ဖေဖော်ဝါရီ ဒုတိယပတ်က တခြားတခြားသော ဒေသတွေမှာ အအေးပေါ့လာပြီလို့ ဆိုကောင်းဆိုနိုင်ပေမယ့် ပတ္တမြားမြေ လို့ လူသိများထင်ရှားတဲ့ မိုးကုတ်မြို့မှာတော့ ဆောင်းက အေးလို့ကောင်းတုန်းပါ။ နံနက် အစောပိုင်းဆို နှင်းမြူပုဝါ ပိတ်ကာထားတဲ့ မြို့ကို ခပ်ရေးရေး မြင်ရ၊ နေအတော်မြင့်မှပဲ အနွေးထည် ထူထူတွေကို ချွတ်ရသလို ညပိုင်း ဆိုရင်လည်း အချမ်းသက်သာစေဖို့ လှုံရတဲ့ မီးဖိုလေးတွေကို အိမ်တွေဆီမှာ တွေ့နိုင်တုန်း။ မြို့သူမြို့သားတွေ က နွေမရှိဘူး လို့တောင် ဆိုကြတယ်။
ရန်ကုန်မှာ အနေကြာလာတဲ့အမျှ အနွေးထည် ရှားပါးလာတာမို့ မိုးကုတ်သွားဖို့ အနွေးအကျႌတွေ ပြင်ဆင်ရတုန်းမှာပဲ မျှော်လင့်မထားတဲ့ ဖုန်းသတင်းက ဝင်လာပါရော။ တိုက်ပွဲ ဖြစ်နေသတဲ့။ ဒုက္ခသည်တွေ မိုးကုတ်မြို့ဆီတောင် ရောက်လာပြီ တဲ့။ ဘယ်လို ဖြစ်ရပါလိမ့်။ မိုးကုတ်ဟာ မန္တလေးတိုင်း ဒေသကြီး ထဲမှာ ပါတာ မဟုတ်လား၊ ကချင် ပြည်နယ်နဲ့ အဝေးကြီး၊ ရှမ်းပြည်နယ်တော့ စပ်နေတာပေါ့၊ စသဖြင့် ကျမ တွေးတောပူပင်ရပါတယ်။ ခရီးနှောင့်နှေးမှာ စိုးရိမ်ရတာကတဝက် ဖုန်းထဲက ကြားရတဲ့ မိုးကုတ်သူ အစ်မရဲ့ ပူပန်သံကို စာနာတာက တဝက်ရယ်။ နောက်ဆုံးတော့ လည်း မတတ်နိုင်ဘူးလေ ရယ်လို့ စိတ်ဒုံးဒုံးချပြီး ခရီးစရ ပါတယ်။
မန္တလေးကနေ မိုးကုတ် အတက်လမ်းမှာ တောင်တက် တောင်တွေ့တွေ ပြည့်နှက်လို့။ အကွေ့ ပေါင်း ၉၉၉ တွေ့ရှိတယ် လို့ ကားဆရာက ဆိုပါတယ်။ မတ္တရာ၊ စဉ့်ကူးအလွန် ရောက်လာတဲ့ သပိတ်ကျင်းမှာတော့ လမ်းဘေးဆီမှာ မြင်နေရ တဲ့ မြင်ကွင်းတခု။
“ရွှေတူးနေတာလေ” လို့ ကားဆရာက ပြောပြတယ်။ ရတနာမြေဆီ သွားတဲ့လမ်း၊ ရတနာ ခင်းထားတဲ့ လမ်း။ ကျမတို့ မြေဟာ ဘယ်နားမှာပဲ တူးလိုက် တူးလိုက် ရတနာတွေ ထွက်နေလေသလား။ ဒါ ကြောင့်ပဲ ကျိန်စာ အသင့်လွန်နေ သလား။ တော တောင်တွေ ကတော့ စိမ်းမြတုန်း။ ကွေ့လိုက် ပတ်လိုက် တက်လာလိုက်တာ ကားဆရာက စကားပြော ကောင်းတာမို့ ကားမူးဖို့ နေနေသာသာ မျက်လုံးတောင် ကျယ်မိပါရဲ့။
