သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း ပျူမြို့ဟောင်းသုံးမြို့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ပြီးပြီ (ဓာတ်ပုံ – ဧရာဝတီ)
သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း ပျူမြို့ဟောင်းသုံးမြို့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်လာပြီးနောက် ပုဂံဒေသနှင့် ရခိုင် ပြည်နယ် မြောက်ဦးဒေသရှိ ရှေးဟောင်းအမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြိုးစားလာသည်ကို တွေ့ရသည်။
ပုဂံနှင့် မြောက်ဦး မြို့ဟောင်းများသည် ၁၉၉၆ ခုနှစ်ကတည်းက ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) ထံ အစမ်းသဘော (Tentative) အနေဖြင့် တင်သွင်းသည့် မြန်မာ့အမွေအနှစ် ၈ ခုထဲတွင် အပါအဝင်ဖြစ်သည်။
ထို့ကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက် နေ့တွင် နေပြည်တော်၌ ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး စီမံ ခန့်ခွဲမှု အစီအစဉ် (Management Plan) နှင့် ဘက်စုံလွှမ်းခြုံသော စီမံခန့်ခွဲမှု အစီအစဉ် (Master Plan) ရေးဆွဲရန် အစည်းအဝေး ပြုလုပ်ခဲ့သည်။
နှစ်ပေါင်း ၁၀ဝ၀ ကျော် သက်တမ်းရှိ ပုဂံဒေသ မှ ရှေးဟောင်း အဆောက်အအုံများ အခြေအနေမှာ အုတ်နှင့် သရွတ်တို့ သက်တမ်း ကုန်ဆုံးနေပြီဖြစ်ပြီး ထင်ရှားသည့် သရပါတံခါးသည် နေ့စဉ် ယာဉ်များ ဖြတ်သန်းမှု ကြောင့် အက်ကြောင်းပေါ်ထွက်လျက် ရှိသည်။
ထိုအခြေအနေများကြောင့် ပုဂံရှိ ရှေးဟောင်း အဆောက်အအုံများကို ကမ္ဘာ့ယဉ်ကျေးမှု အမွေ အနှစ် မူဘောင်အတွင်း ဝင်ရောက်နိုင်ရန်အတွက် မည်သည့်အရာများက ထိခိုက်နိုင်သနည်း၊ ထိခိုက် လာမည်ဆိုလျှင် မည်ကဲ့သို့ တားဆီးမည်နည်းဆိုသည့် ဘက်ပေါင်းစုံ ဆန်းစစ်ချက်စစ်တမ်း “ Heritage Impact Assessment Programme” (HIA) ပြုလုပ်ရန် လိုအပ်လာသည်။
ထို့ကြောင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ အကူအညီဖြင့် ဟောင်ကောင် အခြေစိုက် Service of Archaeological Assessment Ltd မှ ပညာရှင်များ၊ ရှေးဟောင်း သုတေ သနဌာနမှ ပညာရှင်များပူးပေါင်းပြီး ပုဂံ ရှေးဟောင်း ဇုန်အတွင်းရှိ ဟိုတယ်၊ ဂေါက်ကွင်း၊ နန်းမြင့်မျှော်စင် နှင့် ဆက်သွယ်ရေး တာဝါတိုင်များက ယဉ်ကျေးမှု အမွေအနှစ်များအပေါ် မည်သို့သက်ရောက် မှု ရှိ၊ မရှိ ဆန်းစစ်ချက် စစ်တမ်း ပြုလုပ်ခဲ့သည်။
