သင်္ကြန်ရက် နီးကပ်နေပြီ ဖြစ်တဲ့အတွက် သင်္ကြန်တွင်းမှာ ပြည်တွင်း အလည်အပတ် ခရီးထွက်ဖို့ အပန်းဖြေလို့ ကောင်းမယ့်နေရာတွေကို ရွေးချယ် နေကြတဲ့အချိန် ဖြစ်ပါတယ်။
ကမ်းခြေအပန်းဖြေစခန်း သွားကြမယ့် သူတွေအတွက် ချောင်းသာ၊ ငွေဆောင်တို့လို သာယာလှပပြီး စရိတ်စက သက်သက်သာသာနဲ့ ရန်ကုန်ကနေ နေ့ချင်းပြန် သွားရောက်လည်ပတ်နိုင်မယ့် အပန်းဖြေစခန်း တခုကတော့ ရန်ကုန်မြို့ကနေ ၃၄ မိုင်သာ ကွာဝေးတဲ့ ညောင်ချောင်းသာလို့ လူသိများတဲ့ ရန်ကင်းသာ အပန်းဖြေစခန်းပဲ ဖြစ်ပါတယ်။
ညောင်တုန်း မြို့စွန်မြို့ဖျား ဧရာဝတီမြစ်ကနေ ခွဲထွက်လာတဲ့ ပန်းလှိုင်မြစ်ရဲ့ လက်ယာဘက် ရန်ကင်းစံရာ အနောက်ကျွန်းမှာ သောင်ထွန်းနေတဲ့ ဖြူလွလွ သဲသောင်ပြင်ကို တွေ့ရပါလိမ့်မယ်။
ရန်ကင်းသာဟာ ပင်လယ်ပြင်မဟုတ်လို့ ကမ်းစပ်ကို အမြဲမပြတ်ရိုက်ခတ်လာတဲ့ ဧရာမ လှိုင်းတံပိုးကြီးတွေ၊ လေယူရာ တိမ်းပြီး ယိမ်းနွဲ့နေတဲ့ စိမ်းစိမ်းစိုစို အုန်းပင်ပျိုတွေ၊ သဘာဝ ကျောက်တုံး ကျောက်ဆောင်တွေ၊ ကျောက်ဖြစ်ရုပ်ကြွင်း တွေ၊ ခရုလည်ဆွဲ ပုတီးတွေကိုတော့ တွေ့ရမှာ မဟုတ်ပါဘူး။
ဒါပေမယ့် တသွင်သွင် စီးဆင်းနေတဲ့ မြစ်ပြင်ကို ဖြတ်ကျော် သယ်ဆောင်လာတဲ့ လေပြည်လေညင်းကတော့ အေးမြမြနဲ့ လာရောက်သူတိုင်းကို စိတ်နှလုံးကြည်လင် လန်းဆန်းစေမှာ အမှန်ပါပဲ။
ရန်ကင်းသာကို ရန်ကုန်ကလူတွေ အလာများပြီး သင်္ကြန်တွင်းမှာတော့ ရန်ကုန်အနီးပတ်ဝန်းကျင် အနယ်နယ် အရပ် ရပ်က လူတွေပါ လာလည်ကြတယ်လို့ သိရပါတယ်။ ငွေဆောင်၊ ချောင်းသာတို့နဲ့စာရင် အချိန်တိုတိုအတွင်း ပြန်နိုင် သွားနိုင်တဲ့အပြင် စရိတ်စကလည်း ပိုမိုသက်သာပါတယ်။
သင်္ကြန်တွင်းဆိုရင် လာရောက်လည်ပတ်သူတွေ အရမ်းများပြီး အပန်းဖြေစခန်းတခုလုံး လူတွေဖွေးဖွေးလှုပ် စည်ကား နေတာပဲလို့ ဒေသခံတွေက ပြောပြပါတယ်။
ဒီနှစ် ရန်ကင်းသာမှာ ဆိုင်ခန်းပေါင်း ၄၀ ဖွင့်ထားတာ တွေ့ရပါတယ်။
ရန်ကင်းသာ ကမ်းခြေခုံဝိုင်း ဈေးနှုန်းတွေကတော့ ခုံ ၄ လေးလုံးနဲ့ ထီးမိုး ၁ မိုး ၅၀၀၀ ကျပ်၊ ခုံ ၈ လုံးနဲ့ ဘန်ဂလို ၁ မိုး ၁၅၀၀၀ ကျပ်၊ ခုံ ၁၂ လုံးနဲ့ ဘန်ဂလို ၁ မိုး ၂၀၀၀၀ ကျပ်၊ ခုံ ၁၅ လုံးနဲ့ ဘန်ဂလို ၁ မိုး ၂၅၀၀၀ ကျပ်တို့ ဖြစ်ပါတယ်။
