“သွေးအဖြေမှာ HIV ပိုး ရှိနေတယ်ဆိုတာ သိရတော့ သမီး တအားငိုပစ်လိုက်တယ်”
အသက် ၁၃ နှစ်အရွယ်မှာ ကိုယ့်ကိုယ်ကိုယ် HIV ပိုး ကူးစက်ခံထားရမှန်းသိခဲ့ရတဲ့ ကလေးငယ် တယောက်ရဲ့ အတိတ်ကို ပြန်ဖွင့်ဟတဲ့ စကားပဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်က အတွေ့အကြုံကို ပြန်ပြောပြ နေတဲ့ သူ့မျက်နှာမှာ ထူးထူးခြားခြား တုန်လှုပ်နေတဲ့ ဟန်မျိုး မတွေ့ရဘူး။ သူ့ရဲ့ အမူအရာတွေဟာ အရွယ်နဲ့ မလိုက်အောင် တည်တည်ငြိမ်ငြိမ် ဖြစ်နေပါတယ်။
သူ့အသက် ၃ နှစ်အရွယ်မှာ သူ့အဖေဟာ HIV ပိုးရဲ့ ဒဏ်ကြောင့် ကိုယ်ခံအား ကျဆင်းလာရာ ကနေ AIDS ရောဂါအဆင့် အထိ ရောက်ရှိ သေဆုံးခဲ့ပြီး အလားတူ အသက် ၅ နှစ် အရွယ်မှာ မိခင်ဖြစ်သူနဲ့ပါ သေကွဲခွဲခဲ့ရတဲ့ သူ့အတွက် ကျန်ခဲ့ တဲ့ အမွေကတော့ သူ့ခန္ဓာကိုယ်ထဲက HIV ပိုးပါပဲ။
စိတ်ပိုင်းဆိုင်ရာ နုနယ်လှတဲ့ အရွယ်မှာပဲ မိဘမဲ့ ကလေးတယောက် ဖြစ်လာရတဲ့ သူဟာ အသက် ၇၀ ကျော် တဦးတည်းသော အဘွားဖြစ်သူနဲ့ ဆက် လက် နေထိုင်ခဲ့ရပါတယ်။
မိဘနှစ်ပါးလုံး မရှိတော့တဲ့နောက် ကိုယ်ခံအား ကျဆင်းလာတဲ့ လက္ခဏာတွေ ဆက်တိုက် ဖြစ်လာပြီး ကျန်းမာရေး ချူချာလာတဲ့ သူ့ကို မိခင်ဖြစ်သူရဲ့ သူငယ်ချင်းက HIV/AIDS ကူးစက်မှု ကာကွယ် တားဆီးရေး လုပ်ငန်းတွေ လုပ်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်း တခုဆီကို ခေါ်ဆောင်သွားခဲ့ပါတယ်။
“အဲဒီ မတိုင်ခင်အထိ အဖေနဲ့အမေ ဘာကြောင့် ဆုံးတယ်ဆိုတာ သမီးမသိဘူး” လို့ သူက ဆိုပါတယ်။
သူကတော့ မြန်မာနိုင်ငံကို HIV ပိုး ရောက်ရှိ လာပြီးနောက်ပိုင်း ကူးစက်ခံခဲ့ရတဲ့ ပထမမျိုးဆက်ကနေ ထပ်မံ ကူးစက်ခံရပြီး မွေးဖွားလာတဲ့ ဒုတိယ မျိုးဆက် မဖူးဖူး (အမည်လွှဲ) ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ၁၉၈၅ ခုနှစ်မှာ HIV ပိုး စတင်ရောက်ရှိ လာခဲ့ပြီး ပထမဆုံး ကူးစက်ခံရတဲ့ လူတွေကို ၁၉၈၈ ခုနှစ်မှာ ထပ်မံ တွေ့ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ၁၉၉၁ ခုနှစ်မှာတော့ AIDS လူနာတွေ စတင် တွေ့ရှိခဲ့ကြောင်း သိရပါတယ်။
