နေရောင်ခြည်စွမ်းအင်သုံး ကမ္ဘာပတ်လေယာဉ် Solar Impulse-2 လေယာဉ်သည် မတ်လ ၃၀ နံနက် ၃း၃၀ နာရီအချိန်က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Chong Qing မြို့သို့ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ Solar Impulse-2 လေယာဉ်သည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မတ်လ ၁၉ ရက် က ဆိုက်ရောက်ဆင်းသက်ခဲ့ပြီး ၁၀ရက်ကြာ ရပ်နားထားခဲ့ရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စိတ်ဝင်စားသူများ သွားရောက်ကြည့်ရှုခဲ့ကြသည်။
တံတားဦးလေဆိပ်သို့ ဆိုက်ရောက်လာသော ဆိုလာလေယာဉ်ပျံအကြောင်း အများစုသိပြီးသားဖြစ်ပါလိမ့်မည်။ လူသိနည်းသော အချက်မှာ Solar Impulse 2 လေယာဉ်မှုး ဘာထရန်းသည် ၁၉၉၉ခုနှစ်က မီးပုံးပျံဖြင့် ကမ္ဘာတပတ် အောင်မြင်စွာ ဖြတ်သန်းခဲ့သူ တယောက်ဖြစ်ပြီး ယခုကဲ့သို့ နေရောင်ခြည်စွမ်းအင် တခုတည်းကိုသာ အသုံးပြုသည့် ဆိုလာလေယာဉ်ပျံဖြင့် ကမ္ဘာတပတ်ပတ်ရန်အတွက်လည်း နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့ရသည် ဆိုသည့်အချက်ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး Mr.Christoph Burgener က ဒီနေ့ခေတ်ကြီးထဲမှာ ပညာရေး၊ သုတေသနနဲ့ ဆန်းသစ်တီထွင်မှုတွေက အလွန် အရေးပါသည်။ ဒီနယ်ပယ်တွေမှာ ရင်းနှီးမြျပ်နှံမှု လုပ်ကို လုပ်ရမည် နေစွမ်းအင်သုံးလေယာဉ်က သွယ်ဝိုက်ပြီး သတင်းစကားပါးပေးခဲ့သည် ဟု ပြောသည်။
မိမိတို့တိုင်းပြည်တွင် ကျောင်းသားများ၊ စွန့်ဦးတီထွင် ဆန်းသစ်သူများအတွက် စကောလားရှစ်များ၊ စပွန်ဆာများ အမြောက်အမြားရှိပြီး ထိုကဲ့သို့ လုပ်ဆောင်ပေးခြင်းမှာ မိမိတို့တိုင်းပြည်ကို အဆင့်မြှင့်တင်ပေးချင်ရုံသာမက မိမိတို့၏ စွမ်းအားများ ပြည်ပကို ထွက်မသွားစေရန်ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုပါသည်။
အခု လေယာဉ် ပြန်ထွက်သွားပြီ။ သူ ပေးသည့် သတင်းစကားကို မြန်မာတွေ ကြားရဲ့လား။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်က ရေကြောင်း၊ လေကြောင်းနဲ့ အာကာသပညာ၊ အမျိုးသားစီမံခန့်ခွဲမှုပညာ၊ သန်လျင်နည်းပညာနဲ့ အနောက်ပိုင်းနည်းပညာ ကောလိပ် တက္ကသိုလ်များထံမှ ကျောင်းသားသမဂ္ဂများ ပူးပေါင်း၍ Student Show 2015 ဟူသော ပြပွဲလေးအား MICT Park တွင် နှစ်ရက်ကြာ ကျင်းပခဲ့သည်ကို ပြန်သတိရမိသည်။
