စာရေးသူများသည် စိတ်ကူး အတွေးဉာဏ်များကို ရနိုင်သည့် နေရာမှာ ဖြန့်ကျက် ရှာဖွေကြသည်။ သို့သော်လည်း စာရေးစားပွဲမှာ တကုပ်ကုပ် လုပ်နေခြင်းမျိုး မဟုတ်သည့် နည်းလမ်းတွေကို အသုံးပြုသူကတော့ အနည်းငယ်မျှ လောက်သာ ရှိသည်။
နာမည်ကျော် စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်က “Anawrahta of Burma” စာအုပ်ကို ရေးသားနေစဉ် ကာလတွင် အထောက်အကူ ရရန်အတွက် ပုဂံခေတ်က ဝိဉာဉ်များကို တွေ့နိုင်ရန် ကြိုးစားခဲ့သေးသည်။
သို့သော်လည်း သစ်ပင် တပင်အောက်၌ ဒေါ်ခင်မျိုးချစ် တရားထိုင်နေစဉ် မည့်သည့် ဝိဉာဉ်မှ ရောက်မလာခဲ့ ပါဟု သူ၏ မြေးမလေး ဂျူနီယာဝင်းက ပြောသည်။ ဂျူနီယာဝင်း ကိုယ်တိုင်လည်း အလားတူ လုပ်ရပ်မျိုး ပြုလုပ်ခဲ့ဖူးပါသည်။
နှစ်၁၀၀ ရှိပြီ ဖြစ်သည့် ဒေါ်ခင်မျိုးချစ်နှင့် သူ၏ခင်ပွန်း ဦးခင်မောင်လတ်တို့၏ အတိတ်ပုံရိပ်ကို ပြန်လည်ရှာဖွေကာ သုတေသန ပြုလုပ်ခဲ့စဉ်က ဂျူနီယာဝင်းသည် မျက်လုံးများကို မှိတ်ပြီး သူတို့ကို အိပ်မက်ထဲမှာ တွေ့ရန် ကြိုးစားခဲ့ ပါသည်။ သူတို့ ဘာပြောချင်သည် ဆိုတာကို သိချင်၍ ဖြစ်သည်။
ဝိဉာဉ်များကို ဖိတ်ခေါ်ခြင်းက သူ့အတွက်လည်း အလုပ် မဖြစ်ခဲ့ပါ။ ပြီးခဲ့သော ရာစုနှစ်အတွင်းက မြန်မာနိုင်ငံ၏ အရေးပါသော ဖြစ်ရပ်များကို အတူ ဖြတ်သန်းခဲ့ကြသော သူ၏ အဘိုးနှင့်အဘွားက မည်သည့်အရာက ထုတ်ဖော် ပြောသင့်သည်၊ မည်သည့် အရာကတော့ လျှို့ဝှက် ထားသင့်သည် ဟု မကွဲပြားသော အတိတ်ဖြစ်ရပ် အမှတ်ရ စရာများကို ပြန်လည်တူးဖော် အားထုတ်နေမှုကို ကျေနပ်လိမ့်မည် ဟု သူက ပြောသည်။
တဦးနှင့် တဦး လအနည်းငယ်သာ ကွာခြား၍ ၁၉၁၅ ခုနှစ်တွင် မွေးဖွားခဲ့ကြသည့် ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ် တို့ နှစ်ဦး အကြောင်း ရေးထားသည့် “A Memory of My Grandparents” စာအုပ်ကို မြေးဖြစ်သူ ဂျူနီယာဝင်း ကိုယ်တိုင် ထုတ်ဝေပြီး သင်္ကြန် မတိုင်မီ ဖြန့်ချိသွားခဲ့ခြင်း ဖြစ်သည်။
ဒုတိယ ကမ္ဘာစစ် ကာလအတွင်းတွင် သူတို့ ၂ ဦး တွေ့ဆုံ၍ လက်ထပ်ခဲ့ကြသည်။ အလွန်ခက်ခဲ ကြမ်းတမ်းခဲ့သည့် အချိန် ကာလလည်း ဖြစ်ပါသည်။ ဂျပန်ခတ်အတွင်း ဝင်ငွေရရှိရေး အတွက် ငွေကြေးပြတ်လပ်မှုကြောင့် ရန်ကုန်မြို့ လမ်းများပေါ်တွင် ဖိနပ်များ ရောင်းခဲ့ကြသည်။ သို့သော်လည်း ထိုစဉ်က ထင်ရှားကျော်ကြားသူများ ဖြစ်သော ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် ထိပ်တန်း နိုင်ငံရေး ခေါင်းဆောင်များ၊ စာရေးဆရာများ၊ ကဗျာဆရာများနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ ကြသည်။
ဦးခင်မောင်လတ်က အရပ်ရှည်ရှည်နှင့် စာပေဝါသနာ ကြီးသူ တယောက်ပုံ ပေါ်ပြီး သူ၏ ပြုံးနေသော နှုတ်ခမ်းများတွင် မေတ္တာတရားနှင့် ကရုဏာတရားတို့ ပေါ်လွင်နေသည် ဟု မြေးဖြစ်သူက ပြောသည်။ ဘဝသက်တမ်း အချိန်အတော် များများကို ကျောင်းဆရာ အလုပ်ဖြင့် ကုန်ဆုံးစေခဲ့ပြီး Working People’s Daily သတင်းစာတွင် အယ်ဒီတာချုပ် အဖြစ် ၁၉၆၃ ခုနှစ် မှ ၁၉၆၈ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