HIV/AIDS ဝေဒနာရှင်များအား အကူအညီ ပေးရေး ကုလသမဂ္ဂ အစီအစဉ် (UNAIDS) နဲ့ ကျန်းမာရေး ဝန်ကြီးဌာန၊ အမျိုးသား ခုခံကျ/ ကာလသား တိုက်ဖျက်ရေး စီမံချက် (NAP) တို့ ပူးပေါင်းခန့်မှန်း တွက်ချက်မှု အရ ၂၀၁၄ ခုနှစ် အကုန်အထိ မြန်မာနိုင်ငံမှာ မွေးရာပါ HIV ကူးစက်ခံထားရတဲ့ ကလေးငယ်ပေါင်း ၅ ထောင် ကျော် ရှိတယ် လို့ သိရပါတယ်။
အဲဒီ ကလေးငယ်ပေါင်း ၅ ထောင်ကျော်ထဲမှာ မဖူးဖူးလည်း တယောက် အပါအဝင် ဖြစ်ပါတယ်။ သေလူ တယောက် အဖြစ် သတ်မှတ်ထားရာကနေ ပြန်လည် ကျန်းမာရှင်သန်လာတဲ့ မဖူးဖူးဟာ အခု ဆိုရင် HIV/AIDS လူနာတွေ အတွက် စောင့် ရှောက်ရေး စင်တာတခုမှာ နေထိုင်ပြီး အဋ္ဌမတန်းကို တက်ရောက်နေပါတယ်။
မဖူးဖူးလိုပဲ အသက် ၁၂ နှစ်အရွယ်မှာ သူ့ ကိုယ်သူ HIV ပိုး ကူးစက်ခံထားရမှန်း သိခဲ့ရတဲ့ မိန်းကလေး နောက်တယောက်ကတော့ မအေးချမ်းမေ (အမည်လွှဲ) ပါ။ သူလည်းပဲ အသက် ၁၁ နှစ် အရွယ်မှာ AIDS ရောဂါ ဖြစ်နေတဲ့ မိဘနှစ်ပါးနဲ့ သေကွဲခွဲခဲ့ရတဲ့ မိဘမဲ့ မိန်းကလေးတဦး ဖြစ်ပါတယ်။
“သမီးတို့မှာ မောင်နှမ သုံးယောက်ရှိတယ်။ သမီးညီမလေးမှာ HIV ပိုးရှိလို့ ဆေးခန်းပြနေတာ။ သမီးမှာ ရှိနေမှန်း မသိဘူး။ စစ်ကြည့်တော့မှ တွေ့ တာ။ သမီး စဖြစ်တော့ ညီမလေးက ဆေးသောက် နေရပြီ” လို့ အခု အသက် ၁၉ နှစ်အရွယ် မအေးချမ်းမေက ပြောပြပါတယ်။
အခုဆိုရင် သူတို့ ညီအစ်မ နှစ်ယောက်လုံး HIV ပိုးကူးစက်ခံထားရတဲ့ မိဘမဲ့ ကလေးငယ်တွေကို စောင့်ရှောက် ထားတဲ့ သုခရိပ်မြုံမှာ နေထိုင်ရင်း မအေးချမ်းမေက နဝမတန်း တက်ရောက်နေပါတယ်။
မဖူးဖူးနဲ့ မအေးချမ်းမေတို့ ညီအစ်မ နှစ်ယောက် အပါအဝင် ကလေးငယ်ပေါင်း ၅ ထောင်ကျော်ဟာ မြန်မာနိုင်ငံမှာ HIV ပိုးနဲ့ AIDS ကို တွေ့ရှိပြီးတဲ့ နောက်ပိုင်း HIV ပိုးနဲ့အတူ မွေးဖွားလာတဲ့ ဒုတိယ မျိုးဆက်တွေလို့ ဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ HIV ပိုးရှိတဲ့ မိခင်ကနေ သန္ဓေသားကို ကူးစက်မှု ကာကွယ်ရေး လုပ်ငန်းတွေကို အစိုးရကနေ ၂၀ဝ၁ ခုနှစ်မှာ ထိုင်း-မြန်မာနယ်စပ် မြို့နယ် ၄ ခုမှာ ရှေ့ပြေးစီမံချက် အဖြစ် စတင် လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်း အထိ မြို့နယ်ပေါင်း ၂၆၀ ကျော်မှာ တိုးချဲ့လုပ်ဆောင်ခဲ့ပြီး တိုင်းနဲ့ ပြည်နယ် အားလုံးကို လွှမ်းခြုံနိုင်နေ ပြီလို့ ကျန်းမာရေး ဝန်ကြီးဌာန၊ NAP က လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းညွန့်ဦးက ရှင်းပြ ပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းအထိ ကိုယ်ဝန်ဆောင်မိခင် ၅ သိန်းဝန်းကျင် ရှိတဲ့အနက် ၈၅ ရာခိုင်းနှုန်းကို HIV ပိုး ရှိ၊ မရှိ သွေးစစ်တာ၊ နှစ်သိမ့်ဆွေးနွေး ပညာပေးတာတွေကို လုပ်နိုင်ခဲ့ပြီး သွေးအဖြေ လာယူသူပေါင်း ၆၅ ရာခိုင်နှုန်း ရှိခဲ့တယ် လို့ ဒေါက်တာ ထွန်းညွန့်ဦးက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ HIV ပိုး တွေ့ရှိထားတဲ့ ကိုယ်ဝန်ဆောင် မိခင်ပေါင်း ၃၅၀ဝ ဝန်းကျင် ရှိတယ် လို့လည်း သိရပါတယ်။
HIV ပိုးရှိတဲ့ ကိုယ်ဝန်ဆောင် မိခင်ကတဆင့် သန္ဓေသားကို မကူးစက်ရအောင် မွေးဖွားတဲ့ နည်း ပညာဟာ ၈၀ ရာခိုင်နှုန်းလောက် အောင်မြင်မှု ရှိနေပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကတော့ သန္ဓေသားကို ဆက်လက်ကူးစက် နေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ကုန်ငွေ အဖွဲ့ (Unicef )၊ ဆေး သုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) နဲ့ NAP တို့ ပူးပေါင်း သုတေသနလုပ်ထားတဲ့ စာတမ်းကို ကိုးကားပြီး မြန်မာနိုင်ငံ အိတ်ချ်အိုင်ဗီနှင့် နေထိုင် သူများ ကွန်ရက် (MPG) ရဲ့ ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောပါတယ်။
“၂၀ ရာခိုင်နှုန်းဆိုတာ နည်းတဲ့ ပမာဏ မဟုတ်ဘူး” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ HIV/AIDS ကာကွယ် တားဆီးရေး၊ နှစ်သိမ့်ဆွေးနွေး ပညာပေးရေးနဲ့ နောက်ဆက်တွဲ စောင့်ရှောက်ရေး လုပ်ငန်းတွေကို လုပ်နေတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ အစိုးရ ဌာနတွေ ရှိနေပေမယ့် အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေ၊ လူငယ်တွေအတွက် သီးသန့်စီစဉ်ထားတဲ့ စနစ်တွေ မရှိ သေးတဲ့အကြောင်း အဲဒီ အဖွဲ့အစည်းတွေဆီက သိရပါတယ်။
“ဒီဘက်ခေတ်မှာ ဆေးဝါးရရှိနိုင်မှုက မခက်ခဲတော့ဘူး။ ဒါပေမယ့် ကလေးတွေနဲ့ ဆယ်ကျော်သက်တွေ အတွက် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးနဲ့ သီးသန့် နှစ်သိမ့်ဆွေးနွေး ပညာပေးတာမျိုးတွေ မရှိဘူး။ ဒါတွေကို မဖြစ်မနေ လုပ်ဖို့ လိုအပ်နေတယ်” လို့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မှာ ရှိတဲ့ ဒေါ်ဖြူဖြူသင်း HIV/AIDS စင်တာက ကလေးသူငယ် ပြုစုစောင့် ရှောက်ရေး တာဝန်ခံ ဦးမြင့်ဇော်က ပြောပါတယ်။
