ကျနော်ဟာ ဆင်းရဲသား တောသားမို့ မီးသွေးခဲနဲ့သာ တိုက်ခဲ့ရလို့ သွားတွေက မကောင်း၊ နှုတ်ရဖို့ဆို ကြောက်လည်းကြောက် နာလည်းနာ ခံစားရပါတယ်။ ဒါကြောင့် စစ်ထောက်လှမ်းရေးရဲ့ ညှင်းပန်းနှိပ်စက်ခံရလို့ သွားအကောင်းတွေ အားလုံး ကျွတ်ထွက်ကုန်ခဲ့ရတဲ့ ဦးဝင်းတင်အတွက် ရင်လည်းနာ စိတ်လည်းနာနာနဲ့ ရေးရတော့မယ်။
ငယ်ငယ်က ပဒေသာမဂ္ဂဇင်းထဲမှာ ဖတ်ခဲ့ရတဲ့ ဝင်းဆွေရဲ့ကဗျာတွေ၊ ၁၉၅၃ ခုနှစ် ရန်ကုန်တက္ကသိုလ်ရောက်လာတော့ နှစ်လည်မဂ္ဂဇင်းထဲက ဝင်းတင်ရေးတဲ့ မြန်မာပြည်မှာ သတင်းစာအတတ်သင်ကျောင်းရှိသင့် ဆိုတဲ့ ဆောင်းပါး၊ ရန်ုကုန်မှာ ပန်းချီပြပွဲရှိတိုင်း ကြေးမုံသတင်းစာထဲက ပေါ်သစ်ရဲ့ဝေဖန်ချက် စောင့်ဖတ်ပြီး သွားကြည့်တော့မှ နားလည်အရသာခံလာ တတ်တာပါ။ ပေါ်သစ်ရဲ့ အလှရှာတော်ပုံ စာအုပ်ကြောင့် ကမ္ဘာ့ပန်းချီနဲ့ ရင်းနှီးလာကာ ၁၉၆၈ ခု၊ ဧပြီလက ပါရီရောက်တဲ့အခါ မိုနာလီဇာ ပန်းချီကားကိုကြည့်တတ်လာတယ်။
ကဗျာဆရာ ဝင်းဆွေ၊ ဆောင်းပါးရှင် ဝင်းတင်၊ ပန်းချီသုတေသီ ပေါ်သစ် အားလုံးဟာ ဟံသာဝတီ ဦးဝင်းတင်လို့သာ လူသိ များနေတဲ့ သတင်းစာဆရာကြီးပါ။ ဟံသာဝတီ သတင်းစာ၊ NLD တို့ထက်စောစွာ ဟိုးပဝေသဏီကတည်းက နာမည်တလုံးနဲ့ နေရာရထားပြီးသူ အကြောင်း သိသလောက်ရေးရင် စာအုပ်အတွဲလိုက်ဖြစ်သွားမှာမို့ ကောက်နှုတ်ကာ အပြေးအလွှားသာ တတ်နိုင်မှာပါ။ ဦးဝင်းတင်နဲ့ ခင်မင်ပေါင်းသင်းလာခဲ့တာကလည်း နှစ် ၅၀ လောက်ရှိပြီကိုး။
သူ့ဆီက ကူးလာတဲ့ပိုးနဲ့ ကျနော် သတင်းသမားဖြစ်လာခဲ့တာကြောင့် သူ့ရဲ့လမ်းသစ်ရိပ်သာအိမ်က ဗုဒ္ဓဟူးနေ့ မနက် စကားဝိုင်းမှာ တက္ကသိုလ်ထင်ကြီး၊ မြသန်းတင့်၊ မောင်နေဝင်း၊ ချစ်သိန်းဦး (CTO)၊ မောင်ဝံသ၊ ကိုမောင်မောင်ခင် စသူတို့ ဆွေးနွေးကြတဲ့ထဲမှာ ကျနော် ပါဝင်ခွင့်ရခဲ့တယ်။
၁၉၆၈ ခုနှစ် ဦးဝင်းတင် ကြေးမုံမှာ အမှုဆောင် အယ်ဒီတာလုပ်နေစဉ် ညတိုင်းလိုလို သွားမေးတာတွေ သူပြောပြလို့ သိသင့်တာတွေ သင်ပေးလို့ စသဖြင့် သတိရစရာ မကုန်နိုင်ပါ။ အချိန်ရတဲ့အခါ သတင်းတပုဒ်ဖြစ်လာဖို့ ဖြစ်ရပ်များ (Events) ဆက်စပ်တတ်အောင် ဥပမာပြသင်ပေးခဲ့တာ နည်းတဲ့ ကျေးဇူးမဟုတ်ဘူး။
