မန္တလေးမြို့မှာ ဒီနေ့အချိန်ထိ လောကဓံအထုအထောင်းမျိုးစုံကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရတဲ့၊ ရင်ဆိုင်နေရဆဲ နာမည်ကြီးနေရာကို ပြပါဆိုရင် မန္တလေးညဈေးတန်းကို ပြရမှာပဲဖြစ်ပါတယ်။
ဒီညဈေးတန်းကြီးဟာ မန္တလေးမြို့နဲ့အတူ ကောင်းတလှည့်ဆိုးတလှည့် လောကဓံအပြောင်းအလဲတွေကို ခါးစည်းခံခဲ့ရတဲ့ ရဲဖော်ရဲဖက်ကောင်းတစ်ဦးလည်း ဖြစ်တယ်။ နိုင်ငံရေးစနစ်အပြောင်းအလဲတွေ၊ ခေတ်အဆက်ဆက်အုပ်ချုပ်သူပေါင်းစုံတို့ရဲ့ ဆိုးမွေပေါင်းစုံကို မန္တလေးညဈေးဟာ မြို့လူထုနဲ့အတူ ခံခဲ့ကြရတယ်။
သူဖြတ်သန်းလာခဲ့ရတဲ့ ခရီးလမ်းကြီးတလျှောက်ဟာ ရှည်လျားခက်ထန်လွန်းလို့ မန္တလေးညဈေးတန်းကြီးဟာ အခုချိန်မှာတော့ အင်အားတွေမရှိသလောက်နည်းနေပြီ။ ဆက်လက်ရပ်တည်ဖို့လည်း တော်တော်ခက်ခဲတဲ့ အနေအထားကို ရောက်နေပြီ။ အသက်ရှင်ရပ်တည်ဖို့ကိုပဲ ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်နေရတယ်။ မြင်သာအောင်ပြောရရင်တော့ သေခါနီး အသက်ငင်နေသလို ဖြစ်နေပါပြီ။
အဲ့ဒီလိုအေးစက်စက်နဲ့ အသက်ငင်နေတဲ့ ညဈေးတန်းကြီးကို မန္တလေးဈေးချိုနာရီစင်ကြီးရဲ့ တောင်ဘက်မှာ သွားရောက်လေ့လာနိုင်ပါတယ်။ အရင်က နာရီစင်ကြီးကို ဗဟိုပြုပြီး လေးဘက်လေးတန် ရှည်လျားခဲ့တဲ့ ဈေးတန်းကြီးတွေနဲ့ ကြီးကြီးကျယ်ကျယ်ပေါ့။ ခြောက်ပေရှစ်ပေ ဆိုင်ခန်းလေးတွေ ငါးရာကျော်အထိ ရှိခဲ့တယ်။ အခုချိန်မှာတော့ အဲ့သည်လို ဆိုင်ခန်းပေါင်း တရာဝန်းကျင်လောက်သာ ရှိပါတော့တယ်။
ညဈေးတန်းကို ၁၉၅၉ ခုနှစ်လောက် အိမ်စောင့်အစိုးရလက်ထက်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်တယ်။ နိုင်ငံရေးစနစ် အပြောင်းအလဲကြားမှာ မန္တလေးမြို့ခံတွေဟာ သူတို့ရဲ့လိုအပ်ချက်တွေအတွက် ညဈေးတန်းတစ်ခုကို ကိုယ်တိုင်မွေးဖွားခဲ့ကြတာဖြစ်တယ်။ စဖွင့်ကာစကတော့ မန္တလေးထိုးမုန့်ဆိုင်လေးတွေ၊ ဖာလူဒါအအေးဆိုင်လေးတွေ၊ တရုတ်ခေါက်ဆွဲဆိုင်လေးတွေလောက်ပေါ့။ နောက်ပိုင်းမှ အောက်အရပ် မော်လမြိုင်၊ ရှမ်းပြည် တောင်ကြီး ကျိုင်းတုံတွေဘက်က ယိုးဒယားပစ္စည်းတွေ၊ ဗန်းမော် ကသာဘက်က တရုတ်ပစ္စည်းတွေ၊ ကလေး တမူးဘက်က အိန္ဒိယပစ္စည်းတွေ အားလုံးဟာ မန္တလေးညဈေးတန်းမှာ ဆုံရပ်အဖြစ်ရောက်ရှိကြပြီး လိုချင်တာအကုန် အလွယ်တကူမြင်နိုင်၊ ဝယ်နိုင်တဲ့ မှောင်ခိုညဈေးတန်းကြီးလို ဖြစ်ခဲ့တာပါ။