သူက ဆက်ပြီး “မျိုးဆက်ပွား ကျန်းမာရေး အသိပညာပေးမှုတွေ ပိုလုပ်စေချင်တယ်” လို့ ဆိုပါ တယ်။
အလားတူ HIV ပိုး ကူးစက်ခံထားရတဲ့ မိဘမဲ့ ကလေးငယ်ပေါင်း ၁၁၃ ဦးကို စောင့်ရှောက်ထားတဲ့ သုခရိပ်မြုံလူငယ် ပြုစုရေး ဂေဟာက တာဝန်ရှိသူ တဦး ဖြစ်တဲ့ ဒေါက်တာ ထားထားကလည်း “ဆယ်ကျော်သက်တွေ အတွက် သတ်သတ် မရှိဘူး။ အဲလို လုပ်ဖို့ ခက်ပေမယ့် ရှိနေတဲ့ စင်တာတွေမှာပဲ သူတို့ အတွက် သီးသန့်အစီအစဉ်တွေ ထည့်သင့်တယ်” လို့ ဆိုပါတယ်။
၂၄ နာရီ ပြုစု စောင့်ရှောက် ပေးနေတဲ့ ဂေဟာ၊ စင်တာတွေက ကလေးငယ်တွေဟာ အရွယ်ရောက် လာတဲ့အခါမှာ သူတို့ကိုယ် သူတို့ ဘာဖြစ်နေတယ် ဆိုတာ သိရှိပြီး ဘဝတလျှောက် လိုက်နာရမယ့် ဆောင်ရန်၊ ရှောင်ရန်တွေကို သိခွင့် ရကြပေမယ့် တခြား မိသားစုနဲ့ နေထိုင်တဲ့ ကလေးငယ် အများစု အတွက်ကတော့ လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရသင့် ရထိုက်တဲ့ ကျန်းမာရေး အသိပညာတွေ အားနည်း နေဆဲဆိုတာ HIV/AIDS လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက တဆင့် သိရပါတယ်။
သုခရိပ်မြုံရဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာ နေထိုင်တဲ့ ဆယ်ကျော်သက် လူငယ်တယောက်က “ဒီရောဂါရှိရင် သေရမယ် ဆိုလို့ စိတ်အားငယ်တယ်။ နောက်ပိုင်းကျတော့ ဆေးသောက်နေသရွေ့ အသက်ရှင်တယ် လို့ သိရတော့ ဘာမှ မဖြစ်တော့ဘူး။ Counseling ဝင်တဲ့အခါ ဆရာမတွေက သေနေ့စေ့ မှ သေမယ် ဆိုတော့ အားပြန်တက် လာတယ်” လို့ သူ့ စိတ်ခံစားချက်ကို ရင်ဖွင့်ပါတယ်။
သုခရိပ်မြုံက ဒေါက်တာ ထားထားကလည်း “ဒီရောဂါ ရှိနေတယ် ဆိုတာကို သိတဲ့အခါ လူကြီးတွေနဲ့ ကလေးတွေ ခံစားပုံခြင်း မတူဘူး။ လူကြီးတွေ မှာက စဉ်းစားစရာများတယ်။ ကလေးတွေမှာ တွေးစရာ သိပ်မရှိဘူး။ ကလေးတွေက လက်ခံနိုင်ကြတယ်။ ဒီမှာက ပြောနေကျ စကားဖြစ်လို့ သူတို့ အတွက် မထူးဆန်းဘူး” လို့ ရှင်းပြပါတယ်။