အဆိုပါပြပွဲတွင် ဝင်ရောက်ပြသသော လေကြောင်းနှင့် အာကာသသိပ္ပံတက္ကသိုလ်မှ စတုထ္တနှစ်ကျောင်းသားတဦးကို အဘယ့်ကြောင့် ယခုလိုပြပွဲတွင် ဝင်ရောက်ပြသပါသလဲဟု မေးမြန်းကြည့်ရာ ၎င်းက မိမိတို့ လက်တွေ့သုတေသန လုပ်ဆောင်ရာတွင် ငွေကြေးအခက်အခဲများစွာ ကြုံတွေ့ရသကဲ့သို့ လိုအပ်သည့်ပစ္စည်းများအား နိုင်ငံခြားမှ မှာယူ တင်သွင်းရာတွင်လည်း မလွယ်ကူလှကြောင်း၊ ကူညီမည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်မိလျှင် အဆင်ပြေနိုင်ကောင်းသည်ဟု မျှော်လင့်ချက်ဖြင့် ဝင်ရောက်ပြသခြင်းဖြစ်သည်ဟု ပြောသည်။
“ကျနော်တို့ လူငယ်တွေကို လုံလောက်တဲ့ အထောက်အပံ့နဲ့ လွပ်လပ်ခွင့်သာ အပြည့်အဝပေးပါ။ ကျနော်တို့ အစွမ်းကုန်ကြိုးစားပြပါ့မယ်။ လူကြီးတွေ စိတ်မပျက်စေရပါဘူး” ဟု ဆိုသည်ကို ကြားယောင်နေမိသည်။ မိမိတို့ ကျောင်းသားများ တင်သွင်းရန် ကြိုးစားသော တချို့ပစ္စည်းများမှာ တာဝန်ရှိသူများက လုံခြုံရေးအမြင်နှင့်ကြည့်ပြီး ခွင့်မပြုသည့်အတွက် စိတ်ကူးရှိသလောက် မလုပ်နိုင်ဟုလည်း ၎င်းက ဆိုသေးသည်။
သူတို့ကဲ့သို့ သက်မွေးဝမ်းကျောင်း တက္ကသိုလ်ကျောင်းသားများသာ မက၊ ဝိဇ္ဖာ သိပ္ပံတက္ကသိုလ်များတွင် မဟာတန်းမှ ပါရဂူဘွဲ့အထိ တက်ရောက်သင်ကြားနေသည့် ကျောင်းသား၊ကျောင်းသူများအနက် ငွေကြေးမပြေလည်မှုကြောင့် မဟာတန်းပြီးဆုံးအောင် မတက်နိုင်သူများ နှစ်စဉ် အမြောက်အမြား ရှိနေပါသည်။ ကံကောင်းသူ တချို့တလေတော့ ရှိပါသည်။
မိမိ Ph.D ဘွဲ့ရယူရန်အတွက် စာတမ်းပြုစုစဉ်က ယခင်ပြင်ဦးလွင် ကန်တော်ကြီးဥယျာဉ်ကို တာဝန်ယူလုပ်ဆောင်ခဲ့သည့် Woodland Group မှ မိမိစာတမ်းအတွက် လိုအပ်သည့် စရိတ်စက အားလုံးကို ထောက်ပံ့ပေးခဲ့သောကြောင့် ငွေကြေး အခက်အခဲ မကြုံခဲ့ရပါဟု လိပ်ပြာများအကြောင်း သုတေသနလုပ်ကာ ပါရဂူဘွဲ့ယူခဲ့သည့် ဒေါက်တာသန်းထိုက်စိုးက ပြောပြဖူးသည်။
“သူတို့နဲ့ ကျနော် စကားပြောကြည့်တယ်။ ဒီအလုပ်ပေါ်မှာ တကယ် ရူးသွပ်မှန်းသိတော့ ဂရန့်ပေးသွားတယ်။ တကယ်ကြိုးစားရင် ထောက်ပံ့မယ့်သူ မရှားပါဘူး။ ကိုယ့်ဘက်ကလည်း ကြိုးစားပြီး ချိတ်ဆက်ဖို့ လိုတာပေါ့” ဟု သူက အကြံပြုသည်။
