ပြိုင်ဘက်ရဲ့ နောက်ပြန်ကန်ချက်ကြောင့် အရုပ်ကြိုးပြတ် လဲကျသွားတယ်။ ရန်ကုန် မျှော်စင်ကျွန်းအတွင်းက ရိုးရာလက်ဝှေ့ ပရိသတ်တွေရဲ့ ဆူညံစွာ အော်ဟစ်အားပေးသံတွေလည်း ရုတ်ခြည်းဆိုသလို အနည်းငယ် ငြိမ်သက် သွားခဲ့တယ်။
တတိယအချီ ၁၀ စက္ကန့်လောက်မှာ အမေရိ ကန် လက်ဝှေ့သမား ဆိုင်းရပ်စ်ရဲ့ ရုတ်တရက် နောက်ပြန်ကန်ချက်က ထွန်းထွန်းမင်း လည်ပင်းကို ထိပြီး အရုပ်ကြိုးပြတ် လဲကျသွားတာ ဖြစ်ပါတယ်။
ဆိုင်းရပ်စ် ရဲ့ အားပါတဲ့ နောက်ပြန်ကန်ချက် လည်ပင်းကိုထိပြီး သတိပြန်မလည်တော့လို့ စင်ပေါ် မှာ ခေတ္တဆေးကုသမှုခံယူပြီး နောက် သူအရှုံးပေးခဲ့ ရတယ်။ ချက်ကောင်းထိမှန်သွားတဲ့အတွက် သူ့ကို စင်အောက် ကူညီတွဲလျှောက်ပေးနေသူတွေကို တောင် ဘယ်သူဘယ်ဝါမှန်း မသိအောင် သူမြောနေ ခဲ့ရတယ်။
“ဒီကောင်က ကျနော့်အောက်ပိုင်းကိုပဲ ကန် တယ်။ လူက မခံနိုင်တော့ နောက်တခေါက် ခါး အောက်ပိုင်းထိမှာ ကြောက်လို့ ရှောင်လိုက်တာ အပေါ်ကို ထိသွားတယ်” လို့ ထွန်းထွန်းမင်းက အသံဝဲဝဲနဲ့ ပြောပြပါတယ်။
လက်ဝှေ့ သက်တမ်းတလျှောက် အနိုင်နဲ့ သရေရလဒ်တွေသာ ပိုင်ဆိုင်ထားပြီး ရှုံးပွဲမရှိစံချိန် တင်ထားတဲ့ ထွန်းထွန်းမင်းအတွက် အရှုံးဆိုတဲ့ ခါးသီးလှတဲ့ အတွေ့အကြုံသစ်ကို ပထမဆုံးအကြိမ် နဖူးတွေ့ဒူးတွေ့ မြည်းစမ်းခဲ့ရတာလည်း ဖြစ်ပါ တယ်။
“မှတ်မှတ်ရရ ပြီးခဲ့တဲ့ ၃ နှစ်လောက်က အင်တာဗျူးတခုမှာ စင်ပေါ်မှာ မေ့သွား၊ မြောသွား၊ ကျိုးသွားမှပဲ အဲဒီပုံနဲ့ ငါရှုံးချင်တယ်။ နည်းနည်းလေး နာပြီးတော့ စင်ပေါ်က ဆင်းသွားရမှာကို ရှက်တယ် လို့ ပြောခဲ့တာ”လို့ သူက ပြန်ပြောပြပါသေးတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၉ ရက်က မြန်မာပြည် လက်ဝှေ့ချန်ပီယံ စောငမန်းကို အလဲထိုးအနိုင် ယူပြီး ချန်ပီယံသစ်ဖြစ်လာတဲ့ ထွန်းထွန်းမင်းဟာ စောငမန်းနဲ့ ပြိုင်ပွဲအပြီး ရက်ပေါင်း ၇၇ ရက်အကြာ မွေထိုင်း လက်ဝှေ့သမား ဆိုင်းရပ်စ်ကို အလဲထိုးနဲ့ အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
