၁၉၄၁ ခုနှစ် ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့ကို ဂျပန်တပ်များက လေကြောင်းမှ စတင်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း များမကြာမီမှာပင် သိပ္ပံမောင်ဝသည် တခြားသော ရန်ကုန်မြို့ခံများအတိုင်း လေကြောင်းရန်အချက် ပေးဥဩသံများ ကြားရသည့်အချိန်တိုင်း မြေအောက် ဗုံးခိုကျင်းများထဲသို့ ပြေးဝင်ခိုလှုံရခြင်းနှင့် ကျင့်သားရလာခဲ့သည်။
နာမည်ကျော်စာရေးဆရာတဦးဖြစ်သလို ၁၉၂၉ ခုနှစ်ကတည်းက အစိုးရအရာရှိကြီး တဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော သိပ္ပံမောင်ဝက ၁၉၄၂ ခုနှစ် ဇန်နဝါရီလမှ စတင်၍ နောက် ၆ လအကြာ သူ သေဆုံးသည့် အချိန်အထိ ကြုံတွေ့ရသည်များကို ဒိုင်ယာရီရေးသား မှတ်တမ်းတင်ခဲ့သည်။
“လသာနေတဲ့အချိန်မှာမှ သူတို့က ရောက်လာ ပြီး ဗုံးကြဲတယ်။ လရောင်က ပျော်စရာတခု ဖြစ်လေ့ ရှိခဲ့ပေမယ့် အခု မဟုတ်တော့ဘူး” ဟု သူက ဇန်နဝါရီလ ၆ ရက်နေ့တွင် ရေးသားခဲ့ပါသည်။
ဂျပန်များသည် မြန်မာနိုင်ငံကို အင်္ဂလိပ်လက်မှ လွတ်မြောက်အောင် လုပ်ပေးမည့်သူများ မဟုတ် ကြောင်း သိပ္ပံမောင်ဝက မျက်မြင် သိခဲ့ပါသည်။ ကြိုတင်မြင်ခဲ့ပါသည်။ သို့သော် တိုင်းပြည်တွင် ကြုံတွေ့လာရသည့် ပဋိပက္ခနှင့် မတည်ငြိမ်မှုများကို မရှောင်ရှားနိုင်ခဲ့ပါ။
၁၉၄၂ ခုနှစ် ဇွန်လအတွင်းတွင် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့အနီး၌ ဓားပြများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသော သိပ္ပံမောင်ဝက သူ မကွယ်လွန်မီ ၂ လ အလိုတွင် “လက်ရှိ ပဋိပက္ခမှာ လူတိုင်း အကြောက်ရဆုံးဖြစ်လာမှာက ဂျပန်စစ်တပ် မဟုတ်ဘူး။ ကျနော်တို့ ပြည်သူတွေကြားက ရာဇဝတ်မှုတွေပဲ” ဟု ရှေ့တွင်ဖြစ်လာမည်များကို စိုးရိမ်ကြောင်း ရေးသားခဲ့သေးသည်။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ရဲဘော် သုံးကျိပ်နှင့် ဖွဲ့စည်းထားသော ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) ၏ အကူအညီဖြင့် ကျူးကျော်ဝင် ရောက်လာသည့် ဂျပန်များသည် တိုင်းပြည်က အမျှော်လင့်ဆုံးဖြစ်သည့် လွတ်လပ်ရေးကို ချက်ချင်းမပေးနိုင်ခဲ့ပါ။