ပေါ်ထွက်လာသည့် HIA ဆန်းစစ်ချက် အစီရင်ခံစာတွင် ပုဂံဂေါက်ကွင်း၊ နန်းမြင့်မျှော်စင်နှင့် ညောင်ဦး၊ ပုဂံမြို့သစ်ရှိ ဟိုတယ် ၅ လုံးအပြင် Digicel Myanmar Tower Company Ltd (MTC) နှင့် Irrawaddy Green Towers Ltd တို့က တည်ဆောက်မည့် တယ်လီဖုန်း တာဝါတိုင် များသည် ရှေးဟောင်း သုတေသန ပိုင်းကို တိုက်ရိုက် ထိခိုက်သကဲ့သို့ မြင်ကွင်းကိုလည်း သွယ်ဝိုက်ထိခိုက်မှုရှိကြောင်း ဆိုထားသည်။
ပုဂံဂေါက်ကွင်းမှာ ၁၉၉၆ ခုနှစ်တွင် စစ်အစိုးရ က စိုက်ပျိုးရေး သုတေသနခြံကို ဖျက်သိမ်းကာ ဂေါက်ကွင်း အဖြစ် ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ကွင်းအတွင်း ရှေးဟောင်း အဆောက်အအုံ ၁၅ ခု ထက်မနည်း ရှိနေခြင်းကြောင့် အဆင့်မြှင့်ခြင်း၊ ကျင်းများချဲ့ခြင်း၊ ကျင်းသစ်ဖော်ခြင်း၊ ကျင်းလမ်း ကြောင်း အသစ်ပြုလုပ်ခြင်း၊ မြက်ခင်းများ ပြန်တည် ဆောက်ခြင်း၊ သစ်ပင်စိုက်ခြင်းများ ထပ်မံမပြုလုပ်ရန် အစီရင်ခံစာတွင် ဖော်ပြထား သည်။
ယင်းအကြံပြုချက်ကို လက်မခံလျှင် ဂေါက် ကွင်းကို ပိတ်ပစ်ရန်၊ သို့မဟုတ် အများပြည်သူ အပန်းဖြေသည့် နေရာ ပြုလုပ်ရန် သို့မဟုတ် မူလ ပိုင်ရှင် စိုက်ပျိုးရေးသုတေသနကို ပြန်အပ်ရန် ဆိုထားသည်။
စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ ပိုင် ပေ ၂၀ဝ ကျော်မြင့်သည့် နန်းမြင့်မျှော်စင်နှင့် ပတ်သက်၍ ရှေးဟောင်း အဆောက်အအုံများ၊ အမွေအနှစ်များ အလယ်တွင် ခေတ်သစ် နန်းမြင့်မျှော်စင်ကြီး ရှိနေခြင်းသည် တင့်တယ် ခြင်း မရှိသကဲ့သို့၊ မြင်ကွင်းကို လည်း ပိတ်ဆို့စေသည့်အတွက် အကုန်လုံး ဖြိုဖျက် ပစ်ရန် သို့မဟုတ် ပညာရေးနှင့် ရှေးဟောင်း သုတေ သနလုပ်ငန်း၌ အကျိုးရှိရှိ အသုံးချရန် တိုက်တွန်း ထားသည်။
နန်းမြင့် မျှော်စင်ကို ထူးကုမ္ပဏီက ၂၀ဝ၅ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး အထပ်ပေါင်း ၁၃ ထပ် ရှိကာ မြေညီထပ်တွင် ကာရာအိုကေခန်း၊ ပထမ ထပ်တွင် အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ ဒုတိယထပ်တွင် ကော်ဖီဆိုင်၊ အစည်းဝေးခန်းမ၊ ရုပ်ရှင်ရုံတို့ရှိပြီး ၉ ထပ်နှင့် ၁၀ ထပ်တွင် စားသောက် ဆိုင် ရှိသည်။
၁၁ ထပ်မှ ၁၃ ထပ်အထိ ဝင်ကြေးဖြင့် ပုဂံ၏ လှပသည့် မြင်ကွင်းများကို ကြည့်ရှုရန် ဖွင့်လှစ်ထား သည်။ မျှော်စင်၏ အောက်ခြေတွင် ရွှေနန်းတော် ဟိုတယ် ရှိသည်။
အဆိုပါ နန်းမြင့်မျှော်စင်သည် ၁၉၉၈ ခုနှစ် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်း သိမ်းရေး ဥပဒေ (The Protection and Preservation of Cultural Heritage Regions Law) ထွက်ပြီးနောက် တည်ဆောက်ခဲ့ ခြင်း ဖြစ်သည်။