တက္ကသိုလ်ကျောင်းသားများ မည်သည့်အရာများ လိုအပ်နေသည်ကို မိမိတို့ မသိကြောင်း၊ သုတေသန စမ်းသပ်မှုများ လက်တွေ့လုပ်ဆောင်ရာတွင် အခက်အခဲများကြုံတွေ့နေရပါက မိမိတို့အနေဖြင့် တတ်နိုင်သမျှ ကူညီသွားမည်ဖြစ်ကြောင်း FMI(First Myanmar Investment)နှင့် Yoma Strategic Hoildings တို့၏ ဥက္ကဌ ဦးသိမ်းဝေကလည်း ပြောပါသည်။ ဦးသိမ်းဝေအပြင် မိမိလက်လှမ်းမှီသလောက် မန္တလေးမြို့ရှိ စီးပွားရေးသမားများထံ သွားရောက်တွေ့ဆုံကာ လက်ရှိတက္ကသိုလ်ကျောင်းသားများ ရင်ဆိုင်နေရသော ငွေကြေး၊နည်းပညာ အခက်အခဲများနှင့် ပတ်သက်၍ မည်သို့မည်ပုံကူညီပေးနိုင်မလဲဟု မေးရာတွင်လည်း အားလုံးနီးပါးကလည်း မိမိတို့ တတ်နိုင်သလောက် ကူညီပေးသွားမည် ဆိုသည်ကို ပြောကြပါသည်။
စီးပွားရေးသမားများ သာမကပါ။ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများကလည်း လိုလိုလားလား ပြောကြပါသည်။
မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် နိုင်ငံတကာတွင် မည်သို့မည်ပုံဆောင်ရွက်နေသည်၊ မိမိတို့ဆောင်ရွက်ပြီးသော လုပ်ငန်းများနှင့် ပတ်သက်၍ မြို့နေလူထု၏ တုံ့ပြန်ချက် မည်သို့မည်ပုံရှိသည်စသည့် သုတေသနများကို လုပ်စေလိုပြီး မိမိတို့နှင့် ချိတ်ဆက်ကာ ညှိနှိုင်းလုပ်ဆောင်မည်ဆိုပါက တတ်နိုင်သမျှ ကူညီပေးရန် အသင့်ရှိသည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ကော်မတီဝင် ဒေါက်တာသွင်ကျော်ကျော်က ပြောသည်။
တက္ကသိုလ်များ၏ သုတေသနသည် Business ကို ခေါ်ပြီးပူးပေါင်းခြင်းထက် Business ၏ လက်တွေ့လိုအပ်ချက်ကို ကွင်းဆင်းလေ့လာချိတ်ဆက်သင့်သည်ဟု ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းကလည်း ၂၀၁၄ ခုနှစ် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲတွင် ပြောကြားခဲ့ပါသေးသည်။
မန္တလေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမောင်သင်းကလည်း မန္တလေးတက္ကသိုလ်နှင့် MOU ထိုးထားသော နိုင်ငံတကာတက္ကသိုလ် ၁၄ ခုရှိသွားပြီဖြစ်ပြီး သုတေသနများကိုလည်း ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ မန္တလေးတက္ကသိုလ်ကို သုတေသန ဦးစားပေး တက္ကသိုလ်ကြီးအဖြစ် တဖြည်းဖြည်း ပုံဖော်သွားမည်ဖြစ်ကြောင်း ပြောသည်။
ထိုသို့ အားတက်ဖွယ် အသံများကို ကြားရသော်လည်း တကယ့်အခြေအနေမှန်မှာ အားတက်ဖွယ် သိပ်မရှိသေးပါ။
