မြန်မာ့နှစ်ကူး သင်္ကြန်ပွဲတော် ရောက်ပြန် ပေဦးတော့မယ်။ တချို့လည်း ရုံးပိတ်ရက်ရှည် အလည်အပတ် ထွက်ကြ၊ တချို့ လည်း တရားစခန်းတွေမှာ ငြိမ်းချမ်းရာ ရှာကြ၊ အများစုကတော့ အပျော်ကြူးဖို့ တာစူနေကြတာ ပေါ့။ ဘာပဲပြောပြော သင်္ကြန် ကာလ ဆိုတာ အပူရှိန် တနှစ်ထက် တနှစ် ပိုကဲလာတဲ့ နွေလယ် ဖြစ်သလို ရေကစားကြ၊ မူးယစ်ရမ်းကား ကြတာ တွေမှာ ကျန်းမာရေး ဆိုင်ရာ အန္တရာယ်ပေါင်းစုံကလည်း လက်ကမ်း ကြိုလင့်နေပါတယ်။ ဖြစ်တတ်တာလေးတွေ ဆင်ခြင် ပြီး သတိလေးနဲ့ ပျော်မြူးကြ ရင်ဖြင့် နှစ်သစ်ကူးက လှပစိမ်းလန်းစေမှာ ပါ။ သင်္ကြန်ကာလ ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို ယေဘုယျအားဖြင့် တို့ထိကြည့်ကြ ပါစို့။
အပူဒဏ်
နေရောင်ခြည်နဲ့ အပူရှိန်ကို ထိတွေ့မှုကနေ ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ အပူကြောင့် အရေးပေါ် ဆေးကုသရ၊ အသက်ဆုံးရှုံး ရတာမျိုး အထိ ဖြစ်လာတတ် ပါတယ်။ ပူအိုက်စွတ်စိုတဲ့ အနေအထားက အဆိုးရွားဆုံး ပါပဲ။ သင်္ကြန်ဆိုတည်း တနေကုန် တနေခန်း ရေစိုစို နေပူကျဲကျဲ ပျော်ပွဲဝင်ကြတာ ကိုး။ စိုစွတ်မှုရယ်၊ မြင့်မားတဲ့ အပူရယ်ကြောင့် ဒဏ်သင့် ခံစားရတဲ့ အကြောင်းတွေ ကတော့ အဲသလို စိုစွတ်ပူလောင်မှုမျိုးနဲ့ အသား မကျရင်၊ အသက်အရွယ် ငယ်လွန်းသူ၊ ဒါမှမဟုတ် အိုလွန်းသူတွေ ဖြစ်ရင်၊ ပင်ကိုယ်ကျန်းမာရေး မကောင်းတတ်သူဖြစ်ရင်၊ အဝလွန်သူ ဖြစ်ရင်၊ ကိုယ်လက် လှုပ်ရှားမှု လုပ်နေသူတွေ ပါပဲ။
အပူကြောင့် ဖြစ်လာတဲ့ အရေးပေါ် ကျန်းမာရေး ပြဿနာတွေကို ပံ့ပိုးပေးမှာက အပူနဲ့ စိုစွတ်မှုကို ထိတွေ့ခါနီး၊ ဒါမှမဟုတ် ထိတွေ့ နေစဉ်မှာ အရက်သောက်တာ၊ ပူအိုက်နေတဲ့ အချိန်တွေမှာ ရေကို လုံလောက်အောင် မသောက်ဖြစ်တာ၊ နှလုံး ရောဂါ အခံရှိတာ၊ သွေးတိုးကျဆေး၊ ဆီးဆေး၊ စိတ်ရောဂါနဲ့ ပတ်သက်ပြီး ကုသတဲ့ဆေးတွေ သောက်နေတာ၊ ချွေးဂလင်း တွေ ပြဿနာရှိတာနဲ့ အဝတ်တွေ အထူအထဲ ဝတ်ဆင်တာတွေ ကြောင့်ပါပဲ။