ယင်း ဥပဒေ အခန်း (၄) ယဉ်ကျေးမှု အမွေ အနှစ်ဒေသ ထိန်းသိမ်းကာကွယ်ခြင်း၊ အပိုဒ် ၆ ၌ ယဉ်ကျေးမှု ဝန်ကြီးဌာနသည် ယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်းတွင် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ၏ မြင်ကွင်းကိုလည်းကောင်း၊ ပတ်ဝန်းကျင် သဘာဝမြင်ကွင်းကိုလည်းကောင်း အဟန့် အတား၊ အနှောင့်အယှက် ဖြစ်စေသည့် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ မဟုတ်သော အဆောက်အဦများကို ဖျက်သိမ်းစေ နိုင်သည်ဟု ပါရှိသည်။
သိုသော် စစ်အစိုးရသည် ဥပဒေဘောင်ကို ကျော်လွန်ကာ ြွခင်းချက်အနေဖြင့် ဦးတေဇ၏ နန်းမြင့်မျှော်စင်ကို တည်ဆောက်ခွင့် ပြုခဲ့သည်ဟု ယူဆရပေမည်။
ထို့အပြင် ရှေးဟောင်းသုတေသန ပညာရှင် များသည် ပုဂံဒေသတဝိုက် တိုးပွားလာနေသည့် ဟိုတယ်လုပ်ငန်းများနှင့် ပတ်သက်ပြီး စိစစ်ခဲ့သေး သည်။
ညောင်ဦးနှင့် ပုဂံမြို့သစ်ရှိ ဆောက်လုပ်ဆဲ ဟိုတယ် ၅ လုံးကို စစ်ဆေးရာတွင် မည်သည့် ဟိုတယ်မျှ ရှေးဟောင်းသုတေသန၏ ဆောက်လုပ်ခွင့် ခွင့်ပြုမိန့် မရှိသကဲ့သို့၊ ဟိုတယ်နှင့် ခရီးသွားလာရေး၏ ခွင့်ပြုချက်လည်း မရှိကြောင်း တွေ့ရသည်။
ထိုသို့ ခွင့်ပြုချက်မရယူဘဲ ဟိုတယ်ဆောက်ရန် အုတ်မြစ်ချခြင်း ခြံစည်းရိုးကာရံ တူးဆွခြင်း၊ မြေ အောက်မှ ရေသွယ်ယူခြင်း၊ အမှိုက်စွန့်ပစ်ခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များမှ တုန်ခါမှုများကြောင့် ရှေဟောင်း သုတေသနဆိုင်ရာ အမွေအနှစ် များကို ထိခိုက်ခဲ့ရကြောင်း သုံးသပ်ထားသည်။
ခရီးသွားလုပ်ငန်း တိုးတက်လာသည်နှင့်အမျှ ပုဂံဒေသတွင် ဟိုတယ်များ များပြားလာခြင်းက Overall Monument Landscape မြင်ကွင်းကို ထိခိုက်စေသည့်အပြင် တချို့ဟိုတယ်များသည် ပုဂံ ခေတ်လက်ရာ ဂူဘုရားပုံစံများ တည်ဆောက်ထား ခြင်းကြောင့် ခေတ်သစ်နှင့် ခေတ်ဟောင်းလက်ရာများ ရောထွေးလာနေ ကြောင်း ပညာရှင်များက ထောက်ပြ ထားသည်။
ထို့ကြောင့် အစိုးရ တာဝန်ရှိသူများအနေဖြင့် နောက်ထပ် ဟိုတယ်သစ်များ ဆောက်လုပ်ခြင်း၊ လက်ရှိ ဟိုတယ်များ တိုးချဲလာခြင်းကို လက်မခံဘဲ၊ တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းများ အောက် တွင်သာ ဆောင်ရွက်ရန် ပညာရှင်များက အကြံပြု သည်။