မိမိတို့ထံတွင် သုတေသနပညာရှင်များကို မြေတောင်မြှောက်အားပေးရန်ထက် အဆောက်အဦးဆောက်ရန်သာ အားသန်လျက်ရှိသေးသည်ဟု မန္တလေးမြို့ ရတနာပုံတက္ကသိုလ် ပါမောက္ခတစ်ဦးက ဝေဖန်သည်။ သူ့ဝေဖန်ချက်က တရားဝင် ကိန်းဂဏန်းများကို အခြေခံသည်။
၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန် လျာထားသည့် စီမံကိန်း ၁၂ ရပ်အတွက် ပညာရေးဘက်ဂျက်ပမာဏမှာ ကျပ်သန်းပေါင်းလေးသိန်းသုံးသောင်းကျော်(ကျပ်သန်းပေါင်း ၄၃၁၉၀၃)ဖြစ်ပြီး ဘက်ဂျက်ခွဲဝေမှု အများဆုံးစီမံကိန်းမှာ ရုပ်ဝန်းကျင်ကောင်း ဖန်တီးရေး (အဆောက်အဦးသစ်များ ဆောက်လုပ်ခြင်း၊Landscape များဖန်တီးခြင်း) ဖြစ်ပြီး ကျပ်သန်းပေါင်းတစ်သိန်းခုနှစ်သောင်းကျော် (ကျပ်သန်းပေါင်း ၁၇၇၈၀၄) သုံးစွဲသွားရန် လျာထားကြောင်း၂၀၁၄ ခုနှစ်၊ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော် နှီးနှောဖလှယ်ပွဲ (အဆင့်မြင့် ပညာကဏ္ဍ) အစီရင်ခံစာတွင် ဖော်ပြထားသည်။
သုတေသန ဓာတ်ခွဲခန်းများ ဖြစ်ပေါ်ရေး (ဓာတ်ခွဲခန်းသုံးပစ္စည်းများ ဖြည့်ဆည်းပေးခြင်း၊ သုတေသနဆောင်ရွက်ခြင်း) မှာမူ တတိယအဆင့်မှာသာ ဖြစ်ပြီး ကျပ်သန်းပေါင်းခြောက်သောင်းရှစ်ထောင်ကျော် (ကျပ်သန်းပေါင်း ၆၈၅၁၀) သာ သုံးစွဲသွားရန် လျာထားရာ ရုပ်ဝန်းကျင်ကောင်းဖန်တီးရေးအတွက် သုံးစွဲမည့် လျာထား ဘတ်ဂျက်ပမာဏသည် သုတေသနဓာတ်ခွဲခန်းများဖြစ်ပေါ်ရေးထက် ၂ ဆ ခွဲနီးပါးမျှ များပြားနေသည်။
သုတေသနဆောင်ရွက်ရန်အတွက် လျာထားဘက်ဂျက်မှာ ကျပ်သန်းပေါင်း ၅၇၅ သန်းသာဖြစ်ပြီး ကျောင်းသူကျောင်းသားများအား ပညာတော်သင်စေလွှတ်ခြင်းနှင့် ပညာသင်ဆု ချီးမြှင့်ရန်အတွက် လျာထားငွေမှာ ကျပ်သန်းပေါင်း ၁၃၃၄ မျှသာဖြစ်သည်။ ယင်းပမာဏစုစုပေါင်းမှာ ပညာရေးဘက်ဂျက်၏ ၂၂၆ ပုံ တပုံမျှသာ ရှိပေသည်။အဆင့်မြင့်ပညာရေးကဏ္ဍတွင် သုတေသနထက် မည်သည့်အရာကို ဦးစားပေးနေသလဲဆိုသည်မှာ အဖြေပေါ်ပြီထင်ပါသည်။
၂၀၁၃-၁၄ ပညာသင်နှစ်တွင် တနိုင်ငံလုံးရှိ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်၊ ကောလိပ် ၄၇ ခုတွင် တက္ကသိုလ်ကျောင်းသားကျောင်းသူ စုစုပေါင်း ငါးသိန်းတစ်သောင်းကျော် (၅၁၂၄၄၃) ရှိပြီး အဆိုပါ ကျောင်းသားငါးသိန်းကျော်တွင် မဟာတန်းမှ ပါရဂူဘွဲ့အထိ ဘွဲ့လွန်တက်ရောက်သင်ကြားနေသည့် ကျောင်းသားသူပေါင်း တစ်သောင်းကျော် (၁၁၇၀၄) ရှိသည်ဟု အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ မဟာတန်း၊ ပါရဂူကျောင်းသားများ နှစ်စဉ်လုပ်ဆောင်နေသည့် သုတေသနများ၊ စစ်တမ်းများအား မည်သည့်နေရာတွင် မည်သို့လက်တွေ့အသုံးချနေပါသနည်း။ ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူများ အတိအကျဖြေဆိုပေးနိုင်လျှင် ကောင်းမည်။