ရေကစားရတာ ပင်ပန်းလို့ အနားယူချင်တယ်ဆိုရင်လည်း အတွင်းနားနေခန်း ၁ ခန်းကို ၁၀၀၀၀ ကျပ် ပေးပြီး အနားယူ နိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေ ပါတယ်ဆိုတော့ ဒီအတွင်း နားနေခန်းလေးတွေက အဆင်ပြေပါတယ်။
ကမ်းခြေ ခုံဝိုင်းနဲ့ နားနေခန်းဈေးနှုန်းတွေကို ဆိုင်ခန်းတွေဆီသွားရာ ဝင်ပေါက်နားမှာ ထင်သာမြင်သာအောင် အနီရောင်ဗီနိုင်း ဆိုင်းဘုတ်တခု ရေးသား စိုက်ထူပေးထားပါတယ်။ သတ်မှတ်ဈေးနှုန်းတွေထက် ပိုဈေးကြီး နေတယ်ဆိုရင် ကမ်းခြေ ကော်မတီ (ကွပ်ကဲရေးရုံး) ကို တိုင်ကြားနိုင်တယ်လို့ ကမ်းခြေကော်မတီဝင် တဦးဖြစ်သူ ဟေမာန်ဦး စားသောက်ဆိုင် ပိုင်ရှင် ဦးထွန်းဦးက ဧရာဝတီကို ပြောပါတယ်။
“သင်္ကြန်တွင်းကျရင်တော့ အစားအသောက်က နည်းနည်းလေးစီတော့ ဈေးတက်ကြတယ်။ နီးနီးနားနား လာရောက် အပန်းဖြေလို့ရတော့ ဒီနှစ်သင်္ကြန်ကိုလည်း သူငယ်ချင်းတွေနဲ့ လာဖြစ်မယ်ထင်ပါတယ်” လို့ အပန်းဖြေ စခန်းကို လာရောက်လည်ပတ်သူ တဦးက ပြောပါတယ်။
ရေကစားဖို့ ဘောကွင်းတွေကို ၁ နာရီချင်း ငှားသလို အချိန်ပိုင်း (Section) နဲ့ အပြတ်ငှားနိုင်တယ်လို့လည်း သိရပါတယ်။ ဈေးနှုန်း ကတော့ ကျပ် ၁ ထောင်၊ ၂ ထောင်ပါ။ အပျော်စီး စက်လှေ၊ လက်လှော် လှေတွေလည်း ငှားစီးနိုင်ပါတယ်။
အစားအသောက်နဲ့ ပတ်သက်လို့ ငါးကင်၊ ပုစွန်ကြော်တို့အပြင် တခြား တရုတ်အစားအစာ၊ အသုပ်စုံ၊ အအေး ပုလင်းမျိုးစုံနဲ့ ဖျော်ရည်တွေလည်း ရရှိနိုင်ပါတယ်။
အမှတ်တရ ဓာတ်ပုံရိုက်ချင်တယ်ဆိုရင်လည်း ချက်ချင်းရိုက် ချက်ချင်းရတဲ့ ရွှေရည်ဓာတ်ပုံဆိုင်က ဝန်ဆောင်မှုပေး နေပါတယ်။
ချောင်းသာ၊ ငွေဆောင်တို့လို မြစ်ပြင်ကိုဖြတ်သန်းလာတဲ့လေကို ရှူရှိုက်ရင်း အုန်းစိမ်ရည် ချိုချို သောက်ချင်တယ် ဆိုရင် အုန်းသီး တလုံးကို ကျပ် ၅၀၀ ပေးပြီး ဝယ်သောက်နိုင်ပါတယ်။ အုန်းရှာလပတ်ရည် သောက်ချင်တယ် ဆိုရင်တော့ ငွေ ၂၀၀ ကျပ် ပိုပေးရုံနဲ့ အရသာရှိလှတဲ့ အုန်းရှာလပတ်ရည်ကို သောက်လို့ရပါတယ်။