တိုးတက်လာသည့် ခေတ်ကြီး၌ နိုင်ငံခြားသား အသွားအလာများသည့် ပုဂံဒေသအတွက် မိုဘိုင်း ဆက်သွယ်ရေး ကောင်းမွန်ရေးက ပိုမိုလိုအပ်သော် လည်း မိုဘိုင်းဆက်သွယ်ရေး တိုင်များသည် ပုဂံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို အမှတ်မထင် ပျက်စီး စေသည့် ဆိုးကျိုးကလည်း ရှိနေသည်။
လက်ရှိ Digicel Myanmar Tower Company Ltd (MTC) နှင့် Irrawaddy Green Towers Ltd ကုမ္ပဏီများက တာဝါတိုင် ၆ တိုင် တည်ဆောက်ရန် ပြုလုပ်နေရာ ၄ တိုင်မှာ ပုဂံ ရှေးဟောင်းဇုန်အတွင်း၌ ရှိသည်။
တာဝါတိုင်များ တည်ဆောက်ရန် တူးဖော်မှုများ ကြောင့် ရှေးဟောင်း အမွေအနှစ်များကို တိုက်ရိုက် ထိခိုက်မှု ရှိသကဲ့သို့ ၆၅ မီတာ မြင့်သည့် တာဝါတိုင် များကြောင့် မြင်ကွင်းဆိုင်ရာ သက်ရောက်မှုများ ပြောင်းပြန် ဖြစ်စေနိုင်သည့်အတွက် တာဝါတိုင်တခု တည်း တည်ဆောက်ကာ ဆက်သွယ်ရေးကုမ္ပဏီများ ပေါင်း၍ သုံးရန် အစီရင်ခံစာက အကြုံပြုသည်။
ထို့အပြင် ညောင်ဦးနှင့် ပုဂံမြို့သစ်ရှိ ဟိုတယ် နှင့် တည်းခိုရိပ်သာ ၂၂ လုံးကိုလည်း အကဲဖြတ် ဆန်းစစ်မှုများ ဆက်လက် ပြုလုပ်နေကြောင်း သိရ သည်။
ဤ HIA ဆန်းစစ်ချက်ပါ ဂေါက်ကွင်း၊ နန်းမြင့် မျှော်စင်၊ ဟိုတယ်များနှင့် ပတ်သက်၍ ဆန်းစစ်ချက် အစီရင်ခံစာ အတိုင်း ပုဂံဒေသ ယဉ်ကျေးမှု အမွေ အနှစ်စာရင်းဝင်ဖြစ်ရေး လိုလားနေသည့် အစိုးရ အနေဖြင့် ဆောင်ရွက်မှု ရှိ မရှိ ဆက်လက်စောင့် ကြည့်ရမည်ဖြစ်သည်။
ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန ဒုညွန်ကြားရေးမှူးချုပ် ဦးသိန်းလွင်ကမူ ယခု အကဲဖြတ် ဆန်းစစ်ချက်သည် ပုဂံဒေသရှိ ယဉ်ကျေး မှု အမွေအနှစ်များကို ကာကွယ်ပေးရန် အထောက်အပံ့ ပေးနိုင်မည် ဖြစ်ကြောင်း ဆိုသည်။
“ကျနော်တို့ ယူနက်စကိုနဲ့လည်း ညှိနှိုင်းမယ်၊ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေကိုလည်း ဒီလို အကျိုး သက်ရောက်မှုတွေဟာ ဘယ်လိုရှိတယ်ဆိုတာ ကို ရှင်းလင်းပြောပြသွားမှာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ဘုရားနားမှာ ဟိုတယ်တွေ ဆောက်မယ်၊ စားသောက်ဆိုင်တွေ လုပ်မယ်ဆိုရင်တော့ လက်မခံ ပါဘူး” ဟု ပြောသည်။
ယဉ်ကျေးမှု ဝန်ကြီးဌာနအနေဖြင့် စစ်အစိုးရ လက်ထက် ပုဂံဒေသ၌ ဖြစ်ပျက်ခဲ့သည့် ပြဿနာများ ကို ဆက်ခံ ဆောင်ရွက်နေရပြီး ပြဿနာ အကြီး အသေးအပေါ် မူတည်ကာ ဥပဒေစည်းမျဉ်းများနှင့် အညီ ကိုင်တွယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ ပုဂံဒေသတွင် ဟိုတယ်များ ကျူးကျော် တိုးချဲ့လာခြင်းနှင့် ပတ်သက်၍ အမျိုးသားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုသမ္မတ ဦးဉာဏ်ထွန်း ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်း နေကြောင်း သိရှိရသည်။