တက္ကသိုလ်ဆရာ၊ ဆရာမများအား ရာထူးတိုးမြှင့်ပေးရာတွင်လည်း ပညာရပ် စွမ်းဆောင်ရည်ဖြင့် မတိုင်းတာပဲ စစ်တပ်ရာထူးတိုးပေးသည့်အစဉ်အလာကို ပုံတူကူးကာ နည်းပြ၊သရုပ်ပြ ၇ နှစ်ပြည့်လျှင် လက်ထောက်ကထိက၊ လက်ထောက်ကထိက လေးနှစ်ပြည့်လျှင် ကထိက၊ ကထိက လုပ်သက်ငါးနှစ်ပြည့်လျှင် တွဲဖက်ပါမောက္ခစသည်ဖြင့် ဝါစဉ်၊ လုပ်သက်အလိုက် အဆင့်ဆင့်ရာထူးတိုးပေးသည့် စနစ်ကြောင့် ဘာမှမလုပ်ပဲ အိပ်နေ၊ တရေးနိုးရင်ရာထူးတိုးပြီဟု လှောင်ပြောင်ရသည်ထိ ဖြစ်လာကြောင်း၊ ယင်းစနစ်ကိုပြုပြင်ကာ သုတေသနလုပ်နိုင်သူကို ရာထူးတိုးပေးသည့်စနစ်သို့ ကူးပြောင်းမှသာ လက်တွေ့အသုံးချ သုတေသန အများအပြားပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ စီးပွားရေးသမားများနှင့် ချိတ်ဆက်လုပ်ဆောင်ရမည့် ခိုင်မာတိကျသော မူဝါဒများ ချမှတ်ရန်လိုကြောင်း အငြိမ်းစားပါမောက္ခတစ်ဦးက သုံးသပ်သည်။
“ပညာရေးဆွေးနွေးပွဲကြီး တခုလုပ်တော့ ဆရာ၊ ဆရာမတွေက ပညာရေးနဲ့ပတ်သက်တဲ့ အမြင်တွေ၊ အယူအဆတွေ အမျိုးမျိုးတင်ပြတယ်။ စစ်ဘက်ကနေ ပြောင်းလာတဲ့လူကြီး တယောက်က နောက်ဆုံးမှာ စကားထပြောတယ်။ သူက ဘာပြောလဲဆိုတော့ ကျောင်းတွေမှာ မသင်္ကာစရာတွေ့ရင် အရင်ဆုံး သဲအိတ်နဲ့ ဝိုင်းပတ်ထားပါ။ ကျောင်းသားတွေကို ဘေးကင်းရာမှာ နေခိုင်းပါ။ ရဲနဲ့ စစ်တပ်ကို အမြန်ဆုံးအကြောင်းကြားပါ။ ကျောင်းတွေမှာ လုံခြုံရေးက အရေးကြီးဆုံးပဲလို့ ထပြောတယ်။ ပညာရေးကို လုံခြုံရေးအမြင်၊ စစ်ရေးအမြင်နဲ့ပဲ ကြည့်နေတဲ့အခါ တိုးတက်ဖို့ ခဲယဉ်းတာပေါ့” ဟု မှတ်ချက်ပြုပါသည်။
ကမ္ဘာပတ် ဆိုလာလေယာဉ်ပျံကြီးကတော့ မန္တလေးမြို့မှ ထွက်ခွာသွားခဲ့ပြီ။ ကျောင်းသူကျောင်းသားများသာမက ကာချုပ်ကြီးနှင့် သမ္မတကြီးကိုယ်တိုင် လာရောက်လေ့လာ ကြည့်ရှုခဲ့ပါသည်။ မြန်မာကျောင်းသားများ၏ စိတ်ကူးစိတ်သန်းတီထွင်မှုများ ကမ္ဘာပတ် ပျံသန်းနိုင်မလားဆိုသည်ကတော့ သူတို့၏ စေတနာနှင့် ဉာဏ်အမျှော်အမြင်တို့အပေါ်တွင် မူတည်နေပါသည်။
(ဖိုးစမ်းချောင်း (GG)သည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်)