အရပ်မြင့်မြင့် ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်ရှိသော ဒေါ်ခင်မျိုးချစ်၏ ငယ်နာမည်မှာ မခင်မြ ဖြစ်ပြီး တည်ငြိမ်သော မျက်နှာထား စူးရှထက်မြက်သောမျက်လုံး သြဇာရှိသော အသံတို့က သူ၏ စိတ်ဓာတ်ကြံခိုင်မှုနှင့် ခေါင်းမာတတ်သော အကျင့် တို့ကို ဖော်ပြနေသည်ဟု ဂျူနီယာဝင်းက ရေးသားခဲ့သည်။
ဒေါ်ခင်မျိုးချစ်သည် အမျိုးသားရေး စိတ်ဓာတ် အပြည့်ရှိသူတဦး ဖြစ်ပြီး ၁၉၃၀ နှောင်းပိုင်းမှစ၍ ဒဂုန်မဂ္ဂဇင်း၊ မြန်မာ ဂျာနယ်၊ အိုးဝေမဂ္ဂဇင်း၊ Working People’s Daily သတင်းစာ နှင့် The Guardian သတင်းစာတို့တွင်လည်း ကာလ ရှည်ကြာစွာ ပါဝင် ရေးသားခဲ့သည်။ အသက် ၅၀ ကျော်သည့် အချိန်တွင် ဒေါ်ခင်မျိုးချစ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော စာအုပ်များကို ထုတ်ဝေပြီး ပိုမို ထင်ရှားလာခဲ့သည်။
၁၉၆၉ ခုနှစ်က ထုတ်ဝေခဲ့သော “The 13 Carat Diamond and Other Stories” အမည်ရှိ စာအုပ်၏ ခေါင်းစဉ်တွင် ဗြိတိန်စာရေးဆရာမ Agatha Christie ၏ အရိပ်အငွေ့များကို တွေ့မြင်ရသည်။ “Colorful Burma” (၁၉၇၆) ၊ “Burmese Scenes and Sketches” (၁၉၇၇) ၊ “A Wonderland of Burmese Legends” (၁၉၈၄) အစရှိသည့် စာအုပ်များသည်လည်း ပြည်တွင်းနှင့် ပြည်ပမှ ပရိသတ်များ၏ သဘောကျ ကျေနပ်မှု ရရှိခဲ့သည်။
မြန်မာနိုင်ငံတွင် တံခါးပိတ်ဝါဒနှင့် စာပေစိစစ်ရေးကြောင့် စာရေးဆရာများသည် မိမိတို့ ရေးသားချင်သည့် အကြောင်းအရာများကို ပြည့်ပြည့်၀၀ ရေးသားခွင့်မရသော အချိန်တွင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။
စာရေးဆရာများ၊ ကျောင်းဆရာများ အဖြစ် ခက်ခဲကြမ်းတမ်းသော အချိန်များ ရှိခဲ့ပြီး သူတို့ ဘဝတွင် အပူအပင်ကင်းစွာ နေနိုင်မှု နည်းပါးခဲ့ သော်လည်း ပြည်လမ်းပေါ်မှ သစ်ပင်များ အုပ်ဆိုင်းနေသော ခြံဝင်းအတွင်းရှိ လေကောင်း လေသန့်ရသော သစ်သားအိမ်ကလေးက သူတို့၏ မိသားစုဝင်များ၊ မိတ်ဆွေများ နှင့် ဧည့်သည်များ လေ့လာ သင်ယူရန် ၊ စကားပြောဆို ဆွေးနွေးရန်နှင့် စာရေးရန် အတွက် အဆင်အပြေဆုံး နေရာတခု အမြဲတမ်းဖြစ်ခဲ့ပါသည်။
၁၉၉၆ ခုနှစ်တွင် ဦးခင်မောင်လတ် ကွယ်လွန်ခဲ့ပြီးနောက် ၃ နှစ်အကြာတွင် ဒေါ်ခင်မျိုးချစ် ဆုံးပါးခဲ့သည်။ သူတို့၏ အိမ်လေးကတော့ သူတို့ ချန်ထားခဲ့သည့် အတိုင်း နီးပါး ရှိနေဆဲ ဖြစ်ပါသည်။
ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ် ကဲ့သို့ စာရေးဆရာများ၊ အယ်ဒီတာများ၊ ဘာသာပြန်သူများ အဖြစ် အသက်မွေး ဝမ်းကျောင်း လုပ်ကိုင်နေကြသော သူတို့၏ မိသားစုဝင်များက အိမ်ကလေး၏ စိတ်ကူးစိတ်သန်း အမွေအနှစ်များနှင့် ခေတ်သစ် မြန်မာသမိုင်းမှ ပညာတတ်တို့၏ အခန်းကဏ္ဍ အများစုကို တိတ်ဆိတ်စွာ ဆက်လက်ထိန်းသိမ်းခဲ့ကြသည်။ ဂုဏ်ယူစရာ မြေးမလေး တယောက်က အမှတ်ရစရာများကို ပြန်လည်ဖော်ထုတ် သုတေသနပြုသည့် အခါတွင်လည်း အားလုံးပါဝင်ခဲ့ကြပါသည်။ ဂျူနီယာဝင်း ရေးသားသည့် “A Memory of My Grandparents” စာအုပ်ကို ယခုအခါ ပြည်တွင်း စာအုပ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါသည်။ ။