“ကျနော်တို့ မိုးကုတ်က အရင်လို မဟုတ်တော့ဘူး။ အရောင်းအဝယ်လည်း မကောင်းတော့ဘူး။ အကျိုးတူတွေ၊ ဖက်စပ်တွေ ဖြစ်လာတော့ ဒေသခံတွေ အတွက် တနိုင်တပိုင် လုပ်စရာဆိုတာ မရှိတော့ဘူး။ ကျနော်တို့ မိုးကုတ် ဒေသခံတွေ ဆိုတာ ကျောက် တခုကိုပဲ လုပ်တတ်တာ။ အများစုက ကျောက် လုပ်ငန်းပဲ၊ ကျောက် အရောင်းအဝယ်ပဲ လုပ်ကြတာ။ တခြားဟာလည်း မလုပ်တတ်ဘူးလေ။ အခုတော့ တချို့လည်း တခြားနေရာတွေ ထွက်သွားကြတာပဲ။ တနိုင်း ရောက်တဲ့လူက ရောက်တာပဲ။ လူငယ်တွေဆို မရှိသလောက်ပဲ”
ကားဆရာရဲ့ စကားသံကို နားစွင့်ခေါင်းညိတ်ရင်း အကြည့်ကို ရွှေ့တော့ ကျောက်တူးဖော်ရေး လုပ်ငန်း မြင်ကွင်းကျယ်၊ အဝေးမှာ တောင်ကြော အဆင့်လိုက် တည်ဆောက်ထားတဲ့ အိမ်ကလေးတွေ။ မိုးကုတ်ဝင်ပြီ။
ရှမ်း၊ ပလောင်၊ လီဆူး စတဲ့ တိုင်းရင်းသားတွေ နေထိုင်တဲ့ မိုးကုတ်ဟာ ပြင်ဦးလွင်ခရိုင်မှာ ရှိပါ တယ်။ တောင်ဘက်နဲ့ အရှေ့ဘက်မှာ ကျောက်မဲမြို့ နယ်၊ မြောက်ဘက်မှာ မိုးမိတ်မြို့နယ်၊ အနောက် ဘက်မှာ သပိတ်ကျင်း မြို့နယ်တို့နဲ့ ဆက်စပ်ပြီး တည်ပါတယ်။ မိုးကုတ်လို့ ဆိုလိုက်ရင် အရှေ့ပိုင်းလား၊ အနောက်ပိုင်းလားလို့ ရောက်ဖူးသူတွေက မေးတတ်ကြတာကို မိုးကုတ်ရောက်မှပဲ ကျမ နားလည်ရ ပါတယ်။
မန္တလေးဘက်ကနေ ဝင်ဝင်ချင်းမှာ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၄၇၀ဝ ရှိတဲ့ မိုးကုတ် အနောက်ပိုင်း ရှိနေပြီး နည်းနည်းလောက် ခရီးထပ်ဆက်မှ ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့်ပေ ၃၈၀ဝ ရှိတဲ့ မိုးကုတ် အရှေ့ပိုင်းကို ရောက်တော့တာ ကိုး။ အရှေ့ပိုင်းကတော့ မြို့ဆန်ပြီး အနောက်ပိုင်းက တမျိုးတဖုံ ငြိမ်တယ် လို့ ကျမ မြင်ပါတယ်။ ကြည့်မြင်လေရာမှာ တောင်တန်းရိပ် ဆိုင်းညို့နေတာ ကတော့ မိုးကုတ်ရဲ့ အလှတခု ပါ။