ရန်ကင်းသာဟာ ရေချိုမြစ်ဖြစ်လို့ တခြား ပင်လယ်ကမ်းခြေတွေမှာလို ရေကူးဆော့ကစားပြီးရင် ရေချို၊ ရေသန့် ပြန်ချိုးရတာမျိုး လုပ်စရာ မလိုပါဘူး။ ရေထဲမှာ ဘယ်လောက်ကြာကြာ စိမ်ပြီးချိုးချိုး စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ ဆားပေါက်တာလည်း မဖြစ်ပါဘူး။
ဒါပေမယ့် ရေသန့် ပြန်ချိုးချင်တယ်ဆိုရင်လည်း အမျိုးသား၊ အမျိုးသမီး ရေချိုးခန်းတွေရှိလို့ ငွေကျပ် ၂၀၀ ပေးပြီး ဝင်ရောက်ချိုးနိုင်ပါတယ်။ ရေချိုးခန်းတွေနဲ့ မလှမ်းမကမ်းမှာပဲ အမျိုးသား၊ အမျိုးသမီး သန့်စင်ခန်းတွေရှိပါတယ်။
ကွပ်ကဲရေးမှူးရုံး ဖွင့်လှစ်ထားတာမို့ မိမိတို့သွားလိုရာ၊ သိလိုရာတွေကို မေးမြန်း စုံစမ်းနိုင်တယ်။ သတ်မှတ်နယ်မြေကို ကျော်ပြီး ရေချိုးသူတွေကို ကွပ်ကဲရေးရုံးက အသံချဲ့စက်နဲ့ သတိပေးအော်ဟစ်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ လာရောက်လည်ပတ်သူတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် ဖြစ်တယ်လို့ ဒေသခံတဦးဖြစ်သူ ရွှေကောင်းကင် စားသောက်ဆိုင်က ကိုဝင်းဇော်ထွန်းက ရှင်းပြပါတယ်။
ရေချိုမြစ်တွေဟာ သဲသောင်ပြင်ပြီးရင် ရွှံ့နွံထူတဲ့ မြေသားဆီရောက်ပြီး မကြာခင်မှာ မြစ်ရဲ့အလယ်ပင်မ ရေစီးကြောင်းထဲ ရောက်ရှိသွားတတ်တယ်လို့ သိရပါတယ်။ အဲဒီ ရေစီးကြောင်းတွေဟာ ရေစီးသန်တတ်လို့ သတိထားရမှာ ဖြစ်ပြီး ကန့်သတ်နယ်မြေအဖြစ် ပိုက်ကာ သတ်မှတ်ထားတဲ့နေရာကို ကျော်ဖြတ် ရေကစားခြင်း မပြုသင့်ဘူးလို့ အထက်ပါ ပုဂ္ဂိုလ်က ဆိုပါတယ်။
ရန်ကင်းသာ စတင်ဖြစ်ပေါ်လာတဲ့အချိန်က လူအသေအပျောက် ရှိတယ်လို့ မကြာခဏ ကြားဖူးပါတယ်။
ရန်ကင်းသာ အပန်းဖြေစခန်း ဖြစ်တည်လာတာ အခုနှစ်ဆိုရင် ၄ နှစ်ရှိပါပြီ။ ၂၀၁၂ ခုနှစ် အပန်းဖြေစခန်း စတည်တဲ့ အချိန်တုန်းက လူတွေရဲ့ စည်းကမ်းမလိုက်နာမှုနဲ့ ကမ်းခြေ တာဝန်ရှိသူတွေရဲ့ ကြီးကြပ်မှု အားနည်းတာတွေကြောင့် အသေအပျောက်တွေ ဖြစ်ရတာလို့ ကိုဝင်းဇော်ထွန်းက ပြောပြပါတယ်။
“သေဆုံးတဲ့သူ အများစုဟာ အမူးလွန်ပြီး ရေနစ်သေဆုံးကြတာပါ။ တချို့တွေက ပူပြင်းတဲ့ နေရောင်အောက်မှာ သောက်စား မူးယစ်လွန်ပြီး ဦးနှောက်သွေးကြောပြတ် သေဆုံးရတာတွေလည်း ရှိတယ်။ ရန်ကင်းသာ စတင် ပေါ်ပေါက် လာတဲ့နှစ်တွေကတော့ ကျနော်တို့ဘက်က ချို့ယွင်းချက်တွေ ကြောင့်လည်း ဖြစ်ရတာပေါ့နော်” လို့ သူက ပြောပါတယ်။