ဆိုင်းရပ်စ်က သူ့ထက်အရပ်ပိုမြင့်ပြီး ဝိတ်တန်း လည်း ပိုများလို့ ယှဉ်ပြိုင် ထိုးသတ်ရာမှာ အခက်အခဲ တချို့ရှိခဲ့ကြောင်း၊ အလစ်အငိုက်မိပြီး လက်ဝှေ့ လောက အခေါ် မတော်ကျည်ထိသွားတဲ့အတွက် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ကြောင်းလည်း သူက ပွင့်ပွင့်လင်း လင်း ပြောပါတယ်။
“ချန်ပီယံဖြစ်ပြီးမှ အလဲထိုးခံရတော့ ကိုယ့် စိတ်ထဲလည်း မကောင်းဘူးပေါ့။ ကိုယ်ဖြစ်သွား တော့ ကျန်တဲ့သူလည်း ဒီကောင့်ကို ပြန်ထိုး ဖို့က အကောင်တွေ ကွာကြတာကို။ အဓိကက ဒီကောင့်ကို ငါပြန်ထိုးမယ်လို့ စိတ်ဓာတ် ပြန်မွေးထားတော့ ကိုယ့်စိတ်မှာပါ ပိုခံစားရ တယ်” လို့လည်း သူက ဆိုတယ်။
သူဟာ ပြိုင်ဘက်ကို လွယ်လင့်တကူ အရှုံးပေးရမှာကို အလွန်စိုးရိမ်တတ်ပြီး ဘက် တူရင် လူမရွေးဘူး ဆိုတဲ့စကားလို ဘက်မျှတဲ့ ဘယ်လိုလက်ဝှေ့သမားနဲ့မဆို အနည်းဆုံး သရေ ထိုးသတ်နိုင်ရမယ်လို့ အခိုင်အမာ သန္နိဋ္ဌာန်ချထားသူ ဖြစ်ပါတယ်။
ထွန်းထွန်းမင်းကို ရိုးရာလက်ဝှေ့သမား ဦးထွန်း ဇော်နဲ့ တောင်သူ ဒေါ်အေးဝင်းတို့က မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကဒါကျေးရွာအုပ်စု ဖနုံကျေးရွာ မှာ ၁၉၉၂ ခုနှစ်က မွေးဖွားခဲ့တာပါ။ မွေးချင်း ၆ ဦးအနက် ဒုတိယမြောက်သား ဖြစ်ပါတယ်။
သူဟာ ကလေးဘဝကတည်းက နေအိမ်ခြံဝင်း အတွင်း ဖခင်ရဲ့ လေ့ကျင့်မှုတွေကို လေ့လာရင်း ရိုးရာလက်ဝှေ့နဲ့ အကျွမ်းတဝင်ရှိခဲ့တာပါ။ ရိုးရာ လက်ဝှေ့ကို အရူးအမူး စိတ်ဝင်စားပြီး ဝါသနာ ကြီးလွန်းတဲ့ သူ့ကို လက်ဝှေ့သမားတဦးဖြစ် လာဖို့ မြေတောင်မြှောက် ပေးခဲ့သူကလည်း သူ့ရဲ့လက်ဦး ဆရာလည်းဖြစ်၊ ဖခင်လည်းဖြစ်တဲ့ ဦးထွန်းဇော်ပါပဲ။ သူ့အသက် ၇ နှစ်အရွယ်မှာ ဖခင်က သဲအိတ်တလုံး ဝယ်ပေးပြီး လက်ဝှေ့ပညာ စတင်သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။
မူလတန်း ကျောင်းသားဘဝမှာပဲ ရွာမှာ ကျင်းပတဲ့ မြေဝိုင်းပွဲတပွဲမှာ ဖခင်ရဲ့ ခွင့်ပြုချက်နဲ့ စပြီး ဝင်ရောက်ထိုးသတ်ခဲ့ဖူးပါတယ်။
“ကျောင်းမှာရန်ဖြစ်ဖူးတဲ့ အတန်းထဲကကောင် နဲ့ လက်ဝှေ့ပွဲမှာ ဝင်ထိုးကြတာ။ အဲဒီပွဲမှာ ပထမ အချီမှာပဲ သူနှာခေါင်းသွေးထွက်သွားလို့ ကျနော့်ကို အနိုင်ပေးလိုက်တယ်။ အဲဒီတုန်းက ကျနော်က ၃ တန်း။ အသက် ၉ နှစ်ပဲ ရှိသေးတယ်”လို့ ထွန်းထွန်း မင်းက ပြန်ပြောပြပါတယ်။
