ်များကို မြင်ယောင်နိုင်စေရန် ဓာတ်ပုံများဖြင့် ပုံဖော်ပေးထားပြီး ဦးသန့်၏ အတုယူဖွယ် အဆိုအမိန့်နှင့် စာစုများကို အလွယ်တကူ ဖတ်ရှုနိုင်ရန် ပလတ်စတစ် ဘုတ်များဖြင့် ခင်းကျင်းထားသည်က လာရောက် လေ့လာသူများအတွက် ပိုမိုအဆင်ပြေစေပါသည်။
ယင်းနှစ်ထပ်အိမ် အဆောက်အအုံကို နှစ်ပေါင်း ၅၀ ကျော် သည်အတိုင်း မွံမံပြင်ဆင်ခြင်းမရှိဘဲ လစ်လျူရှုပစ်ထားခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်တွင်မှ ဦးသန့်၏ ကျန်ရစ်သူ မိသားစုများက ပြန်လည်မွမ်းမံခွင့်ရရန် သမ္မတ ဦးသိန်းစိန်ထံမှ ခွင့်ပြုချက် ရယူခဲ့ကြရ၏။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မြေးဖြစ်သူ၊ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (Yangon Heritage Trust) ကို စတင်တည်ထောင်သူလည်း ဖြစ်သူ ဦးသန့်မြင့်ဦးက ဦးဆောင်၍ ဦးသန့်နေထိုင်ခဲ့သော ယင်း အဆောက်အအုံကို ပြန်လည်မွမ်းမံပြီး ‘ဦးသန့်ပြတိုက်’အဖြစ် ဖွင့်လှစ်ပြသရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
အိမ်အတွက် ပြင်ဆင်မွမ်းမံမှုများကို YHT က အဓိက တာဝန်ယူခဲ့ပြီး ပြခန်းနှင့် ဘုတ်ဒီဇိုင်းများကို Bridge Creative Agency က ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ အိမ်ကို ပြန်လည်မွမ်းမံရန်အတွက် ရန်ပုံငွေပေါင်း အမေရိကန် ဒေါ်လာ ၈၀၀၀၀ ခန့် လက်ခံရရှိခဲ့ သည်ဟုလည်း YHT မှ သိရှိရသည်။
ဦးသန့်သည် ကုလသမဂ္ဂမှ ၁၉၇၁ ခုနှစ်တွင် အနားယူခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ အဆုတ်ကင်ဆာရောဂါဖြင့် ကွယ် လွန်ခဲ့သည်။ ငြိမ်းချမ်းရေးတမန်တော်ဟုတင်စားယူရလောက်အောင် ထူးချွန်ထက်မြက်သူတဦး ဆုံးရှုံးသွားခြင်းအတွက် တကမ္ဘာလုံးက နှမြောတသ ဝမ်းနည်းခဲ့ကြရ၏။ သို့သော် ထိုစဉ်အချိန်က သူ၏မွေးရပ်မြေ မြန်မာနိုင်ငံတွင် အာဏာရှင်များ အုပ်ချုပ်နေစဉ်ဖြစ်ပြီး ယင်းအာဏာရှင်များသည် ကွယ်လွန်သူ ဦးသန့်အပေါ် ဂရုဏာသက်ရောက်မှု မရှိခဲ့ကြချေ။ ဦးသန့်၏ ဂုဏ်ယူဖွယ် ကြိုးပမ်းဆောင်ရွက်မှုများအပေါ် လေးစားအသိအမှတ်ပြုရန်လည်း ပျက်ကွက်ခဲ့ကြ၏။
ကုလသမဂ္ဂ၏ အစီစဉ်ဖြင့် ကွယ်လွန်သူ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ရုပ်ကလာပ်ကို မြန်မာနိုင်ငံ သို့ ပြန်လည် ယူဆောင်ကာ သင်္ဂြိုဟ်ရန် စီစဉ်သော်ငြားလည်း အာဏာရှင် ဦးနေဝင်း အစိုးရက အလေးအနက်ထား အသိအမှတ်ပြု သဂြိုလ်ခြင်းမရှိသည့်အတွက် ဦးသန့်အား ကြည်ညိုလေးစားသည့် ကျောင်းသားအချို့သည် ဦးသန့်၏ ရုပ်အလောင်းကို လုယူ၍ ရန်ကုန် တက္ကသိုလ်ဝင်းအတွင်း ဂူသွင်းသင်္ဂြိုဟ်ရန် ကြိုးစားခဲ့ကြသည်။
သို့သော် ဦးနေဝင်း၏စစ်တပ်က အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ကျောင်းသားများစွာ သေကြေခဲ့ရ၏။ နောက်ဆုံးတွင် အာဏာရှင် အစိုးရသည် မနေသာတော့သည့်အဆုံး ဦးသန့်၏ ရုပ်အလောင်းကို ရွှေတိဂုံဘုရား၏ တောင်ဘက်မုခ်နားတွင် မြှုပ်နှံရန် သဘောတူ စီစဉ်ပေးခဲ့ရသည်။ ထို့ကြောင့် ကျောင်းသားများ အကြမ်းဖက်ဖြိုခွင်းခံရသည့် ယင်းအဖြစ်အပျက်ကို “ဦးသန့်အရေးအခင်း” ဟု နောက်ပိုင်းတွင် လူသိများခဲ့သည်။ ဦးသန့်အရေးအခင်း ဖြစ်ပွားခဲ့သည်မှာ နှစ် ၄၀ ကျော်ခဲ့ပြီ ဖြစ်သည်။
ယခုအခါ တဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးထဲမှ နှစ်ထပ်အိမ်လေးထဲတွင် တချိန်က ကမ္ဘာ့သမိုင်းတွင် အရေးပါခဲ့သော မြန်မာ လူမျိုးတဦးဖြစ်သည့် ကွယ်လွန်သူဦးသန့်၏ စိတ်ဓာတ်နှင့် ကြိုးပမ်းဆောင်ရွက်ချက် မှတ်တမ်းသမိုင်းများကို လူအများ လာရောက်လေ့လာ အတုယူနိုင်စေရန် ဦးသန့်ပြတိုက်အဖြစ် ဖွင့်လှစ်ပြသပေးထားခြင်း ဖြစ်သည်။
ဦးသန့်ပြတိုက်ကို ၂၀၁၃ ခုနှစ် ဧပြီလကတည်းက အကြိုဖွင့်ပွဲ ပြုလုပ်ခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်တွင် အများပြည်သူများ မည်သူမဆို လာရောက်လေ့လာခွင့်ရရန် ပြန်လည်ဖွင့်လှစ်ပေးလိုက်သည်။ မတ်လ၏ အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်းတွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပေးထားမည် ဖြစ်သည်။
ထို ဦးသန့်ပြတိုက်သည် အမှတ် ၃၁၊ ပန်းဝါလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိနေပါသည်။