လွတ်လပ်ရေးအစား မြန်မာနိုင်ငံကို ဒုတိယ ကမ္ဘာစစ်အတွင်းသို့ ဆွဲသွင်းခြင်းခံလိုက်ရပြီး “ကျွဲနှစ်ကောင် ခတ်သည့်ကြားမှ မြေစာပင်” ဖြစ်ခဲ့ရသည်ဟု သမိုင်းပညာရှင် Donald M Seekins က ဆိုသည်။
မြန်မာနိုင်ငံ၏ မြို့ရွာများ၊ ခြောက်သွေ့လွင်ပြင်များ၊ တောင်တန်းများ၊ ထူထပ်သော သစ်တောများတွင် တပ်သား သိန်းနှင့်ချီသော ဂျပန်တပ်ဖွဲ့များနှင့် နိုင်ဂျီးရီးယား၊ နီပေါ၊ ကနေဒါနှင့် တရုတ် အစရှိသည့် ဒေသအသီးသီးမှ စုစည်းထားသော မဟာမိတ်တပ်ဖွဲ့များကြားမှ တိုက်ပွဲများ ဖြစ်ပွားခဲ့ရသည်။
စစ်တပ်နှင့် နိုင်ငံရေး ခေါင်းဆောင်များက နည်းဗျူဟာနှင့် ပထဝီနိုင်ငံရေး ရည်ရွယ်ချက်များကိုသာ ဂရုစိုက်ခဲ့ကြသည့်အချိန်တွင် ကျူးကျော်ခြင်းနှင့် သိမ်းပိုက်ခြင်း သံသရာအတွင်း ရောက်ရှိသွားခဲ့သည့် သာမန်ပြည်သူများအတွက်မူ မိမိတို့ အသက်ရှင် ရပ်တည်နိုင်ရေးအတွက် နေ့စဉ်ဘဝမှ လိုအပ်ချက်များကိုသာ ပိုမို ဂရုစိုက်နေခဲ့ကြရသည်။
မြန်မာနိုင်ငံမှ ထင်ရှားသည့် စာရေးဆရာမကြီး တဦးဖြစ်သည့် ဒေါ်ခင်မျိုးချစ်က စစ်ကြောင့် ထိခိုက် ပျက်စီးခဲ့ရသည့် မိသားစုတစု၏ အကြောင်းဖြစ်သည့် “၁၃ ကာရက်စိန်” အမည်ရှိ ဝတ္တု၌ “ကျမတို့မှာ နေစရာအိမ်မရှိဘူး၊ အလုပ်မရှိဘူး၊ အမြဲတမ်း ဆာလောင်နေတတ်တဲ့ လမ်းလျှောက်တတ်ခါစ ကလေး လေးတယောက်ကလွဲရင် ဘာမှမရှိဘူး။ စစ်အတွင်း ဘဝရဲ့ဝင်္ကပါထဲမှာ လမ်းပျောက်နေခဲ့တယ်” ဟု ဂျပန်ခေတ်အကြောင်းကို သရုပ်ဖော်ပြခဲ့သည်။
ဂျပန်တပ် ဆုတ်ခြင်း
လွန်ခဲ့သော နှစ်ပေါင်း ၇၀၊ ၁၉၄၅ ခုနှစ် မေလအတွင်းက ရန်ကုန်မြို့ကို မဟာမိတ်တပ်များပြန်လည် သိမ်းယူချိန် သူတို့မျှော်လင့်ထားခဲ့သလောက် ခက်ခဲကြမ်းတမ်းမှုများ၊ သွေးလွှမ်းသည့်စစ်ပွဲများ မကြုံတွေ့ခဲ့ရပါ။ ဂျပန်တပ်များ၏ တပ်မှူး ဗိုလ်ချုပ်ကြီး ဟီတာရိုကုမာရိုက တိုကျိုမှပေးလာသည့် ညွှန်ကြားချက်ကို ဖီဆန်၍ ဗုံးဒဏ်ကြောင့် ပျက်စီးနေသည့် ရန်ကုန်မြို့ကို စွန့်ခွာရန် သူ၏တပ်များကို ၁၉၄၅ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် အမိန့်ထုတ်ခဲ့သည်။ သူ့ကို နောက်ပိုင်းတွင် စစ်နိုင်သူ မဟာမိတ်များက စစ်ရာဇဝတ်ကောင်အဖြစ် ခုံရုံးတင်ပြီး ကြိုးပေးစီရင်ခဲ့ကြသည်။