ကျမ တည်းရတဲ့ အိမ်ကတော့ ကျပ်ပြင်မှာ ရှိပါ တယ်။ အိမ်ဝရံတာဘက် ထွက်လိုက်တာနဲ့ တောင်တန်းတွေကို ဆီးမြင်ရတယ်။ ပတ်ပတ်လည်မှာ မြင်နေရတဲ့ တောင်တွေက နာမည်ကိုယ်စီနဲ့။ ဒေါ်နန်းကြည့်တောင်၊ ပင့်ကူတောင် တဲ့။ တောင်ကတုံး ပါတဲ့။ ဒေါ်နန်းကြည့်တောင်ကလွဲပြီး ကျန်တဲ့တောင်တွေမှာ ကျောက်တွေ ထွက်တယ် လို့ ဆိုတယ်။ ဒေါ်နန်းကြည့်တောင် ကတော့ ပတ္တမြား ငမောက်လို့ ကျမတို့ သိတဲ့ ရာဇဝင်နဲ့ ဆက်စပ်နေတာပါ။ ဒေါ်နန်း မသေခင် တိုက်ခဲ့တဲ့ ကျိန်စာကြောင့် ထူးထူးခြားခြား ဒီတောင် တတောင်က လွဲလို့ နေရာတိုင်း ကျောက်အနီ၊ အပြာ တွေ့နိုင်တယ် လို့ မိုးကုတ်ဒေသခံတွေက ယုံကြည်ကြ ပါတယ်။
“ဟိုးတုန်းက ဆိုရင် ကျောက်တွေက မိုးရွာရုံနဲ့ တောင်လမ်းမှာ ပေါ်နေတာ၊ ကောက်တွေ့တတ်တာ၊ ကိုယ့်အိမ်ထဲ ကိုယ်လည်း ဒီအတိုင်း တူးဆွလိုက်ရုံနဲ့ တင် ကျောက်တွေ့ခဲ့တာ။ ကျမတို့ မိုးကုတ်မှာ ကျောက်လုပ်တဲ့သူတွေ အဓိကပဲ။ ကလေးအရွယ်က စပြီး ရင်းနှီးလာတာပေါ့။ အရွယ်ရလာရင် ထာပွဲတွေမှာ လှုပ်ရှားကြတာပဲ။ အဲဒါကြောင့် လည်း အခု လုပ်ငန်းမကောင်းတော့တဲ့အခါ တခြားအလုပ်လည်း မလုပ်တတ်ဘူး” လို့ မိုးကုတ်သူ မနှင်းက ပြောပြပါ တယ်။ ထာပွဲ ဆိုတာကတော့ ကျောက်ထည့်ပြတဲ့ ထာလို့ခေါ်တဲ့ ကြေးလင်ပန်းငယ်တွေကို အစွဲပြုလို့ ခေါ်ကြတာပါ။
မိုးကုတ် ကျောက်မျက် လုပ်ငန်းကို ကျောက်မျက် တူးဖော်မှုနဲ့ ကျောက်မျက် ရောင်းဝယ်မှု ဆိုပြီး နှစ်ပိုင်းခွဲ ပြောနိုင်ပါ တယ်။ ကျောက် မျက်တူးဖော် ရှာဖွေမှုအပိုင်းမှာ လုပ်ငန်း အကြီးစား တူးဖော်ရှာဖွေတဲ့ အစိုးရနဲ့ အကျိုးတူတွေ၊ ဖက်စပ်တွေ၊ အလယ် အလတ် တူးဖော်တဲ့ တနိုင်တပိုင် တွင်းလုပ်ကွက်တွေ၊ အသေးစား လုပ်ငန်းဖြစ်တဲ့ ခဲစာထု၊ ခနွှဲဆေး ကျောက် ရှာဖွေသူတွေလို့ ခွဲနိုင်သလို ကျောက်မျက် ရောင်းဝယ်မှု အပိုင်းမှာလည်း တန်ဖိုးကြီး ပွင့်ကောက် ကျောက်မျက် ရောင်းဝယ်သူတွေ၊ အလယ် အလတ်အနေနဲ့ လက်ဝတ်ရတနာ အထည်ကပ် ပစ္စည်းလုပ်တဲ့ ကျောက်မျက် ရောင်းဝယ်သူတွေ၊ တန်ဖိုးနည်းတဲ့ ခရစ္စတယ်ကျောက်တွေ၊ ဘူးနဲ့ စီထည့် ရောင်းတဲ့ ကျောက်တွေ၊ ကျောက်ပန်းချီ လုပ်တဲ့ ကျောက်တွေ စတဲ့ အောက်ကျောက် ရောင်းဝယ်သူတွေ ရယ်လို့ ခွဲနိုင်တယ်လို့ သိရပါတယ်။