နောက်နှစ်တွေမှာတော့ အဲဒီလို လူအသေအပျောက်တွေ မဖြစ်ရတော့အောင် ရေကစားရာနေရာကို ကန့်သတ်နယ်မြေ အဖြစ် ပိုက်တွေနဲ့ တားလိုက်ပါတယ်။ ဒေသခံတွေနဲ့ ဆိုင်ဖွင့်ထားသူတွေကလည်း လာရောက် လည်ပတ်သူတွေကို သေချာရှင်းပြပြီး အမြဲသတိပေးမှုတွေ လုပ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတော့ အရက်မူးပြီး ချောင်းထဲရေဆင်းကူးရင်း နစ်မြုပ်သေဆုံးသွားသူ တယောက်ပဲ ရှိတော့ တယ်လို့ သိရပါတယ်။
“အခုတော့ ကွပ်ကဲရေးမှူးတွေ အပါအဝင် ဈေးဆိုင်တွေကလည်း အမြဲသတိပေးတယ်။ ဒါပေမယ့် တချို့က အရက်သေစာ သောက်စာပြီး မူးလာရင် ကျမတို့ရဲ့ စကားကို နားမထောင်ကြတော့ဘူး။ ဘာပဲပဲဖြစ်ဖြစ် သူတို့ကို ဘေးအန္တရာယ် ကင်းစွာနဲ့ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေကြတာကိုပဲ မြင်ချင်တယ်” လို့ ကြယ်စင်လှိုင်း ဆိုင်ရှင် မနှင်းဆီက ဧရာဝတီကို ပြောပါတယ်။
တခါတလေ တဝိုင်းနဲ့တဝိုင်း အစလွန်ပြီး ရန်ဖြစ်တာမျိုးတွေ ရှိတဲ့အခါ သူတို့အချင်းချင်း မနိုင်တော့ရင် ဆိုင်ရှင်တွေ၊ ကမ်းခြေ ကော်မတီတွေက ဝင်ရောက် ထိန်းသိမ်းပေးရပါတယ်။ လာရောက်လည်ပတ်သူတွေ အစစ အရာရာ ဘေး အန္တရာယ်ကင်းစေဖို့ ကမ်းခြေမှာ လုံခြုံရေး အင်အား အပြည့်အစုံ ထားရှိသင့်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရန်ကင်းသာကမ်းခြေမှာ ကြီးကြီးမားမား သဘာဝဘေးအန္တရာယ် မရှိပေမယ့် တခါတလေ လေပွေတိုက်တတ်ပါတယ်။ အင်အား နည်းနည်းပြင်းရင်တော့ ခင်းထားတဲ့ ခုံတွေ၊ ဘန်ဂလိုလေးတွေ လဲပြိုပျက်စီးသွားတတ်တယ်လို့ ဆိုပါတယ်။ အလည်အပတ်ရောက်နေသူတွေ အန္တရာယ်မဖြစ်စေရေးအတွက်ကိုတော့ ကမ်းခြေကော်မတီက ကြိုတင်သတိပေး တယ်လို့ သိရပါတယ်။
တနေ့တာလုံး ပျော်ရွှင်စွာနဲ့ ရေကစား၊ စားသောက်ပြီးလို့ အိမ်ပြန်ကြတော့မယ်ဆိုရင်တော့ အိမ်မှာကျန်ခဲ့သူတွေ အတွက် အိမ်ပြန်လက်ဆောင် တွေကိုလည်း ရန်ကင်းသာဈေးတန်းထဲမှာ ဝယ်ယူနိုင်ပါတယ်။