သူက ဆက်ပြီးတော့ “သူတို့တွေ အရွယ်ရောက် လာတဲ့အခါ ရည်းစားထားချင်မယ်၊ အိမ်ထောင်ပြု ချင်လာမယ်။ ဒီတော့ သူများကို မကူးအောင် ဘယ်လို နေထိုင်ရမယ်၊ ကိုယ့်ဘက်က ဘယ်တော့မှ မညာနဲ့လို့ သင်ပေးထားတယ်” လို့ ပြောပါတယ်။
HIV ကြောင့် မိဘမဲ့ ဖြစ်သွားတဲ့ ကလေးတွေဟာ အိုမင်းမစွမ်းတဲ့ အဘိုးအဘွားတွေ၊ ကိုယ်ပိုင် မိသားစုရှိတဲ့ အဒေါ်တွေ၊ ဦးလေးတွေရဲ့ အိမ်တွေမှာ နေထိုင်နေရပြီး သူတို့အတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ပညာရေး ကဏ္ဍတွေမှာ အခက်အခဲ ရှိနေတာကို ဖြည့်ဆည်းပေးဖို့ အတွက် ကွက်လပ် ဖြစ်နေတာတွေ တွေ့ရတယ်လို့ Lotus အဖွဲ့ရဲ့ ခေါင်းဆောင် ဦးချစ်ကိုကိုက ပြောပြပါတယ်။
သူက “အဓိကတော့ ကျန်းမာဖို့ အတွက် ဆေးဝါးတော့ ပေးနေတယ်။ ဒါပေမယ့် ပညာရေး ပံ့ပိုးပေးမှုတွေ နည်းတယ်။ ပြီးတော့ အရွယ်ရောက်လာရင် ရင်ဆိုင်ရမယ့် အခက်အခဲတွေကို သေချာ ချပြဖို့ လိုတယ်။ တချို့ကလေးတွေက ဆေးတွေ သောက်နေရပေမယ့် ဘာကြောင့်မှန်း မသိကြဘူး” လို့ ပြောပါတယ်။
မွေးရာပါ HIV ပိုး ကူးစက်ခံလာရတဲ့ ကလေး ငယ်တွေဟာ လိုအပ်လို့ ARV ဆေးဝါးတွေ သောက်သုံးနေရပြီ ဆိုရင်တောင် လူကြီးမိဘတွေက ကလေးကို ဘာဖြစ်နေတယ် ဆိုတာ အသိမပေးဘဲ ဖုံးကွယ်ထားတာမျိုးတွေ ရှိနေဆဲ ဖြစ်တယ် လို့ သိရပါတယ်။ အလားတူ သူ့ကိုယ်သူ ဘာဖြစ်နေတယ် ဆိုတာ ဖွင့်ပြောခံရတဲ့ ကလေးတွေ ဟာလည်း ရသင့် ရထိုက်တဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုတွေကို မရသေးခင်မှာ သိလိုက်ရတဲ့ အတွက် စိတ်ဒဏ်ရာတွေ ဖြစ်ကြရ တာတွေလည်း ရှိကြပြန်ပါတယ်။
HIV ပိုးရဲ့ စနစ်ကြောင့် မိဘမဲ့ ကလေးတယောက် ဖြစ်ခဲ့ရတဲ့ မအေးချမ်းမေက “သမီးတုန်းက ဖြစ်နေတယ် ဆိုတာကို တန်းပြောတာ။ သမီးအရမ်း ငိုချင်တယ်။ အဖေနဲ့ အမေက သမီး အသက် ၁၁ နှစ်လောက်မှာ ရှေ့ဆင့် နောက်ဆင့် ဆုံးသွားကြတာလေ” လို့ အတိတ်ကို ပြန်ပြောင်း ပြောပြပါတယ်။
မြန်မာနိုင်ငံမှာ HIV ပိုး တွေ့ရှိခဲ့တဲ့ မျိုးဆက်ကနေ တဆင့် ကူးစက်ခံထားရတဲ့ ကလေးငယ်တွေဟာ အခုဆိုရင် ဆယ်ကျော်သက် အရွယ်တွေကို ရောက်လာကြပြီး၊ တချို့ဆိုရင် အိမ်ထောင်ပြုမယ့် အရွယ်၊ ထပ်မံ မျိုးဆက် ပြန့်ပွားရမယ့် အရွယ်တွေ ရောက်လာကြပါတယ်။