ဆုကြေးငွေ ကျပ် ၂၀ဝ သာရရှိခဲ့တဲ့ အဲဒီမြေ ဝိုင်းပွဲလေးဟာ သူ့ရဲ့ ပထမဦးဆုံး ရိုးရာလက်ဝှေ့ပွဲ အတွေ့အကြုံ ဖြစ်ပါတယ်။ ရွာမှာအရွယ်တူ ကလေး တွေနဲ့ ယှဉ်ပြိုင်ထိုးသတ်ရင်း အောင်ပွဲအလီလီ ရရှိ ခဲ့တဲ့ ထွန်းထွန်းမင်းကို နောင်မှာ အရွယ်တူချင်း ထိုးသတ်မယ့်သူ မရှိတော့ပါဘူး။
“ရွယ်တူတွေဘက်မရှိတော့ အကောင်ကြီးတဲ့ သူတွေနဲ့ ထိုးရတယ်။ ကျနော် ၁၄ နှစ်သားအရွယ် ကတောင် အသက် ၂၅ နှစ်လူနဲ့ ထိုးဖူးတယ်။ ၃ ချီမှာ သူအနားတောင်းရတယ်။ သရေပွဲဖြစ်သွား ပေမယ့် အဲဒီကနေ ကျနော်နာမည်စရတာ”လို့ သူက ပြောပြပါသေးတယ်။
သူပဉ္စမတန်း အရောက်မှာပဲ စီးပွားရေးအခက် အခဲကြောင့် ကျောင်းကထွက်ပြီး မိဘတွေနဲ့အတူ လယ်ယာလုပ်ငန်းမှာ ဝင်ရောက် လုပ်ကိုင်ခဲ့ရပါ တယ်။ ကောက်စိုက်ရင်း နွားကျောင်းရင်းနဲ့ သူ့ရဲ့ ငယ်ဘဝကို ဖြတ်သန်းခဲ့ရတယ်။
သူလူပျိုပေါက်အရွယ် ၂၀ဝ၇ ခုနှစ်မှာတော့ မိသားစု စားဝတ်နေရေး အခက်အခဲကို တဖက် တလမ်းက ကူညီဖြေရှင်းဖို့ မွေးရပ်မြေ ကိုစွန့်ခွာပြီး ထိုင်းနိုင်ငံက အသီးအနှံစည်သွတ်ဘူး စက်ရုံတခုမှာ နေ့စားအလုပ်သမားအဖြစ် သွားရောက် လုပ်ကိုင် ခဲ့ရပါတယ်။
စက်ရုံပိုင်ရှင် ထိုင်းသူဌေးက ဝမ်းကွဲအစ်ကိုက တဆင့် သူ့ကို မွေထိုင်းကလပ်တခုမှာ ဝင်ကစား ပေးဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် သူကငြင်းခဲ့တယ်လို့လည်း ပြောပြပါတယ်။
ထိုင်းမှာ အလုပ်လုပ်နေစဉ် ကာလအတွင်း လက်ဝှေ့လောကနဲ့ ကင်းကွာနေခဲ့ပါတယ်။ အဲဒီ စည်သွတ်ဘူးစက်ရုံမှာ ၂ နှစ်ကြာ လုပ်ကိုင်ခဲ့ပြီး နောက်မိသားစုရှိရာ ဖနုံရွာလေးကို သူ ပြန်လာခဲ့ပါ တယ်။
သူ့ရွာမှာတော့ ခေတ်မီလေ့ကျင့်ရေး စက် ကိရိယာတွေ မရှိပါဘူး။ ခြံဝင်းထဲမှာရှိတဲ့ သရက်ပင်၊ မန်ကျည်းပင်တွေကို ကားတာယာပတ်ပြီး ခြေကန် ချက်တွေ လေ့ကျင့်ခဲ့ရတယ်လို့ သူက ပြောပြပါတယ်။
“သမံသလင်းဆိုတာ မရှိဘူး။ ကျောက်ခဲကြား မှာ ကစားရတော့ ခြေထောက်တွေ ပဲ့ရွဲ့ကုန်တယ်။ နပန်းလုံးရင် ပြုတ်ကြ ပြန်ပြီ။ ဒူးတွေ ကွဲပြဲပြန်ပြီ။ ဘာစင်မှ မရှိဘူး” လို့လည်း သူက ဆိုပါတယ်။