သတင်းစာ၊ ဂျာနယ်၊ သတင်းအေဂျင်စီ တဒါဇင်ကျော်မှာ အယ်ဒီတာလုပ်ဖူးခဲ့သူ ဦးဝင်းတင် မြန်မာပြည်ရဲ့ သတင်းစာရွှေခေတ် နေဝင်ချိန်လို့ခေါ်ရမည့်ကာလ ၁၉၆၉ ခုနှစ်လောက်မှာ အခွင့်အလမ်းတခု ပေါ်လာတယ်။ ပြည်သူပိုင်သိမ်းထားတဲ့ ဟံသာဝတီသတင်းစာ မန္တလေးမှာ ပြောင်းထုတ်တဲ့အခါမှာ အယ်ဒီတာချုပ် တာဝန်ယူဖို့ ဦးနေဝင်း ဆီက ကမ်းလှမ်းလာတာပါ။ မဆလခေတ်မှာ ဦးဝင်းတင်ဟာ စာရေးဆရာ၊ သတင်းစာဆရာ သက်သက်။ ပါတီဝင် မဟုတ် ပါဘူး။
ဦးဝင်တင်နဲ့ ဦးနေဝင်းတို့ကြား သဘောတူညီမှုရဲ့ လိုအပ်ချက်အရ ချက်ချင်း တင်းပြည့်ပါတီဝင်၊ ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် ဖြစ်လာရပုံကို သူ ကိုယ်တိုင် ကျနော့်ကို ပြောပြဖူးပါတယ်။ ၁၉၇၈ ခုနှစ် အပိတ်ခံရချိန်အထိ မန္တလေး ဟံသာဝတီဟာ ကျနော်တို့လို သတင်းစာငတ်နေကြသူတွေအတွက် ကျေနပ်အားရစရာလို့သာ ဆိုရပါ့မယ်။ စိတ်ထင်ရာ ဘာမဆိုလုပ်ချင်တိုင်း လုပ်နေတဲ့ ဦးနေဝင်းရဲ့ လေးစားမှုရထားလို့လည်း ဦးဝင်းတင်က ဟံသာဝတီ ကို ကျန်သတင်းစာတွေထက် ပိုမိုလွတ်လပ်စွာ လုပ်ဆောင်နိုင်တယ်လို့ တွက်နိုင်ပါတယ်။
ကျနော် မြန်မာ့အသံက ထွက်လိုက်ပြီး နိုင်ငံခြားသတင်းထောက်အဖြစ်ကလည်း ပြုတ်၊ ဘာလုပ်ရမှန်းမသိမို့ ဦးဝင်းတင်ထံ မရောက်ဖြစ်ပေမယ့် ပန်းဆိုးတန်း လမ်းဘေးစာအုပ်အဟောင်းဆိုင်မှာ သွားဆုံကြတော့ “ စိတ်ဓာတ်ကျရင် လူတွေကြား နေရမယ်” လို့ ပြောပြ အားပေး၊ သင်္ဘောသီးမှည့် ဝယ်ကျွေးတာ ခုထိ မှတ်မိနေပါသေးတယ်။ အဲဒီတုန်းက ကျနော်ဖတ်ဖို့ သူ့စာအုပ်တွေ ငှားလိုက်သေးတယ်။ ဟော ခုတော့ သူ ထောင်ထဲ နှစ် ၂၀ လောက်တိုက်ပိတ် ခံခဲ့ရပုံ ဘာလဲဟဲ့လူ့ငရဲ ထဲမှာ ဖတ်ရပြီ။
စာမဖတ်ရရင် စာမရေးရရင် မနေတတ်တဲ့ ဦးဝင်းတင် အဲဒီအခြေအနေမှာ ကြိုးပမ်းပုံက အံ့မခန်းပါ။ သူ အဲဒီလို ခံရလောက်အောင် ဘယ်လိုပြစ်မှုမျိုး ကျူးလွန်ခဲ့လို့လဲဆိုတာ တွေးမိတယ်။ ဒါပေမယ့် သူ့ကို လူတွေကချစ်ကြလို့ သူ့အတွက်ဆိုရင် ကူညီသူတွေ အဆင်သင့်ဆိုတာ တွေ့ရတယ်။ ဥပမာ ဗိုလ်ချုပ်ကြီးမောင်အေး သောက်တဲ့ဆေးမို့ ပိတ်ထားတဲ့ အားဆေး မင်္ဂလာဒုံလေဆိပ်မှာ ရှာဖွေဖမ်းဆီးတဲ့ Centrum အားဆေး ပို့ပေးပုံကိုကြည့်ပါ။