ရန်ကုန် ဗဟိုအကျဉ်းထောင်မှ ရာနှင့်ချီသော မဟာမိတ် စစ်သုံ့ပန်းများသည် အကျဉ်းထောင်၏ ပင်မဝင်ပေါက်တွင် ဂျပန်များထားခဲ့သော လက်ရေး ဖြင့်ရေးထားသည့် စာတစောင်ကို တွေ့ရှိခဲ့ကြသည်။
အဆိုပါစာတွင် “သင်တို့ကို လွတ်လပ်ခွင့်ပေးလိုက်ပြီ။ ဤနေရာမှ မိမိဆန္ဒအလျှောက် ထွက်ခွာနိုင်သည်။ သို့သော် အာရှတိုက်သားများအားလုံး လွတ်မြောက်ရန် ကျွနု်ပ်တို့၏ စစ်ပွဲကို ဆက်လက် တိုက်ခိုက်သွားမည်” ဟု ရေးသားထားသည်ကို တွေ့ရသည်။
ထောင်နံရံများအတွင်းတွင် ကျန်ရစ်ခဲ့သော စစ်သုံ့ပန်းများက မဟာမိတ်တပ်များက မှားယွင်းပစ်ခတ်မည်ကို စိုးရိမ်သည့်အတွက် ထောင်၏အမိုးပေါ်တွင် ကြီးမားသော အဖြူရောင်စာလုံးကြီးများဖြင့် “ဂျပန်များထွက်သွားပြီ” ၊ “မြန်မြန်လုပ်ပါ” အစရှိသည့် စာသားများကို ရေးသားခဲ့ကြသည်။
ပဲခူးမှတဆင့် မော်လမြိုင်ဘက်သို့ ဆုတ်ခွာသွားသည့် ဂျပန်တပ်များနှင့်အတူ ဂျပန်ခေတ် ရုပ်သေး အစိုးရခေါင်းဆောင် ဒေါက်တာဘမော်နှင့် နိုင်ငံခြားရေးဝန်ကြီး (နောင်တွင် ဝန်ကြီးချုပ်ဖြစ်လာသူ) ဦးနုတို့ လိုက်ပါခဲ့ကြရပြီး ၎င်းတို့နောက်မှ မဟာမိတ် ဗုံးကြဲလေယာဉ်များက ၂ ပတ်ကြာမြင့်သည့် ခရီးစဉ် တလျှောက်လုံး လိုက်လံတိုက်ခိုက်ခဲ့ကြသည်။
နောက်ပိုင်းတွင် ဂျပန်တို့လက်မှ ပြန်လည်လွတ် မြောက်လာခဲ့သော ဒေါက်တာဘမော်က ရွှေတိဂုံ ဘုရားတည်ရှိရာ တောင်ကုန်းကို ခံစစ်စခန်းအဖြစ် အသွင်ပြောင်းပစ်ရန် အပါအဝင် ရန်ကုန်ကို နောက်ဆုံးအထိ ခုခံကာကွယ်ချင်ကြသည့် ဂျပန်စစ်အရာရှိ အဆင့်ဆင့်ကို ဖျောင်းဖျသိမ်းသွင်းရာတွင် သူလည်း ပါဝင်ခဲ့သည်ဟု ပြန်ပြောပြခဲ့သည်။ ဂျပန်လက်မှ ပြန်လွတ်လာပြီးနောက် သူ့ကို မဟာမိတ်များက ခေတ္တဖမ်းဆီး ထိန်းသိမ်းခဲ့သေးသည်။
ဒရက်ကူလာ စစ်ဆင်ရေး
မဟာမိတ်တပ်ဖွဲ့များ၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ စစ်သေနာပတိ ဗြိတိန်ရေတပ် ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်က နောက်တနှစ် မုတ်သုံရာသီ မဝင်ရောက်မီ ရန်ကုန်ကို ကြည်းတပ်၊ ရေတပ်၊ လေတပ်များ စုပေါင်းပြီး တိုက်ခိုက်ရန် ၁၉၄၄ ခုနှစ် အလယ်ပိုင်းတွင် စီစဉ်ခဲ့သည်။