မန္တလေးညဈေးတန်းရဲ့ ချစ်စရာအကောင်းဆုံးအချက်တစ်ချက်ကတော့ လူမျိုးဘာသာမခွဲခြားပဲ အတူတကွရောင်းဝယ်ဖောက်ကားပြုကြတာပါပဲ။ ဗမာရော၊တရုတ်ရော၊အစ္စလာမ်၊ဟိန္ဒူတွေရော အစုံရောင်းကြ၊ ဝယ်ကြဖောက်ကားခဲ့ကြတာ။
ညဈေးတန်းရဲ့ နောက်ထပ်ချစ်စရာကောင်းတဲ့ တချက်ကတော့ အမြည်းတွေအများကြီးကျွေးတဲ့ ထိုးမုန့်ဆိုင်တန်းတွေနဲ့ စာအုပ်တွေအများကြီးကို ဖတ်ရင်းမြည်းရင်းရွေးနိုင်တဲ့ စာအုပ်ဟောင်း ဆိုင်တန်းတွေပဲ ဖြစ်ပါတယ်။
ညဈေးတန်းကြီး အအောင်မြင်ဆုံးအချိန်တွေဖြစ်တဲ့ ၁၉၈၀ ခု ဝန်းကျင်တဝိုက်တုန်းက ဈေးတန်းတလျှောက် အရမ်းစည်ကားပြီး ကြက်ပျံမကျ တိုးမပေါက်အောင် ရှိခဲ့တယ်။ ညဈေးတန်းမှာ အသစ်အဆန်း ဘာပစ္စည်းပေါ်လဲဆိုတာကိုပဲ တနေ့တနေ့ အထူးတဆန်းလုပ်နေကြရတယ်။ နားကြပ်တံလို တိုလီထွာလီကအစ နာရီ၊ မျက်မှန်၊ အထည်မျိုးစုံအထိ အားလုံးကို တနေရာတည်းမှာ ရနိုင်တာကိုး။
အဲ့ဒီအချိန်တွေတုန်းက လူတွေအတွက် ဖျော်ဖြေရေးကဏ္ဍတွေကလည်း နည်းပါးသေးတယ်။ ညအချိန် လည်ပတ်၊ အပန်းဖြေဖို့ဆို ညဈေးတန်းတခုသာ မယ်မယ်ရရ ရှိတယ်။ အထူးသဖြင့် ရာသီဥတုပူလွန်းတဲ့ ညတွေ၊ အခါကြီးရက်ကြီး ရုံးပိတ်ရက်ကြီးတွေနဲ့ ရုပ်ရှင်ရုံတွေမှာ ဇာတ်လမ်းကောင်းရင် အဲ့ဒီည ညဈေးတန်းဟာ ပိုလို့တောင် စည်ကားတတ်သေးတယ်။
၁၉၆၄ ခုနှစ် လောက်ကနေ ၁၉၈၈ ကာလလောက်တွေဟာ မန္တလေးညဈေးတန်းရဲ့ ခေတ်အကောင်းဆုံး အချိန်တွေပေါ့။ အဲ့ဒီအချိန်မှာ မြန်မာ့နိုင်ငံရေးစနစ်က တံခါးပိတ်ဝါဒကို ကျင့်သုံးတာနေတာဆိုတော့ နိုင်ငံခြားက ပစ္စည်းဝယ်ဖို့ မပြောနဲ့ ၊ မြင်ခွင့်ရဖို့ကိုက မနည်းလေ။