အဲဒီနောက် လက်ဝှေ့ပညာ ဝမ်းစာဖြည့်တင်းဖို့ အတွက် မုဒုံမြို့ရှိ မုဒုံသားလက်ဝှေ့ကလပ်မှာ သွား ရောက်လေ့ကျင့်ခဲ့ပါတယ်။ အဲဒီကလပ်က နည်းပြ ဆရာ အောင်သော်တာ၊ ဆရာရဲသွေးနဲ့ လက် ထောက်နည်းပြအဖြစ် လုပ်ကိုင်နေတဲ့ ဖခင်ဦး ထွန်း ဇော်တို့ဆီကနေ ထိုးလုံးသတ်ကွက်မျိုးစုံကို လေ့လာ သင်ယူခဲ့တယ်။
ကိုယ်ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေကို လည်း နည်းစနစ်မှန်မှန်နဲ့ ပုံမှန်လေ့ကျင့်ပြီး သက်လုံ ကောင်းဖို့ အတွက်ကိုတော့ မုဒုံမြို့ကနေ ဖနုံရွာ ဘက်ကို အသွားအပြန် ၆ မိုင်လောက်ရှိတဲ့ ခရီး အကွာအဝေးကို နံနက်တိုင်း အပြေးလေ့ကျင့်တယ်လို့ သူက ပြောပြတယ်။
“တချို့သူတွေက တုတ်တွေနဲ့ ရိုက်တယ်။ ကျနော့် လက်ဝှေ့သက်တမ်းမှာတော့ အဲဒီလို အမာ တွေနဲ့ မကျင့်ခဲ့ဘူး”လို့လည်း သူက ပြောပါတယ်။
အဲဒီကလပ်မှာ လေ့ကျင့်နေထိုင်ရင်း လက်ဝှေ့ ပြိုင်ပွဲတွေမှာလည်း ဝင်ရောက် ထိုးသတ်ခဲ့ပါတယ်။ အဲဒီတုန်းက ရရှိတဲ့ ထိုးကြေးက နည်းပါးလွန်းပြီး လပေးစားရတဲ့ ထမင်းစရိတ်ဖိုးတောင် မတတ်နိုင်တဲ့ အဆုံး သူရွာကို ပြန်သွားခဲ့ရပါတယ်။
ကရင်ပြည်နယ် ဘားအံမြို့မှာ ကျင်းပတဲ့ လက်ဝှေ့ပွဲတခုမှာ အိပ်ရေးပျက်ထားတဲ့ ပြိုင်ဘက် ကို အင်တိုက်အားတိုက် မထိုးသတ်နိုင်ဘဲ သရေ ကျခဲ့ရတဲ့ အမှတ်တရ အဖြစ်အပျက်ကိုလည်း ထွန်းထွန်းမင်းက ပြန်ပြောပြပါတယ်။
“လူငယ်ဆိုတော့ ညဘက် ပွဲသွားကြည့်တာပေါ့။ နောက်နေ့ လက်ဝှေ့ထိုးတော့ ပျော့ဖတ်နေတာပဲလို့ အဖေက နာနာပြောတော့ ကျနော်ငိုတာ မျက်ရည် တွေ ဘာတွေကျတယ်။ အဲဒီကစပြီး ပွဲထိုးရတော့ မယ်ဆို ကျနော်အိပ်ရေးပျက်မခံတော့တာ”လို့ ထွန်း ထွန်းမင်းက ပြောပြတယ်။
၂၀၁၀ ပြည့်နှစ်မှာ မွန်ပြည်နယ်လက်ရွေးစင် အဖြစ် ရွေးချယ်ခံရပြီးတော့ ရန်ကုန် အောင်ဆန်း ကွင်းမှာ ကျင်းပတဲ့ တိုင်းနဲ့ ပြည်နယ် ရွှေခါးပတ် ချန်ပီယံ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။
၆၀ ကီလိုတန်းမှာ ပြိုင်ဘက်လက်ဝှေ့သမား ၃ ဦးလုံးကို အနိုင်ရရှိပြီး သူဟာ ပထမဆုံး ရွှေတံဆိပ် ဆုကို ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ပါတယ်။