MPG ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က “မြန်မာပြည်မှာ လူငယ်နဲ့ HIV ဆိုတဲ့ အခန်းကဏ္ဍက အခုမှ ရောက်လာတာ။ ထိုင်းနိုင်ငံမှာ ဆိုရင် ဒါကို ကျော်လွန်ခဲ့ပြီ။ ဖြေရှင်းနိုင်ခဲ့တဲ့ သင်ခန်းစာတွေ ရှိခဲ့ပြီ။ အာဆီယံနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံ တခုပဲ စနစ်တကျ လုပ်ထားတဲ့ နမူနာတွေ ရှိတယ် လို့ ပြောရမယ်” လို့ ပြောပြပါတယ်။
လေ့လာ သိရှိရသလောက် ဆိုရင် မြန်မာနိုင်ငံမှာ HIV ပိုးကူးစက်ခံထားရတဲ့ ကလေးသူငယ်တွေကို ရန်ကုန်နဲ့ မန္တလေးမှာ ရှိတဲ့ သုခရိပ်မြုံဂေဟာ ၂ ခုနဲ့ ခရစ်ယာန် သာသနာအောက်က ဂေဟာ တခုကသာ ၂၄ နာရီ ပြုစုစောင့် ရှောက်ပေးနေတာ ရှိပြီး ကလေးတွေ အတွက် သက်သောင့်သက်သာ ရှိမယ့် ပတ်ဝန်းကျင်ကောင်းတွေက လိုအပ်နေဆဲ ဖြစ်ပါတယ်။
ဂေဟာတွေရဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာ နေရတဲ့ ကလေးသူငယ်တွေနဲ့ လူငယ်လူရွယ်တွေဟာ ကိုယ့် အခြေအနေနဲ့ တခြားသူတွေကို မကူးစက်စေမယ့် နည်းလမ်းတွေကိုလည်း ကိုယ်တိုင် သိနားလည် သင့်တဲ့အချိန်မှာ သိရှိခွင့် ရကြတာကို တွေ့ရပါတယ်။
“ဆေးခန်းကိုသွားရင် ဆောင်ရန်၊ ရှောင်ရန် တွေကို ပြောပြတယ်။ လူငယ်ပိုင်း ဖြစ်တဲ့အတွက် ရည်းစားထားမယ် ဆိုရင်တောင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ ပြောတယ်။ ကိုယ့်မှာ ဒီရောဂါ ရှိတယ် ဆိုတာကို ဖွင့်ပြောသင့်တယ် တဲ့” လို့ သုခရိပ်မြုံရဲ့ စောင့်ရှောက်မှုအောက်မှာ လွန်ခဲ့တဲ့ ၇ နှစ် ဝန်းကျင်ကတည်းက နေထိုင်ခဲ့တဲ့ အသက် ၁၉ နှစ် အရွယ် လူငယ်တဦးက ပြောပြပါတယ်။
အရွယ် ရောက်လာတာနဲ့ အမျှ သူတို့အတွက် ပုဂ္ဂလိက လွတ်လပ်ခွင့်တွေကို သူတို့ ကိုင်တွယ် ဖြေရှင်းတတ်ဖို့ အတွက် ဆိုရင် လူကြီးတွေဟာ ကလေးငယ်တွေကို အခြေအနေမှန် အတိုင်း ဖွင့်ပြောထားသင့်တယ် လို့ ဦးမျိုးသန့်အောင်က အကြံပြုပါတယ်။
သူတွေ့ဖူးတဲ့ စေတနာ့ဝန်ထမ်းတယောက် အကြောင်းကလည်း စိတ်ဝင်စားစရာ ကောင်းပါ တယ်။
“သူကတဆင့် သူ့မိန်းမနဲ့ သူ့ကလေးကို ကူးတယ်။ အခု ၁၃ နှစ်သမီး ဖြစ်နေပြီး။ ကလေးက သူ့ကိုယ်သူ ဘာဖြစ်နေတယ် ဆိုတာ မသိဘူး။ လူတိုင်းကို HIV နဲ့ပတ်သက်ပြီး ပညာပေး လုပ်ငန်းတွေ လုပ်နေပေမယ့် သူ့သမီးကို ကျတော့ သူ မပြောရဲဘူး။ အဖေ၊ သမီးက A ကိုက်နေတာလားလို့ သူ့ သမီးက မေးတယ်။ သူက အခုထိ လိမ်ညာ နေတုန်း ပဲ။ ကလေးကို ပြောလိုက်ရင် သူ့ကို အပြစ်တင်လာမှာကို သူမခံစားနိုင်ဘူး” လို့ ဦးမျိုးသန့်အောင်က သူ့ မိတ်ဆွေ စေတနာ့ဝန်ထမ်း တယောက် အကြောင်း ပြောပြပါတယ်။