အပူကြောင့် ဖြစ်ရတဲ့ အရေးပေါ် အခြေအနေတွေ ကတော့ ကြွက်တက်တာ (Heat Cramps) ၊ အားကုန်နွမ်းလျ ဖြစ်ရတာ (Heat Exhaustion) နဲ့ အပူလေသင်တုန်း မိတာတွေလို့ ဆိုရမယ့် (Heat Stroke) တွေ ပါပဲ။ ခြေထောက်နဲ့ ဝမ်းဗိုက် ကြွက်သားတွေ တက်တာကနေ ခေါင်းကိုက်ပျို့အန်၊ မူးဝေတဲ့ အားကုန်ပန်းလျ ဖြစ်ပြီး သတိလစ်မေ့မျော တက်ချက်တဲ့ အပူ လေသင်တုန်း အထိ ဖြစ်တဲ့အခါ ဦးနှောက်ရော၊ တခြား ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေပါ ချို့ယွင်းပြီး အသက်ဆုံးရှုံးတဲ့ အထိ ဖြစ်ရတာပါ။ တနေ့တာလုံး အရက်၊ ဘီယာ တမြမြနဲ့ ရေတွေ စိုစိုရွှဲရင်း နေပူကျဲကျဲမှာ ကဲလိုက်မယ် ဆိုသူတွေ သတိ ရှိကြစေချင် ပါတယ်။ နေလောင်ခံ လိမ်းဆေးတွေ သုံးဖို့၊ ရေများများ သောက်ဖို့၊ အရိပ်ထဲမှာ ဝင်ဝင်နားဖို့၊ အရက်တွေ အလွန်အကျွံ မသောက်ဖို့ သတိပြုရမှာပါ။
အရက်ဒဏ်
သင်္ကြန်ဆိုတာ အရက် မပါရင် တရားစွဲ ခံရမယ်လို့ ဥပဒေပြဋ္ဌာန်းထားတဲ့ အတိုင်းပဲ၊ ဒီအချိန်မှာ နေကုန်နေခန်း သောက်ကြ ပါတယ်။ တနှစ်တာလုံး မသောက်သူတွေ ကလည်း သင်္ကြန်မှ သောက်ကြသလို နေ့တိုင်း သောက်နေသူတွေ ကလည်း သင်္ကြန်ကို ခေါင်းစဉ်ရှာ သောက်ကြပြန် ပါတယ်။ အမြဲတမ်း အရက် သောက်နေသူတွေလို နာတာရှည် ရောဂါကတော့ ဒီရက်ပိုင်းလောက်နဲ့ မဖြစ်ပေမယ့် အရက်ပမာဏကို ခံနိုင်ရည်ထက် ကျော်လွန်အောင် သောက်တဲ့ အတွက် အရက် အဆိပ်သင့်တဲ့ (Alcohol Intoxication) ကတော့ ဖြစ်ကြမှာ ပါပဲ။
မှတ်ဉာဏ်တွေ ချို့ယွင်း၊ ဘာလုပ်မိမှန်း မသိဆိုတာ ကနေ လူမှုရေး ပြဿနာတွေ ဖြစ်နိုင်သလို ထိခိုက်အနာတရ ဖြစ်တာ၊ အန် ဖတ် ဆို့တာ၊ တက်ချက်တာ၊ သတိလစ် မေ့မျောတဲ့ ကိုမာ (Coma) အထိ ဖြစ်နိုင်ခြေ ရှိပါတယ်။ တခြား မူးယစ်ဆေး တွေပါ တွဲဖက် သုံးထားတာ ဆိုရင်ဖြင့် အသက်အန္တရာယ်ပါ ရှိနိုင်ပါတယ်။ အစာမပါ၊ ရေမစွက်တာကြောင့် အစာအိမ် ယောင်တာလိုမျိုးတွေ ဖြစ်နိုင်သလို အမူးလွန်သူတို့ ထုံးစံ အရက်နာကျပြီး အပျော်ပျောက်ဆုံး လို့ ကြက်နာလည်လိမ် ဖြစ်တတ် တာလည်း ရှိသေးတာပေါ့။ ရေဓာတ် ခမ်းခြောက်ပြီး အပူဒဏ်သင့်ဖို့လည်း အရက်က မီးလောင်ရာ လေပင့် ပေးမှာပါ။ နွားငတ်ရေကျ မသောက်ဘဲ ကိုယ့်အမူးရှိန်လေး ကိုယ်ထိန်း၊ ရေများများသောက်၊ အပူထဲမှာ သိပ်မနေဖို့ အရေးကြီး ပါတယ်။