ရန်ကုန်အခြေစိုက် ယူနက်စကိုရုံးမှ တာဝန် ရှိသူ တဦးက “ဒီအဆောက်အအုံတွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် ချရမှာကတော့ အစိုးရရဲ့ အလုပ်ပဲ။ ပညာရှင်တွေကလည်း ပွင့်လင်းမြင်သာပြီး ဘယ်သူ မျက်နှာမှမထောက် တင်ပြပြီးပြီ။ ယဉ်ကျေးမှုဝန်ကြီး ဌာနအနေနဲ့တော့ သမ္မတရုံးအထိ တင်ပြရဦးမယ်လို့ ထင်တယ်” ဟု ပြော သည်။
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား တနှစ်လျှင် ၄ သန်းခန့် လာရောက်နေပြီး ပုဂံဒေသသည် သွား ရောက် လည်ပတ်သင့်သော နေရာအဖြစ် အသိ အမှတ်ပြုနေကြချိန်တွင် စီးပွားရေးလုပ်ငန်းရှင်များ ကလည်း ဈေးကွက် အရ ဟိုတယ်များကို တရားဝင် ရော တရားမဝင်ပါ ထိုးဖောက်ဝင်ရောက် ဆောက် လုပ်နေကြခြင်း ဖြစ်သည်။
ထို့အပြင် ဧရာဝတီ မြစ်ကမ်းဘေးရှိ ဧဒင် ဟိုတယ်သည် ဧရာဝတီမြစ်အတွင်းသို့ တဖြည်းဖြည်း တိုးချဲ့လုပ်ကိုင်နေကြောင်း ဒေသခံများက ဆိုသည်။
“သူက ရေကျချိန် သောင်ထွန်းလာပြီဆိုရင် ကွန်ကရစ်တွေလောင်းပြီး အဆောက်အအုံတွေကို အခိုင်အမာ ချဲ့နေတာ၊ အပြိုင်အဆိုင်ပဲ။ အစိုးရက မြေပေါ်ကျူးကျော်ရင်သာ ဥပဒေရှိတာ၊ ရေထဲ ကျူး ကျော်ရင် ဥပဒေမရှိဘူး ထင်တယ်” ဟု ဒေသခံတဦး က ပြောသည်။
စစ်အစိုးရလက်ထက် ၎င်းတို့နှင့် နီးစပ်သည့် စီးပွားရေးသမားကြီးများကို ဟိုတယ်များ ဆောက် လုပ်ခွင့်ပြုခဲ့ရာ အဓိကကျသည့် ရှေးဟောင်း သုတေသနဇုန် (Archaeological Zone)၊ အဆောက် အအုံဆိုင်ရာ ဇုန်(Monument Zone) များတွင်ပါ ဟိုတယ်များ ဝင်ရောက် ဆောက်လုပ်ခဲ့ခြင်းကြောင့် ပုဂံဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဆိုးကျိုး များ သက်ရောက်နေခြင်း ဖြစ်သည်။
ရန်ကုန်အခြေစိုက် ယူနက်စကိုရုံးမှ တာဝန်ရှိ သူတဦးက ဤသို့ ဟိုတယ်များ စည်းကမ်းမဲ့ဆောက် လုပ်နေခြင်း မှာ ယဉ်ကျေးမှုဝန်ကြီးဌာနတွင် တာဝန် ရှိသကဲ့သို့ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာ ရေး စသည့်ဌာနများမှ တာဝန်ရှိသူ များနှင့်လည်း သက်ဆိုင်ကြောင်း ထောက်ပြသည်။
“ပုဂံယဉ်ကျေးမှုဇုန်ထဲမှာ ဒီလို အဆောက်အအုံ တွေ ဆောက်လုပ်နိုင်ဖို့ စီးပွားရေးလုပ်ငန်းရှင်ကြီး တွေက အထက်က တိုင်းပြည်အုပ်ချုပ်နေသူတွေကို ခွင့်ပြုချက်တောင်းတယ်။ အဲဒီလို အထက်ကအမိန့်နဲ့ လာတော့ လည်း ယဉ်ကျေးမှု ဝန်ကြီးဌာနလည်း မတတ်နိုင်ဘူး၊ ငြင်းလို့မရဘူး၊ ကန့်ကွက်လို့ မရဘူး။ အဲဒီတော့ နေသာသလို နေလိုက်တော့ တော်တော် ဆိုးတယ်” ဟု ၎င်းကပြောသည်။