ကျနော်နေတဲ့ ဝါရှင်တန်ဒီစီကနေ လျှို့ဝှက်လမ်းနဲ့ ရန်ကုန်မြို့ထဲကို အရောက် အဆင့်ဆင့်နဲ့ ကိုရဲထွဋ် (ဗိုလ်တထောင်) ဆီ ရောက်သွားပြီး ကိုစိန်ဝင်း(လူထု)အိမ်မှာ ကိုရဲထွဋ် ပို့ထားတဲ့ Cenrum အားဆေးကို နောက်တော့ လာယူကာ ထောင်ထဲပို့၊ ဒီလိုနဲ့ သူသောက်ခဲ့ရတယ်။ အဲဒီအချိန် ကိုအုန်းထွန်း မဟုတ်တော့ဘဲ ထောင်ဝင်စာသွားတွေ့နေသူက ကိုမောင်မောင်ခင် ဖြစ်နေပါပြီ။ ဝမ်းသာပီတိဖြစ်ရသလို စစ်ထောက်လှမ်းရေးဘေး သတင်းသမားအချင်းချင်း စိတ်ထားနဲ့ စွန့်စားမှုအတွက် လည်း ဂုဏ်ယူစရာ မဟုတ်ပါလား။
ကျနော် ဘန်ကောက်မှာသတင်းထောက်လုပ်နေစဉ် ကိုခင်သန်း(DVB)ထံက ထောင်တွင်းဓာတ်ပုံနဲ့ ABSDF ရဲ့ ဒေါင်းအိုးဝေမှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူ ဆောင်းပါး ရေးနိုင်ခဲ့တာ၊ နောက်ပိုင်း ဝါရှင်တန် ရောက်လာတော့ VOA ကနေ ဦးဝင်းတင်ဂုဏ်ပြုအစီအစဉ် ထုတ်လွှင့်ပေးခဲ့လို့ ရနိုင်ခဲ့တာတွေဟာ သူ့မျက်နှာကြောင့်ပါ။ လူကိုမသိ သူ့စာကိုသိ၊ လူကိုလည်းမသိ စာကိုလည်းမသိ ဦးဝင်းတင် ဆိုတာနဲ့ပင် လူတွေကခင်ပြီးသားဖြစ်နေတာပါ။
ဦးဝင်းတင်ဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့စာတွေ နှစ်သက်မယ်၊ ဂျာနယ်ကျော်ဦးချစ်မောင်ကို အားကျမယ်၊ မြန်မာ့အလင်း ဦးတင်ကို သဘောကျမယ်၊ လူထုဒေါ်အမာကိုလည်း လေးစားမယ်၊ ဒါပေမယ့် ကျနော် အမြင်မှာတော့ ဘယ်သူရဲ့ သြဇာခံမှ မဟုတ်ဆိုတာ သိနိုင်ပါမယ်။
နှစ်ယောက်ချင်းဆို အင်္ဂလိပ်လို ညှပ်ပြောလေ့ရှိတဲ့ သူ့ရဲ့ကိုယ်ပိုင် “သူတပါး ထီးရိပ်ခိုရင် အဲဒီထီး မှားသွားရင် ကိုယ်လည်း လောင်းရိပ်မိသွားရော၊ ဘယ်နေရာကမဆို ယူသင့်ယူ တုသင့်တု၊ ဒါပေမယ့် As a writer you must be yourself “ ဆိုတဲ့ စကားကို ကြည့်ရင် သိနိုင်ပါတယ်။ သူ့ကျောက်ကပ်ပျက်လို့ ကွယ်လွန်ခါနီး ချောကလက်ပေးတဲ့ကိစ္စကိုတော့ ကျနော် ဘဝင်မကျပါ။ ဒါကို ဦးဝင်းတင် သင်ပေးခဲ့တဲ့ ဖြစ်ရပ်များ (Events) ဆက်စပ်ကြည့်တဲ့နည်းနဲ့ လေ့လာကြပါစို့။
သူ ထောင်ကလွတ်လာတဲ့နေ့ တယ်လီဖုန်းထဲက “ပန်းကန်ပြားထဲ ဘာတွေဆိုတာ မကြည့်၊ မသိ၊ နောက်တနေ့ အသက် ရှင်ရေး၊ ရောမွှေစားပစ်လိုက်တယ်” လို့ပြောသူဟာ ရေမျိုချဖို့ ခက်နေချိန် ချောကလက် သတိရနိုင်ပါ့မလား၊ ချောကလက် ကို မေးပါ့မလား၊ ချောကလက် ပေးခိုင်းပါ့မလား။ ဦးဝင်းတင် အနားမှာလည်းမရှိ၊ ကိုယ်တိုင်လည်း မကြားတာမို့ အတည် မပြုနိုင်လို့သာ သတင်းသမားလေသံနဲ့ဆိုပါရစေ။