မတော်တဆမှုနဲ့ ထိခိုက်ဒဏ်ရာ
အပျော်လွန်ရာက ရမ်းကားတဲ့ အဆင့် ဖြစ်လာကြတော့ ထိခိုက်မှုတွေ ဖြစ်ကြပါတယ်။ ပိုပြီး ရမ်းကားစေမယ့် အရက်နဲ့ မူးယစ်ဆေး တွေကလည်း ဖောချင်းသောချင်း ဖြစ်နေမယ့် ကာလ မဟုတ်လား။ အားပြင်းတဲ့ ရေပိုက်တွေ၊ ရေပူဖောင်းနဲ့ ပစ်ပေါက်တာတွေ၊ ခွက်စောင်းခုတ်တာတွေ ကြောင့် မျက်လုံးတွေ၊ နားတွေ ရာသက်ပန် ထိခိုက်တာမျိုး ဖြစ်နိုင်သလို မော်တော်ယာဉ် တိုက်တာ၊ မှောက်တာ၊ မော်တော်ဆိုင်ကယ် တွေလဲတာ ဆိုတဲ့ ဖြစ်စဉ်တွေကြောင့်လည်း ဆေးရုံမှာ သင်္ကြန်ရက် တာဝန်ကျ ဆရာဝန်တွေ ပြင်ဆင်ထားရတဲ့ ကိစ္စတွေ ပေါ့။
မူးရူးရမ်းကားရာကနေ ရန်ပွဲတွေ ဖြစ်ရင်းကလည်း ထိခိုက်ဒဏ်ရာ ပေါင်းစုံ ကြုံရတတ် ပြန်တာပါပဲ။ သင်္ကြန်ရေပက်တာကို လောက်ကိုင်စစ်ပွဲလို အသေအကြေ လုပ်မနေဘဲ နှစ်သစ်မှာ နှစ်ဟောင်း အညစ်အကြေးတွေ ဆေးကြောပေးတဲ့ ယဉ်ကျေးမှု အဖြစ် သတိထားရင်း ၊ မူးရင်မမောင်းနဲ့ သီချင်းလေးညည်းရင်း၊ အပျော်ကို ရန်ပွဲနဲ့ အဆုံးမသတ်အောင် သည်းခံ ခွင့်လွှတ်ရင်း နေနိုင်ကြပါစေ။
အစားအသောက်
သင်္ကြန်ရာသီမှာ အလှူအတန်းတွေ၊ စတုဒီသာတွေ ကလည်း ပေါပေရဲ့။ အများစာ အတွက် ရေပေါလော မုန့်လက်ဆောင်း၊ ရွှေရင်အေးတွေက အစ ရာသီပေါ် သရက်၊ မရမ်း၊ ဒူးရင်း၊ ပိန္နဲ တွေကလည်း ဖြိုင်လေတော့ အစားအသောက် ပြင်ဆင် ကိုင်တွယ်ရာမှာ မသန့်ရှင်းရင်၊ သေသေချာချာ လုံအောင် ဖုံးအုပ်မထားတဲ့ ယင်နားစာတွေ စားရင်၊ အစားအသောက်နဲ့ မသန့်ရှင်းတဲ့ ရေကြောင့် ဝမ်းပျက်ဝမ်းလျှော၊ အစာ အဆိပ်အတောက် ဖြစ်တာတွေ ကလည်း သင်္ကြန်အခါရဲ့ ရောဂါစာရင်း မှာ ပါဝင်တတ် ပြန်ပါတယ်။
အထက်မှာ တင်ပြခဲ့တာလေးတွေ ကတော့ သင်္ကြန်အခါမှာ ရှောင်စရာ၊ ဆောင်စရာ အကြမ်းဖျဉ်း လက်ဆောင်လေးတွေ ပါ။ အသေးစိတ် တခုချင်းကတော့ ရေးလို့ မကုန်နိုင်ပါဘူး။ အထူးဂရုပြုရ မှာကတော့ အပူဒဏ်ပါပဲ။ အပူရယ်၊ စိုစွတ်မှုရယ်၊ အရက်နဲ့ မူးယစ်ဆေး အရှိန်တွေ ရယ်ကို တန်ရုံမျှ ထိန်းသိမ်းနိုင်ကြ ရင်ဖြင့် ရိုးရာသင်္ကြန်ပွဲမှာ ပျော်လည်းပျော်စေ၊ နှစ်ဟောင်းက အညစ်အကြေးတွေ၊ လက်ပတ်နီနဲ့ နံပါတ်တုတ်ဒဏ်တွေ လျော့ပြေနိုင်ကြ ပါစေလို့ နှစ်သစ်ကူးမှာ နှစ်ဦးဆုမွန် ခြွေလိုက်ရပါတယ်။