ရန်ကင်းသာရွာဒေသခံတွေဟာ ရေချိုငါးဖမ်းလုပ်ငန်းနဲ့ သီးနှံစိုက်ပျိုးရေးကို အဓိက အသက်မွေးကြောင်းအဖြစ် လုပ်ကိုင်ကြတာဖြစ်လို့ ငါး၊ ပုစွန်အစိမ်းတွေနဲ့ ငါးကင်၊ ပုစွန်ကြော်ပူပူလေးတွေကို ဝယ်နိုင်သလို ဒေသထွက် သီးနှံ လတ်လတ်ဆတ်ဆတ် တွေကိုလည်း ဈေးနှုန်းချိုသာစွာနဲ့ ဝယ်ယူနိုင်ပါတယ်။
အိမ်အပြန် လက်ဆောင်အဖြစ် မပါမဖြစ်ကတော့ ညောင်တုန်းမြို့ရဲ့ အမှတ်သညာ တခုဖြစ်တဲ့ ငှက်ပျောကြော်ပါပဲ။ ညောင်တုန်းမြို့ ငှက်ပျောကြော်ဟာ အချိုကြော်ရော၊ အစိမ်းကြော်ပါ ရွရွလေးနဲ့ စားလို့ကောင်းပါတယ်။ သေသေ သပ်သပ် ဘူးလေးတွေနဲ့ ထုပ်ပိုးထားတာကြောင့် အိမ်အပြန် လက်ဆောင်အဖြစ် မျက်နှာပန်းလှစေမှာပါ။
ရန်ကင်းသာအပန်းဖြေစခန်းကနေ လက်ဆောင်တွေ ဝယ်ပြီးလို့ ပြန်တော့မယ်ဆိုရင်တော့ ညောင်တုန်းမြို့ရဲ့ အထင်ကရ ဘုရား၊ စေတီတွေကိုလည်း ဝင်ရောက်ဖူးမြော်ကြည်ညိုနိုင်အောင်လို့ လမ်းညွှန်ပေးချင်ပါတယ်။
ညောင်တုန်းကို ရောက်လို့ရင် ဝင်ရောက်ဖူးမြော်သင့်တာကတော့ အလွန်သပ္ပာယ် ကြည်ညိုဖွယ်ကောင်းတဲ့ နိုင်ငံအေးဘုရားကြီး ခေါ် ဦးစိန်ကတုံး ဘုရားကြီးဖြစ်ပါတယ်။ အမှတ် (၃) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမြောက်ဘက်၊ ရန်ကုန်ကျောင်း အာရမ်မြေနဲ့ ဆက်စပ်နေတဲ့ သံတန်ဆောင်းကြီး အတွင်းမှာ ကိန်းဝပ်စံပယ် နေတော်မူပါတယ်။
ညောင်တုန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ လမ်းမတော်ရှိ နှစ်ပေါင်း ၁၀၀ ကျော်ပြီဖြစ်တဲ့ အတုလ မာရဇိန် သွန်းဘုရား ကြီးဟာလည်း မြို့ရဲ့ ကျက်သရေဆောင် တခုဖြစ်ပြီး တန်ဆောင်း ပြာဿာဒ် အထပ်ထပ်တို့နဲ့ အလွန်ခမ်းနားကြီး ကျယ်ပါတယ်။
အချိန်ရမယ် ဆိုရင်တော့ နောက်ထပ် ဥသျှစ်လှစေတီ၊ မိုးဟုတ်စေတီ၊ အံတော်စေတီတွေကိုလည်း ဝင်ရောက်ဖူးမြော် ကုသိုလ်ယူနိုင်ပါတယ်။
ချောင်းသာ၊ ငွေဆောင်တို့နဲ့ အလားသဏ္ဍာန်တူတဲ့ ရန်ကင်းသာ အပန်းဖြေစခန်းလေးဟာ ပင်လယ်ကမ်းခြေတွေလို သန့်ရှင်းကြည်လင်တဲ့ ရေပြာပြာရဲ့ အရသာကို ခံစားတွေ့ထိနိုင်မှာ မဟုတ်ပေမယ့် သူ့မြင်ကွင်း၊ သူ့ရှုခင်းတွေနဲ့သူတော့ လိုက်ဖက်ညီ လှပနေပါတယ်။
စရိတ်စက သက်သာပြီး သွားလာရလွယ်ကူတာမို့ ရန်ကင်းသာ (ညောင်ချောင်းသာ) အပန်းဖြေစခန်းကို သင်္ကြန်တွင်း သွားရောက် လည်ပတ်လို့ကောင်းတဲ့ နေရာလေးတနေရာအဖြစ် ဖော်ပြ ညွှန်းဆိုလိုက်ရပါတယ်။