Culture

ပင်ပန်းသမျှ ရွှင်လန်းသွားစေသော မော်တင်စွန်း ဘုရားပွဲ

This article has been converted from Zawgyi One to Unicode

ကျနော့်မမ ပုသိမ်သူ၊ ချောပုံ ယဉ်ပုံလှပုံ တမူ၊ အများနဲ့မတူ အလှဘွဲ့ယူ…. အစချီပြီး “မော်တင်စွန်း ဘုရားပွဲ လိုက်ခဲ့ပါ ခေါ်သူ…” ဆိုသော စာသားများနှင့် ဖွဲ့သီထားသည့် အဆိုတော် သန်းထွန်းလေး ၏ မမပုသိမ်သူ သီချင်းကိုဖွင့်လျက် ပုသိမ်မြို့မှ ထွက်ခွာလာ သော နှစ်ထပ်ခွဲ သင်္ဘောကြီးက ငပုတောမြို့နယ်ရှိ မြစ်ကြောင်းအတွင်း၌ တရွေ့ရွေ့ ခုတ်မောင်းနေသည်။

သာသနာ့အလံငယ်လေးများ တလူလူလွှင့်ထူထားသည့် သင်္ဘောကြီးက ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း မြို့နယ်ခွဲတွင် တည်ရှိသည့် မော်တင်စွန်းဘုရားဆီသို့ ဦးတည် ခုတ်မောင်းနေခြင်းဖြစ်ပြီး သင်္ဘောပေါ်၌ အနယ်နယ်အရပ်ရပ်မှ လာရောက် ကြသည့် ဘုရားဖူးခရီးသည်များ လိုက်ပါလာခဲ့ကြသည်။

“ကျနော်တို့ မိသားစုက နှစ်တိုင်းမော်တင်ဘုရားပွဲကို လာဖြစ်တယ်။ ဒီနှစ်နဲ့ဆို ၄ နှစ်မြောက်ပေါ့။ မော်တင်စွန်းဘုရားပွဲက တနှစ် လာပြီးတာနဲ့ နှစ်တိုင်း ဘုရားပွဲအချိန်ရောက်ပြီဆိုတာနဲ့ မလာဘဲကို မနေနိုင်ဘူး”ဟု ရန်ကုန်မြို့မှ လာရောက်သည့် ကိုကျော်စည်သူက ပြောပြသည်။

မြန်မာပြည်၏ တန်ခိုးကြီးဘုရားတဆူဖြစ်ပြီး လူသိထင်ရှားသည့် မြတ်မော်တင်စွန်း ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်း လဆန်း ၁ ရက်နေ့(ဖေဖော်ဝါရီ ၁၈ ရက်)မှ တပေါင်းလပြည့်နေ့(မတ် ၄ ရက်)အထိ ၁၅ ရက် ကျင်းပခဲ့ရာမှ ယခုနှစ်တွင် တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့(ဖေဖော်ဝါရီ ၄ ရက်)မှ တပေါင်းလပြည့်နေ့(မတ် ၄ ရက်)အထိ ရက်ပေါင်း ၃၀ ကျင်းပခဲ့သည်။

ဘုရားပွဲတော် စတင်သည်နှင့် လျှပ်ပြေးရေယာဉ်များ၊ နှစ်ထပ်ခွဲ သင်္ဘောကြီးများဖြင့် ပုသိမ်မြို့ဆိပ်ကမ်းမှ ဟိုင်းကြီးကျွန်း မြို့နယ်ခွဲ ခမောက်မော် ကျေးရွာအထိ တိုက်ရိုက်ပြေးဆွဲပေးသည်။ အိပ်စင်များ ပါဝင်ပြီး သန့်ရှင်းသပ်ရပ်စွာ မွမ်းမံ ပြင်ဆင်ထားသည့် သင်္ဘောကြီးများက ဘုရားဖူးခရီးသည်များအတွက် သွားလာရေး အဆင်ပြေစေသကဲ့သို့ လမ်းတလျှောက်၌လည်း မော်တင်စွန်းဘုရားပွဲအကြောင်း သီဆိုထားသည့် သီချင်းများ ဖွင့်ပေးထားသည့်အတွက် မော်တင်စွန်း ဘုရားဖူးခရီးစဉ်အတွင်း သင်္ဘောစီးရသည်က ပျော်ရွှင်ကြည်နူးဖွယ်ရာ ဖြစ်သည်။