နှင်းဝေတဲ့ မိုးကုတ် နံနက်ခင်းတွေ မှာတော့ လက်ဖက်ရည်ဆိုင်ဆီ ရောက်တဲ့အခါ စားပွဲဝိုင်း တချို့မှာ၊ လမ်းဘေးမှာ သူ့အစုနဲ့သူ ကျောက်ပြ ကျောက်ကြည့် နေကြတာကို မြင်ရတယ်။ မျက်မြင် ကြည့်တာ ရှိသလို မီးထိုး ကြည့်နေတာ လည်း တွေ့ရပါတယ်။ ထာပွဲချိန် ဆိုရင်တော့ ထာပွဲရှိရာမှာ စည်ပါ သတဲ့။ တကယ့်ထာပွဲ မြင်ကွင်းကို တော့ နောက် တရက် အရှေ့ပိုင်းကို အသွားမှာ ကြုံရပါတယ်။ ပန်းခြံ ထာပွဲဟာ စည်လှတယ်။ ထီးမိုးတဲ့ စားပွဲဝိုင်းတွေမှာ ကျောက် ဝယ်သူတွေက ထိုင်လို့။ ကျောက်ထုပ်လေး တွေ ကိုင်ထားတဲ့ ရောင်းသူက ဝယ်သူရှိရာလာတဲ့ မြင်ကွင်း။ အမျိုးသမီး တွေက ခမောက်ဝိုင်းတွေ ဆောင်းလို့၊ လက်ကိုင်အိတ် သို့မဟုတ် လွယ်အိတ် လွယ်လို့။ သက်လတ်ပိုင်းတွေ ပါသလို နှစ်ဆယ်ဝန်းကျင် မိန်းကလေးငယ်တွေလည်းပါရဲ့။ ဆောင်းနေ ပူပူမှာ ပါးမို့နီနီတွေနဲ့။
ကျောက်ကြည့်သူ ဝယ်သူရဲ့ စားပွဲမှာတော့ ကြေးလင်ပန်းလေးရယ်၊ ကြည့်လက်စ ကျောက်ကလေးတွေ ရယ်။ ကျောက်ပြသူက စက္ကူနဲ့ လိပ်ထားတဲ့ ကျောက်ကလေးတွေကို ညင်ညင်သာသာ ဖွင့်ပြတယ်။ ကျောက်ပြာပြာလေး တွေ။ ဝယ်သူက မီးချိန် ထိုးပြီး အပြစ်အနာအဆာ ရှာတယ်။ ဆေးပြာ ဆိုးလိုက်ဦးတဲ့။ တုံ့ပြန်အဖြေစကားကို ကျမ နားမလည် လိုက်ဘူး။ ရောင်းသူကတော့ ရယ်ရယ်မောမောပဲ အနားက ခွာတယ်။
“ကျောက်အပြာ အရည် မကြိုက်လို့ ငြင်းလိုက် တာလေ” လို့ မနှင်းက ရှင်းပြတယ်။
မိုးကုတ်ကို အခုမှ ရောက်ဖူးတာမို့ အရင့်အရင်က အခြေအနေ မြင်ကွင်းကို ကျမ မမှန်းသာဘူး။ တွေ့သမျှ မိုးကုတ်သူ၊ မိုးကုတ်သားတွေ ကတော့ အရင်တုန်းက ဆိုရင်လို့ တသသ ပြောတတ်ကြတယ်။ ရွှေထီးဆောင်းခဲ့တဲ့ ကာလတွေ၊ အရောင်းအဝယ် ကောင်း၊ လုပ်ငန်းကိုင်ငန်း ကောင်းခဲ့ တာတွေကို ပြန်ပြောကြတယ်။ အခုတော့ အကျိုးတူ၊ စတဲ့ စကားလုံး တွေဟာ သူတို့ဘဝကို ကပြောင်းကပြန် ဖြစ်သွားစေသလား။ ငွေအရင်းအနှီး ခပ်များများနဲ့ ဝင်လာတဲ့ သူစိမ်းတွေက သူတို့ဘဝကို မျက်လှည့်ပြ လိုက်သလား။ ဒေသခံတွေထဲမှာတောင် ငွေအရင်းအနှီး တတ်နိုင်သူကပဲ ကျောက် အရောင်းအဝယ်ကို တွင်တွင်ကျယ်ကျယ် လုပ်နိုင်သတဲ့။ အရင်းအနှီး မရှိသူတွေကတော့ ဒီလိုပဲ တဝဲလည်လည်။