သို့သော်လည်း ဒုတိယဗိုလ်ချုပ်ကြီး ဝီလျံ စလင်းမ်၏ ဦးဆောင်မှုဖြင့် မဟာမိတ်တပ်များ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် အောင်မြင်မှုရရှိလာသည့်အတွက် “ဒရက်ကူလာ စစ်ဆင်ရေး” ဟု အမည်ပေးထားသည့် ရန်ကုန်ထိုးစစ် စတင် အသက်ဝင်လာနိုင်ခဲ့သည်။ (ဒုတိယဗိုလ်ချုပ်ကြီး ဝီလျံစလင်းမ်သည် ၁၉၄၂ ခုနှစ်က ဗြိတိန်တပ်များ မြန်မာနိုင်ငံမှ ခွာစစ်ဆင်ရသည့်အချိန်ကလည်း တပ်မှူးအဖြစ် ဦးဆောင်ခဲ့ရသူဖြစ်သည်။)
ရန်ကုန်မြစ်ဝအနီးမှ လေယာဉ်တင်သင်္ဘောများ၊ ဖျက်သင်္ဘောများ၊ ခရုဇာ စစ်သင်္ဘောများ၊ တိုက်သင်္ဘောများ ပါဝင်ဖွဲ့စည်းထားသည့် ကြီးမားသော တပ်ဖွဲ့ကြီးသည် မည်သည့်ခုခံမှုကိုမဆို ချိုးဖျက်နိုင်မည့်အသွင် ရှိသော်လည်း ထိထိရောက်ရောက် တိုက်ပွဲ မဝင်လိုက်ရပါ။
အဓိကတပ်ဖွဲ့များရှေ့က ဂေါ်ရခါး လေထီးတပ်ရင်းကို မေလ ၁ ရက်နေ့တွင် စေလွှတ်ခဲ့ပြီး နောက်ပိုင်းရက်များတွင် ရန်ကုန်မြို့၏ တဖက်ရှိ မြစ်ကမ်းများတလျှောက်သို့ မဟာမိတ်တပ်များ စတင်တက်ရောက်ခဲ့ကြသည်။ မေလ ၃ ရက်နေ့တွင် လွန်ခဲ့သော ၃ နှစ်ကျော်က ဂျပန်တို့လက်သို့ ပေးအပ်ခဲ့ရသည့် မြန်မာနိုင်ငံ၏ မြို့တော်ကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်။
အင်္ဂလိပ်လက်သို့ ပြန်ရောက်သွားသော ရန်ကုန်မြို့တော်သည် စစ်၏ အဆိုးရွားဆုံး အခြေအနေများမှ လွတ်မြောက်ခဲ့သော်လည်း ရန်ကုန်၏ အခြေခံအဆောက်အအုံ အများစုက အပိုင်းပိုင်း ပြိုလဲ ပျက်စီးနေခဲ့ပြီဖြစ်သည်။ ရန်ကုန်ဆိပ်ကမ်း၊ ဘူတာကြီးနှင့် ရန်ကုန်တက္ကသိုလ် အပါအဝင် အဓိကကျသော အဆောက်အအုံများ ပျက်စီးနေကြသည်။ သို့မဟုတ် ဖျက်ဆီးခံခဲ့ရသည်။
ရန်ကုန်သင်္ဘောကျင်းနှင့် ကမ်းနားတဝိုက်တွင် အုတ်ကျိုးအုတ်ပဲ့များနှင့် တွန့်လိမ်နေသော သံချောင်းများ ပြန့်ကျဲနေသည်ကို သမိုင်းမှတ်တမ်းဓာတ်ပုံများ တွင်တွေ့ရသည်။ အသုံးမဝင်တော့သော ဂျပန်ငွေစက္ကူ များကလည်း လမ်းများပေါ်တွင် ပြန့်ကျဲနေသည်။