အဲဒီနောက် မုဒုံမြို့နယ် ကွမ်လာရွာမှာကျင်းပ တဲ့ ဘုန်းကြီးပျံပွဲမှာ ပွဲကြည့်ပရိသတ်အဖြစ် သွား ရောက်ကြည့်ရှုရင်း ကရင်ပြည်နယ်က နာမည်ကြီး လက်ဝှေ့သမား စိုးလင်းဦးနဲ့ မထင်မှတ်ဘဲ ထိုးသတ် ခဲ့ရတာကိုလည်း ထွန်းထွန်းမင်းက ပြောပြပါသေး တယ်။
“စိုးလင်းဦးနဲ့ ဒေါနအောင် အတွဲပျက်လို့ အဲဒီက ဆရာတော်ကြီးက နင်တချက်ပဲထိုးပြီး အိပ်လိုက်လည်း ကျပ် ၆ သိန်းပေးမယ်ဆိုပြီး ပြောတယ်။ ကျနော်က မထိုးဘူးလို့ အတင်းငြင်းတယ်။ တူးတူးနဲ့ ထိုးပြီး ပြန်လာတာ ၃ ရက်ပဲရှိသေးတော့ ပြန် မလေ့ကျင့်ရသေးဘူး။ တကိုယ်လုံးလည်း နာနေတယ်။ အဖေက ထိုးခိုင်းတာနဲ့ ထိုးလိုက်တယ်”လို့ သူက ပြောပြပါတယ်။
သရေပွဲ ဖြစ်ခဲ့တဲ့ အဲဒီ ၅ ချီပွဲမှာ စိုးလင်းဦးက ထိုးကြေး ကျပ်သိန်း ၃၀ ရရှိပြီးတော့ ထွန်းထွန်းမင်း က ၆ သိန်းပဲ ရရှိခဲ့တယ်။ အဲဒီ အချိန်က ထွန်းထွန်း မင်းက ရွှေတံဆိပ် ရရှိထားပေမယ့်လည်း တတိယ တန်းတောင် မတက်ရသေးလို့ ဒုတိယတန်း ရွှေခါး ပတ်ရရှိထားသူ စိုးလင်းဦးနဲ့ အတန်းကွာလွန်းနေခဲ့ တာပါ။
သူရင်ဆိုင် ထိုးသတ်ခဲ့ရတဲ့ ပြည်တွင်း ပြည်ပ က လက်ဝှေ့သမားများစွာထဲမှာ ကရင် လက်ဝှေ့ ကျော် စိုးလင်းဦးဟာ သူ့ရဲ့ အခက်အခဲဆုံးပြိုင်ဘက် တဦးဖြစ်တယ်လို့လည်း ပြောပါတယ်။
“စိုးလင်းဦးနဲ့ထိုးတဲ့ အချိန်တချိန်တုန်းက အခက်အခဲ ဖြစ်ခဲ့ဖူးတာပေါ့။ သူက စိတ်ဓာတ်ကောင်းတဲ့ အားကစားသမား တယောက်။ ကိုယ် ကန်လိုက် ထိုးလိုက်လုပ်တာ မလှုပ်သွားဘူး။ မညွတ်သွားဘူး။ Nonstop (မနားတမ်း) ထိုးနိုင်တယ်။ သူလည်း ထိုးလို့မကျ။ ကိုယ်လဲမကျ။ အခက်အခဲဆုံး ပြိုင်ဘက်ပဲ”လို့ ထွန်းထွန်းမင်းက ပြောပြပါတယ်။
၂၀၁၃ ခုနှစ်မှာ အဲဒီအချိန်က မြန်မာပြည် လက်ဝှေ့ချန်ပီယံ စောငမန်းကို သရေ ၂ ကြိမ် ထိုး သတ်ခဲ့တဲ့ ထိုင်းလက် ဝှေ့ကျော် ရော့ခွန်ကိုင်း၊ ပါဝိ တို့အပါအဝင် ထိုင်းလက်ဝှေ့သမား ၅ ဦးနဲ့ ယှဉ်ပြိုင် ထိုးသတ်ပြီး အားလုံးကို အနိုင်ရရှိခဲ့ပါတယ်။ ဂျပန် လက်ဝှေ့သမား ဆာမူကာဝါ နဲ့ ၅ ချီပွဲ ထိုးသတ်ရာမှာ တော့ သရေကျခဲ့တယ်။