ဒီလို ထိန်ချန်တာမျိုးက သူတယောက်တည်း မဟုတ်ဘဲ တခြား အုပ်ထိန်းသူ အများစုဟာလည်း အဲဒီနည်းအတိုင်း ကျင့်သုံးနေကြတယ် လို့ သူက ဆက်ပြောပါတယ်။
ကလေးတွေဟာ ဆယ်ကျော်သက် အရွယ်ကို ရောက်တော့မယ့် စပ်ကူးမပ်ကူး ကာလမရောက်ခင် ကတည်းက ကိုယ့်ခန္ဓာကိုယ်ထဲက HIV ပိုးနဲ့ ပတ်သက်တဲ့ အကြောင်းနဲ့ ကျန်းမာရေး ဗဟုသုတတွေကို သိမထားဘူး ဆိုရင် သူ့အတွက်ရော၊ လူမှုပတ်ဝန်း ကျင် အတွက်ပါ အန္တရာယ်များလွန်းတယ် လို့ ဦးမျိုးသန့်အောင်က ထောက်ပြပါတယ်။
“အသိ မပေးတာဟာ မတရားဘူးလို့ ထင်တယ်။ သူ့ ဆေးသောက်ချိန်လို ကိစ္စမျိုးကနေ လိင်မှုဆိုင်ရာ၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာတွေ ပေးဖို့ လိုအပ်တယ်။ သူတို့ကိုယ် သူတို့ တာဝန်ယူ တတ်အောင် သင်ပေးထား သင့်တယ်” လို့ သူက ရှင်းပြပါတယ်။
မြန်မာနိုင်ငံမှာ HIV/AIDS ဖြစ်နေတဲ့ လူငယ်တွေ အတွက် မျိုးဆက်ပွား ကျန်းမာရေး အသိပညာတွေ ပြန့်ပွားဖို့ အတွက် MSI ဆိုတဲ့ နိုင်ငံတကာ အဖွဲ့အစည်းနဲ့ မိခင်က သန္ဓေသားကို မကူးစက်စေတဲ့ နည်းကို ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ NAP တို့ကနေ တစိုက်မတ်မတ် လုပ်ကိုင်နေပါတယ်။ ဒါပေမယ့် ဒါဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် ကလေးတွေ ရရှိနေတဲ့ ဝန်ဆောင်မှုတွေဟာ အလွန်နည်းပါးနေဆဲ ဖြစ်တယ် လို့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေက ပြောပါတယ်။
MPG ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က “ကျန်းမာ ရေး ဝန်ကြီးဌာနအနေနဲ့ စာအုပ်ပေါ်မှာတင် မဟုတ်ဘဲ လက်တွေ့ လိုအပ်နေတဲ့ ဝန်ထမ်းအင်အား ဖြည့်တာတွေ၊ နေရာ အဆောက်အအုံတွေ ဖြည့်တာတွေ လုပ်ဖို့ လိုနေတယ်” လို့ ဝေဖန်ထောက်ပြပါတယ်။
Lotus အဖွဲ့ ခေါင်းဆောင် ဦးချစ်ကိုကိုက “ကလေးတွေ အရွယ်ရောက်လာရင် ရည်းစားထားမယ်၊ အိမ်ထောင်ပြုမယ်။ သူတို့မှာ အိမ်ထောင်ရေး အတွက် စိုးရိမ်မှုတွေ ရှိနိုင်တယ်။ ဒါကို အသိပညာ ပေးမှုတွေ လိုတယ်။ ပြီးတော့ မိခင်က ကလေးကို ကူးစက်မှု လျှော့ချရေး လုပ်တဲ့ အဖွဲ့က နည်းနေတုန်းပဲ” လို့ သူ့အမြင်ကို ပြောပြပါတယ်။
