မန္တလေးမှာ ဆိုရင် ဈေးချိုသင်္ကြန်ဟာ နာမည်ကြီး လူသိများ ထင်ရှားသလို၊ ရန်ကုန်မှာ ဆိုရင်တော့ ဗိုလ်ချုပ်ဈေး သင်္ကြန်ဟာ လူသိထင်ရှားတဲ့ ဈေးသင်္ကြန်ပွဲတခုပဲ ဖြစ်ပါတယ်။
စကော့ဈေးလို့ လူသိထင်ရှားမှုများတဲ့ ဗိုလ်ချုပ် အောင်ဆန်းဈေး (ဗိုလ်ချုပ်ဈေး) သင်္ကြန်က လူသိများ ထင်ရှားတဲ့ ပွဲတော် တခု ဖြစ်ပါတယ်။ ဗိုလ်ချုပ်ဈေး သင်္ကြန်ပွဲကို သင်္ကြန်ပွဲတော် ပိတ်ရက်တွေ မရောက်ခင် အကြိုနေ့ ဖြစ်တဲ့ ဧပြီ ၁၂ ရက် တရက်တည်းမှာပဲ နှစ်စဉ်နှစ်တိုင်း ကျင်းပတယ် လို့ သိရပါတယ်။
ဗိုလ်ချုပ်ဈေး သင်္ကြန်ပွဲတော်ကို ဈေးသူဈေး သားတွေ သာမက ဈေးအတွင်း လာရောက်လည်ပတ် ဈေးဝယ်ကြတဲ့ မြန်မာ ဧည့်သည်များ သာမက နိုင်ငံခြားသား ခရီးသွားတွေပါ ပျော်ရွှင်စွာ ဝင်ရောက် ဆင်နွှဲကြပါတယ်။
ဗိုလ်ချုပ်ဈေးရဲ့ ဈေးသူဈေးသားများက သင်္ကြန် ပိတ်ရက်ရှည်တွေမှာ တဦးနဲ့ တဦး တွေ့ဆုံကြဖို့ မသေချာတာကြောင့် နှုတ်ဆက်ကြတဲ့ အနေနဲ့ သင်္ကြန် ပွဲတော် ဈေးမပိတ်ခင် တရက်မှာ ဈေးသူဈေးသားတွေ အချင်းချင်း နှုတ်ဆက် ရေပက် ကစားကြတာပဲ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ဈေး အတွင်းက ဈေးဆိုင်တွေဟာ ဧပြီ ၁၂ ရက် နေ့လယ် ၁ နာရီ၊ ၂ နာရီ အချိန် ရောက်တာနဲ့ ဆိုင်ခန်းတွေ ပိတ်ပြီး တဦးနဲ့ တဦး ရေပက် ပျော်ပါး ကြသလို၊ ဈေးသူ ဈေးသားတွေက ရွှေရင်အေး၊ မုန့်လက်ဆောင်း၊ သာကူနဲ့ မုန့်လုံး ရေပေါ်တွေ ပြုလုပ်ပြီး ဈေးသူ ဈေးသားချင်း သာမက ဈေးအတွင်း လာရောက် ဈေးဝယ်ကြသူတွေ၊ လည်ပတ် ကြသူတွေပါ မကျန် အားလုံးကို သင်္ကြန် စတုဒီသာတွေ အဖြစ် ကျွေးမွေးကြတယ် လို့ သိရပါတယ်။
ဒါ့အပြင် တပိုင်တနိုင် တီးဝိုင်းလေးတွေ ငှားကြပြီး ကကြခုန်ကြ သီချင်းတွေ သီဆိုကြပါတယ်။ တချို့နှစ်တွေမှာ DJ အဖွဲ့လေးတွေက ဈေးသင်္ကြန် မှာ လာရောက် ဖျော်ဖြေပေးကြတယ် လို့ ဈေးသူဈေး သားတွေက ပြောပါတယ်။
နှစ်တိုင်း နှစ်တိုင်း ဧပြီ ၁၂ ရက် ရောက်တိုင်း စည်စည်ကားကား ကျင်းပလေ့ရှိတဲ့ “ဗိုလ်ချုပ်ဈေး သင်္ကြန်” ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး ဈေးသာယာ ရေး ကော်မတီရဲ့ ဒုဥက္ကဋ္ဌ ဦးအေးမင်းက “ ဗိုလ်ချုပ်ဈေးရဲ့ ဈေးသင်္ကြန် စလာတာတော့ မြန်မာ့ဆိုရှယ် လစ် လမ်းစဉ်ပါတီခေတ် ကတည်းက စလာတာ။ ၁၉၈၀ ပတ်ဝန်းကျင်က ပေါ့။ ဧပြီ ၁၃ ရက်ဆို ဈေးပိတ်ပြီ ဆိုတော့ ၁၂ ရက်နေ့မှာ ဈေးသူ၊ ဈေးသားတွေ အချင်းချင်း ရေကစားကြရင်းနဲ့ အပြင်လူတွေပါ ဆင်နွှဲလာကြတယ်” ဟု ဦးအေးမင်းက ပြောပါတယ်။