ထွန်းထွန်းမင်းဟာ နေပြည်တော်မှာ ကျင်းပခဲ့ တဲ့ ဆီးဂိမ်းပြိုင်ပွဲ ၇၁ ကီလိုတန်း မွေထိုင်းပြိုင်ပွဲမှာ အင်ဒိုနီးရှား ကစားသမားကို အလဲထိုး၊ ဗီယက်နမ် ကစားသမားကို အမှတ်နဲ့ အနိုင်ရရှိပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ရန်ကုန်မှာ ကျင်းပ တဲ့ ၅ ချီစိန်ခေါ်ပွဲမှာ မြန်မာပြည် လက်ဝှေ့ချန်ပီယံ ဘွဲ့ကို ၅ နှစ်ကျော်ကြာ ထိန်းသိမ်းထားတဲ့ စောငမန်း ကို ၄ ချီမြောက်မှာ အလဲထိုးပြီး သူအနှစ်နှစ်အလလ အိပ်မက်မက်ခဲ့ရတဲ့ မြန်မာပြည် လက်ဝှေ့ချန်ပီယံသစ် ဖြစ်လာခဲ့ပါတော့တယ်။
အဲဒီပွဲမှာ သူရရှိခဲ့တဲ့ ထိုးကြေး သိန်း ၅၀ က ရိုးရာ လက်ဝှေ့လောကမှာ အမြင့်ဆုံး စံချိန်တင် ထိုးကြေးလည်း ဖြစ်ပါတယ်။
“ကိုစောငမန်းဆိုလည်း အစ်ကိုလိုပဲ။ နေပြည် တော်မှာ တနှစ်လုံး အတူတူ အခန်းတခန်းတည်းမှာ နေခဲ့ကြတာ။ သူနဲ့ ကျနော်က တအားခင်တော့ စိတ် တော့ မကောင်းဘူးပေါ့။ ဒါပေမယ့် ဒီနေရာမှာ တယောက်နဲ့တယောက် တနေ့နေ့ တချိန်ချိန်မှာ တော့ ဖယ်ပေးရမှာပဲ”လို့ ထွန်းထွန်းမင်း က ပြောပါ တယ်။
မြန်မာပြည် အလွတ်တန်း ချန်ပီယံ၊ ဒဂုံရွှေ အောင်လံ အထူးဆုရှင်၊ မွန်ပြည်နယ် ရွှေတံဆိပ်၊ ဆီးဂိမ်း ရွှေတံဆိပ်၊ ဗီယက်နမ် ငွေတံဆိပ်၊ ပြည် ထောင်စုဖလား ရွှေတံဆိပ်ဆုတို့က သူ့ရဲ့မဆုတ်မနစ် ကြိုးစားခဲ့မှုတွေရဲ့ ပြယုဂ်တွေပါပဲ။
ရိုးရာလက်ဝှေ့ပွဲ တပွဲပဲ ရှုံးထားတဲ့ မှတ်တမ်းက လည်း ထွန်းထွန်းမင်းကို ရိုးရာလက်ဝှေ့လောကမှာ ကြိုးဝိုင်းဘုရင် တဦးအဖြစ် ပရိသတ် အသိအမှတ် ပြုမှုကို ရခဲ့ပါတယ်။
ရန်ကုန် လက်ဝှေ့ ကလပ်အသင်းတွေမှာ လာ ကစားဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် မိခင်ရဲ့ စိုးရိမ်မှုကြောင့် ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။
တချိန်က ရိုးရာလက်ဝှေ့လောကမှာ လျှမ်း လျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ လက်ဝှေ့ ကျော် ရွှေဝါထွန်းနဲ့ နာမည်ကြီး လက်ဝှေ့သမား တွေ့မရှောင်တို့ကတော့ သူလေးစားအားကျခဲ့ရတဲ့ စံပြပုဂ္ဂိုလ်တွေ ဖြစ်တယ်လို့လည်း ပြောပြပါတယ်။