ခမောက်မော် ကျေးရွာအနီးရှိ ပင်လယ်ကမ်းစပ်၌ သင်္ဘောများ ခရီးဆုံးအဖြစ် ဆိုက်ကပ်သည်နှင့် မော်တင်ဘုရားနှင့် ခမောက်မော် ရွာအကြား ပြေးဆွဲသည့်လိုင်းကားများက ဘုရားဖူး ခရီးသည်များကို သူ့ထက်ငါ အလုအယက် ခေါ်ယူကြသည်။ ခရီးသည်ပြည့် သည် နှင့် မောင်းထွက်ကြပြီး ရေကျချိန်ဆိုလျှင် သောင်ပြင်ကမ်းစပ် အတိုင်းမောင်းကာ၊ ရေတက်ချိန် ဆိုလျှင်တော့ ခမောက်မော်၊ ကံချိုင်စသည့် ရွာတွင်းလမ်းများမှ မောင်းလေ့ရှိကြသည်။

ရေကျချိန် သောင်ပြင်လမ်းအတိုင်း မောင်းသည့်အခါတွင် အခက်အခဲမဖြစ်သော်လည်း ရေတက်ချိန် ရွာတွင်းလမ်းများ အတိုင်း မောင်းသည့်အခါတွင် လမ်းပိုင်းနေရာ တော်တော်များများ ပျက်စီးနေပြီး လမ်းကြမ်းသည့်အတွက် ခမောက်မော် – မော်တင်လမ်း ၃ မိုင် ခရီးအား ဘုရားဖူးဧည့်သည်များ ခက်ခဲပင်ပန်းစွာ သွားလာနေသည်ကို တွေ့ရသည်။ လိုင်းကားမစီးလို၍ ဆိုင်ကယ် တက္ကစီဖြင့် သွားကြသူများလည်း ရှိသည်။ မော်တင်စွန်းဘုရားပွဲသို့ လာရောက်၍ ပြေးဆွဲသည့် လိုင်းကားအစီးပေါင်း ၁၈၀ ကျော်ရှိပြီး ဆိုင် ကယ် တက္ကစီအစီးရေ ၁၀၀၀ ကျော် ရှိကြောင်း သိရသည်။

“ဘုရားဖူး ဧည့်သည်တွေများတဲ့အချိန်၊ လူစည်ကားတဲ့အချိန်တွေမှာ ကားတွေ၊ ဆိုင်ကယ်တွေက မဆင်မခြင် မောင်းတော့ သေဆုံး ဒဏ်ရာရတာတွေ ရှိတယ်။ တချို့ကလည်း ကမ်းခြေမှာ ဆိုင်ကယ်မမောင်းတတ်တော့ မှောက်ကြတာတွေ ရှိတယ်။ ဒီနှစ်လည်း ယာဉ်တိုက်မှုဖြစ်တာ လူတယောက် သေသွားတယ်”ဟု လိုင်းကား စပယ်ယာတဦးက ပြောပြသည်။

ရပ်ဝေးမှ လာရောက်ကြသည့် ဘုရားဖူးဧည့်သည်များ ညအိပ်တည်းခိုရန် ဘုရားပွဲဈေးတန်း အတွင်း၌ တည်းခိုဆောင်များ အသီး သီး ဖွင့်လှစ်ထားပြီး လူစည်ကားရက်ဖြစ်သည့် တပေါင်းလဆန်း ၁၂၊ ၁၃၊ ၁၄ ရက်များတွင် အခန်းလွတ်ဟူ၍ မရှိသလောက်ဖြစ် အောင် ဘုရားဖူးဧည့်သည်များ လာရောက်ကြသည်။

အခန်းခ ဈေးနှုန်းများမှာလည်း အဆိုပါအချိန်တွင် ၂ ဆ၊ ၃ ဆ မြင့်တက်သွားလေ့ရှိသည်။

ဖုန်းလိုင်းမှာလည်း GSM၊ တယ်လီနော၊ အော်ရီဒူးမည်သည့်ဖုန်းမှ လိုင်းမမိချေ။ ၅ သိန်းတန်ဖုန်းဟု အလွယ်ခေါ်ကြသည့် ၀၉ ၄၉ ဖြင့်စသော CDMA 450 ဖုန်းများသာ လိုင်းမိသဖြင့် ဖုန်းဖြင့်၊ အင်တာနက်ဖြင့် အလုပ်လုပ်သူများ မော်တင်စွန်း ဘုရားပွဲရောက်ချိန် တွင် အခက်တွေ့ကြသည်။ လမ်းဘေးဖုန်း – PCO လည်း မရှိသဖြင့် ဘုရားဖူးဧည့်သည်များမှာ ဘုရားပွဲဈေးတန်းမှ ဈေးသည်တို့၏ ဖုန်းများကို ငှားရမ်၍ ပြောဆို ဆက်သွယ်ကြရသည်။