ရှေးဟောင်း သုတေသန အငြိမ်းစား ဒု ညွှန် ကြားရေးမှူးချုပ်၊ လွှတ်တော် ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး ဦးအောင်ကြိုင်ကလည်း ကမ္ဘာလှည့် ခရီးသွားများ အဆမတန် များပြားသည့်အတွက် ပုဂံ-ညောင်ဦး ဒေသတွင် ဟိုတယ်များ လိုအပ်သည် မှာ မှန်သော်လည်း သတ်မှတ်ထားသည့် ဟိုတယ်ဇုန် အမှတ်(၄)တွင်သာ ဆောက် သင့်ကြောင်း၊ စစ်အစိုးရ လက်ထက်က ရှေးဟောင်းဇုန်အတွင်း ဟိုတယ်များ ဆောက်လုပ်ခွင့်ပြုခြင်းမှာ မှားယွင်းသည့်အတွက် ယခုအခါ ကမ္ဘာအမွေအနှစ် စာရင်းဝင်ရေးအတွက် အနှောင့်အယှက်ဖြစ်နေရကြောင်း ထောက်ပြသည်။
“ဟိုတယ်သမားတွေကတော့ မုန်းလိမ့်မယ်။ ဒါပေမယ့် ဘုရားကြို ဘုရားကြားကတော့ မဆောက် သင့်ပါဘူး။ ပုဂံပျက်သွားမယ်။ ပုဂံဆိုတာ မြန်မာ့ အသည်းနှလုံး၊ တမျိုးသားလုံးနဲ့ ဆိုင်တယ်၊ တော် တော်ကို ယုယုယယ ထားရမယ်။ နံရံဆေးရေးပန်းချီ တင် ၄၆၀ လောက် ရှိတာ။ အရှေ့တောင်အာရှမှာ အများဆုံး၊ အုတ်စီလက်ရာ အကောင်းဆုံး ဂုဏ်ယူစရာ ကောင်းပါတယ်။ ဟိုတယ်တွေ နေရာတကာ ဆောက်နေရင် နိုင်ငံခြားသားတွေ လည်း ကဲ့ရဲ့မယ်၊ ကျနော်တို့ အမွေအနှစ်တွေလည်း တိုက်ကြိုတိုက် ကြား ရောက်ကုန်မယ်” ဟု ဦးအောင်ကြိုင် က ပြောသည်။
ပြီးခဲ့သည့် လအတွင်းကလည်း ပုဂံ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန် (MZ) အတွင်းရှိ ဧရာဝတီမြစ်ဘေး ရွှေစည်းခုံ ဘုရားအနီးရှိ မြတောင်ကျောင်းတိုက်၏ အရှေ့ဘက် ရှိ ဧရိယာကို နိုင်ငံခြားသား တဦးက The Bagan Step ဟု ဆိုင်းဘုတ်တင်ပြီး သူပိုင်ဆိုင်သည်ဟုဆိုကာ ဝန်းခြံခတ်ခဲ့ရာ ယဉ်ကျေးမှု ဝန်ကြီးဌာနက တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူမည် ဖြစ်ကြောင်း သတိပေးခဲ့ရသည်။
ယဉ်ကျေးမှု ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည် နယ် မြောက်ဦးဒေသရှိ ရှေးဟောင်းအမွေအနှစ်များ ကိုလည်း ထိန်းသိမ်းကာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေး ပြင်ဆင်မှုများ လုပ်ဆောင်လာသည်ကို တွေ့ရသည်။
သို့သော် ပုဂံနှင့် မြောက်ဦး ကွာခြားချက်မှာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ ထိန်း သိမ်းရန် ပြည်ပနိုင်ငံများက စိတ်ဝင်တစား ကူညီသော်လည်း မြောက်ဦးဒေသမှ အမွေအနှစ်များကို ထိန်းသိမ်းရန် ပြည်ပကူညီမှု မရှိသေးကြောင်း သိရ သည်။