ရန်ကုန်မြို့ကို ပြန်လည်သိမ်းပိုက်ခြင်းက ယနေ့ခေတ် ရန်ကုန်မြို့ခံများ၏ မှတ်ဉာဏ်တွင် ထင်ထင်ရှားရှား ကျန်ရှိနိုင်တော့မည် မဟုတ်ပါ။ သို့သော်လည်း ယခုအခါတွင် ပြန်လည်တည်ဆောက်ထားသော သို့မဟုတ် မရှိတော့ပြီဖြစ်သော သို့မဟုတ် ဥပေက္ခာပြုခြင်း ခံထားရသော နေရာများနှင့် အဆောက်အဦးများကား ကိုလိုနီစနစ်နှင့် လွတ်လပ်ရေးတို့၏ ပဋိပက္ခအလယ်တွင် ရန်ကုန်မြို့ရောက်ရှိခဲ့ သောကာလကို ပြန်လည် အမှတ်ရစေမည်ဖြစ်သည်။
၁၉၄၃ ခုနှစ် မေလအတွင်းက မဟာမိတ်တပ်ဖွဲ့များ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် ဗိုလ်တထောင်စေတီကို ယခုအခါ ပြန်လည် ပြင်ဆင်ပြီးဖြစ်သည်။ ပြန်လည် ပြုပြင်ရာတွင် ဦးဆောင်ခဲ့သည့် အမျိုးသမီးတဦးကို ကြည်ညိုလေးစား သူတို့က တည်ဆောက်ကိုးကွယ်ထားသည့် နတ်နန်းတွင် လာရောက်၍ တီးတိုးဆုတောင်းကြသူများဖြင့်လည်း စည်ကားလို့နေသည်။
မြန်မာနိုင်ငံမှာ အကြီးဆုံး ရထားဘူတာဖြစ် သည့် ရန်ကုန်ဘူတာကြီးကိုလည်း ပြန်လည်တည် ဆောက်ပြီးခဲ့ပြီဖြစ်သည်။ နာမည်ဆိုးနှင့် ကျော်ကြားသည့် အင်းစိန်ထောင်နှင့် ဗိသုကာလက်ရာတူသော ရန်ကုန် ဗဟိုထောင်ကြီးကိုတော့ ဖျက်ပစ်လိုက်ပြီဖြစ်သည်။
ဒဏ်ရာဒဏ်ချက်တွေ ရှိခဲ့သော်လည်း မပျက်မစီးဘဲ ကျန်နေသည့် ကိုလိုနီခေတ်လက်ရာ အဆောက်အအုံများထဲတွင် စစ်မဖြစ်ခင်က သိပ္ပံမောင်ဝ အလုပ်လုပ်ခဲ့သည့် အတွင်းဝန်ရုံး အဆောက်အအုံ လည်း ပါဝင်သည်။
ဒရက်ကူလာ စစ်ဆင်ရေး၏ အောင်မြင်မှုက မြန်မာနိုင်ငံမှ စစ်ပွဲများကို ချက်ချင်း အဆုံးမသတ်နိုင်ခဲ့သော်လည်း ဂျပန်တို့၏ သိမ်းပိုက်မှုကို ထိထိရောက်ရောက် ချိုးဖျက်နိုင်ခဲ့သည်။ ဗြိတိသျှတို့ မြန်မာနိုင်ငံကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး မြန်မာပြည်သိမ်း တပ်များ၏ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး ဝီလျံစလင်းမ်က သူတို့ပြန်လာသည်ကို မြန်မာတို့က ခြွင်းချက်မရှိ ကြိုဆိုခဲ့ကြသည်ဟု ပြောကြားခဲ့သော်လည်း ကိုလိုနီစနစ်က လမ်းဆုံးသို့ရောက်ခဲ့ပြီဖြစ်သည်။
(၂၀၁၅ ခုနှစ် မေလထုတ် The Irrawaddy မဂ္ဂဇင်းပါ David Hopkins ၏ Operation Dracula ကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်သည်။)