မော်တင်စွန်း ဘုရားပွဲသို့ လာရောက်သူအားလုံး ညည်းညူကြသည့် ကိစ္စကတော့ ရေချို မရရှိသည့် ပြဿနာဖြစ်သည်။ တည်းခိုဆောင်များကလည်း ညအိပ်ဖို့သာ တာဝန်ယူပြီး ရေချိုအသုံးပြုမှုအတွက် တည်းခိုသူက ရေ ၁ ဇလားလျှင် ၅၀၀ ကျပ်၊ မျက်နှာသစ်၊ ခြေလက်ဆေးလျှင် ၂၀၀ ကျပ်၊ သန့်စင်ခန်းအသုံးပြုလျှင် ၁၀၀ ကျပ် နှုန်းဖြင့် ငွေ သပ်သပ်ပေးရသည်။

ငပုတောမြို့နယ်အတွင်းမှ ဘုရားဖူးလာသည့် ဒေသခံများကတော့ ဖျာများ၊ စောင်များ ယူဆောင်လာကြပြီး ဘုရားရင်ပြင်တော်ပေါ်၌ အသီးသီး စုရုံးအိပ်စက်ကြသည်။ မော်တင်စွန်းသို့ ကားဖြင့်လာရောက်သူ တချို့ကလည်း ကမ်းခြေ သဲသောင်ပြင်ပေါ်၌ ကားထိုး ရပ်ကာ ကားပေါ်၌ပင်အိပ်စက်ကြသည်။

ဘုရားဖူးခရီးစဉ်အတွင်း အခက်အခဲများ၊ အဆင်မပြေမှုများ ရှိစေကာမူ မော်တင်စွန်းဘုရားကို ဖူးမြော်ပြီးနောက် ပင်ပန်းမှုများ၊ အခက်အခဲများ အားလုံး မေ့လျော့ပြေပျောက်သွားသည်ဟု ပဲခူးတိုင်း၊ နတ္တလင်းမြို့မှ ဘုရားဖူး လာရောက်သည့် ဒေါ်စိန်တင်က ပြောပြသည်။

“ဘုရားဖူးရတာ အဆင်မပြေမှုလေးတွေတော့ ရှိတာပေါ့နော်။ ဒါပေမယ့် ဘယ်လိုပဲ ခက်ခဲပင်ပန်းတာတွေ ရှိပေမယ့် ဘုရားကုန်း တော် ပေါ်တက်ပြီး ဝတ်ပြုပြီးတာနဲ့ မောသမျှ၊ ပင်ပန်းသမျှတွေ ပြေပျောက် သွားတယ်”ဟု သူက ဆိုသည်။

မော်တင်စွန်းဘုရားမှာ ပင်လယ်ကမ်းခြေအနီးရှိ တောင်အစွန်း ကုန်းမြင့်ပေါ်တွင် တည်ထားခြင်းဖြစ်ပြီး ရှေးအခါက ယင်းကုန်း တော် ကို သရန တောင်ဟုခေါ်ဆိုကြောင်း ဘုရားသမိုင်းမှတ်တမ်းများအရ သိရသည်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်တွင် တပုဿနှင့် ဘလိက္ကကုန်သည်ညီနောင် ၂ ဦးမှာ မဇ္ဈိမဒေသ (အိန္ဒိယနိုင်ငံ) သို့ ဆန်များ ကူးသန်းရောင်းဝယ်ရန် ရောက်ရှိခဲ့ပြီး ဘုရားအဖြစ်သို့ ရောက်တော်မူသည့် ဂေါတမမြတ်ဗုဒ္ဓကို ပထမဦးဆုံး ဖူးတွေ့ခွင့်ရရှိခဲ့သည်။