ထို့ကြောင့် ရခိုင်ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် မြောက်ဦးဒေသရှိ ရှေးဟောင်းအမွေအနှစ် နန်း တော်ရာကုန်း၊ သျှစ်သောင်း ပုထိုးတော်ကြီး၊ ထုက္ကန် သိမ်၊ ကိုးတန်စေ့စေတီ၊ လက်ဆည်ကန်၊ အနူမကန်၊ မင်းသားကျွန်း တံတိုင်းတို့ကို ထိန်းသိမ်းရန်၊ မြောက် ဦး ယဉ်ကျေးမှုဒေသ သဘာဝပတ်ဝန်းကျင် သာယာ လှပရေး၊ Gegraphical Information System Data Base ပြုလုပ်ရေး၊ နယ်နိမိတ် တိုင်းတာပြီး Digital Mapping ပြုလုပ်ရန် စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် မြောက်ဦးဒေသရှိ ရှေးဟောင်းအမွေ အနှစ်များကို ထိခိုက်နိုင်မှု၊ ကာကွယ်တားဆီးမှုတို့ အတွက် ဘက်ပေါင်းစုံမှ ဆန်းစစ်ချက်စစ်တမ်း IA တခုကိုလည်း နိုင်ငံခြားပညာရှင်များနှင့် ရှေးဟောင်း သုတေသနမှ ပညာရှင်များပူးပေါင်းကာ လုပ်ဆောင် ရန်ရှိကြောင်း သိရသည်။
“ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်တဲ့ အခါ ဘာတွေဆောင်ရမလဲ၊ ဘာတွေရှောင်ရမလဲ၊ ဘာအရာတွေ ကို အလေးအနက်ထား စောင့်ကြည့် ရမလဲဆိုတာ ကြိုတင်ပြင်ဆင်တဲ့ သဘောနဲ့ HIA လုပ်တာပါ” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဦး လွင်က ပြောသည်။
သို့သော် မြောက်ဦးရှေးဟောင်းဇုန်၌ ဟိုတယ် နှင့် တည်းခိုခန်း အနည်းအကျဉ်းသာ ရှိခြင်းက အားသာချက် တခုဟု ဆိုနိုင်သည်။ သို့သော် ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ဖြစ်ရန် အချိန်ကာလများစွာ ယူရမည် ဖြစ်သကဲ့သို့ ဒေသခံများကိုလည်း အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်ရဦးမည် ဖြစ်ကြောင်း ဦးကျော်ဦးလွင်က သုံးသပ်သည်။
၂၀၁၀ ပြည့်နှစ် စစ်အစိုးရလက်ထက် ကျောက် တော်-မြောက်ဦး ရထားလမ်းကို ရှေးဟောင်း အမွေအနှစ်များ ရှိရာ နေရာများမှ ဖြတ်သန်းဖောက်လုပ် ရန် လုပ်ဆောင်ခဲ့သော်လည်း ဝိုင်းဝန်းကန့်ကွက်မှု ကြောင့် မြေတူးဆဲ အခြေအနေတွင် ရပ်တန့်ထားခဲ့သည်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုး မြို့ဟောင်း၌လည်း ဒေသခံများ ကို အသိပညာပေး အစီအစဉ်များ ဆက်တိုက် လုပ်ကိုင်ဆောင်ရွက်နေသော်လည်း ဒေသခံများ၏ လက်လွတ် စပယ်ပြုမူများကို တွေ့နေရသည်ဟု သိရ သည်။
မတ်လ အစောပိုင်းက သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်း ပြည်မြို့ စီးပွားလုပ်ငန်းရှင် ဦးထိုင်ထိုင်ဆိုသူက ကြံစိုက်ပျိုးရန် ၂ ဧကခွဲခန့်ကို ထွန်ယက်စေရာ ရှေးဟောင်း ပျူတိုက်ကုန်း ၇ ကုန်း ခန့် ထိခိုက်ခဲ့ရသည်။