ကျနော်တို့တသက် မဆလလက် ဝကွက်ထားစဉ် ၁၉၈၈ ခုနှစ် အရေးအခင်းက မွေးပေးလိုက်တဲ့ အပြောင်းအလဲထဲမှာ သတင်းစာဆရာကြီး ဦးဝင်းတင်လည်း နိုင်ငံရေးသမားတပိုင်းဖြစ်၊ NLD တည်ထောင်ရာမှာပါ အဲဒီနောက် ထောင်ထဲဝင် သွား၊ ကျနော်လည်း တောမှာ သွားရှောင်၊ ဘဝပျက်၊ အာဟာရချို့တဲ့၊ နောက်ဆုံး ပြည်ပရောက်၊ တသက်ပြန်မတွေ့ကြလို့ ထင်မှတ်ထားရာကနေ ၂၀၁၃ ခုနှစ် ကျောက်ကုန်းက ကိုအုန်းထွန်းအိမ်မှာ ကိုရဲထွဋ် ပို့လို့ ပြန်ဆုံခွင့်ရလိုက်တော့ သုံးယောက်သား ပွင့်လင်းလွတ်လပ်စွာ ပြောကြဆိုကြပါတယ်။
စောစောပိုင်းတုန်းကလို သတင်းအတတ်ပညာ၊ ပန်းချီ၊စာပေ၊ ခရီးသွားမှတ်တမ်း စတာတွေ ပြန်ရေးဖို့ အချိန်ပေးသင့်ကြောင်း အကြံပေးတော့ သူ စိတ်ဝင်စားလာချိန် တခြားဧည့်သည်များကြောင့် ထပ်ချိန်းပေမယ့် ပြန်မဆုံဖြစ်တော့ပါဘူး။ ဦးဝင်းတင်နဲ့ နီးကပ်ခဲ့ပုံ ပြန်ရေးရင်း အမြတ်မထုတ်၊ သူ့ဆီက ရထားတဲ့အမြတ်တွေဟာ ကျနော့်အတွက် ဆယ်သက် သုံးမကုန်မို့ပါ။
ဦးနေဝင်းက သူနဲ့ စကားထိုင်ပြောနေစဉ် မကြားရလောက်တဲ့ ခပ်လှမ်းလှမ်းကနေတ ိုင်းမှူး ဗိုလ်မှူးချုပ်စိန်လွင် မတ်တတ် ရပ်နေရာပုံကိုကြည့်ရင်း သူ ဘာတောင်းခဲ့သလဲ၊ ဘာယူခဲ့သလဲ၊ တိုက် မြေကွက် ပုံနှိပ်စက်၊ ဘာတောင်းတောင်း ရနိုင် တယ်ဆိုတာ သူတို့နှစ်ယောက်သာမက လူတကာအသိပါ၊ ဒါပေမယ့် တောင်ဖို့ဝေးလို့ တွေးတောင်တွေးမိပါလေစ။
အယ်ဒီတာပေါက်စလေးဘ၀ ရတဲ့လစာနဲ့ ကလေးတွေကို ပညာသင်ပေးနေကျမို့ မထူးဆန်းဘူး။ တကိုယ်ရေ တကာယ သမားမို့ အပေါင်းအသင်းသာ သူ့မိသားစုလို့ သဘောထားတဲ့ သူ့ကို လူတွေကချစ်တာ၊ သူက လူတွေကိုချစ်တာ၊ အဲဒါ ဦးဝင်းတင်ပါ။ စာဖတ်သူများ တွေးကြည့်ကြဖို့ပါ။
သူပြောတာလေးတခု ခေါင်းထဲဝင်တာက “လူတယောက်ကို ကြည့်တဲ့အခါ၊ တခြားလူတွေနဲ့ ယှဉ်ကြည့်၊ တွဲကြည့်၊ ခွဲကြည့် ပြီးတော့မှ အဲဒီလူကို ကွက်ပြီး သေသေချာချာ ထပ်ကြည့်၊ ကိုအောင်မွန်ရေ ကြည့်တတ်ရင် အဲဒီလူဗိုက်ထဲ အူဘယ်နှစ် ခွေရှိသလဲဆိုတာ မြင်နိုင်တယ်ဗျ” တဲ့။ အဲဒါကြောင့် Win Tin is just himself and selfless လို့ ဆိုလိုက်ရကြောင်းပါ။
(စာရေးသူသည် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်နေသော သတင်းစာဆရာဟောင်းတဦးဖြစ်သည်)