ဗုဒ္ဓဘုရားရှင်အား ဖူးတွေ့ရစဉ် နောက်နောင်တွင် ဘုရားရှင်ကိုယ်စား အလေးအမြတ်ထား ကိုးကွယ်ရန် ပေးသနားတော် မူပါဟု တောင်းခံခဲ့ရာ မြတ်ဗုဒ္ဓက ကုန်သည်ညီနောင်အား ဆံတော် ၈ ဆူ ပေးသနားတော် မူခဲ့ပြီး ယင်းဆံတော်များအား လှေဖြင့်တင် ဆောင် ၍ ရွက်လွှင့်လာခဲ့ရာ ကုသိမနဂရ (ခေါ်) ပုသိမ်ဒေသ တောင်ဘက်ပိုင်း နဂရာဇ်မှော် (ခေါ်) မော်တင်စွန်း အငူသို့ ရောက်ရှိကာ ညအိပ်ရပ်နားစဉ် နဂါးတို့၏ဘုရင် ဇေယျသေန နဂါးမင်းက လူအသွင်ဖန်ဆင်း၍ ဆံတော် ၂ ဆူကို ခိုးယူပင့်ဆောင် ထားခဲ့ သည်။

ဇေယျသေန နဂါးမင်းက ယင်းဆံတော်များကို သရနတောင် (ခေါ်) မော်တင်စွန်းအငူ၌ ဌာပနာ၍ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆိုလပြည့်နေတွင် ဘုရားစေတီအဖြစ် တည်ထားကိုးကွယ်ခဲ့သည်ဟု ဘုရားသမိုင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။ နောက် နောင်တွင် သီရိဓမ္မာသောကမင်း၊ အလောင်းစည်သူမင်းတို့က ဘုရားဒါယကာအဖြစ် ခံယူပြီး ပြုပြင် တည်ဆောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဘုရားသမိုင်းတွင် ဖော်ပြပါရှိသည်။

“မော်တင်စွန်းဘုရားရဲ့ ထူးခြားချက်ကတော့ ဆွမ်းကိုဦးအောင် မကပ်နိုင်ဘူး။ မနက် ၄ နာရီ ဘုရားကို ဆွမ်းကပ်မယ် ပြင်ထားရင် ဆွမ်းပွဲတခုခုက ဘုရားမှာ ကပ်ပြီးသား ဖြစ်နေပြီ။ ဘုရားဖူူး ဘယ်လောက်များများ ဘုရားရင်ပြင်တော်က ပြည့်သွားတယ်လို့ မရှိဘူး။ ဘာမုန်တိုင်း တိုက်ပါစေ ဘုရားကို ထိခိုက်တယ် မရှိဘူး။ နာဂစ် မုန်တိုင်း တိုက်တုန်းကတောင် ဘုရားမှာ ကြီးကြီးမားမား ပျက်စီးတာ မရှိခဲ့ဘူး”ဟု ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးခင်ငွေက ပြောပြသည်။

နှစ်စဉ် မြန်မာပြည်အနှံ့အပြားမှ ဘုရားဖူး ဧည့်သည်ပေါင်း ၁ သိန်းကျော် လာရောက်လည်ပတ်လေ့ ရှိပြီး ဘုရားသို့ လှူဒါန်းငွေမှာ နှစ်စဉ် ကျပ်သိန်း ၁၀၀ ကျော် ရှိကြောင်း သိရသည်။

နဂါးမင်းတည်သော ဘုရားဟု အစွဲပြုခေါ်ဆိုကြသည့်နည်းတူ နှစ်စဉ် ဘုရားပွဲတော်ကျင်းပသည့် တပေါင်းလတွင် နဂါးများ လာရောက်ဖူးမြော်ကြသည်ဟု ဒေသခံများက အစဉ်အဆက် ယုံကြည်ခဲ့ကြသည်။ နတ်နဂါးတို့အပေါ် ယုံကြည်မှုရှိသူ ဘုရားဖူး ဧည့်သည်များကလည်း မော်တင်စွန်းဘုရားဖူးမြော်ပြီးနောက် ဖောင်တော်ဆိပ် စေတီတော်အနီး၌ နဂါးစာကျွေး၍ အလိုရှိရာဆုများ တောင်းနေကြသည်ကို တွေ့ရသည်။