ညဈေးတန်းလာသူတွေဟာ များသောအားဖြင့် အအေးသောက်တယ်။ မုန့်စားတယ်။ စာအုပ်အဟောင်းတန်းမှာ စာအုပ်တွေ အမြည်းဖတ်ရင်း ဝယ်ကြတယ်။ ပစ္စည်း အသစ်အဆန်းတွေ ဘာတွေပေါ်လဲလို့ လာလေ့လာ ကြည့်ကြတယ်။ အခုခေတ်အခေါ်အရဆိုရင်တော့ ဝင်းဒိုးရှော့ပင်းပေါ့။ အဲ့ဒီအချိန်တုန်းက လမ်းကြပ်မှာစိုးလို့ ညဈေးတန်းကို ယာဉ်ထိန်းရဲအစောင့်ရှောက်နဲ့တောင် ထားခဲ့ရတယ်။
အောင်မြင်မှု ထိပ်ဆုံးရောက်ပြီးချိန်မှာတော့ ပြန်ဆင်းပေးရတဲ့ လောကဓမ္မတာလိုပါပဲ။ ညဈေးတန်းဟာလည်း နောက်ပိုင်းမှာ အရှိန်အဝါ တဖြည်းဖြည်း လျော့ကျလာတယ်။
၁၉၈၁ ခုနှစ်မှာ မန္တလေးမြို့က နာမည်ကျော်ဆိုင်းတန်း မီးလောင်ကျွမ်းမှုမှာ ညဈေးတန်းဟာ ဓားစားခံဖြစ်ခဲ့ရတယ်။ ညဈေးတန်းရှိတဲ့အတွက် မီးသတ်ကားတွေ လမ်းပိတ်တယ်ဆိုပြီး ညဈေးတန်းကို တရုတ်တန်းနေရာ (ယခင်တရုတ်တန်းအဟောင်း) ကို ရွှေ့ပြောင်းပစ်ခဲ့တယ်။ အဲ့ဒီကနေမှတဆင့် ၁၉၉၀ ခုနှစ်မှာ မူလညဈေးတန်းနေရာကို ထပ်မံပြောင်းရွှေ့ခဲ့တယ်။ နေရာအပြောင်းအလဲများမှုတွေကြောင့် မူလ ညဈေးတန်းနေရာပြန်ရောက်တဲ့အချိန်မှာ စည်ကားမှုဟာ အရင်ကထက် ထက်ဝက်မက သိသိသာသာ လျော့ကျသွားခဲ့တယ်။
ညဈေးတန်းရဲ့ကျဆုံးမှုဟာ အဲ့ဒီလို နေရာအပြောင်းအရွှေ့တွေနဲ့လည်း သက်ဆိုင်သလို ၁၉၈၈ ဝန်းကျင်မှာ ပြောင်းလဲခဲ့တဲ့ မြန်မာနိုင်ငံရေးအပြောင်းအလဲနဲ့လည်း နီးစပ်စွာ ဆက်စက်ပတ်သက်နေတယ်။ ၁၉၈၈ခုနှစ်မှာ စစ်အစိုးရ အာဏာသိမ်းပြီးနောက်ပိုင်း ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့တဲ့အတွက် ယခင်ကမှောင်ခိုသွင်းခဲ့ရတဲ့ ပစ္စည်းတွေ အိမ်နီးချင်းနိုင်ငံတွေထဲက ဖောဖောသီသီဝင်လာတယ်။ အဲ့ဒီအချက်ဟာ ညဈေးတန်း စတင်မှေးမှိန်ခဲ့ရတဲ့အဓိက အချက်တချက် ဖြစ်ခဲ့တယ်။
မူရင်း ညဈေးတန်းနေရာကို ပြန်ပြီး မျက်စိလည်ရောက်လာရတဲ့ ညဈေးတန်းဟာ မူလညဈေးတန်းကြီးနဲ့ ပုံစံတော်တော်ကွာခြားသွားခဲ့တယ်။ အရင်ကလို နွေးနွေးထွေးထွေး စည်စည်ကားကားမရှိတော့ပဲ အေးစက်စက်ဖြစ်သွားတယ်။
အခုအချိန်မှာတော့ မန္တလေးညဈေးတန်းဆိုတာဟာ ဈေးတန်းနဲ့မတူတော့ဘဲ ဆိုင်ကယ်တွေက တဝေါဝေါ ဖြတ်သန်းသွားလာနေကြတယ်။ ဈေးဆိုင်တွေကလည်း သာမာန်ရပ်ကွက်ထဲမှာတင် ဝယ်လို့ရနေတဲ့ ပစ္စည်းတွေကိုပဲ ရောင်းနေကြတယ်။