အပူလေသင်တုန်း ( Heat Stroke) မိရင် ဘာတွေလုပ်မလဲ
သိသာတဲ့လက္ခဏာတွေ။ ။ အပူကြောင့် ကြွက်တက်တာ၊ အားကုန်ခမ်း နွမ်းလျတာတွေ ကနေ ပိုဆိုးလာတဲ့ လက္ခဏာတွေက ကိုယ်အပူချိန် မြင့်တက်လာတယ် (၁၀၄ ံ ဖာရင်ဟိုက် အထက်)၊ ဂဏှာ မငြိမ်ဖြစ်လာတယ်၊ ခေါင်းတွေ မူးဝေပြီး စိတ်တွေ ရှုပ်ထွေးလာတယ်၊ အရေပြားက ခြောက်ကပ်၊ ပူလောင်၊ နီရဲလာတယ်၊ အသက်ရှုမြန်လာတယ်၊ သွေးခုန်နှုန်း မြန်ပြီး စမ်းရခက်လာတယ်၊ တက်ချက်လာတယ်၊ သတိလစ်မေ့မျော သွားတတ်တယ်။
ရှေးဦးပြုစုခြင်း။ ။ လူနာကို အေးတဲ့ နေရာမှာထားပြီး ခြေထောက်တွေကို ၁ ပေလောက် အမြင့်မှာ မြှောက်ထားပါ။ အေးတဲ့ အဝတ်တွေနဲ့ တကိုယ်လုံး ရေပတ်တိုက်ပြီး ပန်ကာ ဖွင့်ပေးထားပါ။ ရေသောက်နိုင်မယ် ဆိုရင် ဓာတ်ဆားလို ဖျော်ရည်တခုခုကို ဖြည်းဖြည်း စုပ်သောက်ပါစေ။ ၁၅ မိနစ်မှာ ၂၅၀ စီစီလောက်၊ ဒါမှမဟုတ် ခွက်တဝက်လောက် ဝင်ပါစေ။ ကြွက်တက်တာကို ပြေလျော့တဲ့ အထိ ဖြည်းဖြည်း နှိပ်နယ်ပေးပါ။ ဆေးတွေ မတိုက်ပါနဲ့၊ အရက်နဲ့ ကဖင်းပါတဲ့ ဖျော်ရည် တွေ မတိုက်ပါနဲ့။ အရေပြားကို အပူတွေ မလူးပါနဲ့။ အော့အန် သတိလစ်နေရင် ပါးစပ်က ဘာမှ မတိုက်ပါနဲ့။
အရေးပေါ်အကူအညီ။ ။ လူနာက တောက်လျှောက် သတိလစ်နေရင်၊ တက်ချက်နေရင်၊ အပူချိန် ၁၀၂ ဒီဂရီ ဖာရင်ဟိုက် အောက်ကို မကျရင်၊ ရှေးဦး ပြုစုပေးနေပေမယ့် မထူးခြားရင် အရေးပေါ် ဆေးရုံပို့ဖို့ လုပ်ဆောင်ပါ။
ဘယ်လိုကာကွယ်နိုင်မလဲ။ ။ ပူအိုက်တဲ့ရာသီမှာ အဝတ်ပွပွ၊ ပေါ့ပါးပြီး အရောင်ဖျော့တာတွေ ဝတ်ပါ။ အရိပ်ထဲမှာ များများ နေပါ။ နေပူထဲမှာ ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းတွေ မလုပ်ပါနဲ့။ အရည်များများ သောက်ပါ။ နေပူထဲ ရပ်ထားတဲ့ ကားထဲကို ရုတ်တရက် မဝင်ပါနဲ့။ တံခါးဖွင့်၊ လေအေးပေးစက်ဖွင့်ပြီးမှ ဝင်ပါ။ ကိုယ်က အဝလွန်နေသူ ဖြစ်ရင်၊ အသက်ကြီးသူ ဖြစ်ရင်၊ နာတာရှည် ရောဂါတခုခု အတွက် ဆေးတွေ သောက်နေရရင် အပူများတဲ့ နေရာတွေကို အထူး သတိပြု ရှောင်ရှားပါ။ ။