ငှက်ပျောတုံးလေးများကို ဖောင်သဖွယ်ပြုလုပ်၍ ဖောင်ပေါ်တွင် ထီး၊ တံခွန်၊ အောင်သပြေပန်း၊ သာသနာ့အလံ၊ နွားနို့အိုးနှင့် တခြား လိုအပ်သောပစ္စည်းများ တင်ဆောင်ကာ ပင်လယ်အတွင်းသို့ မျှောပြီး နဂါးစာကျွေးကြခြင်း ဖြစ်သည်။

“လှူဒါန်းတဲ့လူတွေက နဂါးမင်းကို အစာကျွေးပြီး လိုရာဆုတောင်းကြတာပေါ့။ ကျနော်တို့ကတော့ လိုအပ်တာတွေ ကူညီပေးပါတယ်။ နဂါးမင်းကို ပင့်ဖိတ်ပေးတယ်။ ဝိုင်းဝန်း ဆုတောင်းပေးတယ်။ နဂါးစာ ကျွေးခြင်းအားဖြင့် ဇေယျသေန နဂါးမင်းက သူတို့အပေါ် စောင့်ရှောက်တယ်၊ ဝိုင်းဝန်းကူညီပေးတယ်လို့ ယုံကြည်ကြတယ်လေ”ဟု မော်တင်စွန်း ဘုရားပွဲတွင် နဂါးစာကျွေးသည့် ဖောင်များ ပြုလုပ်ရောင်းချသည့် ကိုဇော်ထိုက်က ပြောပြသည်။

ဘုရားဖူး ဧည့်သည်များထဲတွင် လူကြီးပိုင်းက နဂါးစာကျွေးနေချိုန်တွင် လူငယ်များက အလောင်းစည်သူမင်း တည်ထားခဲ့သည့် ဖောင်တော်ဆိပ်စေတီတော် ပတ်ပတ်လည်ရှိ တမျှော်တခေါ် သန္တာကျောက်တန်းများပေါ် လျှောက်သွားရင်း အလှဓာတ်ပုံ ရိုက်သူ ရိုက်၊ ပင်လယ်ရေလှိုင်း ရှုခင်းများ ကြည့်သူကြည့်နှင့် ပျော်ရွှင်နေကြသည်။

မော်တင်စွန်း ဘုရားအနီးတဝိုက်၌ ကုသိုလ်ယူစရာ၊ လေ့လာစရာများ လုပ်ဆောင် ပြီးသွားချိန်တွင် ဘုရားဖူး ဧည့်သည်များမှာ မော်တင်မှ ၇ မိုင်ခန့်ဝေးသည့် ငွေတောင်ရွာအနီးမှ ကမ်းခြေသို့ သွားရောက်ပြီး ပင်လယ်ရေကူးရင်း စိတ်လက် အပန်းဖြေကြသည်။

ပင်လယ်ရေကြည်၍ သောင်ပြင်လည်း ကျယ်ဝန်းသည့် ငွေတောင်ကမ်းခြေက ချောင်းသာနှင့် ခပ်ဆင်ဆင် တူသည်။ ငွေတောင်တွင် ဟိုတယ်တခုသာရှိပြီး ဘုရားဖူး ခရီးသည်အများစုကတော့ သောင်ပြင်ပေါ်တွင် ဖွင့်လှစ်ထားသည့် ရေချိုချိုးသော အခန်းများတွင် ပစ္စည်းများအပ်ကာ ပင်လယ်ရေကူးလိုက်၊ အုန်းစိမ်းရည် သောက်လိုက်ဖြင့် ပင်ပန်းသမျှကို ဖြေဖျောက်ကြသည်။

“ရေကူးရတာ အရမ်း ပျော်ဖို့ကောင်းပါတယ်။ ချောင်းသာရောက်နေသလို ခံစားရတယ်။ မော်တင်စွန်းလာတာက ဘုရားလည်း ဖူးရတယ်၊ ရေလည်းကူးရတယ်။ ကုသိုလ်လည်းရ၊ ပျော်လည်းပျော်ရတာပေါ့။ ဒီနှစ်မှ ကျနော်လည်း ရောက်ဖူးတာ။ အရမ်းပျော်ဖို့ကောင်းတော့ နောင်နှစ်တွေလည်း လာဦးမှာပါ”ဟု ရန်ကုန်မြို့မှ လာရောက် လည်ပတ်သည့် ကိုအောင်ဌေးက ပြောပြသည်။