ဗိုလ်ချုပ်ဈေး သင်္ကြန်ဟာ ဈေးမြောက်ဘက်ရှိ ဘူတာရုံနားက အလှပြင်ဆိုင်တန်းတွေမှာ အလှဖန်တီးရှင်တွေ ရှိစဉ် အချိန်တုန်းက အင်မတန် စည်ကားခဲ့တယ် လို့ ဗိုလ်ချုပ်ဈေးရဲ့ ဈေးသာယာရေး ကော်မတီအဖွဲ့ဝင် ဘဏ္ဍာရေးမှူး ဦးပန်းသီးက ပြောပြပါတယ်။
“မာမီစိန်” လို့ လူသိများတဲ့ အလှဖန်တီးရှင်နဲ့ သူ့ရဲ့ တပည့်အဖွဲ့သားတွေဟာ ဗိုလ်ချုပ်ဈေး သင်္ကြန်ကို ပိုစည်ကား၊ လူသိများ လာအောင် လုပ်ခဲ့ကြတာ လို့တောင် ပြောလို့ရတယ် လို့ ဦးပန်းသီးက ဆိုပါတယ်။
“ဆိုင်မြောက်ဘက်၊ ဘူတာရုံ ထွက်ပေါက်၊ အလှပြင် ဆိုင်တန်းတွေက မာမီစိန်နဲ့ သူ့အဖွဲ့တွေက စပြီး ပျော်ကြရင်းနဲ့ နောက်ပိုင်း သူတို့ဆီက အပျော်တွေ ကူးပြီး တဈေးလုံး ပါဝင်လာတော့တာပဲ။ နိုင်ငံ ခြားသားတွေပါ ပါလာတယ်” လို့ ဦးပန်းသီးက ပြောပါတယ်။
ဗိုလ်ချုပ်ဈေး သင်္ကြန်ပွဲ ကျင်းပတဲ့နေ့ ဆိုရင် ဈေးဖွင့်ထားပြီး ကုန်ပစ္စည်းတွေ ရောင်းချကြပေမယ့် ဈေးလာဝယ်တဲ့ လူတွေထက် ဈေးသင်္ကြန်မှာ လာ ပျော်ကြတဲ့သူက များပြားတဲ့ အတွက် အရောင်းအဝယ် သိပ်မလုပ်ကြတော့ဘူး လို့ ဈေးသူ ဈေးသားတွေက ပြောပါတယ်။
ဈေးလာဝယ် ကြတဲ့သူတွေ ရှိရင်တောင် ဆိုင်ခန်းပေါင်း ၁၈၀ဝ ကျော်ရှိတဲ့ တဈေးလုံးက ဈေးရောင်းကြတဲ့ သူတွေက ရေကစားနေကြတာ ဖြစ်တဲ့ အတွက် သူတို့ရဲ့ အပျော်တွေက ဈေးလာဝယ်သူတွေ ဆီကိုပါ ကူးစက်ကုန်ပြီး သူတို့တွေပါ ပါဝင်ကစား ကြတယ် လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ဈေးမှာ ဈေးလာဝယ်ကြတဲ့ နိုင်ငံခြားသား ဈေးဝယ်သူတွေ ကလည်း ထူးခြားတဲ့ ဒီဈေး သင်္ကြန်ကို ဝင်ရောက် ဆင်နွှဲကြကြောင်းနဲ့ လူငယ်လူရွယ်များ ကပါ ခေတ်ဆန်ဆန် ဝတ်စားလာကြပြီး ဈေးသင်္ကြန်ကို တကူးတက လာရောက် ဆင်နွှဲကြတယ်လို့ ဈေးသူ ဈေးသားများက ပြောပါတယ်။
သင်္ကြန် ပွဲတော်ရက် မတိုင်ခင် ရေပက်ကစား ချင်ကြတယ်၊ သင်္ကြန်စတုဒီသာ ကျွေးတာတွေလည်း စားချင်ကြမယ်၊ ရန်ကုန်မှာလည်း ရှိနေမယ် ဆိုရင် တော့ ဗိုလ်ချုပ်ဈေးသင်္ကြန်ကို သွားရောက်ပြီး လေ့လာ လည်ပတ်ကြပါလို့ မိတ်ဆက် ပေးလိုက်ပါတယ် နော်။ ။