ဈေးရောင်းသူ အများစုက ရှေ့မှီနောက်မှီ လူကြီးပိုင်းတွေများတယ်။ ဈေးဝယ်လာမယ့်သူတွေကို စောင့်မျှော်နေကြတယ်။ တချို့ဈေးသည်တွေက ဖုန်းထဲကဂိမ်းတွေ ဆော့နေကြတယ်။ တချို့ကတော့ အိပ်ငိုက်နေသလိုပဲ တက်တက်ကြွကြွ မရှိလှဘူး။ အသေချာဆုံးကတော့ ဈေးသည်တွေမျက်နှာမှာ စိတ်ချမ်းသာ ပျော်ရွှင်မှုမျိုး လုံးဝမရှိကြတော့တာပါပဲ။ သူတို့ထဲက တချို့ဟာ ညဈေးတန်းမှာရောင်းရတဲ့ ဝင်ငွေနဲ့ပဲ ရပ်တည်ကြသူတွေရှိသလို တချို့ကလည်း ညဈေးစဖွင့်ကတည်းက မျိုးရိုးစဉ်ဆက် ဆိုင်ဖွင့်လာခဲ့တာကြောင့် ယခင်ကအတိုင်းပဲ ဆက်လက်လုပ်ကိုင်နေကြတယ်။
စည်ပင်သာယာ ဈေးကောက်ဝန်ထမ်းကလည်း ညဈေးတန်းက ဆိုင်ပေါက်စေ့ကို လိုက်ပြီး ဈေးကောက်ကောက်နေတယ်။ စည်ပင်သာယာက ဈေးဆိုင်တွေကို ပိုက်ဆံကောက်နေတယ် ဆိုပေမယ့် တကယ့်ကို ကောက်ရုံပါပဲ။ စည်ပင်သာယာအနေနဲ့ ညဈေးကြီး ပြန်လည်စည်ကားလာဖို့၊ စနစ်တကျရှိလာဖို့၊ အထောက်အပံ့အကူအညီတွေ ပေးတာ မရှိသလောက် နည်းပါးပါတယ်။
မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသားတွေအနေနဲ့ မန္တလေးမြို့က ညဈေးတန်းကို ဝင်ရောက်လေ့လာကြဖို့ နိုင်ငံခြားခရီးသွားလုပ်ငန်းတွေက အကြံပြုချက်တွေ ထည့်ပေးရတဲ့အထိ မန္တလေး ညဈေးတန်းရဲ့ အမည်ဟာ တချိန်က အင်မတန်မှ ကျော်ကြားခဲ့တယ်။
ရှားပါးခဲ့တဲ့ ကာလတွေက လူတွေရဲ့လိုအပ်ချက်တွေအရ ပေါ်ထွက်လာခဲ့ရတဲ့ ညဈေးတန်းကို ဒီနေ့အချိန်မှာ မျှော်မှန်းလွမ်းဆွတ်နေသူတွေကတော့ မရှိပါဘူး။ စနစ်ဆိုးကို ပြန်ပြီး မကြုံတွေ့ချင်ကြတော့တာပါ။
ဒါပေမယ့် အဲ့ဒီစနစ်ဆိုးတွေနဲ့အတူ လက်တွဲဖြတ်သန်းခဲ့ဖူးတဲ့ မန္တလေး ညဈေးတန်းကြီးအကြောင်းကိုတော့ နောင်လာနောက်သားတွေကို ုပြန်ပြောပြနိုင်ဖို့ ဆက်လက်ရှင်သန်နေစေချင်သေးတဲ့ စိတ်တွေကတော့ မန္တလေးမြို့ခံတိုင်းမှာ ရှိနေတာ အသေအချာပဲ ဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေရဲ့ ပြန်လည်နိုးထလာတဲ့ မြို့ဟောင်းတွေက ညဈေးတွေလို မန္တလေး ညဈေးလည်း အခွင့်အလမ်းတွေကို ဆုတ်ကိုင်ဖို့ ခွန်အားတွေ၊ ဖန်တီးနိုင်စွမ်းတွေလည်း ရှိနေစေချင်ပါတယ်။