ဘုရားဖူး ဧည့်သည်များက ပျော်နေကြသော်လည်း ယခုနှစ် မော်တင်စွန်းဘုရားပွဲတော်တွင် ဈေးလာရောင်းကြသည့် ဈေးသည်များ၊ ခမောက်မှော် – မော်တင်ပြေးဆွဲသည့် လိုင်းကားသမားများနှင့် ဆိုင်ကယ်တက္ကစီသမားများက မပျော်နိုင်ကြ။

“ဘုရားပွဲက ရက် ၃၀ ဆိုတော့ စရိတ်ထောင်းတယ်လေ။ အစောပိုင်းရက်တွေက လူမလာကြဘူး။ ဘုရားပွဲတလ ကျင်းပတာကို မသိကြတာရယ်၊ ကလေးတွေစာမေးပွဲတွေနဲ့ တိုက်နေလို့လည်း ဖြစ်မှာပေါ့နော်။ လူမစည်တော့ ဈေးမရောင်းရတဲ့ အခါကျတော့ ဒီမှာက ရေဖိုးနဲ့ စားစရိတ်က နေ့တိုင်းကုန်တယ်။ အဲဒီတော့ ဒီနှစ်က စာရင်း ပြန်ချုပ် လိုက်ရင် မမြတ်တဲ့အပြင် အရှုံးတောင် ပြ တယ်”ဟု ချောင်းသာရွာမှ မော်တင်ဘုရားပွဲသို့ မုန့်ဟင်းခါး၊ ခေါက်ဆွဲ လာရောင်းသည့် ဈေးသည်အမျိုးသမီးတဦးက ပြောသည်။

အရှုံးပေါ်သော်လည်း မော်တင် ဘုရားပွဲရာသီရောက်တိုင်း မလာဘဲမနေနိုင်သဖြင့် လာမည့်နှစ်ဘုရားပွဲချိန်တွင် လာရောက် ဈေးရောင်းဦးမည်သာ ဖြစ်ကြောင်း သူက ဆိုသည်။

ရှုံးသည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ မော်တင်စွန်းဘုရားပွဲက ထောင်သောင်းချီသည့် ဧရာဝတီတိုင်းသားများ အတွက် ကုသိုလ်လည်း ရ၊ ဝမ်းလည်းဝသည့် စီးပွားရေးလုပ်ငန်းများကို နှစ်စဉ် ဖော်ထုတ် ဖန်တီးပေးခဲ့သည်သာ ဖြစ်သည်။

တပေါင်းလပြည့်နေ့ဖြစ်သည့် မတ်လ ၄ ရက်နေ့တွင် မော်တင်စွန်း ဘုရားပွဲ ပြီးဆုံးသွားခဲ့ပြီးနောက် ၃ ရက် အကြာတွင် ဘုရားပွဲကျင်းပခဲ့သည့် သောင်ခုံပေါ်သို့ ပင်လယ်ရေများတက်လာခဲ့ပြီး လူတို့စွန့်ပစ်ခဲ့သည့် အမှိုက်သရိုက်များကို ရေလှိုင်းများက ပင်လယ်ထဲ သို့ ဆွဲယူသွားခဲ့ကြသည်။

ဤသည်က နဂါးတို့က ရေလှိုင်းများဖန်တီး၍ သန့်ရှင်းရေးလုပ်ရင်း ကုသိုလ်ယူခြင်းဖြစ်သည်ဟု ဒေသခံများက ယုံကြည်နေ ကြ သည်။ သိပ္ပံနည်းကျကျ အဖြေကိုသာ ဖော်ထုတ်လက်ခံလိုသူများ အတွက်တော့ ဤကိစ္စက ရယ်မောစရာ တခုလိုသာ ဖြစ်နေပေ လိမ့်မည်။

မည်သို့ဆိုစေ မြန်မာပြည် အနောက်တောင်ဘက်စွန်းရှိ မော်တင်စွန်းဘုရားပွဲကတော့ ဒဏ္ဍာရီဆန်သည့် ယုံကြည် သက်ဝင်မှုများ၊ လှပဆန်းကြယ်မှုများ၊ ပျော်ရွှင်လှိုက်မောဖွယ်ရာများဖြင့် မြန်မာပြည်သားတို့အား နှစ်စဉ် ဆွဲဆောင်နေပါ လိမ့်ဦးမည်။     ။

Loading