မိုးကုတ် အရှေ့ပိုင်းက အပြန်မှာတော့ တသွင်သွင် စီးတဲ့ ချောင်းဝါဝါအနီးက ဖြတ်ရတယ်။ မြေစာတွေ၊ မြေဆီတွေ မျောပါလာတဲ့ ချောင်း။ ချောင်းဖျားမှာ ချောင်းဝန်းကျင်မှာ စက်ကြီးတွေနဲ့ တူးဖော်တဲ့ လုပ်ငန်းတွေ ရှိလိမ့်မယ် လို့ မှန်းရပါတယ်။
“ချောင်းရေ ဝါရင် မိုးကုတ်သူ မိုးကုတ်သားတွေ စီးပွားရေးကောင်းတယ် လို့ အဆိုရှိကြတယ်။ အခု လည်း ချောင်းရေကတော့ ဝါနေတာပါပဲ” လို့ မနှင်းက ဆိုပါတယ်။
ဒေသတခု ရောက်ရင် အဲဒီဒေသရဲ့ လူမှုရေး၊ စီးပွားရေးကို လေ့လာတဲ့နေရာမှာ ဈေးတွေလည်း ချန်ထားလို့ မဖြစ်တော့ မပြန်ခင် တရက်မှာ ဈေးနေ့ ကို ရောက်ရပါတယ်။ ငါးရက် တဈေးတဲ့။ ဈေးနေ့က ပိုစည်ပြီး ဈေးကြား (ကြားရက်) ဆိုရင်တော့ လူနည်း ပါသတဲ့။ ဈေးသွားတာကို “ဈေးလိုက်တာ”လို့ သူတို့ သုံးကြတယ်။ ဈေးအတွင်းကို မရောက်ခင် အပြင် လမ်းမှာတောင် လမ်းဘေးဝဲယာမှာ ချရောင်းနေတဲ့ ဈေးသည်တွေ။
အသီးအရွက်မှန်သမျှ စိမ်းစိုလတ်ဆတ် ကြီးထွားလှတယ်။ ပန်းမုန်လာ၊ မုန်လာထုပ်၊ အော်စွန်း၊ ကိုက်လန်၊ မုန်ညင်း၊ လိမ္မော်သီး စသည် စသည်။ ဈေးနှုန်းက ချိုတယ်။ ရန်ကုန်မှာ ကျပ် ၈၀ဝ ပေးရတဲ့ တိုဟူးနွေးလိုမျိုးက ကျပ် ၃၀ဝ တဲ့။ ဝင်ငွေလည်း နည်းကြတာကိုး၊ လခစား အလုပ် သမားတွေက တလ ၄၀ဝဝဝ လောက်ပဲရတာလို့ မနှင်းက ပြောပြတယ်။
“အရင်ဈေးနေ့တွေက ပိုစည်တယ်။ ဒီနေ့တော့ သိပ်မစည်ဘူး။ မိုးမိတ်သည်တွေ ဆင်းမလာဘူး လေ တိုက်ပွဲဖြစ်ထား တော့ ကြောက်ကြတာ” လို့ သူက ဆက်ပြောတယ်။
ကျမတို့ မရောက်ခင် မိုးကုတ်ကို ရောက်လာတဲ့ ဒုက္ခသည်တွေက အခုတော့လည်း ပြန်သွားပြီလို့ သိရတယ်။ တိုက်ပွဲ ဖြစ်တဲ့ နေရာနဲ့ နှစ်မိုင်လောက်ပဲ ကွာတဲ့ ရွာကလည်း ပါသတဲ့။ အိမ်ကို စွန့်လာပြီး မကြာခင် အိမ်ပြန်နိုင်ကြတယ် ဆိုတော့ ဒါဟာ ကံကြမ္မာရဲ့ ဖေးမမှုလို့ ဆိုချင်တယ်။ ကချင်ပြည်နယ် မှာတော့ ဒုက္ခသည်တွေဟာ အိမ်နဲ့ဝေးတာ ၄ နှစ် ထဲဝင်လာ ခဲ့ပြီ။