“ဒေသခံတွေက ချက်ချင်း သတင်းလာပေး တယ်။ ကျနော်တို့ ရှေးဟောင်းသုတေသန အနေနဲ့ သူတို့ကို ဒီနေရာတွေက အရေးကြီးတယ်ဆိုတာ အထပ်ထပ် ကြေညာထားပြီးသား။ မြေပုံတွေလည်း ထုတ်ပြီး ဖြန့်ဝေထားပြီးသားပါ။ အဲဒါကို လုပ်တာပါ။ ဒါကြောင့် ဒေသဆိုင်ရာ ပျူလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူးကို တိုင်ထားတယ်၊ သီးခြား သတိပေးစာလည်း ထုတ်ဦးမှာပါ” ဟု သရေခေတ္တရာ ရှေးဟောင်းဇုန် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ဆိုသည်။
ကြံခင်းပိုင်ရှင် စီးပွားရေး လုပ်ငန်းရှင် ဦးထိုင် ထိုင်သည် သရေခေတ္တရာ အမွေအနှစ် စောင့်ရှောက် ရေးအဖွဲ့ဒုဥက္ကဋ္ဌ တယောက်လည်း ဖြစ်သည့်အတွက် ရှေးဟောင်းအမွေအနှစ်များ မပျက်စီးရေးအတွက် ဒေသခံများကို စည်းရုံးနိုင်ရေး မည်မျှအရေးပါ ကြောင်း ပြသနေသည်။
“ဒီလိုလူမျိုးတွေကို အသိရှိလာအောင် လုပ်ရ တာ ကျနော်တို့အတွက် စိန်ခေါ်မှုတခုပါ။ ဒီဒေသ မှာ စီမံခန့်ခွဲမှု တွေလုပ်တဲ့အခါ သူ့လောက်နာမည် မကြီးပေမယ့် သူ့လိုလူမျိုးတွေ အများကြီး တွေ့ရ တယ်။ တကယ်တော့ ဌာနအနေနဲ့က ကြိုးစားပြီး ကမ္ဘာ့ အမွေအနှစ်စာရင်း ဝင်အောင်လုပ်ခဲ့ပေမယ့် တကယ်တော့ ဇုန်ထဲက လူတွေ က ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်၊ ဘာအခွင့် အရေးတွေ ရမယ်ဆို တာ မသိဘူး၊ အဆင်သင့် မဖြစ် သေးပါဘူး” ဟု ဦးကျော်မျိုးဝင်းက ဆိုသည်။
အလားတူ ဟန်လင်း ရှေးဟောင်းဇုန်အတွင်း တွင် နေထိုင်သူတွေကလည်း သစ်ပင်များကို ခွင့်ပြု ချက်မရဘဲ ခုတ်နေကြောင်း သိရသည်။
ထို့ကြောင့် ပျူမြို့ဟောင်းများ ရေရှည်စီမံခန့်ခွဲမှု အစီအစဉ်များအတွက် ဌာနဆိုင်ရာများက တာဝန်ရှိ သူများနှင့် ဒေသခံပြည်သူများကို အကြံပေးနိုင်ရန် ရည်ရွယ်ပြီး ယူနက်စကိုမှ ကြီးမှူးကာ နိုင်ငံတကာ ကျွမ်းကျင် သူ International Expert တဦးကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ၆ လ သက်တမ်းဖြင့် ငှားရမ်းထား ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွန် ကြားရေးမှူး ဒေါ်မီမီခိုင်က ဧရာဝတီသို့ ပြောသည်။
ထိုသို့ ရေရှည်စီမံခန့်ခွဲမှုနှင့် ဒေသခံပြည်သူ များကို အသိပညာပေးမှုများ မပြုလုပ်နိုင်ပါက ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အဖြစ်မှ ထိခိုက်မှုများ ဖြစ်လာနိုင်ကြောင်း သိရသည်။