ဒါ့အပြင် အခုနောက်ပိုင်း အလှူရှင်တွေရဲ့ စိတ်ဝင်စားမှုကလည်း ပြောင်းလဲလာကြပြီး ကြိုတင် ကာကွယ်ရေးထက် ART ပေးဖို့ပဲ ဇောင်းပေးလာ ကြတယ် လို့ သူက ထောက်ပြပါတယ်။
အလားတူ ဦးမျိုးသန့်အောင်က “HIV ပိုး ရှိနေသူတွေ အတွက် ဘာတွေ လိုအပ်နေသလဲ ဆိုရင် လိုနေတာတွေက အများကြီးပဲ။ အဲဒီအထဲကမှ မွေးရာပါ HIV Positive တွေ အတွက် လုပ်ဖို့ အဓိက လိုအပ်နေတယ်” လို့ ပြောပါတယ်။
အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ မွေးရာပါ HIV ပိုး ကူးစက်ခံထားရတဲ့ ကလေးငယ်တွေနဲ့ လူငယ်လူရွယ်တွေ အတွက် နှစ်သိမ့်ဆွေးနွေးရမယ့် စကားလုံးတွေ၊ အသိပညာပေးရမယ့် ဝန်ဆောင်မှုတွေ လုပ်ဖို့ သီးသန့် သုတေသန ပြုမှုတွေ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအပြင် နှီးနွယ်ဝန်ကြီးဌာန အားလုံးနဲ့ လူထုရဲ့ ပူးပေါင်းပါဝင်မှုက အားကောင်းတဲ့ အကြောင်း၊ အဲဒါကို မြန်မာနိုင်ငံအနေနဲ့ နမူနာယူသင့်ကြောင်း အကြံပြုပါတယ်။
သူက “ဒါမှ နောင်အနာဂတ်အတွက် ဆုံးရှုံး မှုတွေ မရှိမှာ။ ဒါတွေကို မလုပ်မိရင် နောက်တမျိုး ဆက်ကို ကူးမယ့်အန္တရာယ်ရှိတယ်။ ကလေးသူငယ်တွေ အတွက် အသိပညာပေးမှု အလုပ်ဟာ လူမှု စိတ်ပညာနဲ့ ဆိုင်တဲ့ အတွက် အများကြီး သိမ်မွေ့ခက်ခဲတယ်။ စာအုပ်ထဲမှာ ပါတဲ့ သီအိုရီအတိုင်း လုပ်လို့ မရဘူး” လို့ သုံးသပ်ပါတယ်။
ပထမဆုံး HIV ပိုး စတင်တွေ့ရှိခဲ့တဲ့ လူတွေက မွေးဖွားလာတဲ့ ဒီဒုတိယ မျိုးဆက်ကနေ နောင် တတိယ မျိုးဆက် အထိ ဆက်လက် သယ်ဆောင် မသွားအောင် လုပ်ဆောင်ဖို့ အတွက်က မြန်မာနိုင်ငံ သာမက အိမ်နီးချင်း နိုင်ငံတွေ အတွက်လည်း စိန်ခေါ်မှုတရပ် ဖြစ်နေတယ် လို့ သိရပါတယ်။
၂၀၃၀ မှာ မြန်မာနိုင်ငံဟာ AIDS Free Generation ဖြစ်ဖို့ UNAIDS က ရည်မှန်းထားပြီး အဲဒီရည်မှန်းချက် ပန်းတိုင် ဆီကို မရောက်ခင် စပ်ကြားမှာ မျိုးဆက်နဲ့ချီတဲ့ စိန်ခေါ်မှုတွေကို မြန်မာနိုင်ငံအနေနဲ့ ဘယ်လို ရင်ဆိုင်တုံ့ပြန်မယ် ဆိုတာ HIV ကူးစက်ခံထားရတဲ့ ကလေးငယ်ပေါင်း ၅၀ဝ၀ ကျော်သာမက လူမှုပတ်ဝန်းကျင် တခုလုံးအတွက်၊ နိုင်ငံ အတွက် လွန်စွာအရေးကြီးတဲ့အရာ ဖြစ်နေပါတယ်။ ။