“ကျနော် ငယ်ငယ်လေးကတည်းက ကိုတွေ့ မရှောင်တို့ ဦးရွှေဝါထွန်းတို့ကို အားကျတယ်။ ဦးရွှေ ဝါထွန်းဆို အသက်ကြီးလည်း သူ့အသက်အရွယ်နဲ့ လူငယ်တွေကို ပြန်ကစားလို့ နိုင်တယ်။ ကိုတွေ့ မရှောင်ကြတော့ ခံပြီးတော့ပြန်ထိုးတာ။ ပြီးတော့ စိတ်ဓာတ် ကောင်းတာပေါ့။ သူများအပေါ်မှာလည်း မညစ်ပတ်ဘူး။ အဲဒါကို ကြိုက်တာ”လို့ သူက ရှင်းပြ ပါသေးတယ်။
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ သူငယ်စဉ်ကတည်းက လေးစားအားကျခဲ့ရတဲ့ လက်ဝှေ့အကျော်အမော် တွေ့မရှောင်နဲ့ ထိုးသတ်ဖို့ စာချုပ်ချုပ်ဆိုထားပြီးမှ တွေ့မရှောင်က လက်ဝှေ့လောကကနေ အနားယူ သွားလို့ မထိုးသတ်ဖြစ်တော့ပါဘူး။
လက်ရှိ ပြည်ပ လက်ဝှေ့သမားတွေထဲမှာတော့ ထွန်းထွန်းမင်း အကြိုက်ဆုံးကစားသမားက ထိုင်းက နာမည်ကြီး မွေထိုင်းလက်ဝှေ့သမား ဘူခေါင် ဖြစ် တယ်လို့ ပြောပါတယ်။
ထွန်းထွန်းမင်းဟာ ဆိုင်းရပ်စ်ကို ရှုံးနိမ့်ခဲ့တဲ့ လက်ဝှေ့ပွဲမတိုင်ခင်ကတည်းက ပြည်ပမှာ သွား ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်ခံပညာပြိုင်ပွဲ ၃ ပွဲမှာ အမှတ်နဲ့ ရှုံးခဲ့ဖူးတယ်လို့ သိရတယ်။
၂၀၁၂ ခုနှစ်က ဗီယက်နမ်မှာ ကျင်းပတဲ့ အာရှ ချန်ပီယံရှစ် မွေထိုင်းပြိုင်ပွဲမှာ တရုတ်လက်ဝှေ့သမား ကို အနိုင်ရရှိပြီး ထိုင်း လက်ဝှေ့သမားကို အမှတ်နဲ့ ရှုံးနိမ့်ခဲ့လို့ ငွေတံဆိပ်ရရှိခဲ့ပါတယ်။
ထိုင်းမှာ ကျင်းပတဲ့ ၂၀၁၃ အာရှ ချန်ပီယံရှစ် မွေထိုင်းပြိုင်ပွဲမှာ ဆီနီဂေါနဲ့ ဆွစ်ဇာလန် လက်ဝှေ့ သမားတို့ကို အနိုင်ရရှိခဲ့ပေမယ့်လည်း ဆီမီးဖိုင်နယ် မှာ ဘယ်လ်ဂျီယံ လက်ဝှေ့သမားကို အမှတ်နဲ့ ရှုံးနိမ့် ခဲ့တယ်လို့ သိရပါတယ်။
အဲဒီပွဲစဉ်မှာ သူ့ရဲ့ ထိုးချက်ကြောင့် ဦးခေါင်း ၆ ချက် ချုပ်ရခဲ့ရတဲ့ ဘယ်လ်ဂျီယံ နိုင်ငံသားကို ထိုင်းဒိုင် ၅ ဦးစလုံးက အနိုင်ပေးခဲ့တယ်လို့လည်း ထွန်းထွန်းမင်းက ပြောပြတယ်။
သူ့ကို အနိုင်ယူခဲ့တဲ့ အမေရိကန် လက်ဝှေ့ သမား ဆိုင်းရပ်စ်နဲ့ မကျေပွဲကိုတော့ ဧပြီ ၁၁ ရက် မှာ ပရိသတ်တွေ ပြန်ကြည့်ခဲ့ကြရပါပြီ။ လက်ရှိ မြန်မာ့လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းအနေနဲ့ အဲဒီ ပွဲမှာ ရှုံးေြွကးကို ပြန်ဆပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ထွန်းထွန်းမင်းဟာ ဆိုင်းရပ်စ်ကို အလဲထိုး အနိုင်ရခဲ့ပါပြီ။