မိုးကုတ်မှာ နေရသမျှ ရက်တွေထဲ မရောက် မဖြစ် ရောက်ရတဲ့ နေရာတွေထဲမှာ မိုးကုတ် ဆရာတော်ဘုရား ဒုတိယ ကမ္ဘာစစ် အတွင်းက တရား အားထုတ်ခဲ့တဲ့ သဘာဝ ကျောက်လိုဏ်ဂူ ရှိရာ ဘော်ပဒန်းရွာ၊ ဒေါ်နန်းကြည့်တောင်၊ ပင့်ကူတောင်၊ ဘီးတောင်တို့ ပါဝင်ပါတယ်။ ဘီး တောင်ပေါ်က မြင်ရတဲ့ မြို့မြင်ကွင်းက မမေ့ရက်စရာ။ မိုးကုတ်အင်းကို လှမ်းမြင်ရတဲ့ နေရာ။ အိမ်ကလေးတွေ ညီညီစီစီ ဒယ်အိုး ပက်ပက်လေးထဲ ချထားသလို။ မိုးကုတ်အင်းရေပြင်နဲ့ မလှမ်းမကမ်း မှာတော့ ကျောက်မျက်စင်တာ ဆောက်ဖို့ အစပြုနေတဲ့ လုပ်ငန်း ပုံရိပ်တွေ။ ဒီစင်တာ ဆောက်ဖို့ ရာမှာတော့ အမြင် နှစ်မျိုးကွဲလို့ နေတယ်။ သဘာဝပတ်ဝန်းကျင် အလှ မပျက်စေချင်ဘူး ဆိုသူတွေရှိသလို ဒီလို စင်တာမျိုး ပေါ်ပေါက်လာဖို့ လိုအပ်တယ်လို့ မြင်သူတွေလည်း ရှိပါတယ်။ မိုးကုတ်မှာ ခရီးသွားလုပ်ငန်း မကြာခင်ဖွံ့ဖြိုး လာမယ် လို့တော့ အားလုံးက အမြင်တူကြပါတယ်။
ကျောက်မျက်လုပ်ငန်းနဲ့ ထင်ရှားတဲ့ မိုးကုတ်ဟာ အခုတော့ဖြင့် ကမ္ဘာလှည့် ခရီးသည်တွေ အတွက် တံခါးဖွင့်ခဲ့ ပါပြီ။ ဟိုနေရာ၊ သည်နေရာမှာ ကမ္ဘာလှည့် ခရီးသည်တွေကို တွေ့မြင်ရပြီ။ ကြိုတင်ခွင့်ပြုမိန့် တင်ရတာကတော့ ရှိတုန်းပါ။ ဘာပဲ ဖြစ်ဖြစ် ဒါဟာ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေကို ဖိတ်ခေါ် နိုင်လိမ့်မယ်လို့ မျှော်လင့်ရ ပါတယ်။ ခရီးသွား လုပ်ငန်း ဆိုတာ မီးခိုးမထွက်တဲ့စက်ရုံလို့ အဆိုရှိတယ် မဟုတ် လား။
မိုးကုတ်အရှေ့ပိုင်းကနေ အနောက်ပိုင်းကို ကူးတော့ တောင်ကွေ့ တောင်စောင်းတွေကို ဖြတ်လာရ ပါတယ်။ တနေရာ မှာတော့ အလှူခံမဏ္ဍပ်ရှေ့က အဖြတ် ဆုတောင်းစကားသံ ကျယ်ကျယ်က ကျမ နားထဲစွဲတယ်။ တခြား ဘယ်နေရာ မှာမှ မကြားခဲ့ဖူး တဲ့ ဆုတောင်း။
“ကျောက်ကြီး ကျောက်ကောင်းများ ရောင်းကြ ဝယ်ကြ ရကြပါစေ” တဲ့။ ။